www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > စိန်ခေါ်နေသည့် အနာဂတ်များ ၊သို့မဟုတ်၊ မြန်မာနိုင်ငံ ပွင့်လင်းလာသည်နှင့် အမျှကွယ်ပျောက်သွားတော့မည့် လူမျိုးအုပ်စုများအတွက် မျှော်လင့်ချက်များနှင့်စိုးရိမ်ပူပန်မှုများ

စိန်ခေါ်နေသည့် အနာဂတ်များ ၊သို့မဟုတ်၊ မြန်မာနိုင်ငံ ပွင့်လင်းလာသည်နှင့် အမျှကွယ်ပျောက်သွားတော့မည့် လူမျိုးအုပ်စုများအတွက် မျှော်လင့်ချက်များနှင့်စိုးရိမ်ပူပန်မှုများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံ၏ ကြွယ်ဝထွေပြားလှသည့် ယဉ်ကျေးမှုများအကြောင်းပြပွဲတစ်ခုကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အုပ်စုများအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက်များထားရှိစရာ ဖြစ်လာရသည်။ သို့သော် လည်း လက်တွေ့ဖြစ်နေသည့် အမှန်တရားကတိုင်းရင်းသားလူမျိုး အုပ်စုငယ်များနှင့်ယင်းတို့၏ ယဉ်ကျေးမှုများ ခြိမ်းခြောက်ခံနေကြရသည့် အခြေအနေပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပျောက်ကွယ်တော့မည့် လူမျိုးစုများ (The Vanishing Tribes of Burma) ဟူသည့်ပြပွဲကို ယခုအခါ အင်းလျားလိပ်ဟိုတယ်တွင် စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိကျင်းပနေပြီး နောက်ပိုင်းတွင် ရန်ကုန်ရှိ အမျိုးသားပြတိုက်၌ အမြဲတမ်းပြသထားလိမ့်မည် ဖြစ်သည်။ ယခုဓာတ်ပုံပြပွဲတွင် ရစ်ချတ် ကေဒိုင်ရန် (Richard K. Diran) ဆိုသူရိုက်ကူးထားသည့် ပုံပေါင်း ၇၀ ကို ပြသထားသည်။ သူသည်ဤ ဓါတ်ပုံများကို မတူကွဲပြားသည့် တိုင်းရင်းသားအုပ်စု ၄၀ တို့အကြား ၁၇ နှစ်ကျော်အကြာအချိန်ယူ၍ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ အချို့သော တိုင်းရင်းသား အုပ်စုများဆိုလျှင် ပြင်ပကမ္ဘာနှင့် မထိမတွေ့ခဲ့ သလိုနေခဲ့သည်မှာ ရာစုနှစ်နှင့်ချီ၍ပင် ရှိတော့မည်
ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် သူ၏ စာအုပ်ဖြစ်သည့် “မြန်မာနိုင်ငံ၏ ပျောက်ကွယ်တော့မည့်လူမျိုးစုများ” (The Vanishing Tribes of Burma) ကို လန်ဒန်ရှိ ကုလသမဂ္ဂရုံးတွင်စတင်၍ လူသိရှင်ကြားဖြန့်ချိခဲ့သည်။ ၎င်းစာအုပ်ကို အမေရိကန်
ပြည်ထောင်စုနှင့် ပြင်သစ်တို့တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဤစာအုပ်ကို လူ အများကတန်ဖိုးထားကြသည်။ အတိတ် ကာလ ဆာဂျော့စကော့ (Sir George Scott) ၏ မှတ်တမ်းတွဲ များ ၁၉၀၀ ခုနှစ်တွင် ဖြန့်ချိခဲ့ချိန်မှ စ၍ကြည့်လျှင် ယင်းကုသမဂ္ဂရုံးတွင် ဖြန့်ချိခဲ့သောစာအုပ်မှာ မြန်မာနိုင် ငံရှိတိုင်းရင်းသားမျိုးနွယ်စုများအပေါ် အပြည့်စုံ အကုန်အလုံ ဆုံးသောလေ့လာမှုဟု ဆိုရပေလိမ့်မည်။

ဒိုင်ရန်က မြန်မာနိုင်ငံသို့ ၁၉၈၀ ခုနှစ်တွင် ပတ္တမြားနှင့်မြရှာဖွေရန် ရောက်ရှိလာခဲ့သည်။ ဤသို့ဖြင့် နိုင်ငံ၏ အစွန်အဖျား ဒေသများသို့ ရောက်ရှိခဲ့ရသည်။

“တကယ့် ထူးထူးခြားခြားဖြစ်နေတဲ့ဌာနေ တိုင်းရင်းသားအုပ်စုတွေ၊ ပြောက်ကျား ပြောက်ကျား တည်ရှိနေတာကို သတိပြုမိလာတယ်” ဟု ကျောက်ဗေဒပညာရှင်က အင်းယားလိပ်ဟိုတယ်ပြပွဲအဖွင့်တွင် ပြောဆိုခဲ့သည်။

“ကျွန်တော် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၃၃ နှစ်ကလာတော့ အဲဒီအချိန်က ကျွန်တော့်အတွက် ဘယ်လို အခွင့်အလမ်းတွေ ပွင့်နေတယ်ဆိုတာ လုံးဝမသိရှိခဲ့ဘူး။ ဒီလိုနဲ့ပဲ တိုင်းရင်းသားအုပ်စုတွေကို မှတ်တမ်းတင်ခဲ့တယ်။ ခုအချိန်မှာတော့ ဒါတွေအားလုံးပျောက်သုဉ်းလုနီးပါး ပြောင်းလဲကုန်ကြပါပြီ” ဟု သူက မဇ္ဈိမဘိဇနက် အပတ်စဉ်ဂျာနယ်သို့ ပြောသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများပျောက်ကွယ်စေရသည့်အချက်များမှာများစွာရှိသည်ဟု ဒိုင်ရန်က ရှင်းပြ သည်။

သူက နာဂဒေသသို့ ၁၉၉၆ ခုနှစ်တွင်အစိုးရက စတင်ဖွင့်ပေးသည့်အတွက်ကြောင့် သွားဖြစ်ခဲ့သည့် ခရီးကို
ပြန်ပြောင်း ပြောပြသည်။

“တိုင်းရင်းသားအုပ်စုတွေက လှံတွေကိုင်လို့အော်ပြီး တောင်တွေပေါ်က ပြေးဆင်းလာကြတယ်။ သူတို့က နွားမြီး၊
မျောက်ရေခွံ၊ လူ့ဆံပင်၊ နွားနောက်ချိုတွေနဲ့ လုပ်ထားတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ထားကြတယ်။ အဲဒါက တကယ့်အတွေ့အကြုံပဲ” သို့သော် နောက်သုံးနှစ်ကြာသည့်အခါ ဒိုင်ရန်က ထိုဒေသတွင်း ရှိလေဆိပ်သို့
နောက်တစ်ခေါက်ပျံသန်းရောက်ရှိသွားသည့်အခါ လုံးဝကွဲပြားသောမြင်ကွင်းက ဆီးကြိုနေသည်ဟု ပြောပြသည်။

“နာဂတွေကို (အစိုးရက) ဘောင်းဘီတို တွေဝတ်ဖို့အမိန့်ပေးထားတယ်။ စင်တစ်ခုလည်း သူတို့ကိုပြဖို့ ဆောက်ထား
သေးတယ်” ဟု သူက ပြောပြသည်။

သူယခင်က မှတ်တမ်းတင်ခဲ့သည့် ဓလေ့ထုံးတမ်းအများစုမှာ ယခုအခါပျောက်ကွယ် လွင့်ပါးကုန်ပြီဖြစ်သော်လည်း ဒိုင်ရန်ကယခုသူ၏ပြပွဲက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူဖြစ်စေ လိမ့်မည်၊ ကာလကြာမြင့် စွာ ငြင်းပယ်ခံခဲ့ရသော လူနည်းစုတိုင်းရင်းသားများကို ပိုမိုအသိအမှတ်ပြုလာ ရေးစွမ်းဆောင်နိုင်မည်ဟု မျှော်လင့် ထားသည်။

အတိတ်ကာလဖြစ်သည့် ၁၉၄၇ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံအတွင်းရှိ အဓိကကျသော တိုင်းရင်းသား အုပ်စုကြီး များက ပြည်ထောင်စုအဖြစ်ပေါင်းစည်းနေထိုင်ကြရန် ပင်လုံသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၎င်းသဘောတူညီချက်အရ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးများအတွက် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အသိအမှတ်ပြုထားခဲ့သည်။

သို့သော်လည်း ခြောက်လအကြာတွင်ပင် လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်းနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး
ခေါင်းဆောင်များက ၎င်းသဘောတူညီချက်ပါအချက်များကို လေးစားလိုက်နာရန် ပျက်ကွက် ခဲ့ကြသည်။ ဤသို့ဖြင့်
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားအုပ်စုများအကြား ကာလကြာရှည် ပြည်တွင်းစစ်ပွဲ ပဋိပက္ခများလည်း
ဖြစ်ပေါ်ခဲ့ရသည်။ တိုင်းရင်းသားဒေသများတွင် စစ်တပ်အင်အား တိုးချဲ့ချထားမှုများနှင့် အတူ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူထောင်သောင်းနှင့်ချီ၍ သူတို့ဌာနေအိမ်ရာများမှ စွန့်ပစ်ထွက်ပြေးရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ သူတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း စွန့် ပစ်ထားခဲ့ကြရသည်။

“နိုင်ငံတစ်ခုလုံးကောင်းဖို့ လူတိုင်းကလက်ချင်းတွဲပြီး အလုပ်လုပ်ဆောင်ခဲ့ကြဖို့ သင့်ပါတယ်။ ဒါပေမဲ့ (ဗိုလ်ချုပ်)
အောင်ဆန်းလည်း လုပ်ကြံခံရရော၊ အိပ်မက်တွေအားလုံး ပြိုကွဲရကုန်တယ်” ဒိုင်ရန်က ပြောသည်။

သူက ကရင်ပြည်နယ်မှ ပဒေါင်လူမျိုးတို့၏အကြောင်းကို ဥပမာပေး၍ ပြောသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် မရေမတွက်နိုင်သည့်သူများ ထိုင်းနယ်စပ်သို့ ၁၉၈၀ ခုနှစ်များ၊ ၁၉၉၀ ခုနှစ်များတွင် ထွက် ပြေးခဲ့ကြရသည်ဟု
ပြောပြသည်။

ဒိုင်ရန်က ရှင်းပြရာတွင် “ကရင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေအများကြီး ဖြစ်နေပါတယ်။ ဒါနဲ့ပဲ ပဒေါင်တွေက ထိုင်း (နယ်စပ်) ကို ထွက်ပြေးပြီး၊ အဲဒီမှာပဲ နေကြရတယ်” ဟု ဆိုသည်။

ယခုအခါ ထိုင်းနိုင်ငံတွင် လူသားဆပ်ကပ် ပြပွဲသဖွယ်သူတို့ကိုပြစားသည်ကို ခံနေကြရသည်ဟု ဒိုင်ရန်က ပြောပြ သည်။ သူကလည်ပင်းရှည်ကြေးကွင်းစွပ် ပဒေါင်လူမျိုးများကို မဲဟောင်ဆောင်မြို့အနီး ဒုက္ခသည် စခန်းများတွင်
ပြသနေကြသည်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှု ဖြစ်သော်လည်း၊ လူသားတို့အတွက် တန်ဖိုးမှာမူမေးခွန်းထုတ်ဖွယ် ဖြစ်နေသည်။ ပဒေါင် အမျိုးသမီးတို့က သူတို့လည်ပင်းများတွင်
ကြေးကွင်းများကိုစွပ်ထားကြပြီး၊ ၃၀ စင် တီမီတာအထိ မြင့်မားကာ၊ အလေးချိန်အားဖြင့်လည်း ၂၂ ကီလိုဂရမ် အလေးချိန်ရှိသည့် ယင်းကြေးကွင်းများကို သယ်ဆောင်ထား ကြရသည်။ ဤသို့ ဓလေ့ထုံးစံများက မြန်မာနိုင်ငံတွင် ကွယ်ပျောက်စပြုနေပြီဖြစ်သော်လည်း နိုင်ငံခြား သားခရီးသွားများမှရသည့် ၀င်ငွေကြောင့်ဤဓလေ့မှာဆက်၍ သက်တမ်းရှည်နေရပြန်သည်။

“အဲဒီလူမျိုးစုတွေကို ကျွန်တော်မှတ်တမ်းယူနေတုန်းက ထိုင်းနိုင်ငံထဲမှာ ကြေးကွင်းစွပ်ထားတဲ့ ပဒေါင် အမျိုးသမီးတွေ မရှိသေးဘူး။ ကျွန်တော့်ဓာတ်ပုံတွေက သူတို့ရွာတွေအထိ သွားပြီးရိုက်ယူထားတာ” ဟု သူက ပြောပြသည်။

ဒိုင်ရန်အနေဖြင့် ဓာတ်ပုံများမှတ်တမ်းတင်နေသည့်အချိန်က ကရင်ပြည်နယ်အချို့ဒေသများတွင် သူ့ အတွက် အသက်အန္တရာယ် ရှိနေနိုင်သေးသည်ဟုလည်း ဆိုသည်။ သူကဤသို့ပြောသော်ငြားလည်းပဲ သူ၏ မှတ်တမ်းတင် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ရန်လိုတိုက်ခိုက်မှုများကိုမူ မည်သည့်အခါမျှ မကြုံ တွေ့ခဲ့ရပါ။

“ကျွန်တော် ဓာတ်ပုံရိုက်နေတုန်း ၈၀ မမ မော်တာသီး သိပ်မဝေးတဲ့အနားမှာ ကျလာပြီးကွဲတယ်။ ကျွန်တော် သုံးရက်
လောက် နားမကြားဘူး ဖြစ်သွားရတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုတမင်ရည်ရွယ်ပြီး တိုက် ခိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကပဲ မရောက်သင့်တဲ့နေရာမှာမရောက်သင့်တဲ့အချိန် ရောက် နေတာမို့ပါ” ဟု သူက၁၉၉၀ ခုနှစ်များ ကာလတိုက်ပွဲများ ပြင်းထန်နေစဉ်ကြုံခဲ့ရသည့် အခြေအနေကို မဇ္ဈိမသို့ ပြောပြသည်။

မြန်မာနိုင်ငံတွင် မသိရှိရသေးသည့် လူမျိုးနွယ်စုများကျန်ရှိနေနိုင်သေးပါ၏လောဟု မေးမြန်းကြည့်သည့်အခါ ဒိုင်ရန်က “ကျွန်တော်တော့ မထင်ပါဘူး။ ပြောမယ်ဆိုရင် ဆာဂျော့စကော့ (Sir George Scott) က နေရာတိုင်း
ရောက်ခဲ့ပြီးသားပဲ။ သူက ပြတင်းပေါက်တိုင်းကို ဖွင့်သွားခဲ့တယ်။ တကယ့်ကိုမယုံကြည်နိုင် လောက်စရာ အံ့မခန်းတဲ့ သူပါပဲ။ ကျွန်တော်က သူ့ကိုသိပ်လေးစားပါတယ်။ ဒါပေမဲ့ အဲသည် ဓလေ့ထုံးစံ တွေဆက်လက်ကျင့်သုံးနေသေး သလား မေးရင်တော့ မှတ်တမ်းတင်ထားတာတွေ မရှိသလောက်ပါပဲ။ ခင်ဗျားတို့ နာဂဒေသကတချို့တောင်ပေါ်တွေ တက်သွားကြည့်ပါ။ ကျန်ကောင်း ကျန်နေနိုင်ပါသေး တယ်” ဟု ပြောပြသည်။

သူခရီးသွားလာစဉ်ကာလတွင် ပံ့ပိုးကူညီခဲ့ကြသည့် လူအများအတွက်ကျေးဇူးကြွေးတင်ရှိနေကြောင်း ဒိုင်ရန်က ဆိုပါသည်။ သို့သော်ဤကူညီခဲ့သူများကို သူကထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံက ပြင်ပကမ္ဘာသို့ တံခါးမဖွင့်သေးမီအထိ သူသွားလာခဲ့ရသည့် ခရီးစဉ်များတွင်ထောက်ပံ့ရေး အခက် အခဲ ပြဿနာများစွာ ဒိုင်ရန်အဖို့ ကြုံတွေ့ခဲ့ရပါသည်။

ဥပမာအားဖြင့် အစောပိုင်းကာလ သူ၏ဓာတ်ပုံမှတ်တမ်းများ ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် နိုင်ငံတကာ ခရီးသွား တိုးရစ်များအတွက် ပြည်ဝင်ခွင့်မှာအလွန်အကန့်အသတ် ရှိနေသေးပြီးခုနစ်ရက်သာ ခွင့်ပြုသည့် အချိန် ဖြစ်သည်။

“ဒါကြောင့် ကျွန်တော်ပထမမြန်မာပြည်ကိုဝင် ခရီးစဉ်တစ်ခုအတွက်လိုအပ်တာတွေ အကုန်ပြင်ဆင်၊ ထိုင်းနိုင်ငံကို
ပြန်ထွက်၊ ပြီးတော့ နောက်ထပ်ဗီဇာယူ၊ ပြီးတော့မှ မြန်မာပြည်ထဲ ပြန်ဝင်လာပြီးတော့ ကျွန် တော်လုပ်ချင်တာတွေ အဲဒီအခေါက်ကျမှ အပြီးစီးလုပ်ဆောင်ရတယ်။ သိပ်ပြီး ငွေကုန်ကြေးကျများပါ တယ်” ဟု သူက ပြောပြသည်။

အခုလို ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ချက်အနည်းငယ်မျှသာရှိခဲ့သော်လည်း “နိုင်ငံအဖို့ အလွန်အမင်း အထီးကျန် တံခါးပိတ် ကာလကြာရှည် ဖြစ်နေခဲ့ရလို့လည်း “အစိုးရ” က အိမ်နီးချင်းနိုင်ငံများ ကြုံတွေ့နေ ရသည့် ပြဿနာ အများကိုကြည့် သင်ခန်းစာယူနိုင်၍ ပြဿနာအများစုကို ကျော်လွှားသွားနိုင်ပါသည်” ဟုဒိုင်ရန်ကဆိုသည်။ “ဥပမာရေအရင်းအမြစ်တွေနားမှာ ရေညစ်ညမ်းစေမယ့်ခဲသန့်စင်စက်ရုံတွေ မဆောက်ဘူး။ ထိုင်းနိုင်ငံမှာ ဒီကိစ္စမျိုး
တွေကြုံခဲ့ဖူးပြီ။ ကျွန်တော်မျှော်လင့်တာက ဒီနိုင်ငံက ဖွံ့ဖြိုးမှုကိစ္စ မှာသိပ်ကိုနောက်ကျလွန်းနေတော့ ခုအခါ နည်းပညာအားဖြင့် ဖြေရှင်းပြီးသား ဖြစ်နိုင်တဲ့ပြဿနာအများစု ကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်” ဟု ပြောခဲ့ သည်။

အကယ်၍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ မျှော်မှန်းလုပ်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံ၏ “လက်ရှိ အဆက်ဆက်
သောအစိုးရများ” သည် အလွန်အမင်းအောင်မြင်မှု ရနိုင်ဖွယ်ရှိသည်ဟု ဒိုင်ရန်က ယုံကြည်နေသေးသည်။ ထိုအခါ သူကယခုပျောက်ကွယ် တိမ်မြုပ်လုဖြစ်နေသည့် လူမျိုးစုများဟုဆိုသည့် လူများ အတွက်မူ မည်သို့ဖြစ်ပျက်မည်မှာ မသေချာလှပါ။ သို့သော်လည်း သူကအိုးအိမ်စွန့်ပစ် ထွက်ပြေးနေကြရ သူများအတွက် ခေတ်သစ် ကမ္ဘာ့လမ်း
ကြောင်းနှင့် လျော်ညီစွာ၊ အကောင်းမြင်မျှော်လင့်ချက်များဖြင့် တွေ့ မြင်လိုလှပါ သေးသည်။

“ကျွန်တော် မျှော်လင့်တာကတော့ မြန်မာပြည်သူတွေဟာသင့်မြတ်နိုင်ပါတယ်။ ဘုံရည် မှန်းချက်တစ်ခုအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ကြပါတယ်။ ဒီအချက်က ကျွန်တော်မျှော်လင့်ထားတဲ့အချက်ပါ။ ကျွန်တော့်ရဲ့ အခုပြပွဲတစ်ခုလုံးကလည်း ဒီရည်ရွယ်ချက်နဲ့ပါပဲ။ ကျွန်တော်တို့ အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက မဇ္ဈိမဘိဇနက် အပတ်စဉ်ဂျာနယ်သို့ ပြောပြသည်။

ဒိုင်ရန်၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးခဲ့သည်။ သူက ၁၉၉၈ ခုနှစ်၊ အိမ်အကျယ်ချုပ်ခံနေရချိန်တွင် ဒိုင်ရန်ရေးသားသည့် “မြန်မာနိုင်ငံမှ ပျောက်ကွယ် တော့မည့် လူမျိုးစုများ” (The Vanishing Tribes of Burma) စာအုပ်တစ်အုပ်ကို လက်ခံရရှိခဲ့သေးသည်။

ပြပွဲ နေ့လယ်စာတည်ခင်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာ၌ ဒိုင်ရန်ကို ကျေးဇူးတင်ကြောင်း သူကပြောသည်။ “မမျှော်လင့်တဲ့အချိန်မှာ ကျွန်မဘ၀ထဲကို ခုလိုအလှအပတွေ ယူဆောင် လာပေးတဲ့အတွက်ပါပဲ” ဟု ဆိုသည်။ ပြဿနာများ၊ အကွဲအပြဲများနှင့် ထိခိုက်ကျဆုံးခဲ့ရသည့် နိုင်ငံတစ် ခုအပေါ်တွင်မူ ဒေါ်စုက အကောင်းမြင် ဘက်မှလှည့်၍ ပြောသည်။ တိုင်းရင်းသား လူနည်းစုများအဖို့ ထိ ခိုက်နစ်နာခံစားခဲ့ကြရပြီး၊ တိုင်းပြည် ပွင့်လင်းလာ၍ ဖွံ့ဖြိုးတိုးတက်မှု လမ်းသို့လျှောက်သည့်တိုင် ယင်း လူမျိုးစုငယ်များမှာဆက်၍ နစ်နာခံစားကြရဦးမည့် သဘော ဖြစ်နေသေးသည်ဟုဆိုသည်။ ကမ္ဘာ့အခြား နေရာများရှိ လူနည်းစုတိုင်းရင်းသားများနှင့် လူမျိုးစုအုပ်စုများ ကြုံတွေ့ခဲ့ကြရသည့် ပြဿနာစိန်ခေါ်မှု များက မြန်မာနိုင်ငံအလားအလာအတွက်လည်း အကောင်းဘက်ဥပမာဆို၍ အနည်းငယ်မျှသာရှိသည် ဟု ပြောပါသည်။

“ကျွန်တော်တို့က မြန်မာနိုင်ငံကို အောင်မြင်တဲ့နိုင်ငံတစ်ခု ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ လုပ်စရာကိစ္စတွေ အများကြီး ရှိနေပါသေးတယ်။ မြန်မာနိုင်ငံက လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ ဒါကြောင့်မို့ ကျွန် တော်တို့က အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွပူးပေါင်းလုပ်ဆောင်ကြရမှာပါ” ဟု သူက ပြောခဲ့ပါသည်။ ။

Ref: Jessica Mudditt ရေးသားသည့် Challenging Future: Hopes and Concerns for the Vanishing Tribes as Myanmar Opens Up ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။