www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > မြစ်တွေဘယ်ရောက်သွားလဲ

မြစ်တွေဘယ်ရောက်သွားလဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

တရုတ်နိုင်ငံရဲ့ ရေလိုအပ်ချက်အလျင်အမြန်ကြီးထွားလာခြင်းက ၎င်းရဲ့မြစ်ချောင်းတွေအပေါ်မှာ ကြီးမားတဲ့ အကျိုး သက်ရောက်မှုတွေ ရှိနေပါပြီ။

မြစ်တစ်စင်း ဘယ်လိုဆုံးရှုံးသွားသလဲလို့ မေးလာခဲ့မယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ အဖြေပေးနိုင်မှာပါ။ လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၀ အတွင်းမှာတရုတ်နိုင်ငံအနေနဲ့ မြစ်ချောင်းပေါင်း ၂၅,၀၀၀ ကျော် ကွယ်ပျောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မြစ်ဝှမ်းအကျယ်အ၀န်း စတုရန်းကီလိုမီတာ ၁၀၀ အထက်ရှိတဲ့ မြစ်ပေါင်း ၅၀,၀၀၀ ရှိ တယ်လို့ ၁၉၉၀ ခုနှစ်များမှာ မှတ်တမ်းတင်ထားကြောင်းနဲ့ နောင် နှစ်သုံးဆယ်အကြာမှာ ၂၃,၀၀၀ အောက်သာ ရှိတော့တယ်လို့ တရုတ်နိုင်ငံရဲ့ရေအရင်းအမြစ်နှင့် စာရင်းအင်းဝန်ကြီးဌာနရဲ့ စစ်တမ်းတစ် ခုမှာဖော်ပြထားပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ရှန်ဟိုင်းပြည်နယ်အတွင်းက နေရာအများစုကို ရေထောက်ပံ့ပေးနေတဲ့ ဟူအန်ပူ မြစ်ထဲမှာ ယခုနှစ်မတ်လအစောပိုင်းက ၀က်သေကောင် ၁၆၀,၀၀၀ လောက်ပေါလောမျောပါနေတာကို အစိုးရမှရှင်းပြဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီကိန်းဂဏန်းတွေ ပေါ်လာတာပါ။ ထို့အတူ ၎င်းလအတွင်းမှာပဲ စီခမ်းပြည်နယ်ထဲက နန်ဟီမြစ်ထဲမှာ ဘဲအသေကောင် ၁၀၀၀ လောက်မျောပါလာတာကို တွေ့ခဲ့ရပြန် ပါတယ်။

ယခုလို မြစ်ချောင်းပမာဏ ကွာခြားသွားတာကို တရားဝင်ရှင်းလင်းခဲ့တာတွေမှာ ရာသီဥတုပြောင်းလဲ ခြင်းနဲ့ အစောပိုင်းမှတ်တမ်းမှတ် သူတွေရဲ့အမှားတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သို့သော် တရုတ်နိုင်ငံ အတွင်း မြစ်ချောင်းတော်တော်များများ ခန်းခြောက်သွားခဲ့တယ်ဆိုတာနဲ့ ရေပြတ်လတ်ခြင်းဟာ တရုတ်နိုင်ငံမှာ
နှစ်ပေါင်းများစွာကြုံတွေ့နေရတဲ့ အဓိကပြဿနာတစ်ခုဆိုတာတော့ အမှန်ပါပဲ။

ထို့အပြင် တရုတ်နိုင်ငံဟာရေပြတ်လတ်မှု အခံရဆုံး နိုင်ငံ ၁၃ နိုင်ငံထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို ကုလသမ္မဂနိုင်ငံများအဖွဲ့ အဆိုအရ သိရပါတယ်။

၂၀၀၇ ခုနှစ်ကဖော်ပြခဲ့တဲ့ အစီရင်ခံစာတစ်ခုကလည်း တရုတ်နိုင်ငံမှာရှိတဲ့ မြို့စုစုပေါင်းရဲ့ သုံးပုံတစ်ပုံက
ရေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရပြီး ၎င်းတို့အနက်မှ မြို့ ၁၁၀ ဟာဆိုရင် ဆိုးရွားတဲ့သောက်သုံးရေ ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

ကျေးလက်ဒေသက လူတွေအတွက်ကတော့ ပိုဆိုးပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၀၉ ခုနှစ်က ဖော်ပြချက် တစ်ခုမှာ
ကျေးလက်ဒေသမှာ နေထိုင်နေသူ သန်း ၃၀၀ လောက်ဟာ သန့်ရှင်းတဲ့သောက်သုံးရေကိုမရ ရှိကြဘူးလို့
ဖော်ပြထားပါတယ်။

ယခုလို အခြေအနေတွေကို ပိုဆိုးသွားစေတာကတော့ တရုတ်နိုင်ငံရဲ့ လျင်မြန်စွာတိုးတက်နေတဲ့ စီးပွားရေးအပြင် စက်ရုံတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ ရေလိုအပ်ချက် မြင့်မားလာခြင်းတို့ပါပဲ။ မြစ်ချောင်းတွေ ပျောက်ဆုံးသွားခြင်းက
ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှုတစ်ရပ်လိုအပ်တယ်ဆိုတာကို ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ ပြည်သူများနဲ့ သဘာဝ ပတ်ဝန်းကျင် အရေးဆိုင်ရာအဖွဲ့မှ Ma Jun က ဆိုပါတယ်။

“မြစ်တွေ ပျောက်ဆုံးသွားတယ်ဆိုတာ အမှန်တကယ်ဖြစ်နေတာပါ။ တရုတ်နိုင်ငံမှာ မြစ်တွေယခုလို အမှန်တကယ်
ပျောက်ဆုံးနေရခြင်းဟာ ရေအရင်းအမြစ်တွေကို အလွန်အကျွံအသုံးချခြင်းကြောင့်ပါ။ အဓိကအကျဆုံး အကြောင်း အရင်းကတော့ မြေအောက်မှာတည်ရှိနေတဲ့ ရေသယံဇာတတွေကို အလွန် အကျွံသုံးစွဲခြင်းကြောင့်ပါ။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းကလည်း အဓိကကျတဲ့အခြား အကြောင်း အရာတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သစ်တောတွေပြုန်းတီးသွားခြင်းက တောင်ပေါ်ဒေသတွေ မှာ မိုးရွာသွန်းမှု လျော့နည်းသွားစေလို့ပါ” ဟု ၎င်းကရှင်းပြ ခဲ့သည်။

မိုးခေါင်ခြင်းနှင့် ရေလွှမ်းမိုးခြင်း ပြဿနာများအား တရုတ်နိုင်ငံသမိုင်းတစ်လျှောက်လုံးတွင် ရင်ဆိုင်ဖြေ ရှင်းခဲ့ရပြီး
ဖြစ်သည်။

၁၉၃၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ရေလွှမ်းမိုးမှုကြောင့် လူပေါင်းတစ်သိန်းခွဲနဲ့ လေးသန်းအကြား
သေဆုံးခဲ့ရပါတယ်။

ဆိုးဆိုးရွားရွား မိုးခေါင်ရာမှတစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ ၁၉၅၈-၁၉၆၁ အငတ်ဘေးကပ်ကြီးအတွင်းမှာလည်း လူပေါင်း ၁၅ သန်းလောက် သေဆုံးခဲ့ရပါတယ်။

ကမ္ဘာ့အကြီးဆုံးဆည်ကြီးဖြစ်တဲ့ “မြစ်ကျဉ်းသုံးသွယ်” ကို ရန်ဇီမြစ်ရိုးတစ်လျှောက်မှာ တည်ဆောက်ခဲ့ရာ ၂၀၀၈ ခုနှစ် မှာ ပြီးဆုံးခဲ့ပါတယ်။ ဒီဆည်ကို တည်ဆောက်ခြင်းက တရုတ်နိုင်ငံရဲ့ ရာသီဥတုအကျိုးသက်ရောက်မှုကို ထိန်းချုပ် မျှတစေလိုတဲ့ စိတ်ဆန္ဒအတွက် ဥပမာတစ်ခုဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ အကြီးဆုံးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကနေ တရိတ်ရိတ်မြင့်တက်လာတဲ့ စက်မှုကဏ္ဍလိုအပ်ချက်ကို ပြည့်မီစေခဲ့ပါတယ်။

ဒါပေမယ့်လည်း ရလဒ်ကတော့ ဆုတ်လည်းစူးစားလည်းရူးပါပဲ။ တာဘိုင်တွေလည်ပတ်ဖို့အတွက် မြစ်၊ ချောင်း
တော်တော် များများကို လမ်းကြောင်း ပြောင်းလဲပေးခဲ့ရတယ်။ ယခင်မြစ်ကြောင်းတွေက ခြောက်ခန်းသွားခြင်း သို့မဟုတ် ရေစီးကြောင်းကျဉ်းသွားခြင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေက ဒီကိစ္စကိုသတိထားမိပုံရပါတယ်။ ဒီဖြစ်ရပ်က လူမှုရေးမငြိမ်သက်မှုတွေ အတွက် နိုင်ငံရေး ကိစ္စတစ်ရပ် ဖြစ်မှာကိုလည်း ကြောက်ရွံ့ခဲ့ပုံရပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့  Li Keqiang  က ၎င်းရဲ့မိန်းခွန်းတစ်ခုမှာ “ဒီကိစ္စတွေဟာ လူ့အသိုင်းအ၀ိုင်း တစ်ခုကို အနှောင့်အယှက်ပေးနေတဲ့အခါမှာ ၎င်းတို့ကိုအစောတလျင် ဖြေရှင်းနေမယ့်အစား ကျွန်တော် တို့အနေနဲ့ ရှေ့ဆက် လှမ်းဖို့ကိုပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုနှစ်အတွင်းမှာ ယူနန်၊ ဂန်ဆူနဲ့ ဆီချွမ်း ပြည်နယ်တွေမှာ မိုးခေါင်ခြင်းကြောင့် လူပေါင်းသန်း ၂၀ ကျော် ဒုက္ခရောက် ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်တွေကြောင့် ရေအရင်းအမြစ်တွေ လျော့ပါးလာခြင်းကို စီမံခံ့ခွဲဖို့ဆို တာဟာတရုတ်နိုင်ငံရဲ့ အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် လာမည့်နှစ်တွေမှာလည်း ဆက်ရှိနေဦးမှာပါပဲ။

ဤဆောင်းပါးမှာ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် အယ်လ်ဂျာဇီယာ သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြခဲ့သော Richard Angwin ၏ ''Where have all the rivers gone''  အား တိုက်ရိုက် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။