အတောင်တူ ငှက်တို့ရဲ့ တောင်ပံခတ်သံများ

ပရင့်ထုတ်ရန်


အတောင်တူ ငှက်တို့ရဲ့ တောင်ပံခတ်သံများ


(က)

၁၉၉၂ ခုနှစ်၊ မေလ ...။

ခန့်မှန်းရခက်သည့် တနေရာဆီက တစ်တီတူးမြည်သံကြားရသည်။ ကျနော်တို့နှစ်ယောက် ပြောလက်စ စကားကို ရပ်ထားလိုက်ကြ၏။ ပတ်ဝန်းကျင်ကို နားစွင့်ကြရပြန်သည်။ ကျနော်တို့နှင့် ၁ဝ ကိုက်မျှအကွာတွင် စစ်တောင်းမြစ်သည် တည်ငြိမ်အေးဆေးစွာ စီးဆင်းလျက်ရှိ၏။ အမှောင်ထုကြီးအတွင်းမှ ရေစီးသံသဲ့သဲ့ကို ကြားရသလိုရှိ၏။ ငါးပွက်သံကိုပင် ကြားလိုက်ရ၏။ ထို့နောက် ပတ်ဝန်းကျင်တခွင်လုံး အမှောင်ထုကြီးအောက်၌ နစ်မြုပ်ပျောက်ကွယ် တိတ်ဆိတ်လျက်ရှိလေသည်။

''ဦးခင်မောင်ဝင်းကို ရုံးထုတ်ရင် လိုင်းကားကို ချောဆွဲပြီးမှ ခေါ်လာတဲ့ကိစ္စ။ ရဲသားတယောက်နဲ့ ဒုလုံခြုံရေးမှူးတယောက်ပဲ ပါလာတယ်ဆိုတဲ့ကိစ္စက သေချာပါတယ်နော် ဆရာလေး ''

''သေချာတယ်၊ တောင်ငူရဲစခန်းမှာ ကျနော့်အသိ ရဲတယောက်ကို မသိမသာ မေးကြည့်တော့လည်း ဒီအတိုင်းပဲ ပြောတယ်။ ရဲက တယောက်ထဲ မဟုတ်ဘူး။ တခါတလေ နှစ်ယောက်လောက် လိုက်တယ်။ ဒုလုံခြုံရေးမှူးနဲ့ဆိုရင် ၃ ယောက်ပေါ့။ ရုံးထုတ်တဲ့နေ့က ဦးခင်မောင်ဝင်းကို မေးကြည့်တော့လည်း ဒီအတိုင်းပဲ ပြောတယ်။ ဒီအတွက်တော့ သေချာပါတယ် ကိုဆန်းလင်း''

''ဒါဆိုရင် ကျနော်တို့ဘက်က လူ ၆ ယောက်လောက်ပါမှ ဖြစ်မယ်ထင်တယ်။ ဆရာလေးအနေနဲ့ လူဘယ်နှယောက်လောက် စဉ်းစားထားသလဲ''

''ကျနော့်ဆီကတော့ ကျနော်ပါနဲ့မှ ၃ ယောက်ပဲ ရမယ်။ တယောက်က ကား ကောင်းကောင်းမောင်းတတ်တယ်။ ကားဆရာကို လိုရမယ်ရ ဖယ်ခိုင်းပြီး၊ ကိုယ်တိုင်မောင်းသင့်ရင် မောင်းရမယ်ထင်တယ်။ ဒီတော့ ရဲနှစ်ယောက်၊ ဒုလုံခြုံရေးမှူးနဲ့ ကားဆရာကို ထိန်းဖို့ဆိုရင် စုစုပေါင်း ၆ ယောက်ရှိမှ ဖြစ်မယ်''

''ဒါဆိုရင် ကျနော့်ဘက်က ၃ ယောက်ပေါ့။ အတိုနှစ်လက် ယူခဲ့မယ်။ ကျန်တဲ့သူတွေက ဓားမြောင်တွေပဲ ယူခဲ့ပေါ့။ ပါးစပ်တွေ၊ မျက်စေ့တွေ ပိတ်စည်းထားဖို့ ကြိုးနဲ့ ပိတ်စတွေလည်း လုံလုံလောက်လောက် ယူခဲ့ရမယ်။ သေနတ်ကို မဖြစ်နိုင်လွန်းမှပဲ အသုံးပြုမယ်''

''ဟုတ်တယ်။ သေနတ်ကိုတော့ မသုံးတာ အကောင်းဆုံးပဲ။ သေနတ်သံပေးလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။ ပထမ ကျနော်တို့ ၃ ယောက်က တောင်ငူက ထွက်ထွက်ချင်း ခပေါင်းတံတားထိပ်ကနေပြီး ကားတားစီးမယ်။ ကိုဆန်းလင်းတို့က ဟိုဘက်တံထားထိပ်အဆင်းက စောင့်။ အခြေအနေ မပေးရင် ကျနော်တို့က ဘာအချက်မှ မပြဘဲ ငြိမ်ပြီးနေမယ်။ ခင်ဗျားတို့အထဲက တယောက်ပဲ တက်လိုက်ခဲ့ပေါ့။ ရှေ့မှာတွေ့တဲ့ ရွာတန်းရှည်မှာ ကျနော်တို့အားလုံး ပြန်ဆင်းနေခဲ့မယ်။ အခြေအနေပေးလို့ ကျနော်တို့က အချက်ပြရင် ခင်ဗျားတို့အားလုံး ကားပေါ်တက်ပြီး၊ စီစဉ်ထားတဲ့အတိုင်း လုပ်ကြတာပေါ့''

''ကားကို ခပေါင်းလမ်းဆုံအထိ ပြန်မောင်းပြီးမှ ထန်းတပင်ဘက်ကို မောင်းရမှာပေါ့နော်''

''ဟုတ်တယ် ကိုဆန်းလင်း။ ထန်းတပင်အထိ ကျနော်တို့ မသွားဘူး။ လမ်းမှာ လမ်းခွဲတခုရှိတယ်။ အဲဒီ ကားလမ်းခွဲက စစ်တောင်းမြစ်နဲ့ အရမ်းနီးတဲ့အထိ ကပ်သွားတဲ့နေရာ ရှိတယ်။ ခြေကျင် စမ်းလျှောက်ရင် တမိနစ်လောက်နဲ့ စစ်တောင်းမြစ်ကမ်း ရောက်တယ်။ ကိုဆန်းလင်းတို့အဖွဲ့က အဲဒီကမ်းပါး ဟိုဘက်ကမ်းထိပ်က စောင့်ပေါ့။ ဟိုဘက်မှာတော့ လှည်းလမ်းရှိတယ်မို့လား။ ထန်းတပင်ကို ကွင်းပြီး တောင်ခြေအထိ ကိုဆန်လင်းတို့ တာဝန်ပေါ့''

''ကားဆရာနဲ့  ရဲတွေကျတော့ ဒီအတိုင်း ကြိုးတုတ်ပြီး ထားခဲ့ကြမလား''

''ဟုတ်တယ်။ လမ်းဘေးမှာ တောရှိတယ်။ တောစပ်အထိ မောင်းဝင်ပြီး သူတို့ကို ထားခဲ့ရမှာပဲ''

''ဒါဆိုရင် ကားကို ခပေါင်းတံတားအထိ ပြန်မောင်းတာရယ်၊ စစ်တောင်းမြစ် ဟိုဘက်ကမ်းအထိ ကူးတာရယ်၊ စုစုပေါင်း အချိန်ဘယ်လောက်ယူရင် ရမလဲ''

''ကျနော်တို့ လေ့ကျင့်ခန့်မှန်းကြည့်တာတော့ နာရီဝက်ပဲ။ အားလုံးအဆင်ချောရင် နာရီဝက်ထက်ကို မပိုဘူး။ စစ်တောင်းမြစ်ကလည်း အဲဒီနေရာမှာ ကိုဆန်းလင်းသိတဲ့အတိုင်း ကျဉ်းကျဉ်းလေးဗျ''

''တကယ်လို့ ဒီကြားထဲ ခရီးသည်တွေပါလာရင်ကော ဆရာလေး''

''အများအားဖြင့်တော့ ခရီးသည်က ခပေါင်းတံတားအလွန်ကျမှပဲ ကားတားစီးတာ များတယ်။ ကျနော်တို့ စောင့်စီးတဲ့နေရာက ခရီးသည် အင်မတန်ပါးတဲ့ နေရာတွေပဲ။ ဒါကြောင့်မို့ မသကာ ခရီးသည်ပါလာလို့ အဆင်မပြေဘူးထင်ရင်။ ခင်ဗျားတို့ကို ကျနော်တို့ အချက်မပြဘူး။ အချက်မပြလို့ ခင်ဗျားတို့ထဲက တယောက်ပဲ တက်စီးရင်လည်း သူ့ဆီမှာ သေနတ်ပါမလာစေနဲ့ပေါ့''

''ဒါဆိုရင် ဒီကြားထဲမှာ ဆရာလေးတို့ဘက်က ပြင်ဆင်စရာရှိတာ၊ လေ့ကျင့်စရာရှိတာ လုပ်ထားကြတော့ပေါ့။ ကျနော်တို့ဘက်ကလည်း အားလုံး ပြင်ဆင်ထားမယ်။ ဒီတခါ ဦးခင်မောင်ဝင်းကို ရုံးထုတ်ရင် ဆရာလေး ဖွင့်ပြောလိုက်။ သူသဘောတူရင် နောက်တပတ် ရုံးထုတ်တဲ့နေ့၊ လုပ်ငန်းစကြတာပေါ့''

''ကဲ … ကိုဆန်းလင်းတို့လည်း တောင်ခြေအထိ ပြန်သွားရဦးမယ်။ ဒီလောက်ဆိုရင် ပြည့်စုံပြီ။ ကိုဆန်းလင်းတို့ ပြန်ကြတော့။ ဒီတခါ တနင်္လာနေ့ ရုံးထုတ်ရင် ဦးခင်မောင်ဝင်းကို ဖွင့်ပြောမယ်။ ပြီးတော့ ကိုဆန်းလင်းနဲ့ ကျနော် ထပ်တွေ့မယ်။ အဲဒီကျမှ အသေးစိတ် ထပ်ပြီး စဉ်းစားကြတာပေါ့''

''ဟုတ်ကဲ့ ဆရာလေး။ အရေးတော်ပုံ အောင်ပါစေ''

ကိုဆန်းလင်းက လေသံတိုးတိုးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည့်တိုင် ကျနော့်ရင်ထဲ၌ နှုတ်ဆက်သံများ ပဲ့တင်ထပ်သွားခဲ့ရ၏။ စိတ်လှုပ်ရှားနေခဲ့သဖြင့် ကျနော့်လက်များမှာ တုန်ရင်လျက်ရှိ၏။

ကျနော်တို့နှင့် မလှမ်းမကမ်း သောင်ပြင်ပေါ်က လူရိပ်တချို့ ကျနော်တို့နှင့် နီးကပ်လာခဲ့သည်။ ကိုဆန်းလင်းနှင့် ကျနော်တို့နှစ်ဦး ဆွေးနွေးတိုင်ပင်နေစဉ် ကျနော်တို့အတွက် ကင်းစောင့်ပေးနေခဲ့ကြသည့် လူငယ် ၆ ယောက် ဖြစ်ကြ၏။ အမှောင်ထုကြီးအောက်တွင် ကိုဆန်းလင်းတို့လူသိုက် စစ်တောင်းမြစ် တဖက်ကမ်းသို့ လှေတစင်းဖြင့် ကူးကြ၏။

ကျနော်နှင့် သောင်ပုရွာသား လူငယ်နှစ်ယောက်၊ သောင်ပြင်ပေါ်လမ်းလျှောက်လာစဉ် `ကိုဆန်းလင်း´ နှင့် ပြောဆိုဆွေးနွေးခဲ့သည့် အချက်များကို ကျနော် ပြန်တွေးနေမိသည်။

အုတ်တွင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ''ဦးခင်မောင်ဝင်း'' ကို တော်လှန်ရေးနယ်မြေသို့ ခေါ်ဆောင်ပို့ဆောင်ပေးကြရန် ကျနော်နှင့် ''ကိုဆန်လင်း'' တို့ တိုင်ပင်ညှိနှိုင်းခဲ့ကြ၏။

`ဦးခင်မောင်ဝင်း´ မှာ အုတ်တွင်းမြို့ ၊ အမှတ် (၂) မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၏။ ဦးခင်မောင်ဝင်းကို အစိုးရက ချဲအမှုဖြင့် အမှုဆင် မတရားဖမ်းဆီးကာ၊ ရုံးတင်တရားစွဲဆိုထား၏။ တောင်ငူထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဦးခင်မောင်ဝင်းကို အုတ်တွင်းမြို့ တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက် ရှိ၏။ ရုံးထုတ်သည့်နေ့ဆိုလျှင် ဦးခင်မောင်ဝင်းကို မည်သူမဆို ခဏတဖြုတ် တွေ့ဆုံစကားပြောခွင့် ရ၏။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကာ ဦးခင်မောင်ဝင်းက သဘောတူပါက တော်လှန်ရေးနယ်မြေ၊ ဌာနချုပ်၊ အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့ ရှိရာသို့ ခေါ်ဆောင်ပို့ပေးကြရန်၊ ကိုဆန်းလင်းနှင့် ကျနော် သဘောတူခဲ့ကြ၏။ အစီအစဉ်များ ရေးဆွဲခဲ့ကြ၏။

သောင်ပြင်ပေါ်တွင် လမ်းလျှောက်လာနေစဉ်၊ ကျောင်းသားတပ်မတော်မှ အမှတ် (၂၁ဝ) တပ်ရင်းမှူး၊ တပ်မှူးကလေး '' ကိုဆန်းလင်း'' ကို ကျနော် တွေးနေမိသည်။ ကိုဆန်းလင်းနှင့် ကျနော်က ၁၉၈၈၊ သြဂုတ်လ၊ ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း သိကျွမ်းခဲ့ကြ၏။ သူက တောင်ငူမြို့ ရွှေဆံတော် ဘုရားကုန်းတော်ပေါ်တွင် အခြေစိုက်သည့် သပိတ်ကော်မတီဝင် ဖြစ်၏။ ကျနော်က အုတ်တွင်းမြို့နယ်၊ သောင်ပုရွာ သပိတ်ခေါင်းဆောင် ဖြစ်၏။ အရေးတော်ပုံကာလအတွင်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း၊ ကျေးရွာ ၁၁ ရွာ၏ သပိတ်စခန်းတွင် ဟောပြောပွဲ ပြုလုပ်သောအခါ ကိုဆန်းလင်းနှင့် လူငယ်တချို့ကို ကျနော်က တကူးတက ဖိတ်ကြားပြီး တရားဟောစေခဲ့၏။

ထိုစဉ်ကတည်းက ကိုဆန်းလင်းနှင့် ကျနော် အလုပ်အတူတွဲပြီး လုပ်ခဲ့၏။ စက်တင်ဘာလအတွင်း စစ်တပ်က အာဏာသိမ်းသောအခါ ကိုဆန်းလင်းတယောက် လက်နက်ကိုင် တော်လှန်ရေးဘက်သို့ ကူးပြောင်းသွားခဲ့၏။ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကိုဆန်းလင်းနှင့် ကျနော် ပြန်လည် အဆက်အသွယ် ရသောအခါ ကိုဆန်းလင်းမှာ ကျောင်းသားတပ်မတော်၏ တပ်မှူးတဦး ဖြစ်လာခဲ့၏။ သူက အုတ်တွင်းမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်အလုပ်လုပ်နေသည့် ကျောင်းဆရာဟောင်း ကျနော့်ကို လျှို့ဝှက်ပြီး ဆက်သွယ်လာခဲ့၏။

အမှောင်ထုကြီးအောက်တွင် လမ်းလျှောက်လာနေစဉ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်း သောင်ပုရွာအထိ စွန့်စားထိုးဖောက်ရောက်ရှိလာကာ ကျနော်နှင့် တွေ့ဆုံခဲ့သည့် တပ်မှူးကလေး ''ကိုဆန်းလင်း'' ကို ကျနော် လေးစားမိသည်။ သူသည် ငယ်ရွယ်သူ ပညာတတ်လူငယ်တဦး ဖြစ်၏။

ကျနော်တို့ လူသိုက်၊ သောင်ပုရွာကမ်းပါးပေါ် ရောက်တော့ အမှောင်ထုကြီးအောက်တွင်ပင် တိတ်ဆိတ်စွာ လူစုခွဲလိုက်ကြ၏။

(ခ)

၁၉၉၃ ခု၊ အောက်တိုဘာလ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဌာနချုပ်ရုံး၊ မာနယ်ပလော။

''ဒီတုန်းက ဦးခင်မောင်ဝင်းကို ခေါ်လာနိုင်ပြီး အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့နဲ့ ဆက်သွယ်မိသွားရင် သူ့သမိုင်းက တမျိုးပြောင်းသွားမယ် ထင်တယ်ဗျာ ဆရာလေးရ''

မပြုံးတပြုံးမျက်နှာနှင့် ကျနော့်ကိုကြည့်ရင်း မေးလာသည့် ကိုဆန်းလင်းကို ကျနော်ကလည်း ခပ်ပြုံးပြုံးပင် ပြန်ကြည့်မိသည်။

''အဲဒါတော့ ခင်ဗျားလည်း သိတဲ့အတိုင်းပဲပေါ့ဗျာ''

ကျနော်တို့နှစ်ယောက် အတွေးကိုယ်စီဖြင့် အသံတိတ်သွားကြပြန်သည်။ မယ်တုက္ခီ စမ်းချောင်းထဲက ရေစီးသံမှာ ပိုပြီး အသံကျယ်လာသည်ဟု ထင်ရ၏။ ရဟန်းပျိုသမဂ္ဂ ကုန်းတော်ပေါ်ဆီက ကြေးစည်ထုသံ ကြားရသည်။ ရုံးရှေ့မြေကွက်လပ်ဆီက ရဲဘော်တချို့ စကားပြောသံကို ကြားရသည်။

''အေးဗျာ … အခုတော့ သူ့ခမျာ ထောင်ထဲမှာ နေနေရတော့တာပေါ့''

''ကိုဆန်းလင်းနဲ့ ကျနော် တွေ့ပြီး နောက်တပတ် ရုံးထုတ်တဲ့ရက်ကို ကျနော် စောင့်နေတာ၊ ဦးခင်မောင်ဝင်းရဲ့ မိသားစုတောင်မှ ဦးခင်မောင်ဝင်းကို စနေနေ့ကြီး ရုံးထုတ်ပြီး ထောင် ၁ဝ နှစ် စီရင်ချက်ချတာ နောက်ရက်တွေကျမှ သိရတာဗျ။ အရင်တုန်းကတော့ ရုံးထုတ်မယ့်ရက်ကို ကြိုပြီး သိတယ်။ အခုဟာက ဘာမှ ကြိုမပြောဘဲ စနေနေ့ ရုံးပိတ်ရက်မှာ ရုံးထုတ်ပြီး စီရင်ချက်ချလိုက်တာ''

ထမင်းစားရုံဘက်က ဝါးဆစ်ဗူးခေါက်သံ ကြားရ၏။ ကိုဆန်းလင်းနှင့်ထိုင်ပြီး စကားပြောနေစဉ် ဧည့်သည်စာရင်းပေးရန် ကျနော် တွေးမိ၏။ စားဖိုမှူးကိုသောင်းလှိုင်ထံ ကိုဆန်းလင်းအတွက် စာရင်းပေးရဦးမည်ဖြစ်သည်။

''ကျနော် ထမင်းမစားတော့ပါဘူးဗျာ။ ပြီးတော့မှ ဆရာလေးနဲ့ ကျနော် ထူးရာစိုး လက်ဖက်ရည်ဆိုင် သွားကြတာပေါ့။ ကျနော် မနေ့ကတည်းက ငှက်ဖျားတက်နေတာ။ ထမင်းစားလို့ မရသေးဘူးဗျ''

နားထင်နားရင်းများ ချိုင့်ဝင်နေသည့် ကိုဆန်းလင်း၏ မျက်နှာကို ကျနော် သတိပြုမိသွားသည်။ ကျနော့်ထက် ၁ဝ နှစ်ကျော်မျှ ငယ်ရွယ်သူဖြစ်သည့်တိုင် ပင်ပမ်းဆင်းရဲလှသည့်ဒဏ်ကို ခံခဲ့ရသဖြင့် သူ့ခမျာ ပိန်လှီနွမ်းလျလွန်းနေသည်။

''ဆရာလေးလည်း အဲဒီကိစ္စပြီးကတည်းက ဒီဘက်ကိုလာဖို့ စဉ်းစားခဲ့တာနော်''

''ဟုတ်တယ်၊ ဦးခင်မောင်ဝင်းကိစ္စ လုပ်ဖြစ်ရင်တော့ အဲဒီကတည်းက တခါထဲ ထွက်ဖို့ပဲ။ ဦးခင်မောင်ဝင်းကိစ္စ မအောင်မြင်တော့ အခြေအနေအရ တလလောက် ဆက်နေရသေးတယ်။ ဦးခင်မောင်ဝင်းက စိတ်ဓာတ်မာတယ်ဗျ။ ဒီကိစ္စ သူ့ကို ဖွင့်ပြောဖြစ်ခဲ့ရင် သူလည်း သဘောတူမှာ သေချာတယ်။ အေးဗျာ ကံကြမ္မာကလည်း ကိုယ့်ဘက်မှာ မရှိခဲ့ဘူးလေ''

ကျနော်နှင့် ကိုဆန်းလင်းတို့ စီစဉ်ကြသည့် ''ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ရေးစီမံချက်'' မှာ အကောင်အထည်ဖော်ခွင့် မရခဲ့ပါ။ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း ကျနော်နှင့် ကိုဆန်းလင်းတို့ သောင်ပုရွာသောင်ခုံပေါ်တွင် တွေ့ဆုံခဲ့ကြပြီး၊ နောက်တပတ် စနေနေ့တွင် `ဦးခင်မောင်ဝင်း´ကို ရုတ်တရက် မည်သူ့ကိုမျှ အသိမပေးဘဲ ရုံးထုတ်ခဲ့ကြ၏။ အုတ်တွင်းမြို့ တရားရုံးက `ဦးခင်မောင်ဝင်း´ကို ထောင် ၁ဝ နှစ် ချမှတ်ကြောင်း ကြေညာ၏။ ထို့နောက် တောင်ငူထောင်သို့ ပြန်လည်ပို့ဆောင်လိုက်၏။ `ဦးခင်မောင်ဝင်း´ကို လျှို့ဝှက်ရုံးထုတ်ကာ၊ လျှပ်တပြက်အတွင်း စီရင်ချက်ချပြီး တောင်ငူထောင်တွင်း သွင်းလိုက်ကြသည့် သဘောပင် ဖြစ်နေ၏။ ထို့ကြောင့် ကျနော်တို့၏ စီမံကိန်းမှာ အကောင်အထည်ဖော်ခွင့် မရခဲ့တော့ပါ။

''ဆရာလေးကော ဘယ်လိုလဲ၊ ငှက်ဖျား ဖျားပြီးပြီမို့လား''

''ဟုတ်တယ်၊ ဖျားပြီးပြီ။ ရောက်ပြီး တလကျော်မှ ဖျားတာဗျ။ ဆေးရုံတောင် တက်လိုက်ရသေးတယ်။ အခုတော့ အဆင်ပြေပါတယ်။ အာတီစနိတ် ရှိတယ်လေဗျာ''

''အဲဒီဆေးက ဈေးကြီးတယ်။ ကျနော်တို့က ဘယ်ဆောင်ထားနိုင်မှာလဲ။ တကဒ်ကို ဘတ် ၅ဝ ။ ရဲဘော်တွေအဖို့တော့ ကွီနင်းပေါ့ ဆရာလေးရာ''

''ကျနော်လည်း တခါဖျားရင် တကဒ်ကုန်အောင် မစားဘူး။ တဝက်ပဲ စားတယ်။ သက်သာရင် ရပ်ထားပြီး နောက်တခါ ဖျားမှ သောက်တယ်။ ဒီမှာတော့ ရန်သူပြီးရင် ဒုတိယ အကြီးဆုံးရန်သူဟာ ငှက်ဖျားပဲပေါ့နော်''

ကိုဆန်းလင်းနှင့် ကျနော် ရုံးချုပ်ရှေ့ ကွက်လပ်ဘက် ထွက်ခဲ့ကြသည်။ ကိုဆန်းလင်းက ပြောက်ကျား စစ်ဘောင်းဘီ အဟောင်းကို ဝတ်ဆင်ထား၏။ သံလွင်မြစ်ကမ်းတွင် တပ်စွဲထားသည့် ၂၁ဝ တပ်ရင်းမှတဆင့် ကျနော့်ထံ အလည်လာသူ ကိုဆန်းလင်းကို ကျနော့်မှာ ဧည့်ဝတ်မကျေပွန်နိုင်ဟု ခံစားရသည်။

''ဒေါ်အောင်ဆန်းစုကြည်လမ်း'' လေး ထိပ်တွင် ကျနော်တို့ နှစ်ယောက် မတိုင်ပင်ရဘဲ ပြိုင်တူရပ်လိုက်ကြ၏။ ဘောနော်လေး တောင်ထိပ်ကို လှမ်းမြင်နေရသည်။ ရဟန်းပျိုသမဂ္ဂကုန်းတော်နှင့် ကုန်းအောက်က စာရေးဆရာ`နိုင်ဝင်းဆွေ´၏ တဲကလေးကို လှမ်းတွေ့ရသည်။ ကျနော်တို့သည် `ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းဘုတ်လေးအောက်တွင် ရပ်နေမိကြ၏။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ ဗဟိုဌာနချုပ်ရုံး ရှေ့မှတဆင့် တောင်စောင်းအတိုင်း တိုက်ခတ်လာနေသည့် လေနုအေးသည်` ဒေါ်အောင်ဆန်းစုကြည်လမ်း´ ဆိုင်းဘုတ်အောက်တွင် ရပ်နေကြသည့် ကျနော်တို့ နှစ်ဦးအတွက်မူ မအေးမြနိုင်ခဲ့ပါ။

(ဂ)

၂ဝဝ၉.... ခု၊ မေလ ၃ဝ ရက်။

''ဒါဆိုရင်၊ ဦးခင်မောင်ဝင်းက ထောင်ကလွတ်ပြီပေါ့နော် .. ဘဘ''

တူမလေး `ဇင်လဲ့ခင်´ ကို စကားပြန်မပြောခင် ခေတ္တခဏမျှ ကျနော် ငြိမ်ပြီး စဉ်းစားနေမိသေးသည်။

''ဦးခင်မောင်ဝင်းက ထောင်ထဲမှာ ၁ဝ နှစ်နဲ့ ၁၅ ရက် နေခဲ့ရတယ်။ ၂ဝဝ၂ ခုနှစ်ထဲမှာ ထောင်ကလွတ်တယ် .... ဒါပေမယ့်''

''ဒါပေမယ့် ဘာဖြစ်လဲ ဘဘ''

''ထောင်ကလွတ်ပြီး အပြင်မှာ ၂ နှစ်ပဲ နေခဲ့ရတယ်။ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခု ထောင်ထဲ ပြန်ရောက်နေတယ်။ ဒီတခါတော့ ထောင် ၁၅ နှစ် ချလိုက်ကြတယ်။ သူ ..... အခု ထောင်ထဲမှာ''

''အို ... ဖြစ်မှဖြစ်ရလေ ဘဘရယ်''

စာကြည့်တိုက်ထဲတွင် စာအုပ်ငှားသူ မရှိသဖြင့် တိတ်ဆိတ်လျက် ရှိသည်။ ကျနော့်စာမူများကို ကွန်ပြူတာဖြင့် စာရိုက်ပေးနေသည့် တူမလေး `ဇင်လဲ့ခင်´မှာ မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်သွားခဲ့၏။ သူ့ထံက ကွန်ပြူတာရိုက်သံ တဂျောက်ဂျောက် ကြားနေရသည်။

''အော် ... ပြီးတော့ တပ်ရင်းမှူး ကိုဆန်းလင်း ဆိုတာရော။ သူ အခု ဘယ်မှာလဲဘဘ။ ကျောင်းသား တပ်မတော်ထဲမှာကော ရှိသေးရဲ့လား။ ဘဘနဲ့ကော အဆက်အသွယ် ရှိရဲ့လား''

''မာနယ်ပလော မကျခင်တုန်းကတော့ ကိုဆန်းလင်းနဲ့ ဘဘ အဆက်အသွယ် ရှိပါတယ်။ မာနယ်ပလော ကျပြီးတော့ သူနဲ့ ဘဘ အဆက်အသွယ်ပြတ်သွားတယ်။ နောက်တော့မှ သူ့သတင်းကို ကြားခဲ့ရတာ''

''ဘယ်လို .... ဘာသတင်းလဲ ဘဘ။ ကိုဆန်းလင်းက ဘာဖြစ်သွားလို့လဲ''

''သူ့ကို ရှေ့တန်းက ရွာတရွာမှာ ရန်သူက အရှင်ဖမ်းဆီးမိသွားတယ်တဲ့။ သူက သူ့မှာ ပါလာတဲ့ သေနတ်နဲ့ ခုခံပြီး ဖောက်ထွက်ရင် လွတ်နိုင်ပေမယ့် အိမ်ရှင်တွေက သူ့ကို တောင်းပန်တော့ အိမ်ရှင်တွေရဲ့ အသက်ကိုငဲ့ပြီး ဒီအတိုင်း အဖမ်းခံသွားခဲ့တာတဲ့''

''အို ... ဖြစ်မှဖြစ်ရလေ ဘဘရယ် .... ဒါဖြင့် ကိုဆန်းလင်းလည်း ထောင်ထဲမှာပဲလား''

''မဟုတ်ဘူးသမီး။ ကိုဆန်းလင်း အဖမ်းခံရပြီး ပြည်တွင်းမှာရှိတဲ့ မိဘတွေကော ဒီဘက်က တာဝန်ရှိတဲ့ သူတွေကော သူ့သတင်းကို စုံစမ်းခဲ့ကြတယ်။ သူ့သတင်းက တော်တော်နဲ့ စုံစမ်းလို့ မရဘူးကွ။ တချို့ကလည်း ကိုဆန်းလင်းတယောက် အနှိပ်စက်ခံရလို့ စိတ်ဖောက်ပြန်သွားပြီ။ တောင်ငူက လမ်းဘေးမှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းလည်း ကြားလိုက်ရသေးတယ်။ အခုတော့ သူကျဆုံးသွားတာ သေချာပြီလို့ ပြောနိုင်လောက်ပါပြီ''

''ဘယ်လိုဖြစ်ပြီး ဆုံးသွားတာလဲ ဘဘရယ်''

''သူ့ကို စစ်တပ်က ဖမ်းမိသွားတာ မှန်တယ်။ ဒါပေမယ့် ရုံးတင်ပြီး တရားစွဲထောင်ချတာမျိုး မလုပ်ဘဲ ချောကြီးထဲ ထည့်လိုက်တယ်။ အဲဒါ တောင်ပေါ် ရှေ့တန်းတနေရာမှာပဲ အစာငတ်၊ ရေငတ်ထားပြီး နှိပ်စက်လို့ နောက်ဆုံးမှာ တောထဲတောင်ထဲမှာပဲ သေသွားရပြီလို့ ကြားရတာပဲ။ သူ့မိဘတွေကလည်း ဒီအတိုင်းပဲ စုံစမ်းသိခဲ့ရတယ်တဲ့လေ''

တူမလေး `ဇင်လဲ့ခင်´ ဆီက မည်သည့်အသံမျှ မကြားရ။ ကျနော်ကလည်း ကိုဆန်းလင်းအကြောင်းကို ဆက်ပြီး ပြောမပြနိုင်တော့။

စာကြည့်တိုက်ထဲတွင် တူမလေး `ဇင်လဲ့ခင်´၏ ကွန်ပြူတာရိုက်သံ ကြားနေရ၏။ ကျနော်က စာကြည့်တိုက်ရှေ့တွင် ထွက်ပြီး ရပ်သည်။ သစ်ခွပန်းခြံဘေးတွင် ရပ်ပြီး မွန်းကြပ်လျက်ရှိသည့် ရင်ကို ပေါ့စေရန် လေကို အားယူပြီး ရှူရှိုက်နေမိ၏။ ခေါင်းကို အထက်ဘက်သို့ မော့ကာ သက်ပြင်းတချက် ချမိသည်။

အပြာရောင် ကောင်းကင်ထဲတွင် အဖြူရောင်ငှက်တအုပ်၊ အရှေ့ဘက်သို့ ဦးတည်ပြီး ပျံသန်းသွားနေကြသည်ကို ကျနော် ငေးကြည့်နေမိ၏။ ။