www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > တရုတ်တို့၏ မာဆတ်သော နိုင်ငံရေးစနစ်နှင့် လှိုင်းတွန့်စီးပွားရေး

တရုတ်တို့၏ မာဆတ်သော နိုင်ငံရေးစနစ်နှင့် လှိုင်းတွန့်စီးပွားရေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

လူအများစုက ဈေးကွက်စီးပွားရေးစနစ်ဆိုလျှင် ဒီမိုကရေစီနှင့် တွဲမြင်တတ်ကြသည်။ နိုင်ငံရေးအရ ဒီမိုကရေစီစနစ်၊ စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်။ အမေရိကန်အပါအ၀င် စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံများကလည်း ယင်းလမ်းကြောင်း အတိုင်း လျှောက်ခဲ့ကြသည်ပင်။ ဒီမိုကရေစီ၏ အင်စတီကျူးရှင်း (institutions) များကလည်း
ဈေးကွက်စီးပွားရေးကို အထောက်အပံ့ဖြစ်စေကြသည်ပဲဖြစ်သည်။  

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ လောက်ကတော့ ဒီမိုကရေစီကို စိန်ခေါ်ခဲ့သောစနစ်ကြီးတစ်ခု ရှိခဲ့ဖူးသည်။ ဈေးကွက် ကို အစိုးရကအပြည့်အ၀ ထိန်းချုပ်ထားသော၊ ပြည်သူပိုင်ပြုလုပ်ရေးဟူသော အသံတွေနှင့် ခေတ်စားခဲ့သော ကွန်မြူနစ်စနစ် ဖြစ်သည်။ ယင်းစနစ်အောက်တွင် ရုရှားနှင့် အရှေ့ ဥရောပ နိုင်ငံများ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် မြောက်ကိုရီးယားစသည့် နိုင်ငံများကတန်းစီပြီး လိုက်ပါခဲ့ကြသည်။ နောက်ပိုင်းတွင် ယင်းစနစ်ကြီးမှာ ကျဆုံးသွားခဲ့ရသည်။ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျ၊ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ရုရှားအင်ပါယာလည်း ၁၅ နိုင်ငံအထိ ပြိုကွဲသွားခဲ့သည်။

တရုတ်ကတော့ ၁၉၇၉ ခုနှစ် တိန့်ရှောင်ဖိန်၏ လေးမျိုးခေတ်မီရေးနှင့် (လေးမျိုးကောင်းစံဟုလည်းခေါ် ကြသည်။) အတူနိုင်ငံကို ဈေးကွက်စီးပွားရေးစနစ်ဘက်မျက်နှာမူခဲ့သည်။ စီးပွားရေးအရ လွတ်လပ်သော ဈေးကွက်စီးပွားရေး စနစ် ဖြစ်သော်လည်း၊ နိုင်ငံရေးအရ ကွန်မြူနစ်လက်ကျန်တစ်ပါတီ အာဏာရှင်အစိုးရ ဖြစ်နေဆဲဖြစ်သည်။ စီးပွားရေး တိုးတက်မှုနှုန်းက နှစ်ပေါင်း ၃၀ ကျော်အတွင်း ဆယ်ရာခိုင်နှုန်းကျော်ခဲ့ သည်။ သို့သော် အာဏာရှင် ဆန်သော အရင်းရှင်စနစ်ကတကယ်အလုပ် ဖြစ်ပါသလား။ လွန်ခဲ့သော နှစ်ပေါင်းများစွာ တရုတ်ပြည်၏ စီးပွားရေး အံ့ဘနန်းတိုးတက်မှုသည် လူ့သမိုင်းတွင်အမြန်ဆုံးနှင့် အတိုးတက်ဆုံးဖြစ်ခဲ့သည်။ ကမ္ဘာတစ်ဝန်းကပင် အံ့သြခဲ့ ရသည်။ တရုတ်ပုံစံ စီးပွားရေးတိုးတက်မှုက ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် အကောင်းဆုံးဖြစ်သည်ဟု လူများကပင်
တွေးထင်ခဲ့ကြသည်။ အနောက်တိုင်း ဒီမိုကရေစီ၏ အားနည်းချက်များ၊ အလုပ်မဖြစ်မှုများကြောင့် တရုတ်ပုံစံ
ရေရှည်စီးပွား စီမံကိန်းများက အနောက်ကိုကိုင် လှုပ်နိုင်မည်လားဟု တွေးခဲ့ကြသည်။ သို့သော် ၂၀၀၇ ခုနှစ် က စတင်ပြီး တရုတ်စီးပွားရေး တိုးတက်မှုက တစ်ဝက်ခန့်ကျဆင်းခဲ့သည်။ တရုတ်စီးပွားရေးတိုးတက်မှုမှာ စိန်ခေါ်ခံ ခဲ့ရသည်။

ယခုကဲ့သို့ တရုတ်ပြည် စီးပွားရေးကျဆင်းရခြင်း၏ ရလဒ်ကကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ရိုက်ခတ်ခံရသလို၊ တရုတ်ကွန်မြူနစ်ပါတီ၏ အုပ်စိုးမှုသည်လည်း စိန်ခေါ်ခံရမည့်သဘောဖြစ်သည်။

တစ်နှစ် ၁၀ ရာခိုင်နှုန်းခန့်ဖြင့် တရုတ်နိုင်ငံသည် ဆယ်စုနှစ်သုံးခုနီးပါး စီးပွားရေးတိုးတက်ခဲ့သည်။ တရုတ် နိုင်ငံ သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ထုတ်လုပ်မှုတို့ကို စနစ်တကျ တံခါးဖွင့်ပေးခဲ့သည်။ ပို့ကုန် ဦးစားပေး မူဝါဒကို
ဇောင်းပေးခဲ့သည်။ တခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မတူသည်ကတော့ တရုတ်နိုင်ငံကသူတို့၏ ရင်းမြစ်များကို
လောင်စာ၊ အစား အစာကဲ့သို့သော နေရာများတွင်မသုံးဘဲ အထူးစက်မှုဇုန်များ တည်ဆောက်ခြင်း၊ အဝေးပြေး လမ်းမများ၊ မီးရထားလမ်းများနှင့် လေယာဉ်ကွင်းများ တည်ဆောက်ရာတွင် အသုံးပြုခဲ့သည်။ ယခုအခါ ပညာရေး လုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံထားပြီး၊ မကြာမီ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ပိုမိုမြှုပ်နှံ လာနိုင်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွား ရေးအင်အားကြီး နိုင်ငံဖြစ်လာနေသည်။ သို့သော် တရုတ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေမှာမှု အလယ်အလတ် စားနိုင်ငံတစ်ခုအနေသာ ရှိနေသေးသည်။

တရုတ်စီးပွားရေး တိုးတက်နှုန်းမှာမကြာသေးခင်က စတင်ကျဆင်းလာနေသည်။ ကမ္ဘာ့ငွေကြေး အဖွဲ့အစည်း၏ ခန့်မှန်းချက်အရ နောက်လာမည့် နှစ်,နှစ်အတွင်း တရုတ်စီးပွားရေးသည် ၇ ဒသမ ၇၅ ရာ ခိုင်နှုန်းသာ တိုးတက်မည်
ဖြစ်သည်။ ယင်းစီးပွားရေး တိုးတက်နှုန်းထက်လည်း ပိုမိုနိမ့်ကျဖို့သာရှိနေ သည်။ အကြောင်းရင်းကတော့ တရုတ် တစ်ပါတီ အုပ်ချုပ်ပုံစနစ်သည် မကြာသေးမီ ကာလများအတွင်း အမှားအယွင်းများ ရှိလာနေသောကြောင့်
ဖြစ်သည်။

ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းစတင်ရိုက်ခတ်သည့် ၂၀၀၇ ခုနှစ်မှ စတင်ကာ တရုတ်စီးပွားရေးသည် ဆယ်ရာခိုင်နှုန်းကျော် တိုးတက်နေရာမှ စတင်ကျဆင်းလာသည်။ ယင်းပြဿနာကို တရုတ်က ချေးငွေ ပိုမို
ချေးခြင်းနှင့် အခြေခံအဆောက်အအုံများတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးအရတိုးတက်ရန် လှုံ့ဆော် အားပေးခဲ့သည်။ ယင်းနှစ်ခုက ဈေးကွက်၏ ဟန်ချက်ကို တိမ်းစောင်းသွားစေခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဓိကလုပ်ဆောင်ရမည်က ချေးငွေအများအပြား ထုတ်ချေးနေခြင်းနှင့် ရင်နှီးမြှုပ်နှံမှုများကို
 လျှော့ချပြီး၊ ပြည်တွင်းစားသုံးမှုကို ပိုမိုတိုးတက်အောင်လုပ်ရန်ပင် ဖြစ်သည်။ တစ်နည်း ပြောရလျှင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းကြီးများနှင့် ပို့ကုန်ပို့နေသူများအား မျက်နှာသာပေးမှုကို ရပ်တန့်ပြီး၊ ပြည်တွင်းသုံးစွဲမှု
မြင့်မားလာရန် အားပေးဖို့ဖြစ်သည်။ စီးပွားရေးစနစ်ဟောင်းနှင့် အသားကျနေသူများကတော့ အပြောင်းအလဲကို ခုခံလိမ့်မည်ဖြစ်သည်။ တရုတ်အစိုးရအနေနှင့် ပါတီတွင်း ထိပ်ပိုင်း ခေါင်းဆောင်များ နှင့်ဆက်သွယ်နေသော စီးပွားရေးအင်အားကြီး အုပ်စုများကိုဆန့်ကျင်နိုင်မည်လား ဆိုသည်ကတော့ မေး ခွန်းထုတ်စရာ ရှိနေသည်။

တရုတ်ခေါင်းဆောင်များ၏ အဓိကအားသာချက်မှာ မိမိ၏ စီးပွားရေးအခြေအနေကို ကောင်းစွာ သိမြင် နားလည်ခြင်း ဖြစ်သည်။ စီးပွားရေးပညာရှင်ဖြစ်သူ ၀န်ကြီးချုပ်လီခါ့ချင်က မကြားသေးခင်က တရုတ် စီးပွားရေး မူဝါဒများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့သည်။ ၀န်ကြီးချုပ်၏ လမ်းစဉ်အသစ်အရမူ စီးပွားရေး၏ အဓိက အရေးကြီးသောကဏ္ဍများကို ဈေးကွက်အင်အားစုများထံ ပို့ပေးမည်ဖြစ်ပြီး၊ ပြည်တွင်း စားသုံးသူများကို မက်လုံးပေး မှုများ ပြုလုပ်ပေးမည် ဖြစ်သည်။ သို့သော်သူ၏ လမ်းညွှန်ချက်များ မည်မျှ အထိအကောင်ထည်ဖော်နိုင်မည်ကိုတော့ မသိနိုင်သေးပေ။ ၀န်ကြီးချုပ်ဟောင်း ၀မ်ကျားပေါင် လက် ထက်ကလည်း အလားတူဝေဖန်ခဲ့၊ လမ်းညွှန် ဖော်ဆောင် ခဲ့သော်လည်း အကောင်ထည်တော့ ပေါ်မလာခဲ့ပေ။

ပြုပြင်ပြောင်းလဲရေး ပြုလုပ်သည်မှာလွယ်ကူသည်တော့ မဟုတ်ပေ။ ရေရှည်အကျိုးအမြတ်အတွက် ရေတိုနာကျင် ခံရမြဲ ဖြစ်သည်။ အိနိ္ဒယ၊ ဘရာဇီး၊ တောင်အာဖရိက ကဲ့သို့သော ဖွံ့ဖြိုးဆဲအင်အားကြီး နိုင်ငံများလည်း စီးပွားရေး ကျဆင်းနေသည်ပင်။ တိုင်းပြည်စီးပွားရေး တိုးတက်လာတိုင်း ခေါင်းဆောင်အများစုက ခက်ခဲသော ဆုံးဖြတ်ချက် များ ချမှတ်နိုင်ရန် ရှောင်ကြဉ်မြဲဖြစ်သည်။ အကယ်၍ တရုတ်ပြည်အနေဖြင့် မူဝါဒ အသစ်များကို ဖော်ဆောင်နိုင်မည် ဆိုပါက စီးပွားရေး ဆက်လက်တိုးတက်နေမည် ဖြစ်သည်။ သို့ သော်တရုတ်ပြည်အနေဖြင့် ဆုံးဖြတ်ချက် အသစ်များ အား ချမှတ်ဖို့လိုအပ်နေသည်။ တရုတ်အနေဖြင့် စီး ပွားရေး တိုးတက်အောင်ဆက်လက် မဆောင်ရွက်နိုင်ပါက တရုတ်ပုံစံစီးပွားရေးတိုးတက်မှု ဟူသည်တိုး တက်သော်လည်း ယာယီမျှသာဟု ပြောကြမည် ဖြစ်သည်။

Ref : CHINA AT A CROSSROAD
By Fareed Zakaria