အဆိုတော်ရဲရင့်အောင်နှင့် တွေ့ဆုံခြင်း

ပရင့်ထုတ်ရန်

“နင်မသိဘူး လွမ်းလွန်းလို့သေနိုင်တယ်”ဆိုတဲ့ တေးသီချင်းစာသားလေးကတော့ ဖေ့စ်ဘွတ် စာမျက်နှာတွေ၊ ဖုန်း Ringtone တွေမှာ မြင်တွေ့ရပြီး လူငယ်တွေရဲ့ပါးစပ်ဖျားမှာကြားနေရတဲ့ တေးသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းရဲ့ နာမည်ကတော့ “လွမ်းလွန်းလို့” ဖြစ်ပြီး လူငယ် အဆိုတော် ရဲရင့်အောင်ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားတာပါ။ ဒီသီချင်းမတိုင်ခင်ကတော့ “ငါ့နေရာကို နင်ခဏလောက်ဝင်ကြည့်ပေးပါ ငါ့နေရာမှာဆို ဘာလုပ်မှာလဲပြော” ဆိုတဲ့
တေးသီ ချင်းနဲ့ ရဲရင့်အောင်ကို ပရိသတ်ကစသိခဲ့တာပဲဖြစ်တယ်။ ရဲရင့်အောင်ရဲ့ တေးသီချင်းများက တစ်ပုဒ်ဆို တစ်ပုဒ် ပရိသတ်အားပေးမှုရရှိတာက သူ့ရဲ့အောင်မြင်မှုလို့ ပြောရမလားပဲ။ သိပ်မကြာခင် ကထွက်ရှိထားတဲ့ BoBo Entertainment တစ်နှစ်ပြည့်အခွေထဲမှာ “လွမ်းလွန်းလို့” တေးသီချင်း MTV မှာ လူရွှင်တော်ကျင်ဝှက်ကို အဓိက သရုပ်ဆောင်အဖြစ် ထည့်ရိုက်ထားတာကလည်း ထူး ခြားမှုတစ်ခုပါ။ အဲဒီ MTV ကို ရိုက်ကူးခဲ့မှု၊ အနုပညာခံစားမှုတွေ အကြောင်း စတာတွေနဲ့ပတ်သက် ပြီး ရဲရင့်အောင်ကို မဇ္ဈိမကတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

“လွမ်းလွန်းလို့” MTV ကို ဘယ်လိုစဉ်းစားပြီး ရိုက်ဖြစ်ခဲ့လဲ။

“လွမ်းလွန်းလို့” သီချင်း Audio ထွက်ပြီး MTV ရိုက်ရတော့မယ့်အချိန်မှာ ပြင်ဆင်ကြတဲ့အခါ သီချင်းကလည်း ကျွန်တော့်ရဲ့ပုံစံအသစ်ဖြစ်တဲ့အတွက် MTV ကို လွမ်းတယ်၊ ဆွေးတယ် အဲဒီလိုမျိုးကြီး ကျွန်တော် ချမပြချင်ဘူး။ အစအဆုံးကို စဉ်းစားလိုက်တယ်။ဇာတ်လမ်းပုံစံမျိုးရေးဖြစ်တယ်။ ကျွန်တော့်ရဲ့ ဇာတ်လမ်းလေးပေါ့။ အဲဒါကို ဒါရိုက်တာကိုထူးပိုင်ဇော်ဦးကို ပြလိုက်တယ်။ သူက အဆင်ပြေအောင်ရိုက်ပေးတယ်။

MTV မှာ ထူးထူးခြားခြား လူရွှင်တော်ဦးကျင်ဝှက်ကို အဓိကသရုပ်ဆောင်အဖြစ် ရိုက်ကူးဖြစ်ပုံလဲ ပြောပြ ပါဦး။

ပရိသတ်ကို အမြင်ဆန်းအောင်ဟာသအမြင်လေးနဲ့ ရိုက်ချင်တယ်။ အဲဒီလွမ်းရမယ့် ဇာတ်ကောင်နေရာမှာ ဟာသ သရုပ်ဆောင် ထည့်ကြည့်တယ်။ ဦးကျင်ဝှက်နဲ့ အရမ်းဆင်ပြေတယ်။ ပြီးတော့ ကျွန်တော်က သူ့ ပရိသတ်ဖြစ်တော့ သူ့အိုက်တင်တွေကိုအလွတ်ရနေတယ်။ သူဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော် ကြိုမြင်လို့ရတယ်။ ကျွန်တော်နဲ့ လုံးဝလိုက်မယ့်သီချင်းနဲ့ သူ့ကို ရွေးဖြစ်ခဲ့တာပါ။

“လွမ်းလွန်းလို့” သီချင်းရေးတုန်းက ဘယ်လိုခံစားချက်နဲ့ ရေးသားခဲ့လဲ။

ပုံမှန်လွမ်းတဲ့အကြောင်းအရာလေးကို တွေးတယ်။ လွမ်းရင်ဘယ်လိုလွမ်းမှာလဲပေါ့။ ကောင်မလေးအနားမှာမရှိတဲ့ အတွက် အဲဒီလိုမျိုးလေးကို ခံစားပြီးရေးတယ်။ လွမ်းတယ်ဆိုပေမယ့် အရမ်းကြီးကြေကွဲနေတာ မျိုးမဟုတ်ဘဲ ကိုယ့် ခံစားချက်ကို ပေါ့ပါးသွားအောင် ပြောတဲ့ပုံစံမျိုးရေးထားတာပါ။

ရဲရင့်အောင်ရဲ့ တေးသီချင်းတော်တော်များများက အခွေမှာပါဝင်တာထက် အင်တာနက်မှာ ပိုပြီး လူသိများ တာ ဘာကြောင့်လို့ ထင်ပါသလဲ။

အဲဒါကျတော့ “လွမ်းလွန်းလို” ဆိုလည်း BoBo Entertainment တစ်နှစ်ပြည့်အခွေ ထဲမှာပါတာ။ ဒါပေမဲ့ ပရိသတ်က မသိဘူး။ အခွေထဲမှာ ပါတယ်ဆိုတာထက် အွန်လိုင်းမှာ ကျွန်တော်တင်လိုက်တယ်ပဲ ထင် တာ။ အခွေထဲမှာပါတာကို သိတဲ့သူက နည်းတယ်။

“လွမ်းလွန်းလို့” သီချင်းပြီးရင် 'No more cry' သီချင်းကိုလည်း ပရိသတ်ကြိုက်နှစ်သက်တာ တွေ့ရတယ်။ ပရိသတ်က အဲဒီသီချင်းကိုဘာကြောင့်ကြိုက်တယ်လို့ ထင်မိလဲ။

 'No more cry' က ကျွန်တော်တို့ အချိန်aတွအများကြီးယူပြီး အများကြီးရင်းပြီး လုပ်ထားရတဲ့သီချင်းပါ။ အဲဒီသီချင်း အတွက်လည်း အများကြီးပေးဆပ်ခဲ့ရတယ်။ အဲဒီသီချင်းကို ပရိသတ်လက်ခံပြီးအားပေးတဲ့အတွက် ကျွန်တော်လည်း အရမ်းဝမ်းသာမိပါတယ်။

ရဲရင့်အောင် အနုပညာလောကထဲ စရောက်ချိန်မှာ ပရိသတ်ကဘယ်သီချင်းနဲ့ သိသွားခဲ့တာလဲ။

စစချင်းတော့ “ငါ့နေရာ” သီချင်းနဲ့ပဲ ပရိသတ်သတိထားမိသွားတာပါ။ အဲဒီသီချင်း ဖန်တီးတုန်းကဆို အခုထက်ကလေး ပိုဆန်တယ်။ ၁၀ တန်းအောင်ခါစလုပ်ထားတဲ့ သီချင်းတစ်ပုဒ်ပါ။

အနုပညာအလုပ်ကို ဘယ်အချိန်လောက်ကစပြီး ၀ါသနာပါခဲ့တာလဲ။

ပုံမှန်သီချင်းလေးတွေ ရေးတာလောက်ကတော့ ကျွန်တော်ရှစ်တန်းလောက်ကတည်းက သီချင်းလေးတွေ အကြမ်းရေး
ဖြစ်တယ်။ ဒီလိုဇောက်ချပြီး စတူဒီယိုမှာ အသံသွင်းတာရော၊ ဒီလောကထဲကို ၀င်တော့မယ်လို့ လုပ်တာကတော့ ကျွန်တော် ၁၀ တန်းအောင်ခါစ ၂၀၀၉ ၊ ၂၀၁၀ လောက်ပါ။

ဒီကြားထဲမှာ အနုပညာနဲ့ပတ်သက်ပြီးလုပ်ဖြစ်တဲ့ တေးသီချင်းအခွေတွေနဲ့ပတ်သက်ပြီးလည်း ပြောပြပါဦး။

အခွေတွေကတော့ “ချစ်တယ်၊ မုန်းတယ်” အခွေထွက်တယ်။ သင်္ကြန်အခွေတွေလည်း ပါတယ်။ ပြီးတော့ BoBo Entertainment တစ်နှစ်ပြည့်အခွေ၊ Cheer ၊ “ချစ်ခွင့်ပေးပါ” တို့မှာ ပါဝင်ခဲ့တယ်။ ကြားအခွေတွေမှာ သီချင်း အဟောင်း ပဲ ထည့်ဖြစ်တော့ ပရိသတ်အားပေးမှုက ပုံမှန်ပဲ။ BoBo Entertainment တစ်နှစ် ပြည့်အခွေမှာ “လွမ်းလွန်းလို့” ဆိုတဲ့ သီချင်းအသစ်ထည့်ဖြစ်တော့ ပရိသတ်ကကျွန်တော့်ကို ပိုပြီးလက်ခံ သွားတယ်လို့ ထင်တယ်။

တစ်ကိုယ်တော်အခွေ ထွက်ဖို့ရော ပြင်ဆင်နေတာမျိုးရှိလား။

တစ်ကိုယ်တော်အခွေအတွက် ကျွန်တော်လုပ်နေပါပြီ။ သီချင်းတွေရေးတဲ့အပိုင်းမှာလည်း တစ်ဝက်ပြီး သွားပါပြီ။ ဒါပေမဲ့ ကျွန်တော်နဲ့သားသားရဲ့ “အမုန်းဒိုင်ယာရီ”ဆိုတဲ့ အခွေကို VCD မပြီးသေးတဲ့အတွက် တစ်ကိုယ်တော်အခွေက ထုတ်လို့မရသေးလို့ပါ။

“အမုန်းဒိုင်ယာရီ”ကို ပရိသတ်သိရှိမှုနည်းတာ ဘာကြောင့်လို့ထင်လဲ။

ဟုတ်တယ်၊ “အမုန်းဒိုင်ယာရီ” အခွေဆိုပြီး သိတာရှားတယ်။ အဲဒီအခွေထဲက သီချင်းတွေကိုလည်း အလို လိုပဲ အခွေ ထွက်သွားပေမယ့်လည်း အွန်လိုင်းပေါ်မှာပျံ့သွားပြီးတော့ “အချစ်အိပ်မက်တို့ ရပါတယ်” “ထွက်သွားပါ”တို့ အဲဒီလိုမျိုး သီချင်းကြီးပဲ သက်သက်သိတယ်။ ဘယ်အခွေထဲမှာပါတယ်ဆိုတာ မသိတဲ့ သူများတယ်။ ပြီးတော့ အခွေထုတ် တုန်းကလည်း ကြော်ငြာအားနည်းခဲ့တယ်။ အဲဒါကြောင့်လို့ ထင်ပါ တယ်။

တစ်ကိုယ်တော်အခွေမှာရော သီချင်းတွေကဘယ်လိုအမျိုးအစားတွေ ပါဝင်မှာလဲ။

ကျွန်တော် လုံးဝနောက်ဆုံးရွေးလိုက်တဲ့လိုင်းက Pop ဆိုတဲ့လိုင်းကိုပါပဲ။ R&B လို့လည်း ကျွန်တော့်ကိုယ် ကျွန်တော် မခံယူချင်ပါဘူး။ ကျွန်တော် Pop ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်က Rapper အရမ်းဖြစ်ချင် တယ်။ HipHop အရမ်းကြိုက်တဲ့အတွက် ကျွန်တော့်အခွေဆိုပေမယ့်လည်း HipHop တွေလည်းပါမယ်။ အဓိက,ကတော့  Pop ပါ။ ပုံမှန်ဆိုရင်တော့ ကျွန်တော်က ကျွန်တော်ရေးတဲ့သီချင်းပဲဆိုတယ်။ ဒါပေမဲ့ ကျွန်တော့်တစ်ကိုယ်တော် အခွေထဲ မှာတော့ အပြောင်းအလဲဖြစ်သွားအောင် တခြားတေးရေးတွေရေးတဲ့ သီချင်းတွေလည်း ဆိုဖို့အစီအစဉ်ရှိပါတယ်။

နောက်ပိုင်းမှာ အနုပညာနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့ရှိလဲ။

အဓိက,ကတော့ ကျွန်တော့်အခွေကို အားထားပြီးလုပ်နေတယ်။ ကျွန်တော့်တစ်ကိုယ်တော်အခွေမှာ ကျွန်တော့်ရဲ့ ပုံစံသစ်တွေကို ပရိသတ်တွေ့ရလိမ့်မယ်။ အဲဒါကို ပရိသတ်ကိုအမြန်ဆုံးချပြချင်တယ်။ အဲဒီ အတွက် ကျွန်တော်ကြိုးစားနေတယ်။ နောက်ပိုင်းမှာ melody ပိုင်းရော၊ Rap ပိုင်းရောဆိုသွားမှာပါ။

ရဲရင့်အောင်ရဲ့ အခုလက်ရှိအချစ်ရေးကို သိချင်နေတဲ့ပရိသတ်တွေအတွက် ပြောပေးပါဦး။

အချစ်ရေးကတော့ ဖေ့စ်ဘွတ်သုံးတဲ့ ပရိသတ်တွေအားလုံးသိကြမှာပါ။ အေးအေးဆေးဆေးပါပဲ။

ရဲရင့်အောင်ရဲ့ သီချင်းတွေကိုအားပေးတဲ့ ပရိသတ်အတွက် စကားလက်ဆောင်ပြောပါဦး။

အားပေးတဲ့ပရိသတ်အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ အနုပညာသစ်တွေ ပရိသတ်လက်ထဲကို အမြန်ဆုံးထည့်ပေးမှာပါလို့ ပြောချင်ပါတယ်။