www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၁ အောက်တိုဘာ ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > တရုတ်စာပေနယ်ပယ်ထဲက တော်လှန်ရေး

တရုတ်စာပေနယ်ပယ်ထဲက တော်လှန်ရေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဟေမန္တ ...။ ၁၉၇၈ ခု။
ဘေဂျင်းမြို့တစ်မြို့လုံး နှင်းတွေ ဖုံးနေလျက်။

မြို့အရှေ့ဘက် ဆင်ခြေဖုံးတစ်နေရာ။ လူဦးရေ အနည်းငယ်သာနေထိုင်တဲ့ ရွာကလေးတစ်ရွာ။ ညစ်ပတ် နောက်ကျိ
နေတဲ့ ချောင်းကလေးတစ်ခုကိုကျော်ပြီး ဘေဂျင်းမြို့ နယ်နိမိတ်ထဲက သံရုံးရပ်ကွက်ဆီ လှမ်းမြင်နေရတဲ့နေရာ။ ဒီရွာကလေးဟာ စိုက်ပျိုးရေး ရွာကလေးတစ်ရွာဆိုပေမယ့် တိတ်ဆိတ်မှုတော့ မရှိလှပါဘူး။ဒါပေမဲ့လည်း မြို့တော်ကြီးရဲ့ မျက်ကွယ်ဖြစ်နေတဲ့ နေရာတစ်နေရာသဘောတော့ဆောင်ပါတယ်။

ပြတင်းပေါက်တွေမှာ ဟောင်းနွမ်းလှတဲ့ ခန်းဆီးပိတ်စတွေတပ်ထားတဲ့ တဲကလေး တစ်လုံး။ အဲဒီ တဲကလေးထဲမှာ လူငယ်ခုနှစ်ယောက်ဟာ ခနော်နီခနော်နဲ့ဖြစ်နေတဲ့ ပုံနှိပ်စက်တစ်လုံးကို ၀ိုင်းထိုင်နေကြ ပါတယ်။ အဲဒီခုနှစ်ယောက်ထဲ က လူငယ်တစ်ယောက်ဟာ ကျွန်တော်ပဲပေါ့။

သုံးရက်နဲ့သုံးညရှိတဲ့အခါ “ယနေ့” လို့ အမည်ပေးထားတဲ့ စာစောင်တစ်ခုကို ကျွန်တော်တို့တစ်တွေ အောင်မြင်စွာ ထုတ်ဝေလိုက်နိုင်ကြပါတော့တယ်။ ဒါဟာဖြင့် ၁၉၄၉ ခုနှစ် ကွန်မြူနစ်ပါတီ အာဏာရ လာပြီး နောက်ပိုင်း တရုတ်ပြည် မှာ ပထမဦးဆုံးအကြိမ် တရားမ၀င်ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာစောင်ပါပဲ။ ကျွန်တော်တို့တစ်တွေ မြို့တော်ကြီးထဲက စားသောက်ဆိုင်တစ်ဆိုင်ဆီ စက်ဘီးကိုယ်စီစီးပြီး သွားခဲ့ကြပါ တယ်။ ၀ိုင်ခွက်တွေ ကိုယ်စီကိုင်မြှောက်ပြီး ကျွန်တော် တို့ရဲ့ အောင်မြင်မှု အသီးအပွင့်အတွက် တိတ် ဆိတ်စွာပဲ ဂုဏ်ပြုပွဲ ကျင်းပလိုက်ကြပါတယ်။

နောက်တစ်နေ့ကျတော့ ကျွန်တော်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်၊ မြို့တော်ကြီးထဲ ၀င်လာကြပြီး “ယနေ့” ဂျာနယ် စာရွက်တွေ ကို နံရံတွေမှာ လိုက်ကပ်ကြပါတယ်။ ပုလိပ်တွေ မျက်စိလည်အောင်ဆိုပြီး ကျွန်တော်တို့ စက်ဘီး နံပါတ်ပြားတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက်လဲပြီး စီးကြရပါတယ်။ ၁၉၇၈ ခု၊ ဒီဇင်ဘာလ(၂၃)ရက်လောက် ကျတော့ ဘေဂျင်းမြို့ထဲက အစိုးရရုံးတွေ၊မဂ္ဂဇင်းတိုက်တွေ တက္ကသိုလ် ကျောင်းဝန်းအတွင်းနဲ့ တီယံအာမင်ရင်ပြင်မှာ၊ “ယနေ့” ဂျာနယ်ကို လူတွေ ဖတ်ခွင့်ရခဲ့ကြပါပြီ။ ကျွန်တော် တို့ဖြန့်ဝေတဲ့ “ယနေ့” ဂျာနယ်အပေါ် လူတွေက ဘယ်လို သဘောထားနဲ့ တုံ့ပြန်ကြသလဲဆိုတာကို သိ ချင်တော့ နောက်ပိုင်းမှာ၊ လူစည်ကားတဲ့ နေရာတွေမှာ လူအုပ်ထဲရော ပြီး၊ စာစောင်တွေ ဝေကြပါတယ်။ လူတွေဟာ အနှစ်(၃၀) အတွင်း၊ အခုလို ကဗျာဆောင်းပါး၊ ၀တ္ထုတွေကို တစ်ခါမှ မဖတ်ခဲ့ရ၊ မတွေ့ခဲ့ရလို့ ကျွန်တော်တို့ မျှော်လင့်ထားတာထက်ပိုပြီး အားတက်သရော ယူကြ၊ တောင်းကြ ဖတ်ကြတာကို တွေ့ရ ပါတယ်။

“ယနေ့” ဂျာနယ် ဖြစ်လာဖို့အတွက် အဓိက မူလတွန်းအားကတော့ ပြီးခဲ့တဲ့ ၁၉၆၀ ခုနှစ်အလွန်တုန်းက ဖြစ်ခဲ့တာလို့ပဲ ဆိုရပါလိမ့်မယ်။ မော်စီတုံးရဲ့ မဟာပစ္စည်းမဲ့ တော်လှန်ရေးကာလတုန်းကပါ။ ဆင်းရဲနဲ့ အလယ် အလတ်တန်းစား လယ်သမား လူတန်းစားရဲ့ အကူအညီနဲ့ ပညာရေးပြုပြင်ပြောင်းလဲဖို့ဆိုပြီး အထက်တန်းကျောင်းသားတွေကို တစ်ပြည်လုံးအနှံ့ စေလွှတ်လိုက်တဲ့အချိန်။ မော်စီတုံးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အတိုက်အခံတွေကို အသံတိတ်သွားစေဖို့၊ ပုန်ကန်ခြားနားချင်သူတွေကို ချေမှုန်း ပစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ လူ့အဖွဲ့အစည်းအတွင်း၊ အမြင့်ပိုင်းကကျလာတဲ့ တပ်နီလူငယ်တွေ ကို တွန်းအားတခုပေးတဲ့အနေနဲ့၊ သူတို့တစ်တွေ ... လူ့အဖွဲ့အစည်းအပေါ် တင်နေတဲ့ အကြွေးကို ဆပ်နိုင်ဖို့ အတွက်ဆိုပြီး မော်စီတုံးရဲ့ ဝေါဟာရအရပြောရရင် “ပြည်သူ့ဘုံအဖွဲ့” ထဲက
ကျေးလက်ဘ၀ တကယ့် လက်တွေ့နဲ့ သူတို့ရဲ့ ယူဆချက်တွေ၊ ထင်မြင်ချက်တွေ ဘယ်လောက်အထိ ကွာဟနေ သလဲဆိုတာ သိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျေးလက်တွေကို ပို့လိုက်တာပါ။ ဒီတပ်နီလူငယ်တွေဟာ အမှန်တရား ရှာဖို့ အတွက် စာအုပ်တွေဆီ တစ်ခါ ပြန်လာကြရတာလည်း ရှိပါတယ်။ သူတို့စိတ်ထဲက ရှုပ်ထွေးမှားယွင်းနေတဲ့ ခံစားချက်
တွေကိုလည်း ဖွင့်ဟ ရေးသားစေပါတယ်။ ဆောင်းရာသီရောက်တဲ့အချိန်တိုင်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေစတဲ့ အချိန်တိုင်း၊ တချို့ တပ်နီလူငယ်တွေဟာ “ဘေဂျင်း” ကိုပြန်လာပြီး စာအုပ်တွေလဲကြ၊ သာမန် လွတ်လွတ်လပ်လပ်
တွေးချင် လုပ်ချင်တဲ့ အုပ်စုတွေနဲ့ တွေ့ကြရပါတယ်။

ဒီတုန်းက၊ ကျွန်တော်က အသက်နှစ်ဆယ်။ “ရှီဆီ” ရဲ့ ကဗျာတွေကို ဖတ်ရတဲ့အခါ ကျွန်တော် ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့ရတယ်ဆိုတာကို အခုထက်ထိ ကျွန်တော် မမေ့နိုင်ပါဘူး။

“ရှီဆီ”ဆိုတာက စာပေနယ်ပယ်မှာ “လက်ချောင်းကလေးများရဲ့ထိပ်” ဆိုတဲ့ နာမည်နဲ့ထင်ရှားတဲ့ ကဗျာ ဆရာပါပဲ။
နောင် နှစ်ပေါင်းများစွာကြာမှ “လက်ချောင်းကလေးများရဲ့ထိပ်” နဲ့ ကျွန်တော် တွေ့ခွင့်ရပါ တယ်။ အဲဒီ “လက်ချောင်း ကလေးများရဲ့ထိပ်” ရဲ့ စာတွေကိုဖတ်ပြီး ကျွန်တော်ဟာ ကဗျာရေးတဲ့ အလုပ် ကို တိုးမြှင့်ပြီး လုပ်ခဲ့ပါတယ်။ ဒီတုန်းက ကျွန်တော်က ဆောက်လုပ်ရေး အလုပ်သမားပါ။ ဘေဂျင်းမြို့နဲ့ မိုင်နှစ်ရာ လောက်ဝေးတဲ့ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ အလုပ်လုပ်ပါတယ်။ အဲဒီနေရာမှာ ကျွန် တော်ဟာ တော်တော့်ကို အထီးကျန်ဆန်စွာ နေခဲ့ရပါတယ်။ အခုလို အထီးကျန်ဆန်တဲ့အခါ ကျွန်တော့် စိတ်ကို ထွက်ပေါက်ပေးနိုင်ဖို့ တစ်စုံတစ်ခုတော့ လိုအပ်လာတာပေါ့။ ဒီတုန်းက ကဗျာဆရာတစ်ယောက် အနေနဲ့ “မော်စီတုံး” ရဲ့ သြဇာတွေက ကျွန်တော့်အပေါ် ရှိခဲ့တယ်။ မော်စီတုံး
ရေးတဲ့ ကဗျာပုံစံဖြစ်တဲ့ တရုတ် ရှေးဟောင်းကဗျာ ရေးနည်းကို ကျွန်တော် ယူခဲ့တယ်။ လူတိုင်းလိုလိုပဲ မော်စီတုံးရဲ့ ကဗျာတချို့ ကို တုပပြီး ရေးခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်လည်းပဲ ရှေးဟန်နဲ့ ကဗျာတွေရေးတာပဲ။ ဒါပေမဲ့လည်း ပိုပြီး ရှုပ်ထွေးခက်ခဲလာနေတဲ့ ခံစားချက်တွေ၊ ဘ၀အလွမ်းအမောတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ခွဲခွာနေရ သူရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်ဖို့ဆိုရင်တော့ ဒီပုံစံခွက် ကဗျာရေးဖွဲ့နည်းဟာ မလုံလောက်တော့ဘူး ဆိုတာကို ကျွန်တော် ချက်ချင်း သိလာခဲ့တယ်။

ဒီတုန်းမှာပဲ ကျွန်တော်ရဲ့ သူငယ်ချင်း “ရှော်ယီဖန်” အဖမ်းခံရပါတယ်။ သူဟာ မြေအောက်စာပေ လုပ်ငန်းတွေကို စုစည်းရသူ ဖြစ်ပါတယ်။ သူ့ရဲ့စာရွက်စာတမ်းတွေကို ပုလိပ်က အသေအချာစစ်ဆေးတဲ့အခါ ကျွန်တော့်ရဲ့ဝတ္ထုနဲ့ ကဗျာတွေကိုလည်း တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ကျွန်တော့်ကို မူလအလုပ်ဟောင်း ဖြစ်တဲ့ အလုပ်သမား ကြီးကြပ်ရေး အလုပ်ကို ပြန်လုပ်ဖို့ အမိန့်ချလိုက်ပါတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော်ဟာ အချိန်မရွေး အဖမ်းခံရနိုင်တဲ့ အခြေအနေအတွက် ကိုယ့်ကိုယ်ကိုယ်စတင်ပြီး ပြင်ဆင်ထားခဲ့ ပါတယ်။ ညဥ့်နက်သန်းခေါင်အချိန်တွေမှာ ကားဘီးလိမ့်သံကြားရရင် ကျွန်တော်က အိပ်ရာထဲက အထိတ်တလန့်နဲ့ အိပ်မရနိုင်ခဲ့ပါဘူး။

ပုလိပ်တွေဟာ ကျွန်တော့်ကဗျာတွေကို ခေါင်းစဉ်တပ် စွပ်စွဲဖို့အတွက် အဲသလောက်အထိ နားမလည် ကြပါဘူး။ ဒါနဲ့ပဲ စာပေသု တေသနဌာနကို အကူအညီ တောင်းကြပါတယ်။

စာပေသုတေသနဌာနကလည်း သူတို့ကို ကူညီကြပါတယ်။ အဲဒီအကူအညီ ကြောင့်ပဲ ကျွန်တော်ဟာ အဖမ်းခံရမယ့်
ဘေးက လွတ်ခဲ့ပါတယ်။ ကျွန်တော့်ကဗျာတွေဟာ အနောက်တိုင်းကဗျာတွေကို ကူးချ ထားတာသာ ဖြစ်တယ်ဆိုတဲ့ စာပေသုတေသနဌာန အကြံပေးတွေရဲ့ကောက်ချက်က ကျွန်တော့်ကို ကယ်လိုက်တာပါ။

အဲဒီအချိန် အဲဒီကာလကတော့ တစ်နည်းအားဖြင့် စာအုပ်တွေ မြေမြှုပ်သင်္ဂြိုဟ် ခံရတဲ့ကာလပါပဲ။ စာအုပ်တွေဟာ လူတွေရဲ့ မြင်ကွင်းနောက်ကွယ်မှာပဲ ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ပိတ်ထားတဲ့ စာကြည့် တိုက်တွေထဲဝင်ပြီး စာအုပ်တွေခိုးတာမျိုး၊ စာအုပ်အဟောင်းဆိုင်တွေထဲမှာ စေ့စေ့ပေါက်ပေါက် ဆန်ခါချ ပြီး စာအုပ်ရှာရတာမျိုး၊ တခြား ကျွန်တော်တို့လို စာအုပ်တွေကို တောနင်းပြီး ရှာဖွေနေကြတဲ့ သူတွေဆီ က ငှားဖတ်ရတာ မျိုး ...။ ဒီင်္လိုနဲ့ ကျွန်တော်တို့ကြားမှာ ဒီ တုန်းက “ပေါရှု” ဆိုတဲ့ ဝေါဟာရစကားလုံး (လှည့်ပတ်ပြေးနေသောစာအုပ်) အသစ် တစ်ခု တိုးလာခဲ့ပါတယ်။ စာအုပ်ကောင်း တစ်အုပ်တွေ့ဖို့ဆိုရင် သင်ဟာ နေရာအနှံ့ ပြေးရပါလိမ့်မယ်။ ဇွဲလည်း ကောင်း ရပါလိမ့်မယ်။ ညှိညှိနှိုင်းနှိုင်း လုပ်တတ်ရမယ်။ ကတိ တည်ရမယ်။ အပြန်အလှန် အပေးအယူ ရှိ ရပါလိမ့်မယ်။

လူငယ်တစ်ဦးအဖို့ အကြောင်းအရာ တစ်ခုကို ဖတ်ပြီဆိုရင် သူ့ဘ၀အတွက် တစ်စုံတစ်ခုတော့ ရကို ရရပါလိမ့်မယ်။ ပထမတော့ ကျွန်တော်တို့ဟာ စာအစုံဖတ်ရင်းနဲ့ အခြေအတင်ငြင်းခုန်ဖို့ စိတ်အားထက် သန်ကောင်း သန်ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ရွေးချယ်စိစစ် လာတတ်ကြရမှာပါ။ ကျွန်တော်တို့ဟာ “အ၀ါရောင် အဖုံးဖုံးထားတဲ့ စာအုပ်တွေ” အပေါ် မှာ ကျွန်တော်တို့ရဲ့နှလုံးသားကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီစာအုပ်တွေဟာ အတွဲပေါင်း တစ်ရာရှိတဲ့ စာပေဆိုင်ရာစာအုပ်တွေပါပဲ။ ဒီစာအုပ်တွေဟာ ဥရောပခေတ်ပေါ်စာပေ၊ ဆိုဗီယက်ယူနီယံနဲ့ အရှေ့ဥရောပ “နှင်းခဲ ပျော်ချိန်” ကာလ စာပေအကြောင်းအရာတွေကို စုစည်းတဲ့ စာအုပ်တွေပါပဲ။ တကယ်တော့ ဒီစာအုပ်တွေဟာ အဆင့်မြင့် တာဝန်ရှိသူတွေသာ ဖတ်ခွင့်ရတဲ့ ကန့်သတ်ထားတဲ့ စာအုပ်တွေပါ။ ပြီးတော့ စောင်ရေ အင်မတန် နည်း စွာ ပုံနှိပ်ထုတ်ဝေပြီး၊ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာပါ။

“ဘေဂျင်း” မှာရှိတဲ့ သာမန်လွတ်လွတ် လပ်လပ်နေချင် တွေးချင်သူတွေကြားထဲမှာတော့ လေးနက်တဲ့ အကြောင်းအ ရာ ရတနာသိုက်ကို လိုက်လံရှာဖွေတဲ့သူတွေ ပေါ်ပေါက်လာခဲ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စာအုပ်ချင်းလဲ ဖတ်၊ ငှားဖတ်ဖို့အချိန်ပြည့် စီစဉ်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ဟာဆိုရင် တစ်ခါတစ် ရံမှာ အချင်းချင်းကြားမှာ ညှိနှိုင်း
ဆွေးနွေးဖို့  ရက်အနည်းငယ်ယူရတာမျိုး၊ နာရီ သတ်မှတ်ချက်နဲ့တကွ၊ စာအုပ်တွေ ဖလှယ်ပြီးဖတ်ကြဖို့ အချိန်ဇယား ဆွဲတာမျိုးတွေအထိ လုပ်ကြပါတယ်။

မြေအောက် စာရေးဆရာတွေအဖို့၊ ဒီ “အ၀ါရောင်အဖုံးနဲ့စာအုပ်တွေ” ဟာ စိတ်ဓာတ်ရေးရာအရ ခိုလှုံလို့ရ တဲ့တစ်ခု တည်းသော မြင်ကွင်းအသစ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီစာပေပုံသဏ္ဌာန်ဟာဖြင့် တရားဝင်တည်ရှိနေတဲ့ ဆိုရှယ်လစ်သရုပ်မှန်စာပေနဲ့ အခြေခံကအစကွဲပြားမှုရှိတယ်ဆိုတဲ့ နမူနာကိုတော့ရခဲ့ ကြပါတယ်။ ဒါကို အဲဒီအခါတုန်း က “ဘာသာပြန်စတိုင်” လို့ ခေါ်ခဲ့ကြပါတယ်။ အမှန်စင်စစ်တော့ တရုတ် စာရေးဆရာတွေဖြစ်ကြတဲ့ ၁၉၄၀-ခုနှစ်
နောက်ပိုင်း အထင်ရှားဆုံးကဗျာဆရာတွေ အပါအ၀င်ဖြစ်တဲ့ “မူဒန်” ၊ “ယွမ်ဂေရှား” ၊ “ချန်ဇင်ဂရောင်း”၊ “ဇန်မင်း” နဲ့ နောက်ပိုင်းမှာ “သစ်ရွက်ကိုးရွက်စာပေအုပ်စု” အဖြစ် ထင်ရှားလာသူတွေ၊ ပြီးတော့ ၁၉၄၈-ခုနှစ် နောက်ပိုင်း ... သူတို့တတွေကကျနော်တို့အတွက် ပေးနိုင်ခဲ့တာတွေကတော့၊ နိုင်ငံရေးအသစ်လမ်းညွှန်ချက်ရဲ့အောက်မှာ တီထွင်စမ်းသပ်ရေးဖွဲ့ကြဖို့။ ပြီး တော့ နိုင်ငံရပ်ခြားစာပေတွေကို သုတေသနပြုကြဖို့၊ ဘာသာပြန်ကြဖို့ တွန်းအားပေး ခဲ့ကြတာတွေပါပဲ။ အဲဒီ “တရုတ်ဘာသာပြန်စတိုင်” ဟာ ကျွန်တော်တို့ မျိုးဆက်ကိုမွေးဖွားပေးလိုက်ပြီး၊ တီထွင်ဖန်တီးမှု ရှိတဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ပြနိုင်တဲ့ ပို့ဆောင်ရေးယာဉ်တစ်ခု သဘောဆောင်ခဲ့ပါတယ်။ (စာပေ ယာဉ်တစ်ခု သဘော ဆောင်ခဲ့ပါတယ်။)

၁၉၇၈-ခုနှစ် နွေဦးမှာ၊ ကွန်မြူနစ်ပါတီထိပ်ပိုင်း အာဏာလွန်ဆွဲမှုတစ်ခုအဖြစ်၊ ယာယီအားဖြင့် ယဉ်ကျေးမှုနယ်ပယ်မှာ
ပြန်လည်ဆန်းသစ်ရေးကာလဆိုတာ ပေါ်လာခဲ့ပါတယ်။ မြေအောက်မှာပဲ ထုတ်ဝေခဲ့ရတဲ့ စာစောင်တွေ၊ ဥပမာ အားဖြင့် “ယနေ့” လို စာစောင်တွေဟာ၊ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဝေလာနိုင်ကြပါတယ်။ တခြားတရားမ၀င် အနုပညာ လုပ်ငန်းတွေ၊ ဓါတ်ပုံပညာနယ်ပယ်အဆုံး လွတ်လပ်ပွင့်လင်းစွာ အ လုပ်လုပ်လာနိုင်ခဲ့ကြပါတယ်။ ဒီလိုဖြစ်လာ တာတွေဟာ တရားဝင်ရေးသားထားတဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေကို အဓိကစိန်ခေါ်တဲ့ အဖြစ်အပျက်
တွေ အနေနဲ့ အာဏာပိုင်တွေကြားမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

“ယနေ့” စာစောင်မှာ၊ အထူးသဖြင့်ကဗျာတွေကို ဦးစားပေးအများဆုံးဖော်ပြပြီး၊ “မောင်စီ” ၊ “ဂူချန်” ၊ “ဒေါ ဒေါ” ၊ “ရှူတင်း”၊ “ယန်လီ”၊ “ယောင်လန်”၊ “ဇန်ဟီ” တို့ရဲ့ စာပေတွေနဲ့ တခြားအဓိကကျတဲ့ ကဗျာဆရာတွေရဲ့ စာပေလက်ရာတွေ၊ ကဗျာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတုန်းက ကျွန်တော်တို့ရဲ့ပုံနှိပ်စက်က အင်မတန်ရှေးကျတဲ့ စက်ကြီးဖြစ်ပြီး၊ ကျွန်တော်တို့ရဲ့ အယ်ဒီတာရုံးခန်းဆိုတာကလည်း မိသားစုလက်မှု လုပ်ငန်းလုပ်တဲ့ အခန်းတစ်ခန်း ထက် နည်းနည်းပဲကျယ်ပါတယ်။ ကျွန်တော်တို့ဟာ နှစ်,နှစ်အတွင်း၊ မဂ္ဂဇင်းကိုးခုနဲ့ စာအုပ်လေးအုပ်ကို ပုံနှိပ်ထုတ်ဝေ ခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ တခြားစာပေလှုပ်ရှားမှုတချို့ကိုလည်း စည်းရုံးလှုပ်ရှားခဲ့ကြပါသေးတယ်။ တက္ကသိုလ် ကျောင်းသား ထုအတွင်းမှာ ကျွန်တော်တို့ရဲ့စာပေလုပ်ငန်းတွေကို လစဉ်ပုံမှန်ဆွေးနွေးညှိနှိုင်းမှုတွေလုပ် ပါတယ်။ ၁၉၇၉-ခု၊ နွေဦး မှာတော့ ဘေဂျင်းမြို့၊ ယူယောင်တန်ပန်းခြံထဲမှာ ကဗျာရွတ်ပွဲတစ်ခုကို ကျွန်တော်တို့ စီစဉ်ခဲ့ကြပါတယ်။ နောင် တချိန်မှာထင်ရှားတဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်လာမယ့် “ချန်ကွေ့” လည်း ပါဝင်ခဲ့ပါတယ်။ ဒီတုန်းကသူက “ဘေဂျင်း” ရုပ်ရှင်အကယ်ဒမီကျောင်းက ကျောင်းသားတစ်ယောက်ပဲရှိ ပါသေးတယ်။ ပုလိပ်တွေဟာ ကျွန်တော်တို့ကို နီးနီးကပ်ကပ် စောင့်ကြည့်ကြပါတယ်။ အမှန်စင်စစ်တော့ ကျွန်တော်တို့ရဲ့ ကဗျာရွတ်သံစာကြောင်းတစ်ကြောင်း ချင်းစီကို၊ လူတစ်ထောင်လောက်က ထိုင်ပြီး စိတ်ပါလက်ပါ နားထောင်ခဲ့ကြတဲ့ကိစ္စဟာ ပုလိပ်တွေအတွက် ပဟေဠိ တပုဒ်ဖြစ်နေခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ။ ကွန်မြူနစ်ပါတီရဲ့ ဒီမိုကရေစီနဲ့တကွ အဲဒီတိုတောင်းလှတဲ့ ခဏပန်းအခြေအနေဟာ အလျင်အမြန် နိဂုံးချုပ်သွားခဲ့ရပြန်ပါတယ်။ “တိန့်ရှောင်ပင်”ဟာ “ဝေဂျင်ရှန်း” နဲ့ တခြားဒီမိုကရေစီ လှုပ်ရှားတက်ကြွသူတွေကို ဖမ်းဆီးဖို့ချက်ချင်းပဲ အမိန့်ပေးပါတော့တယ်။ “ယနေ့”စာစောင်ကို ၁၉၈၀-ခု၊ ဒီဇင်ဘာလထဲမှာ ပိတ်ပစ်ဖို့ အမိန့်ထုတ် ခံရတဲ့အချိန် အာဏာပိုင်တွေက ကျွန်တော့်အပေါ်သံသယရှိခဲ့ကြပါ တယ်။ “ယနေ့” စာစောင်နဲ့ ကျွန်တော်ပါဝင် ပတ်သက်ခဲ့မှုအပေါ် ကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ ဖိအားပေးကြပါတယ်။ ကျွန်တော်ဟာ “ဇင်းဒေါ” မှာ အပျော်ခရီးထွက်နေရာက ချက်ချင်းပြန်လာခဲ့ပြီး အဲ သလိုကိုယ့်ကိုယ်ကို ပြန်လည်ဝေဖန်ရေးလုပ်ဖို့ဆိုတဲ့အလုပ်ကို မလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါရဲ့ အကျိုးသက် ရောက်မှုတော့ကျွန်တော်ဟာ ရာထူးချထားခံရတဲ့ အကျိုးပါပဲ။ တညနေခင်းမှာတော့ ကျွန် တော့်လိုပဲ ရာထူးချထားခံရတဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်က၊ ကျွန်တော်ဟာ အဖမ်းခံရမယ့် စာရင်းထဲမှာ ပါနေတဲ့အကြောင်း ဒီစာရင်းကိုသူ့အနေနဲ့ဌာနတွင်း လျှို့ဝှက်အစီရင်ခံစာထဲမှာ ဖတ်ခဲ့ရတဲ့ အကြောင်း ပြောလာခဲ့ပါတယ်။ ကျွန်တော် လွတ်နိုင်ပါဦးမလား ... ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်ဟာ ညဥ့်နက် သန်းခေါင်တိုင်သည်အထိ စကားပြောခဲ့ကြပါတယ်။ နောက်တော့ ဒီအတိုင်းပဲဆက်ပြီ နေသွား ရင်းအသေအချာ
စောင့်ကြည့်နေဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ရှေ့ကဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အချိန်တော်
တော်ကြာ နောက်တစ်ကြိမ်ထပ်ပြီး ဖြစ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်ဟာ နောက်တစ်ကြိမ် ကံအားလျော်စွာ အသက်ရှင်ရပ်တည်လို့ ရနိုင်ပြန်ပြီလို့ပဲ ခံစားမိ ပြန်ပါတယ်။

“ယနေ့” စာစောင်ကတော့၊ အပိတ်ခံလိုက်ရပါပြီ။ ဒါပေမဲ့ အဲဒီစာစောင်ထဲက ကဗျာတွေကတော့ တရားဝင် ထုတ်ဝေ ခွင့်ရတဲ့ မဂ္ဂဇင်းတွေထဲက ယေဘုယျခေါင်းစဉ်တစ်ခုဖြစ်တဲ့ “မရှင်းလင်းသောကဗျာများ” ခေါင်းစဉ်ရဲ့အောက်မှာ စတင်ထည့်သွင်းဖော်ပြနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံနဲ့အ၀န်း ငြင်းခုန်ဆွေးနွေးကြရ တဲ့ “အဲဒီမရှင်းလင်းတဲ့ ကဗျာတွေ” ဟာ နှစ်များစွာကြာတဲ့အထိအပြင်းအထန် ပျံ့နှံ့ခဲ့ပါတယ်။ လူငယ် စာဖတ်ပရိသတ်ဟာ တရားဝင်ဘာသာဗေဒနဲ့ ထိန်းချုပ်ထားတဲ့ အခြေအနေအတွင်းမှာပဲ အသက်ရှူလို့ရ တဲ့လေအသစ်ကို တွေ့သွားခဲ့ကြပါ တယ်။ အဲဒီ ဆွဲဆောင်ဖမ်းစားမှုကြောင့်ပဲ လူတိုင်းလိုလိုဟာကဗျာ ရေးဖွဲ့တဲ့အလုပ်ကို စိတ်ဝင်စားလာခဲ့ကြပါတယ်။ ကဗျာကလပ်တွေနဲ့ ဆက်သွယ်ပူးပေါင်းလာခဲ့ကြပါ တယ်။ ကဗျာတွေ စုပေါင်းထုတ်ဝေကြပါတယ်။

“ယနေ့” စာစောင်ဟာ ကဗျာဆရာမျိုးဆက်သစ်တစ်ခုရဲ့အပေါ်မှာ သူ့ကိုယ်သူတိမ်တိုက်တစ်ခုလိုဆွဲ ချိတ်ထားနိုင် ခဲ့ပါတယ်။ “တတိယမျိုးဆက်” လို့ ခေါ်တဲ့ ကဗျာဆရာတွေဟာလည်း “ယနေ့ ဂျာနယ် ကဗျာဆရာတွေ” နဲ့ မတူကွဲပြား
ခြားနားလာခဲ့ရပြန်ပါတယ်။ ဘာပြုလို့လဲဆိုတော့ သူတို့ဟာ ယဉ်ကျေးမှု တော်လှန်ရေးနောက်ကျမှ ကြီးပြင်းလာကြတဲ့ ကဗျာဆရာတွေ ဖြစ်လို့ပါပဲ။ သူတို့ဟာ ကောင်းမွန်တဲ့ ပညာရေးနဲ့ ပျော်မွေ့နေကြပါပြီ။ ဒီအထဲက ပမာဏတချို့ အတွက်တော့ သူတို့ဟာသမိုင်းရဲ့ လေးပင်တဲ့ တာဝန်တွေပိပြီး လဲကျသွားနိုင်ပါသေးတယ်။ တချို့ကတော့ ဒီကနေ့ရဲ့ အဖြစ်အပျက်အမှန်တွေကိုပိုပြီး တိုက်ရိုက်မြင်တွေ့နိုင်ကြပါတယ်။ တချို့ကတော့ အဓိကနဲ့ သာမညထဲက မိတ်ဖက် အသံတွေကိုရွေးပြီး ရေးနိုင်သားနိုင်ကြပါတယ်။ ဒီလိုအရေးပါတဲ့ ကဗျာဆရာ အုပ်စုထဲမှာ “ဘေဟွာ”၊ “ဇန်ဇောင်”၊ “ဆီချွန်”၊ “ဟွေယောင်ဂျန်ဂီ”၊ “ဆောင်လင်”၊ “ဇေယောင်မင်း”၊ “ဟန်ဒေါင်”၊ “ဇန်းဇန်” တို့ ပါဝင်ကြပါတယ်။ အများ စုဟာ “ဇီချွန်” ပြည်နယ်က ဖြစ်ကြပါတယ်။ အများစုဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်လာ ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ ကျွမ်းကျင်မှုတွေကို ဖလှယ်ကြဖို့ဆို တဲ့အချက်ကို တွေ့ လာကြပါတယ်။

တီယံအာမင်ယင်ပြင်ပေါ်မှာ သေနတ်သံတွေကြားရပြီးတဲ့ နောက်တစ်နှစ်၊ ၁၉၉၀- ခုနှစ်မှာ တရုတ်ကဗျာဆရာ အုပ်စုတစ်စုဟာ နော်ဝေးနိုင်ငံ “အော်စလို” မြို့မှာ ဆုံကြပါတယ်။ “ယနေ့” စာစောင်ကို ပြန်လည် လန်းဆန်းအောင် လုပ်ဖို့ ဆုံးဖြတ်ကြပါတယ်။ အဲဒီအချိန်ကစလို့ ပြန်ပြီးပုံနှိပ်ထုတ်ဝေလာလိုက်တာ ဒီက နေ့အထိပါပဲ။ “ယနေ့” စာစောင်ရဲ့ နှစ်ပေါင်းနှစ်ဆယ်သမိုင်း ...၊ သူ့ရဲ့ မွေးဖွားခြင်းမှသည် သေဆုံးခြင်း၊ တစ်ခါ ... သူ့ရဲ့ ပြန်လည်
မွေးဖွားခြင်း ...၊ ဒါတွေဟာ ခေတ်ပြိုင်တရုတ်စာပေနယ်ပယ်ထဲက တရုတ် ကဗျာရဲ့ နိုးကြားတက်ကြွခြင်း လက္ခဏာတွေလို့ပဲ ဆိုရပါလိမ့်မယ်။ ။ ။

(THE POETRY OF OUR WORLD  စာအုပ်မှ၊ တရုတ်ကဗျာဆရာ  “BEI DAO” ရဲ့ “HOW THE REVOLUTION OCCURRED IN CHINESE POETRY”  ဆောင်းပါးကို ကောက်နှုတ် ဘာသာပြန်ဆို ပါတယ်။)