www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၃ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

သူငယ်ချင်း …

မင်း နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် တက်နေတယ်လို့ ကြားရလို့ ဒီစာကို ရေးလိုက်ပါတယ်။ တပ်မတော်ထဲမှာ ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်လာဖို့ ဖြတ်သန်းတဲ့ခရီးမှာ ဒီတက္ကသိုလ်ဟာ အရေးကြီးတဲ့ အဆင့်တခုလို့ ငါ နားလည်ထားတယ်။ ငါလည်း မင်းကို တပ်မတော်မှာ ထိပ်တန်းခေါင်းဆောင်အဖြစ်၊ နိုင်ငံနဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်တဲ့ တပ်မတော်သားကောင်းအဖြစ် မြင်တွေ့ချင်ပါတယ်။ ဒါကလည်း မင်းနဲ့ ငါ အကြားမှာ တူညီတဲ့ ရပ်တည်ချက်တခု ရှိနေလို့ပါ။

အဲဒါ ဘာလဲဆိုတော့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကို တည်ဆောက်ချင်တဲ့ ဆန္ဒနဲ့ ရည်မှန်းချက်တွေ ကိုယ်စီ ရှိနေကြတဲ့ဆိုတဲ့ common ground တခု ရှိနေကြလို့ပေါ့။ ဒါကြောင့်လည်း တို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မင်းနဲ့ အမြင်ဖလှယ်ချင်လို့ ဒီစာကို ရေးလိုက်တာပေါ့။ မင်းလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာနေတဲ့ အချိန်ဆိုတော့ ဒီစာဟာ မင်းအတွက် စဉ်းစားစရာတွေ ရလိမ့်မယ်လို့ ထင်ပါတယ်။

မင်းနဲ့ အဓိက ဆွေးနွေးချင်တဲ့ အချက်က တို့နိုင်ငံအတွက် ရေရှည်တည်တံ့စေမယ့် ဖွံ့ဖြိုးတိုးတက်မှု Sustainable Development ပေါ့။ ဒါပေမယ့် ဒီအချက်ကို မသွားခင် တို့နိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ်တွေကို အရင်ဆွေးနွေးချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တခုရဲ့ ကံကြမ္မာကို စဉ်းစားရာမှာ “ပြည်တွင်း/ပြည်ပ အဖျက်သမားများ” ဆိုတဲ့ ဝေါဟာရထက် “နိုင်ငံကို ဦးဆောင်နေသူ(များ) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စဉ်းစား တွေးတော လက်ခံပုံ (Mindset)” ဆိုတဲ့ ဝေါဟာရက ပိုအရေးကြီးတယ်လို့ ငါ ခံယူလို့ပါ။

၁၉၆၂ မတိုင်မီ ကာလ

သူငယ်ချင်းရဲ့သင်တန်းမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်တဲ့ ဟောပြောပို့ချမှုတွေ ပါတယ်လို့ သိထားတယ်။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်မှ အယူအဆတွေနဲ့ ပတ်သက်ပြီး ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၅ဝ ခုနှစ်များနဲ့ ၁၉၆ဝ ခုနှစ်များမှာ နိုင်ငံတခု ဖွံ့ဖြိုးတိုးတက်ဖို့အရေး စီးပွားရေးတိုးတက်မှုကို အဓိကထား စဉ်းစားကြတဲ့အကြောင်းကို Rostow ရဲ့ States of Growth Theory တို့၊ Harrod-Domar ရဲ့ Growth Model တွေနဲ့အတူ မင်းတို့ကို ပို့ချကြမှာပါ။ အဲဒီ ခေတ်ကာလက တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုပြတဲ့ GDP, GNP တွေနဲ့ ပတ်သက်ပြီး အောက်ကပုံကို ကြည့်ရင် တရှိန်ထိုး တိုးတက်ခဲ့တာ မင်း တွေ့လိမ့်မယ်။ ဒီကိန်းဂဏန်းတွေက ၁၉၅၃၊ ၁၉၅၇ နဲ့ ၁၉၆၃ တွေက အစိုးရရဲ့ Central Statistical and Economics Department ပြုစုထုတ်ပြန်ခဲ့တဲ့ National Income of Burma ပါ အချက်တွေကို အခြေခံပြီး ဆွဲထားတာ။

GDP Graph


သူငယ်ချင်း … ၁၉၆၂ မတိုင်မီကာလနဲ့ ပတ်သက်ပြီး ငါဆိုလိုချင်တာက အဲဒီခေတ်အခါက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ်များနဲ့ တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရလဒ်တွေ ထပ်တူညီကြခဲ့တယ်ဆိုတဲ့ အချက်ပါ။

၁၉၆၂ - ၁၉၈၈

ဒီလို အခြေအနေကောင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်တဲ့ တို့နိုင်ငံဟာ ၁၉၈၇ ခုနှစ်လည်း ရောက်ရော ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားတယ်။ ဒီတော့ ဦးနေဝင်းအုပ်ချုပ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်၊ ၂၆ နှစ်တာကာလအတွင်းမှာ အဲဒီခေတ်က ရှိခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်များနဲ့ နိုင်ငံရဲ့ ရလဒ်တွေကို ပြန်စဉ်းစားကြည့်ရအောင်။

၁၉၆ဝ ခုနှစ်များနဲ့ ၁၉၇ဝ ခုနှစ်များမှာ မဖွံ့ဖြိုး မတိုးတက်သေးတဲ့ တတိယနိုင်ငံများအတွက် Structural Change Models တွေ ခေတ်စားခဲ့တယ်။ ဆိုလိုတာက လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ ဆိုတဲ့ နိုင်ငံ့စီးပွားရေး ကဏ္ဍကြီး ၃ ခုရဲ့ ဖွဲ့စည်းပုံမှာ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ ပိုမိုဖွံ့ဖြိုး တိုးတက်မှ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံထားတဲ့ အယူအဆတွေပေါ့။ နောက်ထပ် အတွေးအခေါ်တခုက Basic Needs Approach ပါ။ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နဲ့ နေထိုင်မှု အခြေအနေတွေကို အာရုံစိုက်လုပ်ဆောင်ကြဖို့ကို ဆိုလိုတဲ့ အတွေးအခေါ်ပေါ့။

“စာတတ်မြောက်ရေး လှုပ်ရှားမှု” “လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့” “မြစိမ်းရောင် တော်လှန်ရေး” “အားလုံး ကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ” စတဲ့ စကားလုံးတွေ၊ အပြောအဆိုတွေ မြင်ခဲ့ရ၊ ကြားခဲ့ရတဲ့ အချိန်ကာလတွေကို မင်း ပြန် အမှတ်ရနေဦးမယ် ထင်တယ်။ ငါဆိုလိုချင်တာက ဦးနေဝင်းနဲ့ မဆလပါတီလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲဒီခေတ် အဲဒီအခါက Structural Change ဖွံ့ဖြိုးမှု သီအိုရီတွေ၊ အတွေးအခေါ်တွေနောက်ကို တတ်နိုင်သလောက် လိုက်ခဲ့ကြတယ်လို့ ပြောချင်တာပါ။

ဒါပေမယ့် သူတို့ အုပ်စုကို အဓိက လွှမ်းမိုးခဲ့တဲ့ နောက်ထပ် အတွေးအခေါ်တစု ရှိခဲ့သေးတယ်။ International Dependence Revolution လို့ ခေါ်ကြတဲ့ အတွေးအခေါ်စုပေါ့။ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဘယ်လို လုပ်ရမယ်လို့ ပြောတာထက်၊ နိုင်ငံမဖွံ့ဖြိုးတာ ဘာကြောင့်ဆိုကြတာ ပိုအာရုံစိုက်ထားတဲ့ အတွေးအခေါ်တွေပါ။ အဓိက အချက်တွေက ဖွံ့ဖြိုးပြီး နိုင်ငံက ပညာရှင်တွေ၊ အဲဒီနိုင်ငံတွေမှာ ပညာသင်ခဲ့သူတွေဟာ ကိုယ့်ရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ မလျော်ညီ၊ မအပ်စပ်တဲ့ အယူအဆနဲ့ လုပ်ပုံကိုင်ပုံတွေ တင်သွင်းလာကြလို့ အလုပ်မဖြစ်ရတာ။ မဖွံ့ဖြိုးမှု ပြဿနာဟာ ခေတ်သစ် နယ်ချဲ့များကြောင့်လို့ ပြောကြတယ်။ မဆလခေတ် သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ဒီသဘောတရားတွေကို ရောင်ပြန်ဟပ်စေတဲ့ အရေးအသားတွေ မင်းမှတ်မိနေဦးမယ်လို့ ငါ ထင်မိတယ်။ အဆုံးမှာတော့ ဦးနေဝင်းရဲ့ ဟိုလိုလို၊ ဒီလိုလို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ရလဒ်က တရှိန်ထိုးတက်နေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ခေါင်းပြန်စိုက်ပြီး ၁၉၈၇ မှာ အမွဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်သွားတာပဲ ဖြစ်တယ်။

အဲဒီ ၁၉၈ဝ ခုနှစ်များမှာပဲ တို့လို နိုင်ငံတွေအတွက် အဖြေထုတ်ပေးထားတဲ့ အတွေးအခေါ်တွေ ပေါ်ထွက်နေခဲ့ပြီ။ Neo-classical Counter-revolution လို့ သိကြတဲ့ ဒီအတွေးအခေါ်ရဲ့ အဓိကဆိုလိုရင်းကတော့ အစိုးရရဲ့ မူဝါဒ မှားယွင်းမှုတွေ၊ တိုင်းပြည်ရဲ့ အရင်းအမြစ်၊ မြေပေါ်မြေအောက် သယံဇာတတွေကို တိုင်းပြည်အတွက် အကျိုးရှိအောင် မသုံးစွဲနိုင်တာတွေ၊ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးမှာ အစိုးရရဲ့ ထိန်းချုပ်စွက်ဖက်မှုတွေ များလွန်းတာတွေ၊ စတာတွေကြောင့် နိုင်ငံတွေဟာ မဖွံ့မဖြိုး ဖြစ်ရတယ်လို့ ဆိုတယ်ကွ။

ဒီအယူအဆကို အခြေခံပြီး ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တွေက သူတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ဖိအားပေး ဆော်သြလာခဲ့ကြတယ်၊ Structural Adjustment Programme လို့ သိကြတဲ့ အစီအစဉ်ပေါ့။ အဲဒီအစီအစဉ်မှာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့၊ ဗဟိုချုပ်ကိုင်မှု လျှော့ချဖို့၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးဖို့၊ လာဘ်ပေး လာဘ်ယူမှုတွေ နှိမ်နှင်းဖို့၊ ဘတ်ဂျက်လိုငွေပြမှု လျှော့ချဖို့၊ ငွေကြေးဖောင်းပွမှုတွေ လျော့နည်းသွားအောင် လုပ်ဖို့ စတဲ့ အချက်တွေကို သက်ဆိုင်ရာ အစိုးရများက စီစဉ်ဆောင်ရွက်ပေးဖို့ တောင်းဆိုလာခဲ့တယ်။ အဲဒီ အယူအဆတွေနဲ့ ၁၉၈ဝ ခုနှစ်တွေမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာတဝှမ်းက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်စပ်ကြည့်စမ်းပါ သူငယ်ချင်း။ ဥပမာ --
  • ၁၉၈ဝ ခုနှစ်ကာလများမှ တရုတ်ခေါင်းဆောင် တိန်ရှောက်ဖိန်နဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ၊
  • ၁၉၈၅ ခုနှစ်မှာ ဆိုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ မီခေးလ်ဂိုဘာချော့ရဲ့ “ဂလပ်စ်နော့” ခေါ်၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ အစိုးရအနေနဲ့ ပွင့်လင်းဖို့၊ လူထုအမြင် ကြည်လင်စေဖို့ ဆိုတဲ့ ပယ်ရီစတွိုင်ကာ လုပ်ငန်းတွေ၊
  • ၁၉၈၆ ခုနှစ်မှာ စခဲ့တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ၊
  • ၁၉၈၆ ခုနှစ် ဖိလစ်ပိုင်ရဲ့ People Power Revolution လှုပ်ရှားမှုနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊
  • အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ပြောင်းခဲ့ကြတဲ့ လက်တင်အမေရိက နိုင်ငံတွေ - အာဂျင်တီးနား (၁၉၈၃)၊ ဥရုဂွေး (၁၉၈၄-၈၅)၊ ဘရာဇီး (၁၉၈၅-၈၆)၊ ချီလီ (၁၉၈၈-၈၉)၊
  • ၁၉၈၈ ခုနှစ် နောက်ပိုင်း ကိုရီးယား သမ္မတ နိုတေဝူးရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊
  • ချက်ကိုစလိုဗက် (၁၉၈၉ ခုနှစ်)နဲ့ ရိုမေးနီးယား (၁၉၉ဝ ခုနှစ်) များက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု တွေနဲ့
  • ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံထဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံများ ခွဲထွက်မှု၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတာတွေပေါ့။

ဒီအခြေအနေက ဘာကို ပြောလဲဆိုတော့ -

(၁) နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန် ငတ်မွတ်နေတဲ့ လူထု ရှိတယ်၊

(၂) ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အဖြေရှိတယ်၊

(၃) ပြုပြင်ပြောင်းလဲရေးအတွက် စေ့ဆော်တိုက်တွန်းကြတဲ့ ခေါင်းဆောင်တွေ ပေါ်လာတယ်၊

ဒါကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တက်ညီလက်ညီ လုပ်ခဲ့ကြတာ။ တို့နိုင်ငံရဲ့ ၁၉၈၈ ခုနှစ် လှုပ်ရှားမှုကလည်း ဒီအတိုင်းပဲ သူငယ်ချင်း။ ဒါပေမယ့် အာဏာရှင် Mindset ပဲရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် Mindset မရှိရှာတဲ့ ဦးနေဝင်း၊ ပြုပြင်ပြောင်းလဲရေးတွေအစား တဖက်လှည့် အာဏာသိမ်းခိုင်းမှုနဲ့အတူ နိုင်ငံရေးဇာတ်ခုံပေါ်က ရှောင်ပြေးခဲ့တယ်။ အဆုံးသတ် ဇာတ်သိမ်းမလှတဲ့ သူနဲ့ သူ့မိသားစုအကြောင်း မင်းလည်း သိပြီးသားမို့ မရေးတော့ပါဘူး။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလကို ဆက်ပြောကြရအောင်။

၁၉၈၈ ခုနှစ်မှ ယနေ့တိုင်

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ Structural Adjustment စကားတွေဖြစ်တဲ့ ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးမယ်၊ ဗဟိုချုပ်ကိုင်မှု လျှော့ချမယ်၊ ပုဂ္ဂလိက အခန်းကဏ္ဍကို မြှင့်တင်မယ်၊ ကုန်သွယ်ရေး လွတ်လပ်ခွင့်တွေ ကျင့်သုံးမယ်၊ ဒီလို ပြုပြင်ပြောင်းလဲမှုတွေအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့အတူ နဝတ က နိုင်ငံအာဏာ ရယူခဲ့တယ်။ အခုဆိုရင် တပ်မတော် အစိုးရခေတ်ဟာ ၂၁ နှစ် ပြည့်တော့မယ်ဆိုတာ မင်းလည်း သိပါတယ်။ နဝတနဲ့ ယနေ့ နအဖရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက်များကို ကြည့်ရင်တော့ Structural Adjustment စကားလုံးတွေ ဖော်ပြထားပေမယ့် လက်တွေ့ဘဝကို ကြည့်စမ်းပါ။

လူတိုင်း တန်းတူညီတူ ယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက် ဖြစ်မလာတဲ့အပြင် လူတစုရဲ့ လက်ဝါးကြီးအုပ် စီးပွားရေး ပုံသဏ္ဍာန်သာ ဖြစ်လာတယ်။ ဗဟိုချုပ်ကိုင်မှု ဆထက်တပိုး တိုးလို့သာ လာနေတယ်၊ ငွေကြေးဖောင်းပွမှု အဆမတန် ဖြစ်လာတယ်၊ လာဘ်ပေးလာဘ်ယူမှုတွေဟာ ယဉ်ကျေးမှုတရပ်လို ဖြစ်လာနေတယ်။ အနှစ် ၂ဝ ဆိုတဲ့ အချိန်ကာလဟာ အဖွဲ့အစည်းတခုအနေနဲ့ ကိုယ် ကတိကဝတ်ပြုထားတဲ့ ကိစ္စများအတွက် အခြေခံကောင်းတွေ တည်ဆောက်ပေးဖို့ လုံလောက်တဲ့အပြင် ပိုတောင်နေပါသေးတယ်။ ဒါပေမယ့် ဘာတခုမှ လုပ်မပေးနိုင်တဲ့အပြင် ဦးနေဝင်း ခေတ်ကအတိုင်း အာဏာရှင်စနစ်အတွက် အခြေခံကောင်းတွေသာ ပေါ်ပေါက်လာခဲ့တယ် မဟုတ်လား။ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လှုပ်ရှားခဲ့ကြတဲ့ ၁၉၈၈ အခင်းအကျင်းနဲ့ ယနေ့ ဘာတွေ ကွာသလဲ၊ ကြည့်လိုက်ရအောင်။

ဒီနေ့ အခြေအနေတွေက ဘာကိုပြနေသလဲဆိုတော့ -

(၁) နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ၁၉၈၈ ခုနှစ်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် ငတ်မွတ်နေတဲ့ လူထု ရှိတယ်၊ Globalization နဲ့ Internet တွေကြောင့် ပြင်ပကမ္ဘာအကြောင်း ဦးနေဝင်းခေတ်ထက် ပိုသိကြတဲ့ လူထုကြီး ရှိနေတယ်။

(၂) ဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေလုပ်ရမယ်ဆိုတဲ့ အဖြေကို ၁၉၈၈ ခုနှစ်ကတည်းက ရှာတွေ့ထားပြီးတဲ့အပြင် ဒီနည်းလမ်းတွေနဲ့ ကုသခဲ့လို့ ဒီနေ့ ဖွံ့ဖြိုးစပြုနေတဲ့ နိုင်ငံတွေကို မြင်ရတဲ့အခါ ဒီအဖြေ မှန်တယ်ဆိုတာပါ ယုံစားထားပြီး ဖြစ်တယ်။

(၃) ပြုပြင်ပြောင်းလဲရေးအတွက် ယုံကြည်ချက် အင်မတန် ခိုင်မာတဲ့ ခေါင်းဆောင်တွေ လူထုအကြားမှာ ရှိနေတယ်။

ငါ ဆိုလိုချင်တာက ယနေ့ အခြေအနေက ၁၉၈၈ အခြေအနေနဲ့ အတူတူပဲ သူငယ်ချင်း၊ တဖက်က ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲပေးဖို့ Mindset မရှိတဲ့ အာဏာရှင်၊ တဖက်က ဖွံ့ဖြိုးတိုးတက်မှုကို ၁၉၈၈ ထက် ပိုပြီးငတ်မွတ်နေတဲ့ လူထု၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ခိုင်မာတဲ့အဖြေတွေ၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ လုပ်ကြမယ့် လူထုခေါင်းဆောင်တွေ ရှိနေတယ်။

၁၉၈၈ နဲ့ ဒီနေ့ အခင်းအကျင်းကို ပြောပြီးလို့ အခု ဦးနေဝင်း အာဏာရှင်ခေတ်နဲ့ ဦးသန်းရွှေ အာဏာရှင်ခေတ်ကို နှိုင်းယှဉ်ပြောဦးမယ်။ အဲဒါကတော့ ပြည်ပဖိအားပေါ့။ သတင်းနည်းပညာ တိုးတက်မှုတွေကြောင့် အာဏာရှင်ရဲ့ ဖိနိုပ်ရက်စက်မှုတွေကို ကမ္ဘာက ပိုသိရသလို Globalization ကြောင့် ဦးနေဝင်းခေတ်လို တိုင်းပြည်ကို ကမ္ဘာလောကကြီးကနေ ဆွဲထုတ်ထားလို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေအနေပေါ့။ ဒီတော့ ဦးနေဝင်း ခံစားရတဲ့ ပြည်ပဖိအားထက် အဆပေါင်းများစွာသော ဖိအားကို ဦးသန်းရွှေ ခံစားရတာပေါ့။ ဒီတော့ သူဘာလုပ်သလဲ။ မင်းသိတဲ့အတိုင်း တရုတ်ပြည်ကို ဆရာတင် အကာအကွယ်ယူလိုက်တယ်။ အဲဒီတော့ အတုံ့အလှည့်နဲ့ တရုတ်ပြည်ကို အထူးအခွင့်အလမ်းတွေ ပေးရတော့တာပေါ့။ ဒီနေရာမှာ မင်းကို ငါပြောချင်တယ်ဆိုတဲ့ “Sustainable Development” ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ရောက်လာပါပြီ။

၁၉၉၂ ခုနှစ်မှာရဲ့ အစောပိုင်း ကာလတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်တွေကို ပြန်သုံးသပ် ဆင်ခြင်ကြည့်ကြတော့ မမျှော်လင့်တဲ့ ဆိုးကျိုးတွေကို တွေ့လာရတယ်။ ဥပမာ - သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ ပြန်လည်အစားထိုးလို့ မရနိုင်တဲ့ သဘာဝ သယံဇာတ ကုန်ခမ်းသွားတာတွေကစလို့ ကမ္ဘာကြီးပူနွေးလာနေတဲ့ကိစ္စ အဆုံးပေါ့။ ဒီအခြေအနေတွေကြောင့် နောက်ထပ် ပေါ်ထွက်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှု အယူအဆက Sustainable development အယူအဆပဲပေါ့။ ဒီအယူအဆကို လွယ်အောင်ပြောရရင် “တို့ခေတ်အခါမှာလည်း တို့အတွက် လိုအပ်ချက်တွေ ပြည့်စုံအောင် လုပ်ကြတာပေါ့။ ဒါပေမယ့် ငါတို့ အဲဒီလို လုပ်သွားလို့ နောင်လာနောက်သား ငါတို့ မျိုးဆက်တွေမှာ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့အရေး အခက်တွေ့ရတာမျိုး မဖြစ်စေသင့်ဘူး” ဆိုတဲ့ အတွေးခေါ်ပဲ ဖြစ်တယ်။

မင်း အချိန်တော်တော်များများ နေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ်ကို ပြန်တွေးကြည့်ရအောင်။ မေခနဲ့ မလိခ မြစ်ကြမ်းပြင်က ရွှေစင်ရွှေမှုန်တွေ ဘယ်ရောက်သွားပြီလဲ။ တရုတ်ပြည်ကလူတွေ ရွှေရှာတဲ့ သံဖောင်ကြီးတွေ သယ်လာ၊ စက်တွေနဲ့ စုတ်တင်သွားလိုက်တာ ကုန်သလောက် မဟုတ်လား။ ဖားကန့်က ကျောက်စိမ်းတွင်းတွေလည်း ဘာထူးသေးသလဲ။ တရုတ်ပြည်ဘဏ်တွေက အထောက်အပံ့ရထားတဲ့ ကုမ္ပဏီတွေက စက်ယန္တယားကြီးတွေနဲ့ ထိုးကော်နေလိုက်ကြတာ၊ နာမည်ကြီး ကျောက်စိမ်းထွက်တဲ့ ကျောက်အလွှာတွေကုန်လို့ အရင်က ထိုးကော်ထုတ်ထားတဲ့ နေရာတွေမှာ ပြန်ရှာရတဲ့ အဆင့်ရောက်နေပြီ မဟုတ်လား။ ကချင်ပြည်နယ်က ကျွန်းတောကြီးတွေ နေရာမှာ တောင်ကတုံးတွေ ဖြစ်ကုန်ပြီ မဟုတ်လား။ ငါ ဆိုလိုတာက တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကြီးဟာ ပမာဏကြီးလွန်းတော့ တို့နိုင်ငံက ရေမြေသယံဇာတတွေကို ခဏလေးနဲ့ Absorb လုပ် စုပ်ယူသွားနိုင်တဲ့ အခြေအနေ ရှိတယ်၊ ရှိလည်း ရှိနေပြီ။ ဒီ့အပြင် ရတဲ့ အခွင့်အရေးကိုလည်း အစွမ်းကုန် အသုံးချနေပြီဆိုတာ ပြောပြချင်လို့ပါ။

ဒီတော့ Sustainable Development ရှုထောင့်က ကြည့်ရအောင်။ အထက်က အဖြစ်ရပ်မှာ နိုင်ငံတော်က ဘာအကျိုးအမြတ် ရလိုက်သလဲ။ နိုင်ငံတော်ထက် ပိုအကျိုးအမြတ်ထွက်တဲ့ သူတွေကို မင်း ကောင်းကောင်း သိနေပါတယ်။ စီးပွားရေးအရ ရေရှည်တည်တံတဲ့ အကျိုးဖြစ်ထွန်းမှု နိုင်ငံတော်က မရလိုက်တဲ့အပြင်၊ တောတောင်တွေ ပြုန်းတီး၊ မြစ်တွေ ကောကုန်ပြီး အရင်နှစ်ပေါင်းများစွာက မကြုံတွေ့ရဖူးတဲ့ မြစ်ရေလျှံ၊ ရေကြီးမှုတွေ၊ ရေစီးကြောင်းတွေ ပြောင်းလို့ ရွာတွေ ရွှေ့ပြောင်းခဲ့ရတာတွေ စတဲ့ ပတ်ဝန်းကျင် ပျက်စီးမှုတွေသာ အဖတ်တင် ကျန်ရစ်ခဲ့တယ် မဟုတ်လား။ ရှေ့အနှစ် ၅ဝ-၁ဝဝ လောက်ကိုပဲ မှန်းဆကြည့်ရင်တောင် ကချင်ပြည်နယ်မှာ နေထိုင်အသက်မွေးကြမယ့် နောင်လာ နောင်သားများအရေး တွေးကြည့်ရင် ဘယ်လောက်များ ရင်လေးစရာ ကောင်းလိုက်သလဲ သူငယ်ချင်း။ ဒီ ကချင်ပြည်နယ် ဥပမာကစလို့ ဒီနေ့ တနိုင်ငံလုံး ဖြစ်ပျက်နေပုံကို ဆက်တွေးကြည့်စမ်းပါ သူငယ်ချင်း။ ငါတို့ မြေးမြစ်တွေ ဒီမြေ၊ ဒီရေမှာ တို့တတွေ ကြီးပြင်းခဲ့ကြသလို သူတို့ ရှင်သန်ကြီးပြင်းခွင့် ရှိပါဦးမလား။ မင်း စိတ်ဝင်စားရင် ဒီ Sustainable Development အကြောင်းတွေ ထပ်ဆွေးနွေးကြတာပေါ့။

ငါ့စာလည်း အတော်ရှည်သွားပြီမို့ နိဂုံးချုပ်တော့မယ်..

ဒီနေ့ အခြေအနေတွေရဲ့ အရင်းအမြစ်ဟာ တို့နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေး အဖြေမရှာဘဲ “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုတဲ့ အာဏာရှင်တဦးကြောင့်ပါ။ ဒီ အာဏာရှင်ကို ဖယ်ရှားနိုင်မှသာ တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လို့ ကမ္ဘာ့အလယ် လူရာဝင်ရပါလိမ့်မယ်။ ဒီနေ့ အခြေအနေဟာ ၁၉၈၈ အခြေအနေနဲ့ အတူတူပဲလို့ ငါ ပြောခဲ့ပြီးပါပြီ။ တခုပဲ ကျန်ပါတော့တယ်။ ၁၉၈၈ ခုနှစ်က တပ်မတော်ဟာ အာဏာရှင် အယုံသွင်းရာ လိုက်ပြီး လူထုဆန္ဒကို ကျောခိုင်းခဲ့တယ်။ ဒီနေ့ ဘာလုပ်မှာလဲ။ ဒီလို မေးရတာက “တပ်မတော်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်နေတာ” လို့ မင်း ငါ့ကို အမြဲပြောပြခဲ့တယ်။ ဒီနေ့ တပ်မတော်က လုပ်ပေးရမှာ “တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အာဏာရှင်ကို ဖယ်ရှားပေးဖို့ပဲ ဖြစ်တယ်” သူငယ်ချင်း။ ပိုပြီး တိတိကျကျ ဆိုရရင် တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေးတာဝန်ဟာ တို့နိုင်ငံမှာ “အာဏာရှင်စနစ် မပေါ်ပေါက်အောင် ကာကွယ်တားဆီးပေးရမယ့် တာဝန်” ပဲ ဖြစ်တယ် သူငယ်ချင်း။

တိုင်းပြည်နဲ့ လူထုကို အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်တဲ့ တပ်မတော်ရဲ့ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တိုင်းပြည်အတွက် စစ်မှန်တဲ့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပူးပေါင်းဆောင်ရွက်ကြရအောင်။

မင်းရဲ့ အမြင်နဲ့ လုပ်ပေးနိုင်တာလေးတွေကိုလည်း သိချင်ပါသေးတယ်။ စာပြန်ပါဦး။

မင်းရဲ့ သူငယ်ချင်း
မောင်ရွှေ