www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အိန်္ဒိယ လွှတ်တော်အမတ်များနှင့် ရာဇ၀တ်မှုများ

အိန်္ဒိယ လွှတ်တော်အမတ်များနှင့် ရာဇ၀တ်မှုများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဗမာပြည်ရဲ့ အိမ်နီးချင်းဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန်္ဒိယရဲ့လက်ရှိလွှတ်တော်အမတ် ၃၀ ရာခိုင်နှုန်းဟာဖြင့် လူသတ်မှုနဲ့ စွပ်စွဲခံထားရပြီး အမှုဆိုင်နေရပါတယ်။ ဒါဟာ လွှတ်တော်အမတ်မဟုတ်တဲ့ အခြားအိန်္ဒိယနိုင်ငံသား ၁,၀၆၁ ဦးမှာ လူသတ်မှုနဲ့ အမှုရင်ဆိုင်ရတာ တစ်ဦးပဲရှိတာနဲ့ နှိုင်းယှဉ်ကြည့်ရင် အလွန် ကွာခြားလှတဲ့ စိုးရိမ်ဖွယ် အခြေအနေပါ။

၂၀၀၉ ခုနှစ်၊ ရွေးကောက်ပွဲကနေတင် မြှောက်လိုက်တဲ့ လက်ရှိအောက်လွှတ်တော် (Lok Sabha) အမတ် ၅၄၃
ယောက်အနက် ၁၆၂ ယောက်ဟာ လူသတ်မှုနဲ့ လူသတ်မှုနဲ့ဆိုင်တဲ့ ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အခြား ၁၆ ဦးကတော့ သည်းသန်တဲ့ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပူးတွဲ အစီရင်ခံစာ တစ်စောင်ကဆိုပါတယ်။

ဒီအစီရင်ခံစာကို ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအဖွဲ့ (ADR) နဲ့ အမျိုးသား ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တို့က (NEW) ၂၀၀၄ ခုနှစ်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများကိုယ်တိုင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ကျမ်းကျိန်တင်သွင်းလွှာတွေအပေါ် အခြေခံသုံးသပ်ပြီး ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အထက်လွှတ်တော် (Raja Sabha) အမတ်တွေထဲမှာလည်း မနည်းလှတဲ့အရေအတွက်ဟာ ဒီလို ရာဇ၀တ်မှုတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။ စုစုပေါင်းအမတ် ၂၃၂ ယောက်မှာ ၄၀ ဟာ လူသတ်မှုနဲ့ လူသတ်မှုနဲ့ဆိုင်တဲ့ ရာဇ၀တ်မှု
တွေနဲ့ အစွပ်စွဲခံရပြီး အမှုရင်ဆိုင်နေကြရတာပါ။ ၁၇ ရာခိုင်နှုန်းပဲဆိုပါစို့။

ပြည်နယ်လွှတ်တော်တွေရဲ့ အမတ်စုစုပေါင်း ၄,၀၃၂ ယောက်ရဲ့ ၃၁ ရာခိုင်နှုန်းဖြစ်တဲ့ ၁,၂၅၈ ယောက်ဟာလည်း အလားတူ ရာဇ၀တ်မှုတွေနဲ့ တရားရင်ဆိုင်နေကြရပါတယ်။

၂၀၀၉ ရွေးကောက်ပွဲမှာ အမတ်အများဆုံးအနိုင်ရပြီး လက်ရှိ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ကွန်ဂရက်ပါတီ ရဲ့ အမတ် ၂၁ ရာ ခိုင်နှုန်းဟာ ရာဇ၀တ်မှုတွေနဲ့ တရားရင်ဆိုင်နေရပြီး အကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ BJP အမတ်များရဲ့ ၁၁ ရာခိုင်နှုန်းဟာ အလားတူရာဇ၀တ်မှုတွေနဲ့ တရားရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံကြည့်ရင် လက်ရှိအမတ် ၄,၈၀၇ ယောက်ရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ၁,၄၆၀ ယောက် ဟာ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုခံထားကြရတာ ဖြစ်ပါတယ်။

အစီရင်ခံစာက မှတ်ချက်ပေးထားတာကတော့ ရာဇ၀တ်မှုမှတ်တမ်းရှိတဲ့ ကိုယ်စားလှယ်လောင်းတစ် ယောက်ဟာ ရာဇ၀တ်မှုမှတ်တမ်းမရှိတဲ့ ကိုယ်စားလှယ်လောင်းထက် ရွေးကောက်ပွဲအောင်နိုင်ခြေပိုများနေတာကို တွေ့ရပါသတဲ့။

နိုင်ငံတော် တရားရုံးချုပ်က ဇူလိုင်လအတွင်း ဆုံးဖြတ်ချက်အရရာဇ၀တ်မှုနဲ့ စီရင်ချက်ချခံရပြီး မည်သည့် အမတ်မဆို ရာထူးကပြုတ်ပြီးအမတ်အရည်အချင်း မပြည့်မီသူအဖြစ် ချက်ချင်းသတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘုရားဖူးသွားလေ့ရှိကြတဲ့ ဗုဒ္ဓဂယာတည်ရှိရာ ဘီဟာပြည်နယ်က ပြည်နယ်ဝန်ကြီးချုပ်ဟောင်း လာလူးပရာဆတ်ယာ ဒဗ်ကိုတိရစ္ဆာန်စာ (ကျွဲ/နွားစာ) အလွဲသုံးစားလုပ်မှုနဲ့ စက်တင်ဘာလ ၃၀ ရက်ကပဲ
ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ သူနဲ့အတူ ဘီဟာပြည်နယ်ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဂျာဂန်နသ်မစ်ရှ်ရာ အပါအ၀င် ၄၅ ယောက်ကို ပြစ်မှုထင်ရှားကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CBI) တရားသူကြီးက စီရင်လိုက် တာပါ။ အနည်းဆုံးထောင်ဒဏ်သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်ထိကျခံရဖွယ် ရှိပါတယ်။ အရေးပါတဲ့ ပါတီတစ်ခုဖြစ် တဲ့ RJD ပါတီ ထိပ်ဆုံးခေါင်းဆောင်လာလူးဟာ ပြည်နယ်ဝန်ကြီး ချုပ်လုပ်ခဲ့ဖူးရုံမက ပြည်ထောင်စုဝန်ကြီးအဖြစ် လည်း တာဝန်ယူခဲ့ဖူးပြီး သူ့ဇနီးရာဘရီဒေ၀ီ ဟာလည်း ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သက်တမ်းသုံးကြိမ် တာဝန်ယူ ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ညွန့်ပေါင်းအစိုးရကို ဦးဆောင်နေတဲ့ ကွန်ဂရက်ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင်၊ အထက် လွှတ်တော် အမတ် မစ္စတာရာရှိဒ်မာဆုဒ်ကိုလည်း ဒေလီတရားရုံးကနေ လာဘ်စားမှုနဲ့ ထောင်ဒဏ်လေးနှစ်ချ မှတ်လိုက် ပါတယ်။ အောက်တိုဘာလ ၁ ရက်က စီရင်ခြင်းခံလိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း မစ္စတာမာဆုဒ်ဟာ အိန်္ဒိယ အရှေ့မြောက် ပြည်တယ်တစ်ခုဖြစ်တဲ့ ထြိပူရကနေ ဆေးတက္ကသိုလ်တက် ရောက်ခွင့်ခွဲတမ်းကို လိမ်လည်လှည့်ဖျား မှုနဲ့ ခုလိုပြစ်ဒဏ်စီရင်ခြင်းခံရတာ ဖြစ်ပါတယ်။

သူတို့ကို အယူခံကနေတဆင့် တရားသေလွှတ်မပစ်ဘူးဆိုရင် သူတို့ကျခံရမယ့် ထောင်ဒဏ် ကုန်ဆုံးပြီး နေ့ကနေ
နောက်ခြောက်နှစ်အတွင်း ရွေးကောက်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီလိုအမတ်မင်းတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတော်တရားရုံးရဲ့ဆုံးဖြတ်ချက်ကို တစ်စိတ်တစ်ပိုင်း ပြန်ပြင်ပြီး အသစ်ချမှတ်ဖို့ အာဏာရ ကွန်ဂရက်ပါတီ ပါလီမန် ဥပဒေကြမ်းတစ်ခုကို ဆောင်ရွက်ထားပြီး သမ္မတထံ တင်ပြထားပါတယ်။

ဒီလိုပဲ ပါလီမန်အတွင်းက ကိုယ်စားလှယ်အချို့အခြားရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ကြတာကို စစ်တမ်းက ဖော်ထုတ် လိုက်တာကတော့ အမတ် ၂၃ ယောက်မှာ တစ်ယောက်ဟာ လူသတ်ရန်ကြံစည်ခဲ့ကြပြီး ဒါ ဟာအမတ်မဟုတ်တဲ့ အိန်္ဒိယနိုင်ငံသား ၄,၂၂၀ ယောက်မှ တစ်ယောက်သာ ကျူးလွန်လေ့ရှိတဲ့ အချိုးပါ။ နောက်ပြီး အမတ် ၅၄ ယောက်မှာ တစ်ယောက်ဟာပြန်ပေးမှုနဲ့ အဓမ္မ/ဖျားယောင်း ခေါ်ဆောင်မှုတွေနဲ့ စွပ်စွဲခံထားရပြီး ဒါဟာအမတ်မဟုတ်သူ ၅,၅၁၀ မှာ တစ်ယောက်သာ ဖြစ်လေ့ရှိတဲ့နှုန်း ဖြစ်နေပါတယ်။

“ဥပဒေပြုသူတွေဟာ ဥပဒေချိုးဖောက်သူတွေ ဖြစ်ကုန်ကြပြီ”၊ “ရာဇ၀တ်မှုကြီးလေလေ နိုင်ငံရေးသမား အိတ်ကပ်
ဖောင်းလေလေ” လို့ အိန်္ဒိယမီဒီယာတွေက ညည်းတွားကြပါတယ်။ စစ်တမ်းလေ့လာချက်အရ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ ပျမ်းမျှပိုင်ဆိုင်မှုဟာ အိန်္ဒိယရူပီး ၁ ဒသမ ၃၇ ကုဋေ (အမေရိကန်ဒေါ်လာ နှစ်သိန်း
ကျော်) ရှိကြပြီး ရွေးကောက်ပွဲနိုင်သူတွေရဲ့ ပိုင်ဆိုင်မှုကတော့ ပျမ်းမျှ ရူပီးကုဋေ ၃ ဒသမ ၈၃ (ဒေါ်လာ ခြောက် သိန်းကျော်) ရှိတယ်လို့ တွေ့ရှိရပါတယ်။

ဒါ့အပြင် ဓားပြမှု၊ အနုကြမ်းစီးမှုတွေနဲ့လည်း အမတ် ၅၄ ယောက်မှာ တစ်ယောက်ဟာ အမှုရင်ဆိုင်နေရ ပါတယ်။ ဒါဟာ အိန်္ဒိယနိုင်ငံသား ၃,၈၃၂ မှာ တစ်ယောက်သာဖြစ်တဲ့ အမှုမျိုးပါ။

အဓိကရုဏ်း ဖန်တီးမှု၊ ပါဝင်မှု၊ အားပေးမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အမတ်ဦးရေကလည်း ၅၄ယောက်မှာ တစ်ယောက် ရှိနေပါတယ်။ အိန်္ဒိယလို ဘာသာတရားတွေအစုံ၊ လူမျိုးအရပြောရင်လည်း အမျိုးမျိုးယှဉ် တွဲနေထိုင်
ကြရတဲ့ နိုင်ငံကြီးမှာ လူ ၁,၄၃၆ ယောက်မှာ တစ်ယောက်ဟာ ဒီအမှုမျိုးရင်ဆိုင်ရလေ့ရှိတာနဲ့ နှိုင်းချင့် စဉ်းစား
ကြည့်နိုင်ပါတယ်။

မွတ်စလင် ၇၉၀ နဲ့ ဟိန္ဒူ ၂၅၄ ယောက်သေဆုံးပြီး လူ ၂,၅၀၀ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ၂၀၀၂ ခုနှစ် အဓိကရုဏ်း ကြီးဖြစ်ပွားရာ ဂူဂျာရတ်ပြည်နယ်ရဲ့ သက်တမ်းရှည်ဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာအခုဆိုရင် ၂၀၁၄ ရွေးကောက်ပွဲ အတွက် လက်ရှိအတိုက်အခံပါတီ BJP ရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နေရာ လျာထား ခံရသူဖြစ်ပါတယ်။ အဲဒီ ခြောက်ခြား ဖွယ် အဓိကရုဏ်းကြီးအတွင်းမှာ သတ်ဖြတ်မယ့် လူအုပ်ကြီးတွေကို ပြည်နယ်အာဏာပိုင်တွေနဲ့ ရဲတွေက ဟန့်တားမှု မလုပ်ခဲ့ကြလို့ ပြည်နယ်အစိုးရမှာဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စတာမိုဒီမှာ တာဝန်ရှိတယ်လို့ မီဒီယာတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြစ်တင်စွပ်စွဲနေကြတာကို သူကတော့ “ကျုပ်မှာ ပြစ်မှုထင်ရှားရင် ကြိုးမိန့်ချကြလေ” လို့မထီမဲ့မြင် စိန်ခေါ်တုံ့ပြန်ထားသူပါ။ ကျွန် တော်တို့ ဗမာပြည်က ရခိုင်၊ မိထ်္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ သံတွဲ အကျည်းတန် အဖြစ်အပျက်နဲ့ နှိုင်းချင့် စဉ်း စားဖွယ်ရာပါ။

ဒါဟာ အိမ်နီးချင်းတိုင်းပြည်ကြီးရဲ့ ဓနရှင်ဒီမိုကရေစီလက်္ခဏာတွေကို တစ်စိတ်တစ်ပိုင်းမျှသာ ဖော်ပြ လိုက်တာ
ဖြစ်ပါတယ်။ သူတို့ဆီက အတိုက်အခံနဲ့ အနိုင်ရပါတီတွေဟာ ပိန်မသာလိမ်မသာတွေမို့ မတရားပြုမှုတွေကို အပြန် အလှန် စွပ်စွဲချေပ၊ တရားရင်ဆိုင်နေကြရတာပါ။ ဒီလိုအခွင့်အရေးမျိုးတောင် ကျွန်တော်တို့ တိုင်းပြည်မှာ ရှိသေးရဲ့လား။

ကိုယ့်တိုင်းပြည်က စစ်အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်အမတ်လောင်းတွေကဘာ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ စွပ်စွဲပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့် တကယ်လက်တွေ့မရှိခဲ့ပါဘူး။ ရွေး ကောက်ပွဲ ကျင်းပစဉ်နဲ့ ပြီးနောက်မှာ မဲမသမာမှု (ကြိုတင်မဲ) အပုပ်နံ့တွေ တဟောင်ဟောင်ထွက်လာခဲ့ ပေမယ့် ဒီမဲမသမာအမတ်တွေဟာ အရင်ကလည်း အာဏာပိုင်တွေဖြစ်ခဲ့သလို ရွေးကောက်ပွဲကျင်းပရ တာကိုကလည်း စနစ်ဟောင်းကို တစ်နည်း တစ်လမ်းနဲ့ ရေရှည်ထိန်းသိမ်းကာကွယ်ဖို့ ကျင်းပခဲ့တာ ဖြစ် လေတော့ စောဒကတက်မှုတွေဟာ တဖြည်းဖြည်း
မှေးမှိန်ကွယ်ပျောက်သွားခဲ့ရပါတယ်။

အခု လွှတ်တော်အသီးသီးမှာ စည်းဝေးနေကြတဲ့ အမတ်တွေထဲကဘယ်သူကဖြင့် ယခင်စစ်အစိုးရ လက်ထက်တုန်း က ပြည်သူ့ဘဏ္ဍာအလွဲသုံးစားလုပ်ခဲ့တာ၊ အဓမ္မ မြေသိမ်းယာသိမ်းခဲ့တာ၊ ငွေမဲတွေကို ငွေဖြူ ဖြစ်အောင် ဖွတ်တာ၊ ဆန့်ကျင် ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ရိုက်နှက်ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တာစတဲ့ မတရားမှုတွေ အပြင်
ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ လွှတ်တော်ထဲ ရောက်လာခဲ့ရတဲ့ အကြောင်း ဖွင့်ချဖို့ လိုပါတယ်။ ဒါမှသာ တရား ဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ် လာနိုင်ခြေ ရှိမှာပါ။ ။

Ref : - The Hindu (1 and 2.10.2013)
- Sunday Times (29.9.2013)
- NDTV (29.9.2013)
- radiff.com news