အောင်မြင်မှုကို ထိန်းသိမ်းဖို့အတွက် တကူးတကလုပ်နေတာထက်စာရင် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေကို မထားဘူး Bobby Soxer (ထက်ထက်)နှင့် အင်တာဗျူး

ပရင့်ထုတ်ရန်

ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကို တွေ့တိုင်း လွတ်လပ်မှုရတဲ့ လူငယ် ဘ၀ရဲ့ အရသာကို ပေးစွမ်းနေတဲ့
ကောင်မလေးတစ်ယောက်နဲ့ တွေ့ကြည့် ပေးလိုပါတယ်။ သူကတော့ ဟစ်ဟော့သီချင်းတွေကို တရစပ် ရွတ်ဆိုပြီး စင်ပေါ်မှာ ခုန်ပေါက်ပျော်ရွင်နေတတ်တဲ့ Bobby Soxer (ထက်ထက်) ပါ။ ဟစ်ဟော့လောကရဲ့ မိန်းကလေး အဆိုတော်တွေအကြား သရဖူဆောင်းနေသူ Bobby Soxer က လက်မထောင်နိုင်တဲ့ အဆိုတော်မဟုတ်ဘူးလို့ ဆိုလိုက်တဲ့အခါ အခုလိုမေးခွန်းတွေက ဆက်တိုက်ကို ထွက်ပေါ်လာမိပါတော့တယ်။


လက်ရှိ ပြည်တွင်းက Hip Hop အမျိုးသမီးအဆိုတော် တွေထဲမှာဆို ထက်ထက် နံပါတ်က ...။

ထက်ထက် ကိုယ့်ကိုယ်ကိုယ်ဆိုရင်တော့ လက်မထောင်နိုင်တဲ့အဆိုတော်လို့ မသတ်မှတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ “ဒုံးပျံ” စီးရီးက အောင်မြင်တယ်ဆိုပေမယ့် အဆိုတော်တစ်ယောက်အတွက် မှတ်တိုင်လို့ သတ်မှတ်လို့ မရလို့ပါ။ တစ်ခွေလုံးကို ကိုယ့်လက်ကိုယ့်ခြေ ကိုယ့်နာမည်အောက်ကသာ ၀ယ်ကြ တယ်ဆိုတာမျိုးဆို တစ်မျိုးပေါ့။ အခု “ဒုံးပျံ”က အဲဒီလို မဟုတ်တဲ့အတွက် အားမရသေးပါဘူး။

ဒါပေမဲ့ “ဒုံးပျံ”ကလည်း ထက်ထက်တို့နှစ်ယောက် အတွက် ပရိသတ်ပေးတဲ့အမှတ်တွေပဲလေ။ အဲဒီ အမှတ်တွေ အမြဲကောင်းဖို့ ထက်ထက် ဘယ်လို ထိန်းမလဲ။

ထက်ထက်ကတော့ အောင်မြင်မှုကို ထိန်းသိမ်းဖို့အတွက် တကူးတကလုပ်နေတာထက်စာရင် စိတ်ဖိစီးမှုတွေ၊ ဖိအားတွေကို မထားဘူး။ သူ့ဘာသာ အလုပ်ကပေးလာတဲ့ဖိစီးမှုက မရဘူးလေ။ကိုယ်ကျဆုံးလာ ပြီဆိုပြီးလည်း စိတ်ဓာတ်ကျတာတွေ မရှိဘူး။ အဲဒါတွေမရှိမှ ထက်ထက်က သီချင်းရေးလို့ရတာလေ။ အဆင်ပြေအောင် စိတ်ချမ်းသာအောင်နေတယ်။

မိန်းကလေးအနုပညာရှင်တွေရဲ့ ရပ်တည်မှုက အနုပညာအပြင်တခြားအရာတွေနဲ့လည်း ဆက်နွယ် လုပ်ကိုင် တာတွေ တွေ့ရတယ်နော်။ ထက်ထက်အနေနဲ့ရော အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ။

သမီးကတော့ သီချင်းဆိုတာနဲ့ပဲ ရပ်တည်သွားမှာပါ။ ကျန်တာတော့ MTV ရိုက်တယ်၊ ကြော်ငြာရိုက် တာတို့ပါပဲ။

အခုနောက်ပိုင်း အဆိုတော်တွေတော်တော်များများပါတဲ့ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်ကူးလာတဲ့အတွက် ထက်ထက်ကိုရော သူတို့နဲ့အတူတွေ့မြင်ရဖို့ရှိလား။

သမီးကတော့ သီချင်းဆိုတာနဲ့ပဲ ရပ်တည်သွားမှာပါ။ ကျန်တာတော့ MTV ရိုက်တယ်၊ ကြော်ငြာရိုက်တာ တို့ပါပဲ။ ကိုယ့်ဝါသနာအရ ရိုက်တာတော့ရိုက်ပါ။ ကောင်းပါတယ်။ လူတိုင်းလွတ်လပ်ခွင့်ပါ။

အရမ်းပေါက်တဲ့ Hip Hop  သီချင်းတစ်ပုဒ်ရဲ့ သက်တမ်းက တိုတာ ဘာကြောင့်လို့ ထက်ထက် ထင်လဲ။

Hip Hop  သီချင်းတွေက လူတိုင်းလက်ခံဖို့က မလွယ်ပါဘူး။ မလွယ်တဲ့ Music ကိုလုပ်ဆောင်ရတဲ့ အတွက် ခက်ခဲပါတယ်။ ပရိသတ်အကြား အမြဲမရိုးတဲ့သီချင်းတစ်ပုဒ်ဖြစ်လာအောင် လုပ်ဖို့အတွက် Hip Hop  မှာက အရေးပိုင်း သာမကဘူး၊ အတီးရော၊ အဆိုပိုင်းရော ခက်ခဲပါတယ်။  Hip Hop က ရိုးရိုး အချစ် သီချင်းတွေလောက် ကြာရှည်စွာပေါက်မယ်လို့ မှန်းလို့မရဘူး။ အဖက်ဖက်က သက်ဆိုင်တာလည်း ပါ,ပါ တယ်။ ဘယ်လိုပြောရမှန်းကို မသိပါဘူး။

ယဉ်ကျေးမှုသဘာဝကြောင့်လို့ရော မြင်မိလား။

ဒါကလည်း သက်ဆိုင်တယ်လို့ ပြောရမှာပါပဲ။ အမေရိကန်မှာက လူမဲအဆိုတော်တွေက သူတို့ ငယ်စဉ် ကတည်းက ဒီဂီတသီချင်းတွေပေါ်မှာပဲ ခံစားလာရတယ်။ သူတို့ယဉ်ကျေးမှုလေ။ ထက်ထက်တို့ အမြန်ဆိုတော့လက်ခံကြတာ ရှိသလို လက်မခံကြတာလည်းရှိပါတယ်။ ရိုးရိုး  Hip Hop သီချင်း တွေကို ဟိုး အရင်ကတည်းက အမြင်လွဲတာတွေ ရှိမယ်။ အဲဒါတွေကို ကြိုးအထုံးဖြည်ပေးဖို့ လိုပါတယ်။ အဲဒီကြိုး အထုံးဖြည်ပေးနိုင်မယ်ဆိုရင်တော့ Hip Hop  သီချင်းတွေ နေရာ ရလာကြမှာပါ။

လက်ရှိ Hip Hop Generation တွေက ဘယ်လိုပုံစံ နဲ့ လုပ်ကိုင်နေကြလဲ။

Hip Hop  လောက,က စည်းရုံးကြ ပါတယ်။ ကိုယ့်ဘက်ပိုင်းက ဘယ်သူတွေ စီးရီးထွက်တယ်ဆိုရင် လာကြတာပါပဲ။ လက်မှတ်ထိုးပွဲတွေဆိုရင်လည်း လာကြတာပါ။ လက်ရှိလှုပ်ရှားနေသူတွေက စည်းရုံး ကြတယ်။ အွန်လိုင်းမှာတင် ပြီးလုပ်နေကြသလို သူတို့ရဲ့ Simple အခွေတွေကိုလည်း ဖြန့်ပြီးလုပ်နေကြတော့ အဆင်ပြေပါတယ်။