ဂိမ်းဈေးကွက်အခိုင်အမာဖြစ်ပေါ်လာဖို့ လိုနေသေးကြောင်းဆိုသည့် ခြင်းလုံးဂိမ်းကို ရေးဆွဲဖန်တီးသူ ဦးမြင့်ကျော်သူနှင့် အင်တာဗျူး

ပရင့်ထုတ်ရန်

မြန်မာ့ရိုးရာအားကစားနည်းများထဲမှ တစ်ခုဖြစ်သည့်  ခြင်းလုံးအားကစားနည်းကို  စမတ်ဖုန်းတွင် ကစားနိုင်အောင် Total Gameplay Studio မှ ဂိမ်းဆော့ဝဲလ်တစ်ခု တီထွင်ထုတ်လုပ် လိုက်သည်။  ခြင်းလုံးဂိမ်း Application ကို ယခုတစ်ပတ်အတွင်း Google Play  ကနေ အခမဲ့ဒေါင်းလုဒ်ဆွဲယူပြီး စမတ်ဖုန်းများတွင် ထည့်သွင်းကစားနိုင်စေရန် Website များတွင် လွင့်တင်ပေးသွားမည်ဟု ဂိမ်းရေးဆွဲဖန်တီးသူ ဦးမြင့်ကျော်သူက ဆိုသည်။

အဆိုပါခြင်းလုံးဂိမ်းကို အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ တပ်မတော် ခန်းမမှာ ကျင်းပပြုလုပ်မည့် International ICT Exhibition ပြပွဲတွင် မိတ်ဆက်ပြသသွားမည်ဖြစ်သည်။ ခြင်းလုံးဂိမ်းကို တီထွင်ဖန်တီးထား သည့်  Total Gameplay Studio မှ ဦးမြင့်ကျော်သူက ခြင်းလုံးဂိမ်းနှင့်ပတ်သတ်ပြီး မဇ္ဈိမသတင်းစာက မေးမြန်း ထားပါသည်။


ခြင်းလုံးဂိမ်းကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်လို ဖန်တီးထားတာပါလား၊ ဘယ်လိုပုံစံမျိုးနဲ့ ဖန်တီးထား တာပါလဲ။

မြန်မာလိုနဲ့ အင်္ဂလိပ်လို နှစ်မျိုးစလုံးနဲ့ ကစားနိုင်စေရန် ထုတ်လုပ်ဖြန့်ချိသွားမှာပါ။

ခြင်းလုံးဂိမ်းကို ဘယ် ၀က်ဘ်ဆိုဒ်တွေမှာ Download ဆွဲနိုင်အောင် တင်ပေးထားမှာလဲ၊ ဘယ်နေ့မှာ စတင် Download ဆွဲနိုင်မှာလဲ။

ခြင်းလုံးဂိမ်းကို Google Play မှာ download ဆွဲနိုင်အောင် တင်ပေးမယ်။ ပြီးရင် ကျွန်တော်တို့ဝက်ဘ် ဆိုဒ်မှာလည်း download လုပ်နိုင်မယ်။ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Android နဲ့ IOS ဖုန်းတွေအကုန်လုံး အသုံးပြုနိုင်မှာလား။

Android အတွက် အရင်ဖြန့်မှာပါ။ ပြီးမှ iOS အတွက် ဖြန့်ချိမှာပါ။ ၀ိုင်းခြင်းကစားနည်းကို အခြေခံပြီး ဂိမ်းပုံစံဝင်အောင်လုပ်ထားပါတယ်။

ခြင်းလုံးဂိမ်းနဲ့ပတ်သက်တဲ့ ကစားပုံအသေး စိတ်အချက်အလက်ကို ဖော်ပြေပေးပါဦး။

ဂိမ်းပုံစံလေးကတော့ ခြင်းလုံးကို မြေမကျအောင် ခတ်ရပါတယ်။ နောက်ပြီးတော့ ပေါ်လာတဲ့ပုံစံလေး တွေ လိုက်ပြီးခတ်ရင် အမှတ်တက်လာပါမယ်။ ကစားနည်းကတော့ အဆင့်တစ်ခုချင်းစီ ကစားတာရယ်၊ အွန်လိုင်းပေါ်တက်ပြီး သူငယ်ချင်းတွေနဲ့ အမှတ်ရအောင် ပြိုင်ကစားတာရယ် ကစားနည်းနှစ်မျိုးပါ,ပါ တယ်။

ဆီးဂိမ်းအတွက် အဓိကထားဂုဏ်ပြုပြီး တီထွင်ထားတယ်ဆိုတော့ ဆီးဂိမ်းရုပ်ပုံလေးသုံးထားတာ
တွေ့တယ်။ တရားဝင် သုံးလို့ရသလား။ ဆီးဂိမ်းပုံသုံးတဲ့အတွက် အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်း ရတာရှိပါသလား။


အားကစားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်းမှာလည်း ဆီးဂိမ်း Logo နဲ့ ပုံတွေကို ထည့်သွင်းအသုံးပြုထားပါတယ်။

ဆီးဂိမ်းအထိမ်းအမှတ်အဖြစ် တခြားဘယ်အားကစားနည်းတွေကိုလည်း ဂိမ်းအဖြစ် ရေးဆွဲထားတာ ရှိပါသလဲ။

ဆီးဂိမ်းအတွက်မဟုတ်ပေမယ့် နောက်ပိုင်းမှာ မြန်မာစစ်တုရင်ဂိမ်းကိုလည်း ရေးဆွဲထုတ်လုပ်ဖို့ ရှိပါတယ်။ မကြာခင်မှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ခြင်းလုံးဂိမ်းကို စိတ်ဝင်စားသူများတယ်လို့ထင်ပါသလား။

ဟုတ်ကဲ့၊ တော်တော်များများစိတ်ဝင်စားကြတာ တွေ့ရပါတယ်။

အစ်ကိုတို့အနေနဲ့ ဘယ်ကုမ္ပဏီနာမည်နဲ့ ဂိမ်းတွေကို ရေးဆွဲနေပြီး လက်ရှိအချိန်ထိ ဂိမ်းအမျိုး အစားပေါင်း ဘယ်နှမျိုးလောက် ထုတ်လုပ်ထားသလဲ။

Total Gameplay Studio အနေနဲ့ လက်ရှိမှာ ဂိမ်းပေါင်း ၂၀ ကျော် ဖန်တီးထုတ်လုပ်ပြီးဖြစ်ပါတယ်။ PC, Android, iOS နဲ့ ၀က်ဘ်ဆိုဒ်တွေကို အခြေခံထားတဲ့ဂိမ်းတွေ ဖြစ်ပါတယ်။

ဂိမ်းရေးဆွဲခြင်းနဲ့ စီးပွားဖြစ်ရပ်တည်နိုင်တဲ့အပေါ် ဂိမ်းရေးသူတစ်ဦးရဲ့အမြင်ကို ပြောပြပေးပါဦး။ ဂိမ်းက စီးပွားရေးတစ်ခုအနေနဲ့ တွင်ကျယ်လာပြီလား။

မြန်မာနိုင်ငံမှာ ဈေးကွက်အခိုင်အမာပေါ်လာဖို့ကတော့ လိုဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်တစ်ခု ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ game developer တွေ ကြိုးစားအားထုတ်နေပါတယ်။