www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > သတင်း > နာရေးသတင်း > စာရေးဆရာမင်းလူ ကွယ်လွန်

စာရေးဆရာမင်းလူ ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

“သာဓု ” မျိုးဆက်တစ်ဦးဖြစ်သော စာရေးဆရာ မင်းလူ သြဂုတ် ၁၄ ရက် ည ၁၁ နာရီတွင် ရန်ကုန်မြို့ ၀ိတိုရီယ
ဆေးရုံကြီးတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

စာရေးဆရာမင်းလူ သေဆုံးပြီးနောက်တွင် သူ၏ပရိသတ်များက လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်မှ တစ်ဆင့် ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့သည့်အပြင် သူရေးသားခဲ့သည့် စာအုပ်များ၊ ကဗျာများကိုလည်း ရှယ်ယာ လုပ်ပေး ခဲ့သည်များကိုလည်း တွေ့ရသည်။

“ဘာတွေဖြစ်ကုန်ကြပြီလဲ” ကဗျာကို အများဆုံး ဝေမျှကြသည်ကို တွေ့ရပြီး ယင်းကဗျာသည် ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်အတွက် ထုတ်ခဲ့သည့် စာအုပ်တွင် ပါဝင်ခဲ့သည်။

ယင်းကဗျာနှင့်ပတ်သက်ပြီး လူမှုကွန်ရက်ဝဘ်ဆိုဒ်တွင် ရေးသားထားသည့် အမှတ်တရစကားတစ်ခုတွင် “န၀တ စစ်အုပ်စု လက်ထက်က အမြီးအမောက် မတည့်တာတွေကို ဘာတွေဖြစ်ကုန်ကြပြီလဲဆိုပြီး သရော်တဲ့ ကဗျာ တစ်ပုဒ်ကို ကိုမင်းလူ ပြောင်မြောက်စွာ ဖန်တီးခဲ့ပါတယ်။ အဲဒီကဗျာအတွက် မီးခိုးကြွက်လျှောက် အဖမ်းအဆီးတွေ စလာတော့ ကိုမင်းလူလဲ သူ့အလှည့်အတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ စစ် ထောက်လှမ်းရေးတွေ သူ့ကို လာဖမ်းတော့ ထုံးစံအတိုင်း ဇင်ပြာအိတ်ကြီးနဲ့ ခေါင်းကိုစွပ်ပြီး ခေါ်ဖို့ပြင်ပါ တယ်။ အဲဒီအခါမှာ ကိုမင်းလူက သူ အသင့်ချုပ်ထားတဲ့ ဇင်ပြာအိတ် အသစ်စက်စက်ကိုထုတ်ပြီး အဲဒါ လေးသုံးဖို့ ပြောခဲ့ပါတယ်တဲ့။ “ခင်ဗျားတို့
ခေါင်းစွပ်တဲ့ အိပ်ကြီးက နံလွန်းလို့ပါတဲ့လေ” ဟု ရေးသားခဲ့သည်။

သူ၏သမီးတစ်ဦးက “ပြောဖို့စကားလုံးလည်းမရှိပါဘူး ပြောလို့လည်း မီတော့မှာ မဟုတ်တော့ပါဘူး။ ဖေဖေ မဆုံးခင် က ထွက်ဖို့လုပ်ထားတဲ့ စာအုပ်နှစ်အုပ်ကို အမြန်ဆုံး ထွက်နိုင်ဖို့ အရင်လုပ်မှာပါ။ အဟောင်းတွေလဲ စုပြီးထုတ်ဖြစ် မှာပါ။ ဖေဖေရေးခဲ့တဲ့ စာအုပ်တွေက အကြိမ်ရေ အရမ်းများတော့ အချိန်ယူပြီးမှ ပြန်ထုတ်ဖို့ စီစဉ်ထားပါတယ်” ဟု ၀မ်းနည်းစကား ပြောကြားသည်။

ဆရာမင်းလူတွင် မွေးချင်းလေးဦးရှိပြီး အငယ်ဆုံးသားဖြစ်ကာ ငယ်နာမည် မောင်ဥာဏ်ပေါ် ဖြစ်သည်။ ၁၉၆၈ - ၇၂ ခုနှစ်က အ.ထ.က(၁) သင်္ဃန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း
အောင်မြင်ခဲ့သည်။ ကျောင်းသားဘ၀တွင် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် သိပံ္ပပညာအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၂ - ၇၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး ၀ိဇ္ဇာဘွဲ့(ဒဿနိကဗေဒ) ရရှိခဲ့ကာ တက္ကသိုလ် နံရံကပ်စာစောင်နှင့် နှစ်ပတ်လည်မဂ္ဂဇင်းတို့တွင်” တောရကျောင်းဘုန်းကြီး” အမည်ဖြင့် ကဗျာများ
ရေးခဲ့သည်။

၁၉၇၆ ခုနှစ်မှာ ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ ၀တ္ထုတို စတင်ဖော်ပြခံရပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သူ ဖြစ်သည်။ သူသည် ကဗျာများ၊ လုံးချင်းဝတ္ထုများစွာရေးသားခဲ့ပြီး ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရေးသားပြီးအောင်မြင်ကျော်ကြားခဲ့ သူတစ်ဦး ဖြစ်သည်။

ဆရာမင်းလူ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီးနှစ်ယောက် ကျန်ရှိခဲ့ပြီး ကျန်ရစ်သော ရုပ်ကလာပ်ကို သြ ဂုတ် ၁၈ ရက် ညနေ ၄နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မည် ဖြစ်သည်။


စာရေးဆရာ မင်းလူအတွက် အမှတ်တရ စကားများ

စာရေးဆရာအကြည်တော်

“အကိုကြီးတစ်ဦးလိုဖြစ်နေတဲ့သူ ဆုံးပါးသွားတဲ့အတွက် အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ နှမြောစရာလည်း
ကောင်းတယ်။ သူနဲ့သိခဲ့တာ ကြာပါပြီ။ ကျွန်တော်သိချင်တာရှိလို့ သွားမေးရင်၊ သူက နေ့ခင်းပိုင်းဆို အိပ်တယ်။ ညနေမှ နိုးတယ်။ ပြီးရင် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် သွားတယ်။ စကားတွေ ပြောတယ်။ တဖြည်းဖြည်းနဲ့ လူတော်တွေ ဆုံးပါးသွားတဲ့အတွက် အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်”

ဦးရူပ

“သေခြင်းတရားဆိုတာကတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာမို့ ခံစားရတဲ့ခံစားချက် ကလည်း သဘာဝအတိုင်းပဲပေါ့။ ကျွန်တော့်အနေနဲ့ကတော့ စောတယ်လို့ပဲ ပြောချင်တယ်။ ထပ်ပြီး နေစေချင်တယ်။ ကျန်ခဲ့တဲ့ စာအုပ်တွေနဲ့ပတ်သက်ပြီး မူပိုင်ခွင့်တို့ ဘာတို့ကတော့ စာပေသမားတွေနဲ့သူ့ မိသားစုတွေ တိုင်ပင်ပြီး လုပ်ကြမှာပါ”

ဦးကြည်စိုးထွန်း

“မနေ့ကတောင် သူနဲ့ သွားတွေ့သေးတယ်။ ဆရာလည်းကင်ဆာရှိတယ်။ သူကတောင် နောက်နေသေးတယ်။ ကင်ဆာဥက္ကဋ္ဌ သူကတော့ ကင်ဆာအတွင်းရေးမှူးပေါ့ နောက် တခြားသူတွေ အသင်းဝင်ကြ မလားပေါ့။ အဲလိုမျိုး
နောက်နေသေးတာ ဒီလောက်လည်း မြန်မယ်မထင်ဘူး။ ဆရာလည်း သူ့ကိုဆို ရီစရာတွေ ပြောဖြစ်တယ်။ သူပြုံးနေသေးတယ်။ သူက ပရိသတ်ကြီးတယ်။ သူ့ပရိသတ်က သူ့ကို တော်တော်ချစ်ကြတယ်။ သူက အရေးအသား လည်း ကောင်းတယ်ဆိုတော့ နှမြောစရာပေါ့။ သူနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ လွန်ခဲ့တဲ့ နှစ်၂၀လောက်က
ဖြစ်မယ်။ ၈၉ခုနှစ်က နာမည်တွေဆိုရင် ပိတ်တယ်၊ ဟိုလူ့နာမည်ဆို မသုံးရဆိုပြီး ပိတ်တယ်။ မင်းလူက ၈၉- ၉၀ လောက်မှာ ထောင်ထဲကို ရောက်သွားတယ်။

အဲဒီမှာ မင်းလူနာမည်ကို ဗီဒီယိုကြော်ညာမှာ သုံးလို့မရဘူး။ သူက ဆရာ့ကို ဇာတ်ညွှန်းရေးပေးတယ် ပျောက်သော လမ်းမှာ စမ်းတစ်ဝါးဆိုတဲ့ ဗီဒီယိုဇာတ်လမ်းမှာ ဇာတ်ညွှန်းရေးပေးတာ။ မင်းလူဆိုတာ တပ် လို့မရဘူး။ သူမှန်းလည်း သိစေချင်တော့ သူ့ကို ဥာဏ်ပေါ်လို့ သိကြတယ် ဥာဏ်ပေါ်လို့ လုပ်ရင်လဲစိစစ်ရေးက သိဦးမယ်။ အဲတော့ ၀တ္ထုမိုးမိုး (အင်းလျား) ဇာတ်ညွှန်း ညော်ပန်ဆိုပြီး ဆရာ အဲလိုလုပ်ဖူးတယ် အဲတာက သူနဲ့ပတ်သက်တဲ့ အမှတ်တရပါပဲ”
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

Who is Online

We have 64 guests online