www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စာပေသစ်ခေတ်တစ်ခေတ်ကိုထူထောင်နိုင်ခဲ့သည့် စာပေသစ်ဖခင်ကြီးဟု တင်စားနိုင်သော ကဗျာဆရာ၊ စာရေး ဆရာကြီးဒဂုန်တာရာသည် ယမန်နေ့ နေ့လည် ၁နာရီ ၁၅မိနစ်က အောင်ပန်းမြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဆရာကြီးဒဂုန်တာရာ၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန်္ဒီက “ အောင်ပန်းပြည်သူ့ဆေးရုံကနေမနက် ၉ နာရီ
လောက်က အိမ်ကို ပြန်ခေါ်လာတယ်။ လူကြီးရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့တာပါ။ ရောဂါပြင်းပြင်းထန်ထန် မခံစားရပါဘူး။  နာတာကျင်တာမျိုးတွေလည်း မခံစားရဘဲဆုံးသွားတာပါ” ဟုပြောပြသည်။

ဆရာကြီးဒဂုန်တာရာသည် ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းကျေးရွာ၌ အဖဦးဘအုန်း ၊ အမိဒေါ်ဖွားရှင် တို့က ၁၉၁၉ ခုနှစ် မေလ ၁၀ ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးဌေးမြိုင်ဖြစ်ပြီး ငယ်စဉ်ကတည်းက ပန်းချီ၊ ဂီတ၊ ကဗျာလင်္ကာတို့၌ ၀ါသနာပါခဲ့သူဖြစ်သည်။ ၁၄ နှစ်သား အရွယ်တွင် ရတု၊ လူးတား၊ ဧချင်းနှင့်
တေးထပ်စသော ရှေးရေးကဗျာများကို ဒဂုန်မဂ္ဂဇင်း၌ စတင်ရေးသားသည်။

ငယ်စဉ်ကဆရာကြီးသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင်ကြား ခဲ့သည့်အပြင် ကျိုက်လတ် အမျိုးသားကျောင်းတွင် ၁၉၂၇ မှ ၁၉၃၆ အထိ လည်းကောင်း၊ ရန်ကုန်ရေကျော် မက်သဒစ်ကျောင်း ၁၉၃၆ - ၁၉၃၇ တွင်လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ၁၉၃၇ - ၁၉၄၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ တက်္ကသိုလ်ကျောင်းသားဘ၀ သခင်အောင်ဆန်း၊ ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ ဗိုလ်ဇေယျ၊ အာဏာရှင် ကိုလှရွှေ၊ စသည့်သူများနှင့် အတူတွဲနေခဲ့ရသော်လည်း ကွန်မြူနစ်ခေါင်းဆောင် သခင်ဗဟိန်းနှင့်မူ အရင်းအနှီးဆုံးဖြစ်သည်။

ဆရာကြီးသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက်္ကသိုလ်သိပ္ပံမဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင်အမည်ဖြင့် မှုန်ပြာရီဝတ္ထုကို စတင်ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည်ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာမဂ္ဂဇင်းကို စတင်ထုတ်ဝေသည်။ ထို့အပြင် စာပေသစ်မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေပြီး ယင်းမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းတွင် ဂန္ထ၀င်ဂျာနယ်အယ်ဒီတာ အလုပ်ကိုလည်း လုပ်ကိုင်သည်။

ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေစည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ တာဝန်များကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင်ဆရာ ဒဂုန်တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ-ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း
ကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၇၄ ခုနှစ်တွင် မေ၀တ္ထုကို ထုတ်ဝေသည်။

မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ စောတင်မူ၊ ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ဘတင့်၊ မောင်စ၊ ဗညားသီဟ၊ မောင်စိမ်းမြ၊ ဦးဒဂုန်၊ မောင်လင်းထက်၊ မောင်ကြာညွန့် စသည့် ကလောင်အမည် အမျိုးမျိုးဖြင့်စာပေ၊ ကဗျာ၊ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာနှင့် စာပေဝေဖန်ရေး၊ လူကိုလေ့လာခြင်းစသော အကဲခတ်စာတမ်းများလည်း
ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ၀တ္ထုတို ပေါင်းချုပ်ဆုကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂၀၀၁ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုကိုလည်း ရရှိခဲ့သည်။

ဆရာကြီး ဒဂုန်တာရာသည် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းသူ
ခေါင်းဆောင်ကြီးများနှင့် ရင်းနှီးခဲ့သူတစ်ဦးလည်းဖြစ်သည်။ နောက်ပိုင်းတွင် မြသန်းတင့်၊ ကျော်အောင်၊ ကြည်လင်၊ ဗန်းမော်တင်အောင်စသည့်သူများနှင့် တွဲဖက်ပြီးတာရာမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

အထူးသဖြင့် မြန်မာပြည်တွင် ငြိမ်းချမ်း ရေးဖခင်ကြီးဖြစ်သူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အနီးကပ်ဆုံး လက်တွဲကာ ကမ္ဘာ့ငြိမ်းချမ်းရေးပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူ့ဘ၀၏ နောက်ဆုံးအချိန်များတွင်လည်း ငြိမ်းချမ်းရေးအတွက်အကြိမ်ပေါင်းများစွာ ငြိမ်းချမ်းရေးဆိုင်ရာ
ကြေညာချက်များ ထုတ်ပြန်သွားခဲ့သူလည်း ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာတွင် လက်ဝဲနိုင်ငံရေးသမားများ၊ အလုပ်သမားများ၊ ကျောင်းသားများနှင့် စာရေးဆရာများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဆရာကြီး ဒဂုန်တာရာလည်း အဖမ်းခံရသူများတွင်ပါဝင်ခဲ့ပြီး အင်းစိန်ထောင်တွင် သုံးနှစ် နှင့်သုံးလတိတိ ထိန်းသိမ်းခြင်းခံခဲ့ရသည်။

ဆရာကြီးဒဂုန်တာရာ၏ ထင်ရှားသော စာပေ လက်ရာများတွင် မေ၊ ဧရာဝတီ ယန်စီဗော်လဂါ၊ ကြာပန်းရေစင်၊ စာပေ သဘောတရား၊ စာပေ ဝေဖန်ရေး၊ စာပေလှုပ်ရှားမှု၊ ရုပ်ပုံလွှာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ မူးယစ်ဝေသောနွေဦးညများ၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ၊စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ်္တီပါကားလိပ်တို့ဖြစ်သည်။


ဆရာကြီးအတွက်စာရေးဆရာများ၏ ၀မ်းနည်းစကား

စာရေးဆရာမောင်သာနိုး

ဒဂုန်တာရာဆိုတာ မြန်မာပြည်မှာ အကြီးမားဆုံး ကဗျာဆရာတစ်ယောက်ပါပဲ။ အခုလိုဆုံးရှုံးရတာဟာ တိုင်းပြည်နဲ့ စာပေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်။ သူဟာ ဘယ်တုန်းကမှ တိုင်းပြည်နဲ့ ပြည်သူလူထုကို သစ္စာမဖောက်ခဲ့ ဘူး။အမြဲတမ်း ပြည်သူလူထုအတွက် ရပ်တည်ခဲ့တယ်။ များသောအားဖြင့် မြန်မာပြည်က စာပေသမားတွေ၊ ကဗျာဆရာတွေ၊ သတင်းစာဆရာတွေဟာ တက်တဲ့အစိုးရကို ဖားတတ်ကြတယ်။ ဒဂုန်တာရာက အဲလိုလူစားမျိုး မဟုတ်ဘူး။ အာဏာရှင်တွေကို အမြဲတမ်းဆန့်ကျင်ခဲ့တယ်။ အဲဒါကြောင့်လဲ ကျွန်တော်တို့က ပြည်သူ့အမျိုး သားစာဆိုတော်ကြီးလို့ သတ်မှတ်တယ်။ သူ့ကို ဆုံးရှုံးရတာဟာ စာပေလောကအတွက်တင် မဟုတ်ဘူး။ ပြည်သူ တစ်ရပ်လုံးအတွက်ပါ ဆုံးရှုံးမှုဖြစ်တယ်။

ကဗျာဆရာမုံရွာအောင်ရှင်

ဆရာကြီး ဆုံးတယ်ဆိုတာကို နေ့ခင်းပိုင်းလောက်ကသတင်းရတယ်။ ကျွန်တော့ အတွက်တော့ ဆရာအရင်းဖြစ်သလို မိသားစုလိုနေခဲ့ရသူပါ။ ၁၉၇၀ ၀န်းကျင်လောက်ကတည်းက အတူနေခဲ့ရတယ်။ ၁၉၇၀ မိုးဝေကဗျာခေတ်ကာလမှာ ဆရာနဲ့ လူငယ်ကဗျာ ဆရာတွေ တကယ်ကိုလက်တွဲပြီး နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး အဲဒီလမ်းကြောင်းကိုချီတက်ခဲ့ကြတယ်။ ၀မ်းနည်းတယ်ဆိုတာထက် နှမြောတာပေါ့။
ဆရာက ဗိုလ်ချုပ်တို့နဲ့အတူ လွတ်လပ်ရေး တိုက်ပွဲတွေမှာပါခဲ့တယ်။ ဒီဘက် ငြိမ်းချမ်းရေး ဒီမိုကရေစီ တိုက်ပွဲတွေမှာလည်း တစ်လျှောက်လုံးပါခဲ့တယ်။ ပြီးတော့ ထူးခြားတာက သူရဲ့တစ်သက်တာမှာ ဖြတ်သန်းလာရတဲ့ မျိုးဆက်တွေအပေါ်မှာ နားလည်ပေးပြီး မျိုးဆက်သစ်တွေနဲ့အတူ တစ်လျှောက်လုံးပါခဲ့တယ်။ အဲဒါက ဆရာရဲ့ ထူးခြားချက်ပါပဲ။

ဆရာရဲ့ အခုနာမည်ကြီးတဲ့ စကားတစ်ခွန်းရှိတယ် “ရန်သူမရှိမိတ်ဆွေသာရှိ” “နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်ရတယ်” ဆိုတဲ့စကားကို သူပြော ခါစတုန်းက အမှန်အတိုင်းပြောရရင် သိပ်ဘ၀င်မကျဘူး။ ဘာလို့လဲဆိုတော့ အတွေးအခေါ်အနေနဲ့ မှန်ပေမယ့် တကယ့် လက်တွေ့လုပ်ဖို့ကျခက်တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ သဘောပေါက်လာတာက သူ့ရဲ့အတွေးအခေါ်က တဖြည်းဖြည်းနဲ့မှန်လာတယ်။ လုပ်ရင်းနဲ့ တွေ့လာရတယ်။ ဒီအတွေးအခေါ်ကို သတိ္တရှိရှိနဲ့တွေးခေါ်ပြီး ပြောနိုင်တာကို ချီးကျူးတယ်။
လေးစားမိပါတယ်။ ရှေ့မီနောက်မီဆရာဖြစ်တယ်။ တချို့ကျ ရှေ့မီနောက်မီဖြစ်ပေမယ့် မှန်ကန်တဲ့ လမ်းကြောင်း ပါတဲ့ သူက ရှိချင်မှရှိမယ်။ ဆရာကတော့ ဒီလိုမဟုတ်ဘူး။ သူ့ဘ၀တစ်သက်တာမှာ ပြည်သူလူထု ဘက်က၊ ဒီမိုကရေစီဘက်က၊ ငြိမ်းချမ်းရေးဘက်က တစ်လျှောက်လုံးပါခဲ့တာ မချီးကျူးဘဲ မနေနိုင်လောက်တဲ့ ဖြစ်စဉ်ပါပဲ။

ကဗျာဆရာများသမဂ္ဂဥက္ကဋ္ဌ ကဗျာဆရာမောင်စိမ်းနီ

ကဗျာဆရာများရဲ့ ဆရာကြီးဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ပြည်သူ့ဘက်က ရပ်တည်တဲ့ဆရာ ဆိုတော့ နှမြောတာပေါ့။ သူမျှော်မှန်းခဲ့တဲ့ ငြိမ်းချမ်းရေးဆိုတာကို ဆက်သွားဖို့လိုသေးတယ်။ ကဗျာဆရာတွေ
ပြည်သူပြည်သားအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဖို့လိုအပ်တယ်။ သူခင်းခဲ့တဲ့ စာပေခေတ်လမ်းကြောင်း ကနေသွားရမယ်။ အဲဒီအတွက် ဆရာကကျေးဇူးကြီးပါတယ်။ ဆရာက စာပေတာဝန် ကျေပွန်ခဲ့ပါတယ်။ ထို့အတူပဲ ငြိမ်းချမ်းရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ဖို့ ကြိုးစားနေရင်းနဲ့လမ်းခုလတ် မှာကွယ်လွန်သွားတယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလဲ ငြိမ်းချမ်းရေးကို မြင်မသွားရဘူး။ ဆရာကြီးလဲ ငြိမ်းချမ်းရေးကို မြင်မသွားရဘူး။ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို မြင်ချင်လို့ရှိရင် အားလုံးလုပ်ယူကြမှ ဖြစ်မယ်။ ငြိမ်းချမ်းရေးကို ပေးပါ ပေးပါလို့ တောင်းနေလို့မရဘူး။ ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့ ယူကြမလဲ။ တိုင်းရင်းသားစည်းလုံးညီညွတ် ခြင်းနဲ့ယူကြမှာဖြစ်လို့ ဆရာချပေးခဲ့တဲ့ လမ်းကြောင်းအတိုင်း ဆက်လုပ်ဆောင်သွားရမှာပါ။ အခု ဆရာကြီးနဲ့ပတ်သက်တဲ့အကြောင်းကို မီဒီယာတွေ အကုန်ကနေဖော်ပြဖို့ လုပ်ဆောင်နေပါတယ်။

ကဗျာဆရာကိုလေး (အင်းဝဂုဏ်ရည်)

ကျွန်တော့်ဦးလေး ကွယ်လွန်သွားတဲ့အတွက် ဗမာလူမျိုးနဲ့အတူ ကြေကွဲဝမ်းနည်း ရပါသည်။ အဘိုး သခင်ကိုယ်တော်မှိုင်း မသေခင် ငြိမ်းချမ်းရေး မြင်သွားချင်တယ်ဆိုတဲ့ဆန္ဒ ပြည့်မသွားဘူး။ အခု ဦးလေးဆန္ဒလည်း
ပြည့်မသွားရှာပါဘူး။ ကျွန်တော့်ဆန္ဒလည်း ပြည့်မှပြည့်ပါ့မလားလို့ ကျွန်တော်ဖြင့် ငြိမ်းချမ်းချင်လိုက်တာ။ ဦးလေးနဲ့ ပတ်သက်ပြီး ကဗျာအကြောင်းတွေ ပြောဖြစ်တာများတယ်။ ကျွန်တော့်ကိုမေးဖူးတယ်။ တူလေး““ဒါကဗျာလား””တဲ့။ အာ မသိဘူးလေ ဦးလေးမြှောက်ပေးတာပဲလေလို့ဆိုတော့ ကျွန်တော် မြှောက်ပေးတာမဟုတ်ပါဘူး။လူငယ်တွေကို အားပေးတာပါတဲ့ ဦးလေးကအဲလို။ နောက်ဆုံးစကားကတော့ အဲဒါလေးပြောသွားတယ်။ အဲဒီ့မေးခွန်းလေး
မေးသွားတယ်။ ဒီစကားက အရေးကြီးတဲ့စကားပါ။ ဒီနေ့ ကလေးတွေပါ စဉ်းစားစရာကောင်းတဲ့အရာပါ။ ဦးလေးကတော့ “ရန်သူမရှိမိတ်ဆွေသာရှိ” “မုန်းသူမရှိချစ်သူသာရှိ” ငြိမ်းချမ်းရေးကို ဦးလေးတစ်သက်လုံး ဦးထိပ်ရွက်တယ်လို့ယုံပါတယ်။

ကဗျာဆရာ မန္တလေးသိန်းဇော်

ဆရာနဲ့က ဒီရက်ပိုင်းမှာ မဆုံဖြစ်ဘူး။ ရန်ကုန်ရောက်ရင်တော့ ဆရာနဲ့ တွေ့ဖြစ်တယ်။ ၁၉၉၄ ခုနှစ်က ၀ဇီရာ ရုပ်ရှင်ရုံမှာ ၁၅ရက်ကြာကပြခဲ့တဲ့ သိန်းဇော် မန္တလေးဇာတ်ပွဲမှာ သဘင်ပရိသတ်တွေကို ကပြခဲ့သလို တစ်ဖက်ကလဲ
နှစ်သက်တဲ့ ကဗျာကိုလည်း စင်ပေါ်မှာရွတ်ဆိုခဲ့တယ်။ အဲဒီမှာဆရာက တစ်ရက်လာကြည့်ပြီး အားပေးပါတယ်။ အဲဒီတုန်းကပြောတဲ့ စကားလေးကို အခုချိန်ထိလဲအထပ်ထပ် အဖန်ဖန် သတိရနေပါတယ် “မောင်သိန်းဇော်ကို
တွေ့ချင်လို့လာတာ အသံနဲ့ ကဗျာကိုတွေ့ပါပြီ” လို့ မှတ်စုစာအုပ်မှာရေးပေးခဲ့တယ်။ ဆရာနဲ့ ပတ်သက်တဲ့  သတင်းကိုစောစောကပဲတွေ့ရလို့ စိတ်မကောင်းဘူး။ ၀မ်းနည်းခြင်းကိုမထီမဲ့မြင်ပြုနေတာ ကြာပါပြီ။ ဒါပေမယ့် ဒီနေ့တော့ ဆရာ့အတွက် အရှုံးပေးပါတယ်” လို့ပြောချင်ပါတယ်။

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂဥက္ကဋ္ဌ စာရေးဆရာထက်မြက်

ဆရာကွယ်လွန်သွားတဲ့အတွက် စာပေလောက အတွက်တော့ နေတစ်ဆူကွယ်သွားသလိုခံစားရတယ်။ စာပေလောကမှာ အားထားရာမဏ္ဍိုင်ကြီးတစ်ခု ပြိုသွားသလို ခံစားရတယ်။ ဆရာရဲ့ ““ရန်သူမရှိ မိတ်ဆွေသာရှိ” “မုန်းသူမရှိချစ်သူသာရှိ” ဆရာရဲ့ ငြိမ်းချမ်းရေး အဘိဓမ္မာကိုကိုင်စွဲပြီး နိုင်ငံမှာ ငြိမ်းချမ်းရေး ရတဲ့အထိ အားလုံးစည်းစည်းလုံးလုံးနဲ့ ညီစေချင်တယ်။ ဆရာကတော့ သွားတဲ့သူတိုင်းကို ငြိမ်းချမ်းမှ ညီညွတ်မယ် ညီညွတ်မှ ငြိမ်းချမ်းမယ်ဆိုတာ ဆရာအမြဲတမ်းဆုံးမတယ်။ အားလုံးလူငယ်ကော လူကြီးတွေရော လက်နက်ကိုင်တွေလဲ ညီညွတ်စွာတိုင်းပြည်ကိုတည်ဆောက်ဖို့ ဆရာက အမြဲတမ်းမှာပါတယ်။ ဆရာတို့ကို
ပြောပြတဲ့ သြ၀ါဒနဲ့ ဆုံးမစကားပါပဲ။ ဆရာရဲ့ ရုပ်ပုံလွှာ၊ ကြာပန်းရေစင်၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ သူ့ရဲ့ ခရီးသွားဆောင်းပါးတွေက စာပေလောကသားတွေအတွက် အများကြီးအကူအညီပေးတယ်။ လမ်းညွှန်တွေ လည်း ဖြစ်တယ်။ ဆရာရဲ့လမ်းညွှန်အတိုင်း စာပေလမ်းကြောင်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်ခဲ့ရတဲ့ အတွက် ဆရာရဲ့ ကျေးဇူးက တော်တော်ကြီးပါတယ်။ မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂအနေနဲ့ ဆရာဈာပန အမှီသွားမယ် ဆရာ့အတွက် ပန်းခွေ ဖြစ်ဖြစ်ပန်းခြင်းဖြစ်ဖြစ် ပို့မယ်။ ဆရာ့အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးသလို ဆရာဒဂုန်တာရာ ကွယ်လွန်သွားတဲ့အတွက် စာရေးဆရာများ သမဂ္ဂမှ ကြေညာချက် တစ်စောင်ထုတ်မယ်။

ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်ခင်၂၀၁၃ ခုနှစ် မေလ ၁၀ ရက်က
အောင်ပန်းမြို့မှာရှိတဲ့ စာရေးဆရာမ သင်းမြစန်္ဒီအိမ်တွင် သူ၏  ၉၄နှစ်မြောက် မွေးနေ့ကို အနယ်နယ်အရပ်ရပ်မှ စာပေချစ်မြတ်နိုးသူများ၊ စာပေပညာရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး အမှတ်တရ

ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်


ရန်သူမရှိ မိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ရှာပြီ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၁ မိနစ်

မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး စာရေးဆရာတစ်ဦးလည်းဖြစ် မြန်မာ့စာပေလောကတွင် ထင်ရှားသူတစ်ဦး
လည်းဖြစ်၊ ၁၉၅၃ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး တက်ရောက်ခဲ့
ပြီး ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတစ်ဦးဖြစ်သူ ဆရာကြီး ဒဂုန်တာရာသည် သြဂုတ်လ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောင်ပန်းမြို့နေအိမ်တွင် ကွယ်လွန် သွားရှာပြီဟု ဆရာကြီး၏ တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကပြောသည်။

အသက် ၉၅ နှစ်တွင် ကွယ်လွန်ခဲ့သူ ဆရာကြီးသည် ရန်သူမရှိ မိတ်ဆွေရှိ၊ မုန်းသူမရှိ ချစ်သူရှိ ဟူသည့် မူဝါဒ စကားလုံးများကို ကိုင်ဆွဲကာ တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အမြန်ရလိုသည့် ဆန္ဒရှိခဲ့သူ
တစ်ဦးလည်းဖြစ်သည်။

ဆရာကြီးသည် ရုပ်ပုံလွှာစာအုပ်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားသူများအကြောင်းကို ရေးသားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်း သို့မဟုတ် အရိုင်း ဟူသည့် အသုံးအနှုန်းဖြင့် သုံးနှုန်းရေးဖွဲ့ခဲ့သူဖြစ်သည်။

မဇ္ဈိမနှင့် ဆရာကြီး၏ ၂၀၁၁ ခုနှစ် အင်တာဗျူးတစ်ခုတွင် ဗိုလ်ချုပ်ကို အရိုင်း ဟူသည့် အသုံးအနှုန်း သုံူးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ "ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ" ဟု ပြောဆိုခဲ့သည်။

ဆရာကြီးသည် သူမကွယ်လွန်ခင် မြန်မာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ သူ၏ ဆန္ဒကိုလည်း မဇ္ဈိမနှင့် အင်တာဗျူးတွင် "ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ" ဟု ဆန္ဒပြုခဲ့သူဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 66 guests online