အဖြူရောင် မုသားတွေ မပြောပါနဲ့တော့။ ထိုင်းအစိုးရနှင့် မီဒီယာများ

ပရင့်ထုတ်ရန်

(သတင်းသုံးသပ်ချက်) နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှု မြင့်မားလာစေရန် ‘အဖြူရောင်မုသား’ သုံးခဲ့ရပါသည်ဟု ထိုင်းပြည်သူများထံသို့ ပထမဦးဆုံး ဝန်ခံပြောဆိုခဲ့သော ထိုင်းနိုင်ငံ၏ ဒု-ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ကစ်တီရတ် န-ရနောင်း (Kittiratt Na Ranong) ကို ချီးမြှောက် ဂုဏ်ပြုသင့်လှပါသည်။  

အကယ်၍ တွေးခေါ်ပညာရှင်ကြီး ပလေတိုသည်သာ ယနေ့တိုင် သက်ရှိထင်ရှား ရှိနေသေးပါက ကစ်တီရတ်အတွက် သူ၏ သတ္တိပြောင်မြောက်မှုကို ချီးမြှောက်လိမ့်မည်မှာ မလွဲပေ။ ဂရိ တွေးခေါ်ပညာရှင်ကြီးအတွက်ဆိုလျှင် ယခုဝန်ကြီး
ပြောဆိုသည့်အချက်က ‘မြင့်မြတ်သည့် မုသား’ ဖြစ်ပေလိမ့်မည်။ အနည်းဆုံး ယခုတိုင် ဝန်ကြီးကိုယ်တိုင်က ယုံကြည်
လက်ခံထားသေးသည့် အချက်လည်း ဖြစ်သည်။ အနည်းဆုံး ယာယီပဲဖြစ်ဖြစ်၊ နိုင်ငံအနေဖြင့် ခံစားချက် ကောင်းစေ
ရန် ဤသို့ ပြောဆိုခဲ့ရသည်ဟု သူက ဆိုပါသည်။

အမှန်တွင် ယခုကဲ့သို့ ရှေ့သို့ ဦးစွာထွက်၍ ပြောလာခဲ့ခြင်းမှာ ယင်လတ် (Yingluck) ဦးဆောင်သည့် အစိုးရကို မပြိုကွဲရလေအောင် ကယ်တင်ခဲ့ခြင်းသာဖြစ်ပြီး သူက မကြာမီ အနာဂတ်တွင် ပေါ်ထွက်လာတော့မည့် ‘အမှန်တကယ် လိမ်ညာမှုများ’ အတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သည့် သီတင်းပတ်တွင် အစိုးရက ပြီးခဲ့သည့်နှစ်အတွင်း စွမ်းဆောင်အောင်မြင်ခဲ့မှုများအတွက် ပျော်ပွဲရွှင်ပွဲ ဝှဲချီး ကျင်းပနိုင်ရန် ပြင်ဆင်နေခဲ့သည်။ ဤကာလအတွင်း လူပြိန်းကြိုက် အစိုးရလည်း ဖြစ်လို့လာနေသည်။ ဝန်ကြီးချုပ်ဖြစ်
သူ ယင်လတ် ရှီနာဝတ် (Yingluck Shinawatra) က လုံးဝ ပျော်မြူးသည့်ဟန် ပြနေခဲ့သည်။ ပေးလိုသည့် သတင်းစကားက ရှင်းပါသည်။ ဆင်းရဲသားများကို ကူညီရသည်မှာ စိတ်ကူးယဉ်ဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ
မြင့်မြတ်သည့်လုပ်ငန်းတခု ဖြစ်သည်ဟု ဆိုချင်ပုံ ရပါသည်။

သို့ဆိုလျှင် အဖြူရောင်မုသားကိစ္စ အပေါ်တွင်လည်း ခေါင်းထဲထည့်စရာ မလိုတော့ပေ။ ဆက်၍ ပြောနေရုံသာ ရှိတော့သည်။ ထပ်ကျော့နေရုံသာ ရှိတော့သည်။ မည်သူကမျှ ၎င်းကို ငြင်းပယ်၍ ရနိုင်မည် မဟုတ်တော့ပေ။
နောက်တွင် ပြည်သူများက ကျင့်သားရလာပြီး ဤကိစ္စအားလုံးကို အမှန်ဟုသာ မြင်လာကြပေတော့မည်။ အစိုးရကို
ဝေဖန်သူ မည်သူမဆိုသည်လည်း ဘက်လိုက်တတ်သူ၊ ဆင်းရဲသားများအပေါ် မကြိုက်နှစ် စာနာစိတ်မရှိသူ ဖြစ်ပေ
တော့မည်။

ယခုလို ရှေးကျသည့် အပြောအဆိုပညာ လေ့ကျင့်မှုကို ပြုသူသည် ကစ်တီရတ် တဦးတည်းသာ မဟုတ်ဟု
ထောက်ပြပြော ဆိုလိုသူများလည်း ရှိနိုင်ပါသေးသည်။ ပြောရမည်ဆိုလျှင် စကတည်းက ယဉ်သကို ဆိုသလို ဝန်ကြီးအဖွဲ့ ကက်ဘိနက် တခုလုံးက အမှန်တရားနှင့် လားလားမျှ မသက်ဆိုင်သည်များကို မျက်နှာ အပြောင်သားနှင့်
ပြောဆိုခဲ့ကြသည် မဟုတ်ပါလား။ လူတဦးက တကြိမ်တခါတွင် လိမ်ညာမှု ပြုသည်ဆိုသည်မှာ မှန်ကောင်းမှန်နိုင်ပါ
သည်။ သို့သော် သူက အချိန်တိုင်း လိမ်ညာနေ၍တော့ မဖြစ်နိုင်ပေ။ နာဇီတို့၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂျိုးဆက်ဖ် ဂိုးဘဲလ်စ် (Joseph Goebbels)ပင် ဤသို့ဆောင်ရွက်၍ မရနိုင်ခဲ့ပေ။

အမှန်ကိုဆိုရလျှင် ယင်လတ် ဦးဆောင်သည့် အစိုးရက သတင်းများနှင့် ဒေတာ အချက်အလက် များကို စီမံခန့်ခွဲ အသုံးချနိုင်ရန် မဟာဗျူဟာပေါင်းစုံ ထုတ်သုံးခဲ့ဖူးသည်။ သတင်းကို ပါးနပ် ကျွမ်းကျင်လှည့်ဖျားခြင်းမှသည် ဘက်စုံ လူသိများ ထင်ပေါ်ကျော်ကြားရေး လှုပ်ရှားမှု ကမ်ပိန်းများကို လုပ်ဆောင်ခဲ့ဖူးသည်။ အနည်းဆုံး အခုအချိန်တွင် လက်ထဲတွင် သုံးစရာငွေ ရှိနေသေးသ၍ နိုင်ငံ၏ အခြေအနေ ဘက်ပေါင်းစုံ ကောင်းမွန်နေသည့်သယောင် လူထုကြားတွင် ယုံမှတ်မှားမှုများ ဖန်တီးထားနေခဲ့သည်။ လူထုကို ဤအတိုင်း အထင်အမြင် ရောက်နေစေခဲ့ပါသည်။

အမေရိကန် ဘာသာဗေဒပညာရှင် နုံမ် ချုမ်စကီး (Noam Chomsky) က သူ၏ သုတေသန လုပ်ငန်းများ
ဆောင်ရွက်မည်ဆိုလျှင် ထိုင်းနိုင်ငံသို့ လာ၍ ဆောင်ရွက်သင့်သည်။ အကြောင်းမှာ လူတို့၏ သဘောကြိုက်ညီမှု ထုတ်လုပ်ရာတွင် ("manufacturing consent") သူ့အတွက် လေ့လာစရာ ဖြစ်ရပ် အများအပြား ရနိုင်သောကြောင့်
ဖြစ်သည်။ သူက တင်ပြခဲ့ဖူးသလို အချို့သော ထိုင်းလူမျိုးများက အချို့သောဖြစ်ရပ်များကို လုပ်ကြံဖန်တီးမှုဟုသာ
မြင်နေကြပါသေးသည်။

သို့အတွက်ကြောင့် ထိုင်းနိုင်ငံ၏ ပင်မရေစီးအတွင်းရှိ သတင်းမီဒီယာများနှင့် အစွန်ဖျားနားရှိ သတင်းမီဒီယာများကို
စောင့်ကြည့်လေ့လာရသည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။ အထူးသဖြင့် လူကြိုက်များသည့် သတင်းမီဒီယာများ ဖြစ်သည့် မာတီချွန် (Matichon) နှင့် ထိုင်းရပ်သ် (Thai Rath) သတင်းစာတို့က ကစ်တီရတ်၏ အဖြူရောင်မုသားကိစ္စ သတင်းကို ခပ်ပေါ့ပေါ့ပင် ကြက်မွေးဖြင့် သပ်ခဲ့ကြသည်။ သူတို့ လုပ်ဆောင်သင့်သလောက် သတင်းကို နက်နက်နဲနဲ လိုက်၍ ဖော်ပြခဲ့ခြင်း မရှိခဲ့ကြပေ။

ယခင်အစိုးရ လက်ထက်များက ဆိုလျှင် ဒေသခံဘာသာစကားဖြင့် ထုတ်ဝေသည့် သတင်းမီဒီယာများက အစိုးရ၏ စွမ်းဆောင်မှုများနှင့် အုပ်ချုပ်မှုစနစ်များကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဝေဖန်ခဲ့ကြသည်။ သူတို့၏ ထက်မြက်လှ
သည့် သတင်းဆောင်းပါးရှင်များက အစိုးရ တာဝန်ဝတ္တရားများကို ကြန့်ကြာပျက်ကွက်ခြင်း မရှိဘဲ မောင်းနှင်နိုင်
အောင် များသောအားဖြင့် တွန်းပေးခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်တွင်တော့ သူတို့က ယခုအငြင်းပွားဖွယ်ကိစ္စ
ကို အရေးမပါသလို လုပ်နေကြသည်။ နေ့စဉ်ဖြစ်နေသည့် သတင်းများအကြားမှ သတင်းတပုဒ်သဖွယ်သာ ဖုန်းကွယ်
ထားလိုက်ကြသည်။ တနည်းတဖုံအားဖြင့် သြဇာကြီးလှသော ဆောင်းပါးရှင်များကလည်း ယခုခေါင်းစဉ်ကို အလေးပေး မဖော်ပြသင့်သည့် သတင်းတပုဒ် ဖြစ်သည်ဟု ဆုံးဖြတ်ကြသလို ဤကိစ္စကြောင့် လူထုယုံကြည်မှု ထိခိုက်မည်ဟုလည်း
မြင်ကြသည်။ ပို၍ အရေးကြီးသည်မှာ အတိုက်အခံ အင်အားစုများက၊ အထူးသဖြင့် ဒီမိုကရက်ပါတီက အကွက်ကောင်း
ရပြီး အသုံးချကစားကြမည်ဟု မြင်နေကြသည်။ အမှန်ဆိုရလျှင် နောက်ဆုံး ဖော်ပြသည့်အချက်သည် အစိုးရနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ကိစ္စ အပေါ် သတင်းစာများနှင့် အခြား ပတ်သက်သက်ဆိုင်နေသူများက အများဆုံး
ဖော်ပြပြောဆိုကြသော အကြောင်းပြချက်လည်း ဖြစ်သည်။

အခြားသော သတင်းစာငယ်များဖြစ်ကြသည့် ဥပမာ ထိုင်းပို့စ် (Thai Post) နှင့် နျူးနာ (Naewna) တို့က အသေးစိတ်
ဝေဖန် ဖော်ပြခဲ့ကြပြီး သက်ဆိုင်ရာ ထောင့်အသီးသီး၊ အမြင်အသီးသီး၏ မှတ်ချက်များကို ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် အတိုက်အခံပါတီ၏ အသံကိုလည်း ဖော်ပြကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေကြသည့် သတင်းစာများကမူ နိုင်ငံ၏ စီးပွားရေးပြဿနာများကို ပြီးခဲ့သည့် ၁၂ လတာ ကာလတွင် တစိုက်မတ်မတ်
ဖော်ပြခဲ့ကြရာ ဝန်ကြီး ကစ်တီရတ် ဝန်ခံရသည့် အနေအထားသည် ကြိုတင်ခန့်မှန်းထားနိုင်သည့် အနေအထား
 ဖြစ်သည်။ သူတို့က ပြည်တွင်းနှင့် နိုင်ငံတကာမှ စာရင်းအင်း အချက်အလက်များကို တင်ပြခဲ့ကြပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အမြင်များကိုပါ ဘက်စုံထောင်စုံ တင်ပြခဲ့ကြပါသည်။ ပုံမှန် ဆောင်ရွက်
နေကြသည့်အတိုင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာ ခြောက်စောင်ကလည်း ဤစက်ကွင်း ပြင်ပတွင် ဆက်၍ ရှိနေခဲ့ကြသည်။ သူတို့က ကြော်ငြာသင်ပုန်းကြီးလို ပြည်တွင်းနှင့် စီးပွားရေးသတင်းများကို တင်ပြနေခဲ့ကြ
သည်။

ယနေ့ကာလတွင် ပြောရမည်ဆိုလျှင် ထိုင်းတီဗွီများနှင့် ရေဒီယိုများက မတူကွဲပြားသည့် သတင်း မီဒီယာများ ဖြစ်ကြ
သည်။ ပုဂ္ဂလိကကဏ္ဍမှ ကြော်ငြာများနှင့် အစိုးရကဏ္ဍတို့မှ ဝင်ငွေများစွာ ရရှိနေကြသည်။ မည်သည့် သတင်းမီဒီယာ
ကမျှ ပိုနေမြဲ ကျားနေမြဲ အနေအထားကို မပျက်လိုကြ။ အငြင်းပွားစရာ ကိစ္စများကို မျက်နှာလွှဲ မျက်စေ့ပိတ်ထား
လိုက်ခြင်းက ယနေ့ သတင်းမီဒီယာ၏ ကျင့်ဝတ်ကောင်းတခုသဖွယ် ဖြစ်နေသေးတော့သည်။   

သို့အတွက်ကြောင့် သူတို့က အတိတ်ကာလနှင့်စာလျှင် ပြည်သူအများ ကောင်းကျိုးစီးပွားနှင့် ဆိုင်သော လူအများ စိတ်ဝင်စားမည် ဖြစ်သော သတင်းတခုကို ရေဆုံးရေဖျား မလိုက်တော့။ အပေါ်ယံသာ ကိုင်တွယ်ကြတော့သည်။ တီဗွီတွင် လူအများဆုံး ကြည့်ရှုကြသည့် သတင်း အစီအစဉ်များကလည်း သတင်းများကို ပုံပြင်သဖွယ် ပြန်ပြောပြနေ
သည့် အစီအစဉ်များသာ ဖြစ်သည်။ သူတို့က ပျော်စရာပျက်စရာများနှင့် လူရွှင်တော်များနှင့် ပူးတွဲ၍ သတင်းကို တင်ဆက်နေကြသည်။ အီလက်ထရွန်နစ် သတင်းမီဒီယာများအကြားတွင် သတင်းက ဖျော်ဖြေရေးသဖွယ် ဖြစ်နေ
သည်မှာ အကျယ်အပြန့်။ ဤသည်မှာ အစိုးရ၏ လူထုဆက်ဆံရေးအတွက် အကြီးအကျယ် သုံးထားသည့် ဘတ်ဂျက်ကြောင့်ဟုပဲ ဆိုရတော့မည်။ သတင်းမီဒီယာ လုပ်ငန်းကြီးက ဖွံ့ဖြိုးတိုးတက်၍နေသည်။

မျှတအောင် ပြောရမည်ဆိုလျှင် ပြည်သူတို့၏အခွန်ဖြင့် ရန်ပုံငွေထောက်ပံ့ထားသည့် ထိုင်း ပြည်သူ့အသံလွှင့်ဌာန ပီဘီအက်စ် (Thai PBS) ကပင် ထူးခြားနေသေးသည်။ သူတို့က ယခု ‘အဖြူရောင်မုသား’ ဇာတ်လမ်းကို တင်ပြသင့်
သလောက် ရပ်တည်တင်ပြခဲ့ကြသည်။ ကြာသပတေးနေ့ ညနေသတင်းတွင် ထိပ်တန်းသတင်းအဖြစ် တင်ဆက်ခဲ့
သည်။ သောကြာနေ့တွင်လည်း ဆက်၍ထုတ်လွှင့်ပေးခဲ့သည်။ အခြား ရုပ်မြင်သံကြားလိုင်းများက ဤသတင်းကို အလေးမပေးခဲ့ကြ။ အချို့က ညနေသတင်းတွင် ခဏတာမျှ ပြသခဲ့ကြပြီး ကစ်တီရတ်၏ အမှန်တကယ် ပြောဆိုချက်ကို မဖော်ပြဘဲ ထုတ်လွှင့်ပြသခဲ့ကြသည်။ ဤသည်မှာ သတင်း ရုပ်မြင်ထုတ်လွှင့်မှုတွင် အသားကျနေကျပြီ ဖြစ်သော လုပ်ရိုးလုပ်စဉ်လည်း ဖြစ်သည်။ လိုအပ်ပါက အစိုးရထံမှ သတင်းအကြောင်း ဖြစ်စေသူ၏ ပြောဆိုချက်ကို ချန်လှပ်ထားကြပြီး ထိုနေ့သတင်း ဖတ်ကြားသူ၏ ရုတ်ချည်း မှတ်ချက်မျိုးဖြင့်သာ အစားထိုး တင်ပြနေကြသည်။

မတ်လတုန်းကလည်း အလားတူ လိမ်ညာမှုဖြစ်စဉ်တခု ရှိခဲ့သေးသည်။ ထိုစဉ်က ထိုင်း သတင်း မီဒီယာများက လက်ဆုပ်လက်ကိုင် မဖမ်းနိုင်ခဲ့ကြ။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ် (Thaksin Shinawatra) နှင့် မူဆလင် ခွဲထွက်သူပုန်များ မလေးရှားတွင် တွေ့ကြသည့်သတင်းကို ဓာတ်ပုံ အထောက်အထား ရှိသည့်တိုင် ဆက်၍ ငြင်းဆိုနေ
ဆဲဖြစ်ပြီး ဤသတင်းကို တရုတ် သတင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။

သို့သော်လည်း ဤကိစ္စနှင့် ပတ်သက်၍ အာဏာရ ဖွေ့ထိုင်းပါတီ (Pheu Thai Party) အဖွဲ့ဝင်များနှင့်  သက်ဆင်၏ လက်ထောက်များက ဤသတင်းဖော်ပြချက်များကို အင်နှင့်အားနှင့် ထွက်၍ ငြင်းဆိုခဲ့ကြသည်။ အံ့သြဖွယ်အချက်မှာ အီလက်ထရွန်နစ် ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေသည် ဖြစ်စေ၊ ထိုင်း သတင်းမီဒီယာများက ဆက်၍ လိုက်လံစုံစမ်းတင်ပြခဲ့
ကြခြင်း မရှိပေ။ မည်သို့ဖြစ်စေ သတင်း အချက်များပင် ပြန်လှန် စစ်ဆေးခဲ့ကြခြင်း မရှိပါ။ ယနေ့ကာလတိုင်
ပြည်သူများက သတင်းပါ အစည်းအဝေးများက အမှန်တကယ် ဖြစ်ခဲ့ခြင်းမရှိ၊ အတိုက်အခံများ၏ လုပ်ကြံဖန်တီးမှုသာ
ဖြစ်သည်ဟု ယုံကြည်နေကြသေးသည်။ အကယ်၍ ခွဲထွက်ရေးသူပုန်များနှင့် အစည်းအဝေးသာ အောင်မြင်ခဲ့ပါက ဤသတင်းက ရက်သတ္တပတ် အတန်ကြာ ခေါင်းစီးသတင်းအဖြစ် နေရာယူနေခြိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းသတင်းက ထိုင်းသတင်းတို့ လည်ပတ် အလုပ်လုပ်ပုံအတိုင်း ၄၈-၇၂ နာရီအတွင်း အရေးမပါ မေ့လျော့ဖွယ်
သတင်းအဖြစ် ကျရောက်သွားရတော့သည်။

‘အဖြူရောင် မုသား’မျိုး ကဲ့သို့သော ရောဂါလက္ခဏာမျိုးကို စီမံကုသရန် အကောင်းဆုံးနည်းမှာ ရိုးရှင်း လွယ်ကူလှပါ
သည်။ အစိုးရက အမှန်တရားကို ပြောဆိုတင်ပြရမည် ဖြစ်ပြီး အခြားကိစ္စကို ပြောရန် မလိုအပ်ပါ။ ထင်ရှားနေသည့်
အချက်မှာ ဝန်ကြီး ကစ်တီရတ်၏ လုပ်ဆောင်မှုမှာ သူ၏ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များ၏ သဘောထားမပါဝင်ဘဲ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ထို့အပြင် သူ့ကို ကျန်သူများက ထိပ်တန်း ဦးနှောက်တခုအဖြစ်လည်း ယူဆထားကြ
ပါသေးသည်။ ယင်လတ် ဦးဆောင်နေသည့် အစိုးရက ပြည်သူများထံ အမှန်အတိုင်း စီးပွားရေးစွမ်းဆောင်မှုများနှင့် ရည်မှန်းထားချက်များကို မည်သို့သော စေတနာကောင်းဖြင့် ချမှတ်လုပ်ဆောင်ခဲ့သည် ဖြစ်စေ ယခုအခါ ဖော်ပြ
ပြောဆိုရန် နာကြဉ်ခက်ခဲနိုင်စရာ ရှိပါသည်။ ဤမှန်းထားချက်အတိုင်း လာမည့် လများတွင်လည်း ခရီးပေါက်နိုင်စရာ မရှိပါ။ သို့သော် အစိုးရက အမှန်အတိုင်း ပြောဆိုအသိပေးရန် တာဝန်ရှိပါသည်။

ဤအနေအထားကြောင့်သာ လူထုအမြင်နှင့် နိုင်ငံတကာ မိသားစုအမြင်တွင် အစိုးရအပေါ် ယုံကြည်ကိုးစားမှု တိုးတက်လာဖို့ အကြောင်းရှိပါသည်။ နိုင်ငံတခုလုံးက ပေးဆပ်ရမည့် တန်ဖိုးလည်း လျှော့နည်း ကျဆင်းစေမည်
ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကို ကစားခြင်းကို နိုင်ငံအများစုတွင် ရာဇဝတ်မှုဟု သတ်မှတ်ထား
ကြပါသည်။

ကျရှုံးနိုင်ငံ အများစုက ဤသို့သောလုပ်ငန်းစဉ်မျိုးကို ယခင်က ဖြတ်သန်းလုပ်ဆောင်ဖူးကြပါသည်။ လွှတ်တော် ပါလီမန်အတွင်း အင်အားအများစု ရရှိထားသည့် ယခုအစိုးရက ဤအခြေအနေမျိုး မရောက်စေနိုင်ဟု
မျှော်လင့်ရပါသည်။ သို့အတွက်ကြောင့် ယခုအချိန်သည် အစိုးရအဖို့ ကိစ္စအားလုံးကို တာဝန်ခံရမည်ဖြစ်ပြီး ‘အဖြူရောင် မုသားများ’ ပြောဆို ကျင့်သုံးနေခြင်းကိုလည်း ငြင်းပယ်ရတော့မည့် အချိန်ဖြစ်ပါတော့သည်။   ။
 

Kavi Chongkittavorn ရေးသားသည့် Save Thailand: Tell no ‘white lies’ ဆောင်းပါးကို ဆီလျော်အောင်
ပြန်ဆိုဖော်ပြပါသည်။

ကာဝီ ချွန်ကစ်တာဝုန် (Kavi Chongkittavorn) သည် အရှေ့တောင်အာရှရေးရာနှင့် ပတ်သက်၍ လူသိများသည့်
ဝေဖန်သုံးသပ်သူ ဆောင်းပါရှင်တဦး ဖြစ်ပါသည်။