www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၁၈ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > အင်တာဗျူး > Colourful Girls (ရောင်စုံမိန်းကလေးများအဖွဲ့)မှ ညှိနှိုင်းရေးမှူး မနန့်သဇင်မင်းနှင့် တွေ့ဆုံခြင်း

Colourful Girls (ရောင်စုံမိန်းကလေးများအဖွဲ့)မှ ညှိနှိုင်းရေးမှူး မနန့်သဇင်မင်းနှင့် တွေ့ဆုံခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချူပ်က အောက်တိုဘာလ ၁၁ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့ အဖြစ် ၂၀၁၂ ခုနှစ်က သတ်မှတ်ပေးခဲ့လို့ နိုင်ငံတကာမှာ မနှစ်ကစပြီးတော့ လုပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့အတွက် သီးသန့် လုပ်တဲ့အဖွဲ့အစည်းမရှိခဲ့ပါ။ ဒီနှစ်မှာ ပထမဆုံးအနေနဲ့ Colourful Girls က အမျိုးသမီးငယ်များနေ့ကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ အမျိုးသမီးငယ်များနေ့အကြောင်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းရေးမှူး မနန့်သဇင်မင်းနှင့် မဇ္ဈိမက
တွေ့ဆုံမေးမြန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့ကို Colourful Girls အဖွဲ့အနေနဲ့ ကျင်းပဖြစ်ပုံကို ပြောပြပါလား။

မြန်မာပြည်မှာဆိုရင် အမျိုးသမီးများနေ့ လုပ်တာရှိတယ်။ နိုင်ငံခြားရောက် မြန်မာတွေမှာဆိုရင် အမျိုး သမီးတွေအားလုံး ကို ကိုယ်စားပြုတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာအမျိုးသမီးများ နေ့အဖြစ် သတ်မှတ်ပြီး လုပ်ကြ တယ်။ ကလေးသူငယ်များနေ့ Youth Child Day ဆိုတာလည်းရှိတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်တွေအတွက် အထူးသဖြင့် မိန်းကလေးတွေအတွက် သီသန့်နေ့ဆိုတာက မနှစ်က မှ UN သတ်မှတ်ပေးလို့ပေါ်ပေါက်လာခဲ့ရတာပါ။ ဒီတော့ အဖွဲ့အစည်းတွေအားလုံးက တခြားနေ့တွေမှာ အထိမ်းအမှတ်ပွဲတွေလုပ်ပြီးတော့ ဒီနေ့ကိုမှ ဘာလို့မလုပ်ကြ တာလဲ။ မြန်မာနိုင်ငံမှာဆိုရင် ဆယ်ကျော် သက်တွေကို အဓိကဦးတည်ထားပြီးတော့ စွမ်းရည်မြှင့်သင်တန်းတွေ လုပ်ပေးနေတဲ့အဖွဲ့ဆိုလို့ အမတို့ တစ်ဖွဲ့ပဲ ရှိတယ်လေ။ အမတို့ အဖွဲ့ထောင်တာ သုံးနှစ်ကျော်ပြီ။ ပထမ နှစ်နှစ်မှာ ၂၀၁၁၊ ၂၀၁၂မှာ Girl Forum နှစ်ခါလုပ်ဖြစ်ခဲ့တယ်။ ဒီနေ့ကို မနှစ်ကမှ သတ်မှတ်ပေးခဲ့လို့ မလုပ်ခဲ့လိုက်ရဘူး မနှစ်က။ ဒီတော့ ဒီနှစ်မှာ Girl Forum မလုပ်တော့ဘဲ ဒီပွဲကိုဘဲ အစားထိုးပြီးတော့ လုပ်လိုက်တော့မယ်လို့ ရည်ရွယ်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာတင်ပြီးသွားခဲ့ပြီး။ Colourful Girls က ဒီ၁၈ ရက်နေ့မှ လုပ်မယ်ဆိုတော့ လူငယ်တွေက ဘယ်လိုပုံစံနဲ့ လုပ်ကြမှာလဲ။ နောက်တစ်ခုက ဒီပွဲနေ့မှာ ရှစ်တန်း အထိ မိန်းကလေးငယ်တွေ အခမဲ့ ပညာသင်ကြားခွင့် ရရေးအတွက် ကြေညာချက်အပြင် တခြားကြေညာချက်
တွေလည်း ထုတ်သွားမယ်သိထားရတယ်။


၁၁ ရက်မှာ ပွဲမလုပ်နိုင်ခဲ့ဘူး။ မန္တလေးမှာတော့ ဒီနေ့ပွဲလုပ်တယ်။ ဒီပွဲမှာကြေညာချက်ထုတ်ဖို့ ရှိပါတယ်။ ဒါက ပြီးခဲ့တဲ့ မတ်လတုန်းက မိန်းကလေး ၆၅ ယောက်ကို အမတို့ နွေရာသီစခန်းသွင်း လေ့ကျင့်နေတယ်။ ဒီထဲကနေ ခေါင်းဆောင်
တွေကို ရွေးထုတ်ပြီးတော့ သူတို့ဦးဆောင်မှုနဲ့ ဒီကြေညာချက်ကို ရေးထားခဲ့တာပါ။ အဲဒါကို မိန်းကလေး အယောက် တစ်ထောင်ကျော်ကို ပြောပြပြီးတော့ သူတို့အားလုံးကလည်း သဘောတူ လက်ခံလို့ ကြေညာမှာပါ။ ပညာရေးကို အဓိကထားပါတယ်။ နောက်မိန်းကလေးတွေနဲ့ လုပ်ငန်း ခွင်ဝင်ငွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံခံရမှုတွေကို ရပ်တန့် ပေးဖို့နဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးဖို့ကို ထည့်သွင်းထားတယ်။ အဲဒီ့နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ် များနေ့ဆိုတော့ မိန်းကလေးတွေက ထုတ်လိုက်တဲ့ သူတို့ရဲ့အသံကို သူတို့ဆီကနေထွက်လာမှာပါ။ သူတို့ ကိုယ်တိုင်က ဘာကြောင့် ဒီကြေညာချက်ကို ရေးခဲ့ရတယ်ဆိုတာကို ရှင်းပြကြပါ လိမ့်မယ်။ အဓိကကတော့ အခမဲ့ပညာသင်ကြားခွင့်ရရေးနဲ့ မိန်းကလေးတွေအတွက် အထူးစီမံကိန်းအဖြစ် ပညာရေးကို
ဆောင်ရွက် ပေးဖို့တွေကို ရအောင်ဦးတည်ပြီးလုပ်ထားပါတယ်။ ပွဲပြီးတဲ့နောက်မှာမှ ဒီကြေညာချက်ကို လွှတ်တော်ကို တင်ပြမယ်။ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေက အမျိုးသမီးတွေရော၊ အဖွဲ့အစည်းတွေကိုပါ ဒါကိုပေးမယ်။ သမ္မတ ဆီကိုပါ ပို့ဖို့လုပ်ထားပါတယ်။

နိုင်ငံတကာမှာဆိုရင် ဒီလိုနေ့မှာ မိန်းကလေးတွေအတွက် ဟောပြောပွဲလုပ်တာ။ စစ်ပွဲတွေထဲက မိန်းကလေးငယ်
တွေနဲ့ အတင်းအဓမ္မ လက်ထပ်ခြင်းခံရတဲ့ မိန်းကလေးငယ်တွေကို ကယ်တင် တာတွေကို လုပ်ကြတယ်။ မြန်မာ
ပြည်မှာလည်း ဒုက္ခသည်စခန်းတွေ စစ်ပွဲတွေရှိနေတာဘဲ။ ဒီ တော့ သူတို့အတွက် Colourful Girls က ကြေညာ ချက်ထုတ်တာအပြင် ဘာတွေလုပ်ပေးနိုင် မလဲ။


အမတို့ ပရိုဂရမ်က ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေကို အဓိကရည်ရွယ်ပြီးတော့ စွမ်းရည်မြှင့် သင်တန်းတွေ၊
ခေါင်းဆောင်မှု သင်တန်း၊ ဆုံးဖြတ်ချက်ချသင်တန်းတွေပေးနေတယ်။ကျန်းမာရေးတွေကို လည်းသိဖို့ နဲ့ အကြမ်းဖက် မှုတွေကို လျှော့ချနိုင်တဲ့နည်းလမ်းတွေ၊ နောက်ကိုယ်တွေ့ ကြုံနေရတဲ့ အဖြစ် အပျက်တွေ ခံစားချက်တွေကို အချင်းချင်း ကြားမှာရော၊ လူကြီးတွေကိုပါ ထုတ်ဖော်ပြောဆိုရဲအောင် သင်တန်းတွေ ပေးနေတာပါ။ အခုဆိုရင် မိဘမဲ့ကျောင်းတွေနဲ့ ဘကကျောင်း (ဘုန်းတော်ကြီးသင်ပညာ ရေး) တွေက မိန်းကလေးငယ်တွေကိုသာ တိုးချဲ့ပြီးတော့ သင်ပေးနေပါပြီ။
လောလောဆယ် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းမှာအဓိကလုပ်နေပါတယ်။ ဒါက စွမ်းရည်မြှင့်သင်တန်းတွေပေါ့။

ပြည်တွင်းမှာဆိုရင် ဆယ်ကျော်သက် မိန်းကလေးငယ်တွေနဲ့ ကလေးသူငယ်တွေအတွက် သီးသန့် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ နည်းတာကိုတွေ့ရတယ်။ အရွယ်ရောက် အမျိုးသမီးတစ်ယောက် မဖြစ်ခင် ဆယ်ကျော်သက်ဘ၀က ဘယ်လောက်အထိ အရေးကြီးလဲ။

အမျိုးသမီးတိုင်းက ဆယ်ကျော်သက်ဘ၀မှာ သူတို့ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကို မေ့လျော့နေကြ တယ်။ အဲဒိအချိန်က အရေးအကြီးဆုံးပါဘဲ။ ရုပ်ပိုင်းဆိုင်ရာ သာမကဘူး စိတ်ပိုင်းဆိုင်ရာပါ အမျိုးမျိုး ပြောင်းနေချိန်ဖြစ်လို့ ပံ့ပိုးမှုတွေ၊ ဂရုစိုက်မှုတွေ အများကြီး လိုအပ်နေပါပြီ။ ပတ်ဝန်းကျင်က သူတို့ကို ကလေးလို့ သတ်မှတ်ပေမယ့် ကလေးတစ်ယောက်လိုပြုမူမဆက်ဆံဘူး။ လူကြီးလို ခိုင်းပြီးတော့ လူကြီးလို ဆက်ဆံတယ် လူကြီးလိုတော့ အရေးပေး
ခြင်းမခံရဘူး။ မိသားစု ဆွေးနွေးပွဲတွေမှာ ထည့်သွင်းခြင်း မခံရ ဘူး။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် မိသားစု အတွင်းမှာတောင် ခွဲခြားဆက်ဆံတာခံရတယ်။

ဖို၊မခွဲခြားဆက်ဆံမှုတွေကိုတောင် မိန်းကလေးငယ်တွေက ပြန်မပြောရဲတဲ့အပြင်ကို ငါကမိန်းမဆိုတဲ့အသိ၊ အသက် လည်း ငယ်တယ်ဆိုတဲ့ အသိတွေကြောင့် သူတို့အပေါ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ တွေကိုပါ ထပ်ကြုံ ရတယ်။ မိဘတွေ အနေနဲ့ကကော ယောက်ျားလေးဆို ဒေါင်ကျကျ ပြားကျကျ ကိစ္စမရှိ ဘူး မိန်းကလေးဆိုတာက ဗိုက်ကြီးပြီး အိမ်ပြန်လာနိုင်တယ်ဆိုတဲ့ ယဉ်ကျေးမှု ထုံတမ်းစဉ်လာတွေအရ မိန်းကလေးတွေကို အပြင်မထွက် ခိုင်းကြဘူး။ ဒီတော့ ဆယ်ကျော်သက်တွေက သူတို့ရဲ့ ခံစားချက်တွေကို ပြောချင်တာ ပြောပိုင်ခွင့် မရကြဘူး။ အနာဂတ် ရည်မှန်းချက်လည်း မရှိတာများတယ်။ ဘာလုပ်လို့ ဘာ ကိုင်ရမှန်းမသိဖြစ်ကုန်တဲ့ အနေအထားတွေ အများကြီး ဖြစ်နေပါတယ်။ ဒါကြောင့် အမတို့ အဖွဲ့က ဆယ် ကျော်သက် မိန်းကလေးတွေအတွက် လုပ်ပေးနေတာပါ။ တခြားအဖွဲ့အစည်းတွေ အနေနဲ့လည်း အာရုံစိုက် ပြီးလုပ်ပေးဖို့လိုပါတယ်။

အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်ခံရမှုတွေက ဆယ်ကျော်သက်အဆင့်မှာတင်မကတော့ဘဲ အသက်ငါးနှစ်
အောက် ကလေးငယ်တွေမှာပါ ဖြစ်လာတယ်။ ဒါတွေကို လျှော့ချနိုင်အောင် အစိုးရ အဖွဲ့နဲ့ အမျိုးသမီး အဖွဲ့ အစည်းတွေ ဘယ်လိုပူးပေါင်းလုပ်ဆောင်လို့ရနိုင်မှာလဲ။


အဓမ္မမှုတွေအတွက်ကိုတော့ အမတို့အဖွဲ့အနေနဲ့ WON (အမျိုးသမီးအဖွဲ့များ ကွန်ရက်)၊ GEN (Gender Equality Net-work) တို့နဲ့ပေါင်းပြီးလုပ်ဖို့ ရှိတယ်။ ဒါတွေကို Research လုပ်ဖို့လိုတယ်။ ဥပဒေပညာရှင် အဖွဲ့တွေ၊ အရက်ဘက် အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေ ပူးပေါင်းပြီးတော့ ဥပဒေပြုပေးနိုင်ရင် ကောင်းမယ်။ ဥပဒေ သာမကဘူး နည်းဥပဒေ
တွေကော တရားစွဲမယ်ဆိုရင် စွဲလို့ရနိုင်တဲ့ နည်းလမ်းကောင်းတွေ ထိရောက်တဲ့ နည်းတွေကို ထားပေးဖို့လည်း အရမ်းလိုအပ်တယ်။ နောက်တစ်ခုက မိဘတွေကိုလည်း အမြင်ဖွင့်သင်တန်းတွေ လုပ်ပေးဖို့လိုတယ်။ သားသမီးကို ပတ်ဝန်းကျင်မှာ မအပ်ဖို့ အထူးသဖြင့် မိန်းမ အချင်းချင်းမှာတောင် စိတ်ချယုံကြည်ပြီး အပ်မထားသင့်ဘူး။ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေး တွေမှာဖြစ်တဲ့ အဓမ္မပြုကျင့်ခံရမှုတွေ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ၊ လိင်အလုပ်သမအဖြစ်ခိုင်းစေ တာတွေကို ဦးစားပေးစဉ်းစားဖို့ လိုတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့အတွက် UNWOMEN အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာ ချက်ထဲမှာ ဒီနှစ်ကမိန်းကလေးများ၏ ပညာရေးကို ပြောင်းလဲခြင်းနှစ်အဖြစ် သတ်မှတ်ထား တယ်။ မြန်မာနိုင်ငံမှာဆိုရင်ရော ပညာရေးကိုမြှင့်တင်နိုင်တာနဲ့ ဒီလိုမျိုး မိန်းကလေးအပေါ် ဆက် ဆံနေတာတွေက ပြောင်းလဲမှုရှိလာနိုင်လား။

ပညာရေးက အဓိကကျတဲ့အချက်ပါပဲ။ ဒါပေမဲ့ ပညာရေးဆိုတာက ကျောင်းပညာရေးသက်သက်ကို ဆိုလိုတာ မဟုတ် ဘူး စဉ်းစားတွေးခေါ်နိုင်စွမ်းကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ နိုင်ငံတကာမှာဆိုရင်တော့ အရမ်းထိရောက်ပြီး
ပြောင်းလဲနိုင်ပေမယ့် မြန်မာပြည်က လက်ရှိပညာရေးနဲ့ဆိုရင် ပညာဘယ်လောက်ဘဲ တတ်တတ် တွေးခေါ်နိုင်စွမ်း မရှိရင် အလကားပါပဲ။

ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးငယ်များနေ့နဲ့ ပတ်သက်ပြီး Colourful Girls အနေနဲ့ ဘာများ ထပ်ပြောချင်
သေးလဲ။


အဓိက အမပြောချင်တာက မြန်မာပြည်မှာရှိတဲ့ လူတွေအားလုံးနဲ့ အမျိုးသမီးကြီးကြီးငယ်ငယ်တွေ အပါအ၀င် အားလုံးက ကိုယ့်ရဲ့ ဆယ်ကျော်သက်ဘ၀ကို မမေ့ကြပါနဲ့။ ဆယ်ကျော်သက်ဘ၀ကို ဖြတ်သန်းတဲ့ အခါမှာ ကောင်း
ကောင်း မွန်မွန်ဘ၀နဲ့ နေခဲ့ရသူတွေရှိသလို အရမ်းကို ရုန်းကန်ရတဲ့လူတွေ၊ နာကျင်ခဲ့ရ တဲ့လူတွေ၊ နာကျည်းခဲ့ရတဲ့ လူတွေလည်း အများကြီးရှိခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အတွက် ငါကဒီလို ဖြစ်ခဲ့တာမဟုတ်လို့ တခြားလူတွေလည်း ဒီလိုဖြစ်မှာ မဟုတ်ဘူးဆိုပြီးတော့ မနေစေ ချင်ပါဘူး။ မိန်းကလေး အချင်းချင်းလည်း ကိုယ်ချင်းစာ စိတ်ထားဖို့ ပြောချင်ပါတယ်။ အထူးသဖြင့် ယော က်ျားတွေက မိန်းမတွေကို ခွဲခြားတာထက် မိန်းမတွေက မိန်းမ အချင်း ချင်းကို ခွဲခြားတာက ပိုဆိုးပါတယ်။ ဒါကြောင့် အချင်းချင်း ပံ့ပိုးကူညီပါ။ အချင်းချင်း ကဲ့ရဲ့ခြင်း၊ အတင်းအဖျင်းပြောခြင်းမှ ကင်းဝေးပြီးတော့ အပြုသဘောဆောင်တဲ့ အကောင်းမြင်ဝါဒတွေနဲ့ ဆက်ဆံကြပါလို့ ပြောချင်ပါတယ်။
 

Mizzima TV


stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement