www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၁ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ပန်းများဖူးပွင့်မည့် … နွေဦး

ပန်းများဖူးပွင့်မည့် … နွေဦး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ပန်းများဖူးပွင့်မည့် … နွေဦး


`မင်းဘဝတခုလုံးပေးပြီး

အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို

ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ

အင်မတန်သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့

ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် ……`

(ကက်ပ်လိမ်း၏ အကယ်၍ ကဗျာမှ)

(၁)

KNLA တပ်ရင်း ၁၆ တပ်ရင်းမှူး စောသမူဟဲနှင့် တပ်ခွဲမှူးအချို့ ရန်သူထံလက်နက်ချ ဒူးထောက်သွားခဲ့ပြီးစ၌ KNLA တပ်ရင်း ၁၆ အတွင်း ယုံကြည့်မှု ပြိုကွဲလျက်ရှိခဲ့၏။ KNLA တပ်ရင်း ၁၆ မှ ခွဲ ၅ နှင့် ခွဲ ၃ သည် တောင်ညိုအရှေ့ခြမ်း ဝင်းယော်ချောင်း၏ အနောက်ဘက်ကမ်းတွင် ရှိနေခဲ့၏။ ခွဲ ၅ ခွဲမှူးက ဗိုလ်တင်လှိုင်ဖြစ်ပြီး ခွဲ ၃ ခွဲမှူးက ဗိုလ်ဒေါင်းညို ဖြစ်၏။ နှစ်ဦးလုံးက စစ်ရည်ဝသည့် တပ်ခွဲမှူးများ….။ ဗိုလ်ဒေါင်းညိုက အေး၏။ တည်ငြိမ်၏။ ဗိုလ်တင်လှိုင်ကမူ သွက်၏။ ဖျတ်လတ်၏။ လုပ်ရဲ….ကိုင်ရဲ….ဆုံးဖြတ်ရဲ၏။ ကြံရည်ဖန်ရည် ကောင်း၏။ ပြီးလျှင် ….. သူကား ထိုဒေသသား….။ ဒေသခံလည်းဖြစ်၍ ဒေသခံလူထုအပေါ် မီးသေ၏။ ဤကြောင့်ပင် ခွဲမှူး နှစ်ဦးအနက် ….ဗိုလ်တင်လှိုင်သည် ဦးဆောင်သူနေရာ၌ ရှိနေခဲ့၏။

စောသမူဟဲ လက်နက်ချပြီးမကြာ …..ဝင်းယော်မြို့နယ် ဥက္ကဋ္ဌမန်းတင်ငြိမ်းချမ်းတယောက် လက်နက်ချပြီး….. ချောင်းနှစ်ခွရှိ စောအောင်ကြည်ဝင်း၏DKBAနှင့်ပူးပေါင်းသွားပြန်သည်။ အုန်းခြံတပ်မဟာ (၆) အထူးတပ်ရင်းမှ တပ်ခွဲမှူးဗိုလ်ကြီးလေးဝါးနှင့် အဖွဲ့သည် သူ၏ရွာဖြစ်သည့် ကျုံခိုရွာတွင်ပင် ရန်သူနှင့်ပူးပေါင်းပြီး KNU အား ပုန်ကန်၏။

အခြေအနေက ရှုပ်ထွေးနေသည်။ ယုံကြည်မှုက တပ်ဖွဲ့အတွင်း၊ ဝင်းယော်အုပ်ချုပ်ရေးအဖွဲ့အတွင်း ဖရိုဖရဲ….။ အတွေ့အကြုံနှင့်သဘောတရားချို့ငှဲ့သော ရဲဘော်များက တွေဝေ၍ နေကြသည်။ ယခင်က … အင်အား ၁ဝဝ ကျော်ရှိသည့် ဗိုလ်တင်လှိုင်၏ ခွဲ ၅ သည် အင်အား ၂ဝ ပင် မပြည့်တော့….။ အများစုက လက်နက်ထားခဲ့ပြီး ရွာသို့ ပြန်ကြသည်။ ရန်သူထံတွင်လည်း လက်နက်မချ….။ DKBA ၊ စောသမူဟဲ၏ ငြိမ်းချမ်းရေး အဖွဲ့များနှင့်လည်း မပူးပေါင်း…..။ တွေဝေပြီး ရွာတွင်ပင် ပြန်နေ၊ နေကြခြင်းဖြစ်သည်။

တနေ့ ….. ဝင်းယော်ချောင်း အနောက်ဘက်ကမ်းရှိ `မြိုင်ကုန်းရွာ` ရွာအပြင်ရှိ ရေနက်ကွင်းအတွင်း ကျနော်တို့ ဗိုလ်ဒေါင်းညို၏ ခွဲ ၃ နှင့်အတူ ရှိနေ၏။ ဗို်လ်ဒေါင်းညို၏ခွဲ ၃ တွင်လည်း ၁၅ ယောက်ခန့်သာ ရှိတော့မည်။ `ရေနက်ကွင်း`အတွင်း ကျနော်တို့ ညအိပ်ကြသည်။ ညကင်းအား ၂ ကင်းချ၍ အိပ်ကြသည်။ မနက် …. မိုးလင်းကင်း (ဝ၄းဝဝ မှ ဝ၆းဝဝ) အချိန် တာဝန်ကျသည့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲမှ တပ်စိတ်မှူး ရဲဘော်တယောက် … ကင်းချိန်မှာပင် သေနတ်အားထားခဲ့ပြီး သူ့ရွာသို့ ပြန်သွား၏။ မနက်မိုးလင်းမှ ကျနော်တို့ သိရ၏။ မလွယ်…..။ ကျနော်တို့ ရဲဘော်များအတွင်း၌ သမူဟဲမှစသော အရေးနှင့် ပတ်သက်၍ အမြင်ရှင်း၏။ ရန်သူ့ထံ လက်နက်ချအညံ့ခံသွားခြင်းသာ ဖြစ်သည်။ နိုင်ငံရေးအရ တွေဝေစရာမရှိ။ ဒူးပလာယာခရိုင်နှင့် တပ်မဟာ ၆ ရုံးစိုက်ရာ အခြေခံဒေသများသည်လည်း ရန်သူ့ထိုးစစ်ကြောင့် ကျဆုံးခဲ့ပြီဟု သတင်းများရသည်။ ဤအတွင်း ဒူးပလာယားခရိုင် ဥက္ကဋ္ဌ ဟူ၍ `ဖဒိုထဲနေ` က ကိုယ့်ကိုယ်ကို ခရိုင်ဥက္ကဋ္ဌ ခန့်ပြီး ကြေညာချက် ထုတ်သလိုလို သတင်းများကလည်း ရောက်လာ၏။ အခြေအနေက လေနှင့်ဝမ်း မကွဲသေး…..။

(၂)

တောင်အနောက်ခြမ်းတွင် အစည်းအဝေးတခု ပြုလုပ်မည်။ ဝင်းယော်ရှိ တပ်နှင့်အုပ်ချုပ်ရေးမှ ပဒိုများ တောင်နောက်သို့ တက်လာခဲ့ရန် မန်းအောင်တင်မြင့်က ကြေးနန်းနှင့် လှမ်းမှာ၏။ မန်းအောင်တင်မြင့်က ဒူးပလာယားခရိုင်၏ ခရိုင်အလုပ်မှုဆောင်တဦး ဖြစ်သည်။ ပြီးခဲ့သည့် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း နဝတနှင့် ဆွေးနွေးခဲ့သည့် KNU ၏ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်တဦးအဖြစ် ဆွေးနွေးပွဲ ၃ ကြိမ်လုံးတွင် ပါဝင်ခဲ့သည့် ပဒိုတဦး…..။

ဗိုလ်တင်လှိုင်နှင့် ဗိုလ်ဒေါင်းညိုတို့က ကျနော်တို့ကိုပါ တောင်နောက်သို့ လိုက်ခဲ့ရန် ခေါ်၏။ ထိုဒေသအတွင်း၌ …. တောင်ညိုတောင်တန်းကြီးအား ဗဟိုပြု၍ တောင်၏ အရှေ့ခြမ်းအား တောင်ရှေ့…။ တောင်၏ အနောက်ခြမ်းအား တောင်နောက်ဟု ခေါ်ကြ၏။ ဗိုလ်တင်လှိုင်တို့နှင့်အတူ ကျနော်တို့ သွားကြမည့် တောင်နောက်ခြမ်း ဟူသည်က …. ရေးမြို့နယ် မြောက်ဘက်ခြမ်းရှိ … ခုနှစ်ဝါ၊ ကလိပ်တုတ်၊ ကျောင်းရွာ၊ လိပ်ပုတ် စသည့် ရွာများရှိသည့် ဒေသသို့ ဖြစ်သည်။

သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်းအား `တညင်`နှင့် `ရက်ဖော` ရွာအကြားမှ ကျနော်တို့ ကူးကြ၏။ ကားလမ်းအား ကူးပြီးသည့်နောက် …. အရှေ့တွင် သံဖြူဇရပ်၊ ဘုရားသုံးဆူ သေမင်းတမန် မီးရထားလမ်းဟောင်း၏ လမ်းအူကြောင်းအား ရေးရေးတွေ့ရသည်။ သံလမ်းနှင့် ဇလီဖားတုံးတို့က မရှိတော့….။ လိပ်သည်းကျောက် အချို့ကမူ ….သေမင်းတမန်လမ်းဟောင်း၏ ပြရုပ်အဖြစ်နှင့် ကျန်နေသေး၏။ အတွေးက …. သမိုင်းသို့ ပြန်၍ ငဲ့မတွေးအား…..။ ခြေလှမ်းက ရှေ့သို့သာ သွက်သွက်လှမ်းနေရ၏။ သွက်သွက်ဟူသည်ထက် ပွိုင့်ပြေးသကဲ့သို့ ပြေးနေကြရခြင်းဖြစ်၏။ ဤလမ်းပိုင်းတလျှောက်တွင်က ရန်သူ၏ လမ်းကင်းသည် အထိုင်ကင်းလည်း ရှိ၏။ ကင်းရှည်လှည့်သည်လည်း ရှိ၏။ တိုး၍မဖြစ်…။

လမ်း၏ တဖက်တွင်မူ ပိစပ်ရိုင်းပင်များက တောထနေသည်။ ပိစစ်တောက ဘောလုံးကွင်းတကွင်းစာမျှ ရှိမည်။ ကျနော်တို့ ပိစပ်တောအတွင်း တိုးဝင်လိုက်ကြသည်။ မျက်ကွယ်ရသွား၏။ လူသွားလမ်းက မရှိ….။ တောတိုး၍ပင် ပိစပ်တောအား ဖောက်ထွက်ကြရ၏။ ပိစပ်တောအား လွန်လျှင် ….. ကြက်လျှာစွန်းသဏ္ဍာန် လယ်ကွင်းငယ် တွေ့ရ၏။ ကျနော်တို့က လယ်ကွင်းအား ဒေါက်ဖြတ်၊ မဖြတ်…..။ လယ်ကွင်း၏ အနားသတ်အတိုင်း ကပ်လျှောက်ကြသည်။ ကြက်လျှာစွန်း၏ အစွန်းတွင်မူ လူသွားလမ်း တွေ့ရ၏။ လမ်းက ဥယျာဉ်ခြံများဆီသို့ သွားသည့်လမ်း…..။ ခုနှစ်ဝါ တောင်ခြေတလျှောက်တွင်က ဥယျာဉ်ခြံများ ရှိ၏။ ဒူးရင်း….။ ဒညင်း…။ တောင်ထန်းနှင့် ကွမ်းသီးခြံများ ဖြစ်သည်။ ခုနှစ်ဝါတောင်ကြောက တောင်ညိုတောင်တန်းနှင့် သွယ်တန်း၍ ဆက်နေသည်။

တောင်ထန်းခြံအတွင်း၌ ကျနော်တို့ နားကြသည်။ နားရင်း …. ညစာအတွက် ထမင်းချက်ကြမည်။ ရေက ဤနေရာတွင်ပင် ရှိ၏။ တောင်ပေါ်သို့ရောက်လျှင် ရေမရှိတော့….။ ဗိုလ်တင်လှိုင်၏ ခွဲ ၅၊ ဗိုလ်ဒေါင်းညို၏ ခွဲ ၃ နှင့် ကျနော်တို့ပါ ပေါင်းမှ လူက ၃ဝ မျှပင် ရှိ၏။ ကင်းရှည်ချပြီး ထမင်းချက်ကြ၏။ ဟင်းက ….ပိန္နဲသီးအစိမ်းအား ခုတ်ထစ်၍ မရမ်းသီးခြောက်နှင့် ချဉ်စပ်ချက ထားသည့်ဟင်း…။ တောင်ကျချောင်းရေစပ်စပ်တွင် ဗိုလ်ဒေါင်းညို လိုက်စမ်း၍ မိလာသည့် ဖားပေါင်းစင်းလေးများအား ကင်ပြီး ငရုပ်သီးနှင့် ဆားထောင် ထောင်း၏။ ပူပူစပ်စပ် ချဉ်ချဉ်နှင့် စား၍မြိန်၏။

(၃)

ခုနှစ်ဝါတောင်ကြော၏ တဖက်တွင် ခုနှစ်ဝါရွာရှိ၏။ တောင်ကြောပေါ်မှ လှမ်းမြင်ရသည့် ရွာလေးဖြစ်သည်။ တောင်ကြောမှ ဆင်းသည်နှင့် ရွာဦးသို့ရောက်၏။ ရွာကား ကရင်ရွာလေးဖြစ်သည်။ အိမ်ခြေ ၃ဝ ခန့်ရှိမည်။ ဥယျာဉ်ခြံလုပ်ငန်းက အဓိကလုပ်ငန်းဖြစ်မည်။ လယ်ယာကိုမူ ရွာ၏ ဝမ်းစာအတွက် ဖူလုံရုံသာ စိုက်ကြ၏။ တောင်ထန်း၊ ဒညင်း၊ ကွမ်းသီး ဈေးကောင်းသဖြင့် ရွာက ချောင်လည်သည့်ဟန် ရှိသည်။ ရေး၊ လမိုင်းသို့ ဈေးရောင်းဈေးဝယ် သွားကြ၏။ လှည်းလမ်းပေါက်သည်။ နေချင်းပြန်သွား၍ ရသည်ဟု ဆိုသည်။ မူလတန်းကျောင်း ရှိ၏။ မြို့မှ ကျောင်းဆရာများလာ၍ သင်ကြောင်း သိရသည်။ ခုနှစ်ဝါရွာ၏ ရွာသက်က မည်မျှရှိပြီဟူ၍ မသိရ…..။

သို့သော် …. ဂျပန်ခေတ် သေမင်းတမန် မီးရထားလမ်းအား ဖောက်လုပ်သည့် အချိန်တွင်မူ ခုနှစ်ဝါရွာက ရှိပြီးဖြစ်သည်။ သေမင်းတမန် လမ်းဖောက်လုပ်ရေးစခန်းမှ ထွက်ပြေးလာကြသည့် ချွေးတပ်သားတို့က ခုနှစ်ဝါသို့ပြေးရင်း ရောက်လာတတ်ကြသည်။ ရွာက လွတ်မြောက်လာသော ချွေးတပ်သားတို့အား ဝှက်ပေး၏။ ဆေးကုပေး၏။ အဝတ်အထည်များ ဆင်ပေး၏။ ပြီးလျှင် … သေရွာပြန်တို့ အိမ်အပြန်ခရီးအတွက် လမ်းစရိတ်များ ဝိုင်း၍ ထောက်ပေးကြရသည်။ အညာ…..။ အကြေ….. ဒေသမျိုးစုံက လူမျိးပေါင်းစုံတို့ ပါကြ၏။ ခုနှစ်ဝါရွာနှင့် ကလိပ်တုတ်ရွာခရီးက ၆ နာရီခန့် လျှောက်ရမည်။ လမ်းတွင် ရွာဆက်မရှိ….။ လယ်ကွင်းများ….၊ တောင်ကြောများ၊ မြေပြန့်လွင်ပြင်များနှင့် ဥယျာဉ်ခြံများသာ ရှိ၏။ ခုနှစ်ဝါရွာနှင့် ကလိပ်တုတ်ရွာအကြား ရွာဆက်မရှိသဖြင့် သတင်းဆက်ပျက်၏။ ရန်သူသည် `တောင်စွန်း`နှင့် `ရေး၊ လမိုင်း`အကြား အသွားအလာ လုပ်ရာတွင် ခုနှစ်ဝါနှင့် ကလိပ်တုတ်အကြားမှ ဖြတ်၍ သွားလာတတ်သည်။ ကျနော်တို့က ခုနှစ်ဝါရွာအတွင်း၌ မအိပ်…..။ ရွာပြင်ထွက်၍ အိပ်ကြသည်။ ရွာတွင်အနေပြပြီး မှောင်ရီသန်းမှ ရွာပြင်သို့ထွက်၍ ကွမ်းသီးခြံကြီးအတွင်း၌ အိပ်ကြသည်။ ရွာမှကင်းသမား လမ်းပြတဦးကိုမူ ကျနော်တို့နှင့်အတူ ခေါ်ထား၏။ ခုနှစ်ဝါတောင်တန်းကြီးက ကွယ်နေသဖြင့် လသည် နောက်ကျမှ ကွမ်သီးခြံအတွင်းသို့ ဝင်လာ၏။ ကျိုးကျိုးကျဲကျဲ….။

ပုဇဉ်ရင်ကွဲသံတို့က …..ပိတောက်ဖူးအား မျှော်လင့်ခြင်းကြီးစွာနှင့် တမ်းတမ်းတတ….အော်မြည်၍ ကြိုကြ၏။ လေပြေညင်းက အရိုင်းစပယ်နံ့အား သယ်လာ၏။ မွှေးမွှေးအီအီ….။ ရွာဆီမှ မှုန်လဲ့လဲ့ မီးရောင်တို့သည် တဖြည်းဖြည်းငြိမ်း၍ ….. ရွာသည် ဆိတ်ငြိမ်စပြုလေပြီ။ တိတ်ဆိတ်သောည….။

ည သည် ခလေးငယ်တဦး အိမ်မောကျနေသည့်အလား….. အပြစ်ကင်းစင်လွန်းလှ၏။

(၄)

ကလိပ်တုတ်ဆွေးနွေးပွဲသို့ ကျနော်ကိုလည်းတတ်ရောက်ရန်ဖိတ်၏။ ဆွေးနွေးပွဲအား ကလိပ်တုတ်ရွာပြင်ရှိ ဒူးပလာယားခရိုင်၊ ဝင်းရေးမြို့နယ် ဥက္ကဋ္ဌ၏ အုန်းခြံအတွင်း၌ ပြုလုပ်ကြသည်။ ဆွေးနွေးပွဲက မြေဝိုင်းဆွေးနွေးပွဲ…။ တပ်ဖက်က ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညို၊ ဗိုလ်သန်းတင်အောင်နှင့် ဗိုလ်အောင်တင်ရွှေတို့ တက်ကြသည်။ သူတို့က တပ်ခွဲမှူးများ….။ အုပ်ချုပ်ရေးဘက်ကမူ …. ဝင်းယော်မြို့နယ်နှင့် ဝင်းရေးမြို့နယ်အတွင်းရှိ `ပဒို`များ တက်ကြ၏။ ဝင်းယော်မြို့နယ် ဥက္ကဋ္ဌဖြစ်သူ မန်းတင်ငြိမ်းချမ်းကမူ တံခွန်တိုင်ရှိ အောင်ကြည်ဝင်း DKBA နှင့် ပူးပေါင်းသွားခဲ့ပြီ။

မန်းအောင်တင်မြင့်က KNU နှင့် နအဖ တွေ့ဆုံဆွေးနွေးပွဲအကြောင်းအား ရှင်းပြ၏။ သူက …. တွေ့ဆုံဆွေးနွေးပွဲ သုံးကြိမ်စလုံး၌ KNU ၏ ကိုယ်စားလှယ်အဖြစ်နှင့် ပါဝင်ခဲ့သူ….။ သူတို့၏ ဆွေးနွေးပွဲတွင်က ကရင်ဘာသာနှင့်သာ အများအားဖြင့် ပြောဆိုဆွေးနွေးကြသဖြင့် ကျနော်ကနားမလည်….။ တခါတခါ ဗိုလ်တင်လှိုင်က ဗမာလိုပြန်၍ ကျနော့်အား ရှင်းပြသည်။

မန်းအောင်တင်မြင့်က နအဖနှင့်ဆွေးနွေးပွဲပျက်သည့်အပေါ်တွင် အားမလိုအားမရဖြစ်နေသည့်ဟန်ပေါ်၏။ KNU ဗဟိုကခေါင်းဆောင်များ တင်းးမာလွန်းသည်ဟုဆို၏။ ဗိုလ်တင်လှိုင်က မန်းအောင်တင်မြင့်၏ သဘောထားအပေါ် နှစ်ခြိုက်ဟန်မတူ…..။ ထိုအစည်းအဝေးမှ ဝင်းယော်အခြေခံဒေသ ပြန်တည်ဆောက်ရေးအတွက် ဗိုလ်တင်လှိုင်အား တာဝန်ပေးကြ၏။ ဗိုလ်တင်လှိုင်က ….. ဝင်းယော်အခြေခံဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်များအား ရှင်းပြ၏။

ကရင်အမျိုးသားထုအတွင်း ဝေးဝါးမှုမရှိစေရန်…. ရန်သူနှင့် ပူးပေါင်းသွားကြသည့် ….မန်းတင်ငြိမ်းချမ်း၊ ဗိုလ်လေးဝါး၊ စောသမူဟဲတို့နှင့် ကင်းကင်းပြတ်ပြတ် စည်းခြားရမည်။ သူနှင့်ရွယ်တူ တန်းတူတိုက်ဖော်တိုက်ဖက် ရဲဘော်ဟောင်းကြီးများအား ပြန်၍ စုရုံးမည်။

ပြီးလျှင် … ခွဲ ၃ နှင့် ခွဲ ၅ အား ပေါင်း၍ ဝင်းယော်ဒေသအတွင်း တိုက်ပွဲများဖော်မည်။ စစ်ရေးအောင်မြင်မှုနှင့် ကရင်လူထု၏ ယုံကြည်ကိုးစားမှုကို ပြန်၍ရယူမည်။ ဤတွင် …. လက်နက်စွန့်၍ ရွာသို့ ပြန်သွားကြသည့် ရဲဘော်များ တွေဝေမှုပျောက်ပြီး တပ်သို့ ပြန်ဝင်လာကြမည်….။

ဗိုလ်တင်လှိုင်၏ အစီအစဉ်များက လက်တွေ့ကျ၏။ ဖြစ်နိုင်ခြေလည်း အများဆုံးရှိ၏။ ဗိုလ်တင်လှိုင်က…. စိတ်အားထက်သန်စွာနှင့် ရှင်းပြ၍နေဆဲ…။ သူ၏ တတ်ကြွထက်သန်မှုက ကျနော်တို့ အားလုံးအား ကူးစက်စေ၏။ မနက်ဖြန်ကို အလုပ်များဖြင့် ကူးကြမည်။ အနာဂတ်သည် …. မှုန်ဝါးနေမည်မဟုတ်တော့….။ လျှောက်ရန်လမ်းနှင့် ခရီးနှင့်…..။ စိတ်အတွင်းမှ `ရာဝိန္ဒြာနသ်တဂိုး`၏ `လေလွင့်ငှက်များ`ကဗျာမှ အပိုဒ်တပိုဒ်အား ရွက်မိ၏။

``မြားကို အရှိန်နဲ့ မပစ်ခင်

လေးက တီးတိုးစကားဆိုရဲ့

မင်းရဲ့ လွတ်လပ်ခြင်းဟာ

ငါ့ရဲ့ လွတ်လပ်ခြင်းလည်း

ဖြစ်တယ်….``

(ရွှေအိမ်စည်)

မှတ်ချက် ။ ။ မန်းအောင်တင်မြင့်သည် ကလိပ်တုတ် အစည်းအဝေးပြီး၍ ၅ ရက် အကြာတွင် ကြာအင်းဆိပ်ကြီးမြို့နယ် `လှကဒါ`ရွာမှ တဆင့်ရန်သူထံ လက်နက်ချခဲ့၏။