www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

ပါတီစနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အင်္ဂလိပ်စကားလုံး (Party) ကို မြန်မာလိုတိုက်ရိုက်မွေးစားထားတဲ့ “ပါတီ” ဆိုတာဟာနိုင်ငံရေးမှာအရေး ပါတဲ့ စကားလုံး ဖြစ်ပါတယ်။ “နိုင်ငံရေး (သို့) ဒီမိုကရေစီ” လို့ ပြောလိုက်တာနဲ့ ပါတီဆိုတာကို တစ်တွဲတည်း သိကြပါတယ်။ “ပါတီ” ဆိုတာကို အင်္ဂလိပ် အဘိဓါန်အဓိပ္ပါယ်မှာ ဖွင့်ဆိုထားတာကတော့ “နိုင်ငံရေးအရတရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကာ အစိုးရဖွဲ့ရန် (သို့) အစိုးရ အဖွဲ့အစည်းတွင် ၀င်ရောက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းသောအဖွဲ့” လို့ အဓိပ္ပါယ် ပေးထားပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့
နိုင်ငံရေးလုပ်ကိုင်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ပါတီလို့ အလွယ်နားလည်နိုင်ပါတယ်။ ပါတီဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်လာပြီဆိုရင်တော့ အဖွဲ့အစည်း ထုံးစံအတိုင်းဖွဲ့စည်းပုံ၊ ရည်မှန်းချက်၊ လုပ်ဆောင်ချက်၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း၊ ပါတီအဖွဲ့ဝင်၊ ပါတီရံပုံငွေ” စသဖြင့် ကဏ္ဍအစုံအလင် ရှိကြပါတယ်။ ရည်မှန်းချက်တွေလည်း ကွဲပြားကြပါ တယ်။ သို့သော် အားလုံးရဲ့ တူညီချက်ကတော့ “နိုင်ငံရေးအရ အာဏာရရှိရေး” ကို ဦးတည်ကြပါတယ်။

ဒီနေရာမှာ ပါတီတွေရဲ့ ဖွဲ့စည်းပုံတွေကို အဓိကပြောချင်တာမဟုတ်ပါဘူး။ ပါတီတွေ အကုန်လုံးပါဝင်တဲ့ ဒီမိုကရေစီ စနစ်ထဲက နိုင်ငံရေးပုံသဏ္ဍန်တွေအကြောင်း ဆွေးနွေးချင်တာပါ။ တစ်နည်းအားဖြင့် နိုင်ငံတစ် ခုရဲ့ “ပါတီစနစ်” အကြောင်း တင်ပြဆွေးနွေးလိုတာ ဖြစ်ပါတယ်။ ပါတီတွေရဲ့ တူညီတဲ့ရည်မှန်းချက်ဟာ “နိုင်ငံရေးအရ အာဏာ ရရှိရေး” ဖြစ်တာကြောင့် ပါတီတွေတည်ရှိပုံ၊ ပါတီတွေယှဉ်ပြိုင်ကြပုံ၊ ပါတီတွေ အစိုးရဖွဲ့ကြပုံတွေဟာ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး တည်ဆောက်တဲ့တိုင်းပြည်တွေမှာအရေးပါပြီး လေ့ လာသင့်တဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

လွတ်လပ်ပြီးစ မြန်မာနိုင်ဟာ ပါတီစုံဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလမှာ ဖဆပလပါတီ
နှစ်ချမ်းကွဲချိန်မှာဦးနေ၀င်းက အိမ်စောင့်အစိုးရဆိုပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါ တယ်။ အဲဒီနောက် ၁၉၆၀ ခုနှစ်၊ ဧပြီလမှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီဖြစ်တဲ့ သန့်ရှင်းဖဆပလပါတီကို အာဏာလွှဲပြောင်း
ပေးခဲ့ပါတယ်။ အာဏာသိမ်းအခြေအနေကနေ ပါတီစုံကို ပြန်သွားခဲ့သေးတယ် လို့ဆိုနိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ
တော့ ဦးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က ဒုတိယအကြိမ် တိုင်းပြည်ရဲ့ အာဏာကို သိမ်းပြီးနောက်ပိုင်းမှာ ပါတီတွေ အကုန်လုံးကိုဖျက်သိမ်းပြီး “တော်လှန်ရေးကောင်စီ”လို့ ခေါ် တဲ့စစ်ကောင်စီနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ရာကနေ ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေကို ပြဌာန်းပြီး “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလပါတီ)” ကို တည်ထောင်ကာ တိုင်းပြည်ကို တစ်ပါတီစနစ်နဲ့ အုပ်ချုပ်ခဲ့ ပါတော့တယ်။ ၁၉၈၈ မှာတော့ အများသိကြတဲ့အတိုင်း ကျောင်းသား အရေးတော်ပုံကနေ စလိုက်တာ တစ်ပြည်လုံးအုံကြွတဲ့ ၈၈၈၈ အရေးတော်ပုံနဲ့အတူ ဦးနေ၀င်းအစိုးရကို ဖြုတ်ချ ခဲ့ကြပါတော့တယ်။ အဲဒီ ၁၉၈၈ ကာလရဲ့ ကြွေးကြော်သံတွေကို ကြည့်ရင် “ဒီမိုကရေစီရရှိရေး”၊ “တစ်ပါတီ အစိုးရပြုတ်ကျရေး” ပါတီ စုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး” စတဲ့ ကြွေးကြော်သံတွေ လွှမ်းမိုးနေတာ သတိထားမိမှာပါ။

အထက်ပါ မြန်မာ့သမိုင်းဖြစ်ရပ်တွေကို ကြည့်ရင် “တစ်ပါတီစနစ်” ၊ “ပါတီစုံစနစ်”စတဲ့ ပါတီစနစ်တွေဟာ နိုင်ငံရေးမှာ အရေးပါလွန်းတယ်ဆိုတာ မြန်မာ့လွတ်လပ်ပြီးခေတ် သမိုင်းဟာ သက်သေအဖြစ် ရေးခဲ့ပြီးပါပြီ။ ဒါကြောင့် ပါတီစနစ်
တွေ အကြောင်း ပိုပြီးလေးလေးနက်နက်သိဖို့ လိုအပ်တယ်လို့ဆိုရတာ ဖြစ်ပါတယ်။

နိုင်ငံရေးကို လေ့လာတဲ့အခါ “ဒီမိုကရေစီစနစ်” နဲ့ “ပါတီစနစ်” ဟာ နက်နက်နဲနဲကို ပက်သက်ဆက်နွယ်နေပြီး “ဒီမိုကရေစီ စံနှုန်းတွေအရ နိုင်ငံတစ်ခုဟာ ဘယ်လောက်အထိ ဒီမိုကရေစီစနစ်မှာအားကောင်းသလဲ ဆိုတာဟာ ပါတီစနစ်တွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံး တန်ဖိုးတစ်ခုဟာ “နိုင်ငံသားတိုင်း နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်နဲ့ တန်းတူညီမျှခွင့် အခွင့်အရေး” ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသားတိုင်း နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်လုပ်ကိုင်နိုင်ဖို့ ဆိုတာမှာ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ်ဖွဲ့ခွင့်ရဖို့၊ ပြည်သူ တိုင်းမိမိတို့ ယုံကြည်တဲ့ ပါတီထဲ ပါတီဝင်အဖြစ် ပါဝင်ခွင့်ရဖို့တွေဟာ အရေးကြီးလာပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီစနစ်အတွက် အခြေခံအကျဆုံးအချက်ဖြစ်တာကြောင့် ပါတီတွေနဲ့ ဒီမိုကရေစီဟာ နက်နက် ရှိုင်းရှိုင်း ဆက်သွယ်နေတယ်လို့ ဆိုရတာပဲဖြစ်ပါတယ်။ အလွယ်ကူဆုံး ပြောရရင်တော့ နိုင်ငံရေးပါတီ တွေမရှိဘဲ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါ။

ပါတီတွေ ဖွဲ့တဲ့အခါမှာလည်း နိုင်ငံသားတိုင်းအတွက် တန်းတူညီမျှခွင့်ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ရပါတယ်။ ဒါမှ ဒီမိုကရေစီစနစ်ပီသမှာ ဖြစ်ပါတယ်။ ပြည်သူတစ်ယောက်ဟာ ပါတီတစ်ခုကိုမကြိုက်လို့ အခြားပါတီကို
ထောက်ခံဖို့ (သို့)ပါတီဝင်အဖြစ် ၀င်ရောက်လုပ်ကိုင်ဖို့ (သို့) မိမိကိုင်တိုင်ပါတီတည်ထောင် ခွင့်တွေကို ရွေးချယ်ခွင့် အခွင့်အရေးအဖြစ် ရှိသင့်ပါတယ်။ ရွေးချယ်ခွင့်မရှိဘဲ ပါတီတစ်ခုတည်းရှိတဲ့ စနစ် ဆိုရင် “လွတ်လပ်ခွင့်”၊ “တန်းတူညီမျှခွင့်” ရှိတယ်လို့ ခေါ်လို့ရနိုင်မယ် မထင်ပါ။ အဲဒီအခါ နိုင်ငံတစ်ခုမှာ ပါတီတစ်ခုတည်းရှိတဲ့ “တစ်ပါတီ စနစ်” ဟာ လွတ်လပ်စွာ နိုင်ငံရေးလုပ်ပိုင်ခွင့်၊ တန်းတူညီမျှခွင့်တွေနဲ့ ဆန့်ကျင်ပြီး ပါတီတည်ထောင်ခွင့်ကို တိုက်ရိုက် (သို့) သွယ်ဝိုက်တဲ့ နည်းတွေနဲ့ ကန့်သတ်ထားတာတွေ ဖြစ်နေတယ်ဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာလက်ရှိ တရုတ်ပြည်နဲ့ ကွန်မြူနစ်ပါတီ၊ ၁၉၇၄ - ၁၉၈၈ အတွင်း မြန်မာပြည်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။

တချို့နိုင်ငံတွေမှာတော့ တစ်ခုထက်ပိုတဲ့ ပါတီတွေရှိပေမယ့် ပါတီစုံစနစ်လို့ မခေါ်နိုင်ဘဲ တစ်ပါတီစနစ် ဖြစ်နေတတ် တာလည်း ရှိပါတယ်။ တစ်ခုထက်ပိုတဲ့ပါတီတွေ ရှိပေမယ့်ဘာကြောင့် တစ်ပါတီစနစ် ဖြစ်နေရသလဲဆိုတော့ ပါတီတစ်ခုတည်းဟာ နိုင်ငံတစ်ခုရဲ့ အာဏာသုံးရပ်လုံး (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) မှာ လွှမ်းမိုး ချုပ်ကိုင်နေတာမျိုး ဖြစ်နေပြီး အခြားသောပါတီတွေအတွက် အခွင့်အရေး လုံးဝမရှိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဆိုပုံစံကိုလည်း ပါတီစုံစနစ်လို့မခေါ်ဘဲ တစ်ပါတီစနစ် လို့ သတ်မှတ်ရတာဖြစ်ပါတယ်။ ဥပမာ စင်ကာပူ
နိုင်ငံနဲ့ ပြည်သူ့လှုပ်ရှားမှုပါတီလို့ ခေါ်လို့ရမယ့် People's Action Party (PAP) ဖြစ်ပါတယ်။ PAP ပါတီဟာ ၁၉၅၉ ကတည်းကနေ အာဏာရရှိလာပြီး ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှာ PAP ပါတီတစ်ခုတည်းကသာ လွှမ်းမိုးချုပ်ကိုင်နေတာကြောင့် တစ်ပါတီစနစ်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။ သူ့နောက်ကပ်လျက်မှာတော့ အလုပ်သမား ပါတီလို့ ခေါ်လို့ရ မယ့် workers’ party ဟာ ဒုတိယအင်အားအကြီးဆုံးဖြစ်ပေမယ့် ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် တဲ့နေရာမှာ PAP ပါတီက စုစုပေါင်း ၈၇ နေရာမှာ ၈၁ နေ ရာ အနိုင်ရပါတယ်။ PAP ပါတီဟာ စုစုပေါင်း မဲအရေအတွက်ရဲ့ ၆၀ ဒသမ ၁၄ ရာခိုင်နှုန်းနဲ့ အနိုင်ရတာကို တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ စင်ကာပူနိုင်ငံမှာလိုပဲ ပါတီတွေ လွတ်လွတ်လပ်လပ်ဖွဲ့ခွင့်ရှိပေမယ့် တစ်ပါတီစနစ်ပုံစံရှိတဲ့ နိုင်ငံတွေကတော့ တောင်အာဖရိကနိုင်ငံ၊ အီရန်နိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ လက်ရှိ မြန်မာနိုင်ငံစတဲ့နိုင်ငံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

အထက်ပါပုံစံ တစ်ပါတီနိုင်ငံတွေကတော့ ဒီမိုကရေစီစနစ်လို့ခေါ်ဖို့ ခဲယဉ်းပါတယ်။ သို့သော် မဟုတ်ဘူး လို့လည်း
ပြောဖို့ ကတော့ခက်ပါတယ်။ သူ့ကို အယောင်ပြဒီမိုကရေစီလို့ ခေါ်လို့ရနိုင်မယ် ထင်ပါတယ်။ သူ့မှာအယောင်ပြ ဒီမိုကရေစီပုံစံ အပေါ်ယံအချက်တွေဖြစ်တဲ့ ပါတီစုံရှိတာ၊ လွတ်လပ်စွာမဲပေးခွင့်ရှိတာ၊ ရွေးကောက်ပွဲရှိတာ၊ လွှတ်တော်မှာ အတိုက်အခံပါတီတွေက လူနည်းနည်းရှိတာ” စတဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ရှိနေလို့ပဲ
ဖြစ်ပါတယ်။ နိုင်ငံရေးလွတ်လပ်ခွင့် ပြည့်ဝမှုနဲ့တိုင်းရင်တော့ အငြင်းပွားစရာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အဲဒီလိုပါတီစုံရှိရဲ့သားနဲ့ ဘာကြောင့် တစ်ပါတီစနစ်ရှိနေတာလဲဆိုတာ ကိုတော့ နိုင်ငံတစ်ခုချင်းသီးခြား
လေ့လာရမယ် ထင်ပါတယ်။ ယေဘူယျချပြီးတော့ ပြောဖို့ အဆင်မပြေ နိုင်ပါဘူး။ အခြေခံအားဖြင့်တော့ အဆိုပါနိုင်ငံ
တွေဟာ ပါတီစုံစနစ်ဖြစ်လာဖို့ အားမပေးတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ နိုင်ငံရေး အခြေအနေတွေ ဖြစ်နေလို့ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါတစ်ပါတီစနစ်ဟာ နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် အခွင့်အရေးနဲ့ တန်တူညီမျှခွင့်ကို အနည်းနဲ့အများ ဖယ်ကျဉ်ထားတဲ့ စနစ်ဖြစ်နေ တာကြောင့် ဒီမိုကရေစီစနစ် (စစ်စစ်) အဖြစ် “တစ်ပါတီစနစ်” ကို သတ်မှတ်ကြဖို့ ခက်ခဲပါတယ်။ ပါတီ တစ်ခုတည်းက တိုင်းပြည်ရဲ့ အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတာကြောင့် လူနည်းစုလူမျိုးစုတွေရဲ့ မတူ တဲ့အမြင်တွေနဲ့ မတူတဲ့အခွင့်အရေးတွေ ငြင်းပယ်ခံရလေ့ရှိတာကို တစ်ပါတီစနစ်
နိုင်ငံတွေမှာ တွေ့ရ လေ့ရှိပါတယ်။

တစ်ပါတီစနစ်ကို ကြည့်ပြီးတဲ့အခါမှာတော့ ဒီမိုကရေစီစနစ် (စစ်စစ်) မှာ အနည်းဆုံးတော့ နှစ်ပါတီ (သို့) နှစ်ပါတီ ထက်ပိုတဲ့ ပါတီတွေရှိရမယ်လို့ ဆိုလိုသလိုဖြစ်လာပါတယ်။ ဒီအခါ နှစ်ပါတီတည်းရှိတဲ့စနစ်ကို နှစ်ပါတီစနစ် (two parties system) လို့ ခေါ်ဆိုသတ်မှတ်ကြပါတယ်။ နှစ်ပါတီဆိုတာဟာ ပါတီတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိလို့ ပါတီတွေအများကြီးရှိပေမယ့် ပါတီကြီးနှစ်ခုကသာအစိုးရဖွဲ့နိုင်ဖို့၊လွှတ်တော် မှာအသာစီးရဖို့ သူနိုင်ကိုယ်နိုင် အပြိုင်ယှဉ်ပြိုင်ရတဲ့စနစ်ကို နှစ်ပါတီစနစ်လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ ယူကေနိုင်ငံက ကွန်ဆာဗေးတစ်ပါတီ (Conservative Party) နဲ့ လေဘာပါတီ (Labour Party)၊ အမေ ရိကန်က ဒီမိုကရက်တ်ပါတီ (Democratic Party) နဲ့ ရီပါဗလစ်ကန်ပါတီ (Republican Party) တို့ ဖြစ် ကြပါတယ်။ သူတို့နိုင်ငံတွေမှာ ပါတီနှစ်ခုတည်း ရှိကြတာတော့ မဟုတ်ပါဘူး။ ပါတီအသေးလေးတွေ ရှိ ပေမယ့် ပါတီကြီးနှစ်ခုတည်းက လွှမ်းမိုးထားတဲ့ အခြေအနေဖြစ်လို့
နှစ်ပါတီစနစ်လို့ ခေါ်ကြတာ ဖြစ်ပါ တယ်။ သို့သော် လက်ရှိယူကေနိုင်ငံ ပါတီစနစ်ကိုတော့ ၂ ဒသမ ၅ ပါတီစနစ်လို့
ခေါ်လို့ရမယ် ထင်ပါ တယ်။ ပါတီကြီး နှစ်ခုအပြင် သူတို့လောက်အားမကောင်းပေမယ့် အတော်အသင့် အားကောင်းတဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက လက်ရှိအစိုးရအဖွဲ့မှာ ညွန့်ပေါင်းအစိုးရအဖြစ်နဲ့ ပါဝင်နေလို့ ဖြစ်ပါတယ်။ ။

(နိဂုံးပိုင်း)

တစ်ပါတီစနစ်နဲ့ နှစ်ပါတီစနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ အာဏာအလွှဲအပြောင်းကိစ္စနဲ့ အတိုက်အခံ ပါတီရှိခြင်း
ဖြစ်ပါတယ်။ တစ်ပါတီစနစ်မှာ တစ်ပါတီတည်းကြီးစိုးပြီး တစ်ပါတီတည်းက အုပ်ချုပ်ပါတယ်။ အာဏာကို အခြားပါတီကို အလွှဲအပြောင်းဆိုတာမရှိတဲ့ စနစ်ဖြစ်ပါတယ်။ အတိုက်အခံပါတီဆိုတာ မရှိပါ။

နှစ်ပါတီစနစ်မှာတော့ နှစ်ပါတီရှိပေမယ့် တစ်ပါတီက အုပ်ချုပ်ပြီး၊ အုပ်ချုပ်တဲ့ပါတီကို ပြည်သူတွေက မထောက်ခံ
တော့ရင် ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီကို တိုင်းပြည်ရဲ့အာဏာ လွှဲပေးရတဲ့ ဖြစ်ရပ်မျိုး ဖြစ်စေတတ်ပါတယ်။ ထိုအခါမှာ အာဏာလွှဲပြောင်းပေးလိုက်ရတဲ့ ပါတီဟာ အတိုက်အခံပါတီ ပြန်ပြီး ဖြစ်လာ ပါတယ်။ ဒါကြောင့် ပါတီနှစ်ခုဟာ လူထုရဲ့ ထောက်ခံမှုကိုရအောင် အပြိုင်ကြိုးစားလာရပါတော့တယ်။

လူထုထောက်ခံမှ သူတို့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဒီအခါ ပြည်သူရဲ့ဆန္ဒဟာ နှစ်ပါတီစနစ်မှာ တစ်ပါတီ စနစ်ထက်ပိုပြီး အရေးပါလာပါတော့တယ်။ တစ် ပါတီစနစ်မှာ ပြည်သူ ထောက်ခံသည် ဖြစ်စေ၊ မထောက်ခံသည်
ဖြစ်စေ အချိန်တန်ရင် တစ်ခုတည်းရှိတဲ့ပါတီက အုပ်ချုပ်တာ ဖြစ်တာကြောင့် ပြည် သူရဲ့ ဆန္ဒတွေဟာ အရေးမပါသလို
ဖြစ်နေတတ်ပါတယ်။ နှစ်ပါတီစနစ်မှာတော့ ပြည်သူရဲ့ထောက်ခံမှုရ မှ အစိုးရဖွဲ့တာ၊ ဥပဒေပြုတာ လုပ်လို့ရနိုင်မှာမို့
ပြည်သူ့ထောက်ခံမှုကို ရအောင် နှစ်ပါတီကအပြိုင်ကြိုးစား ရတာကြောင့် ပြည်သူ့ဆန္ဒဟာ အရေးပါလာပါတယ်။ အနိုင်ရပါတီဟာ အမှားအယွင်းတွေ လုပ်လာရင် အတိုက်အခံပါတီကနေ ထောက်ပြတာကြောင့် အာဏာရပါတီဟာ စိတ်ထင်တိုင်း လုပ်လို့မရဘဲ မိမိ လုပ် ဆောင်မှုတွေကို ဂရုစိုက် တာဝန်ယူလာရပါတယ်။ ဒီအခါ ပြည်သူ့အကျိုး အစစ်အမှန်ကို ရှေးရှုတဲ့လုပ်ရပ် တွေကို ပါတီတွေက ကြိုးစားဆောင်ရွက်လာကြပြီး ပြည်သူသာလျှင် အဓိကဆိုတာမျိုး အနည်းနဲ့အများ တော့ ဖြစ်လာပါတယ်။

နှစ်ပါတီစနစ်အပြင် နှစ်ပါတီတဲ့ပိုတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ဆိုတာလည်း ရှိပါသေးတယ်။ နိုင်ငံတွင်းမှာ နှစ်ပါတီထက် ပိုတဲ့ ပါတီတွေက လွှတ်တော်နဲ့အစိုးရဖွဲ့စည်းရာမှာ ပါဝင်တာမျိုးကို ပါတီစုံဒီမိုကရေစီလို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ်။ ပါတီစုံစနစ်မှာ လွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်းမှာ ပါတီတွေဟာ အင်အား တစ်ခုနဲ့တစ်ခု အပြတ်အသတ် အသာစီးမရကြတာကြောင့် ဥပဒေပြုတာမှာဖြစ်ဖြစ်၊ အစိုးရဖွဲ့တာမှာဖြစ်ဖြစ် ပါတီတစ်ခုတည်းရဲ့ သဘောထားနဲ့ လုပ်လို့ မရတော့ပါဘူး။ ပါတီနှစ်ခု၊ သုံးခု စုပေါင်းပြီး အစိုးရဖွဲ့တဲ့ ညွန့်ပေါင်းအစိုးရတွေ ဖြစ်လာပါတယ်။ ဥပဒေ တစ်ခု ပြဌာန်းဖို့ ပါတီတွေအများစုက သဘော တူမှလုပ်နိုင်တာ ဖြစ်လာပါတယ်။ နိုင်ငံအတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ပါတီတစ်ခုတည်းက လုပ် ချင်တိုင်း လုပ်လို့ မရတော့ပါဘူး။ ပါတီစုံ နိုင်ငံတွေကို စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ အတွေ့များ ရပါ တယ်။ ဥပမာ ဖင်လန်၊ ဆွီဒင်၊ နော်ဝေစတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပါတီတွေဟာ မတိမ်း မယိမ်းအနိုင်ရကြပြီး ကိုယ်စားလှယ်အများဆုံးရတဲ့ပါတီက ဦးဆောင်ပြီး မိမိနဲ့ ပါတီမူဝါဒကွဲပြားမှု သိပ်မရှိ တဲ့ပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့ပါတယ်။ အစိုးရဖွဲ့ရာမှာ မပါတဲ့ ပါတီတွေကိုတော့ အတိုက်အခံပါတီ တွေလို့ သတ်မှတ်ပါတယ်။ အစိုးရအဖွဲ့ဟာ ပါတီတစ်ခုတည်းကဖွဲ့တာ မဟုတ်တာကြောင့် လူတန်းစား တစ်ခု၊ လူမျိုးတစ်မျိုးတည်းကို ကိုယ်စားပြုတာမျိုးမဟုတ်ဘဲ လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံကို ကိုယ်စားပြုနေတာမျိုး ဖြစ်တာကြောင့် လူနည်းစုတွေကို ထိခိုက်တာမျိုးတွေကို မလုပ်နိုင်တာမျိုး ဖြစ်လာပါ တယ်။

တစ်ပါတီစနစ်၊ နှစ်ပါတီစနစ်၊ ပါတီစုံစနစ်တွေရဲ့ အဓိကကွာခြားချက်ကို ပြောရမယ်ဆိုရင် တစ်ပါတီစနစ်ဟာ အာဏာရှင်စနစ်ပုံစံနဲ့ ဆင်တူပြီး အာဏာအလွှဲအပြောင်းမရှိဘဲ တစ်ပါတီတည်းက အုပ်ချုပ်၊ တစ်ပါ တီရဲ့သဘောနဲ့ လုပ်ချင်ရာ လုပ်တဲ့စနစ် ဖြစ်ပါတယ်။ တစ်ပါတီစနစ်မှာ အတိုက်အခံဆိုတာ မရှိပါ။

နှစ်ပါတီ စနစ်ကတော့ တစ်ပါတီတည်းက အုပ်ချုပ်ပေမယ့် ရွေးကောက်ပွဲတွေမှာ အာဏာအလှည့်အပြောင်း ရှိနိုင်ပြီး
ပြည်သူက ထောက်ခံတဲ့ပါတီက အာဏာရလာနိုင်ပြီး အတိုက်အခံ ပါတီလည်းရှိတာကြောင့် နိုင်ငံရေးမှာ အားမျှမှု ရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာ နှစ်ခုထဲကတစ်ခုကို ပြတ်ပြတ်သား သား ရွေးချယ်နိုင်ပြီး ပြည်သူက မိမိတို့ ပါတီကို ထောက်ခံဖို့ရာ ကြိုးစားရတာကြောင့် ပြည်သူ့ဆန္ဒကို ရှေ့ တန်းတင် ဆောင်ရွက်ရတာတွေ ရှိပါတယ်။

ပါတီစုံစနစ်နဲ့ နှစ်ပါတီစနစ်ရဲ့ အဓိက ကွာခြားချက်ကတော့ နှစ်ပါတီစနစ်မှာ အစိုးရအဖွဲ့ဟာ ပါတီတစ်ခုတည်းကနေ ဖွဲ့ရတာကြောင့် တိုင်းပြည်အတွက် လုပ်သင့်တယ် ထင်တာကို လုပ်ဆောင်ရာမှာ ထိထိမိမိ အတားအဆီးမရှိ လုပ်ကိုင်
နိုင်ပြီး လုပ်ငန်းတွေ ပြီး မြောက်အောင်မြင်မှု မြန်ဆန်နိုင်ပါတယ်။ ပါတီစုံမှာ တော့ အစိုးရဟာ ပါတီနှစ်ခု (သို့) နှစ်ခု
ထက်ပိုတဲ့ပါတီက လူတွေနဲ့ စုပေါင်းဖွဲ့ထားရတာကြောင့် နိုင်ငံရဲ့ ကိစ္စတွေကို ဆုံးဖြတ်လုပ်ကိုင်ရာမှာ နှေးကွေးတာ မျိုးနဲ့ ကြုံရလေ့ ရှိပါတယ်။ သို့သော် ပါတီစုံစနစ်ရဲ့ အား သာချက်ကတော့ လူမျိုးတစ်မျိုး၊ အဖွဲတစ်ဖွဲ့တည်းက လုပ်ချင်ရာလုပ်လို့မရတော့ဘဲ အားလုံးညှိနှိုင်း ဆောင်ရွက်ရတာကြောင့် ပြည်သူအများရဲ့ သဘောဆန္ဒကို တန်ဖိုးထားပြီး လုပ်ဆောင်ရလေ့ ရှိပါတယ်။

ဒီအခါ တိုင်းပြည်အတွင်း တန်းတူအခွင့်အရေး ရရှိမှုတွေကို ပိုပြီး ကိုယ်စား ပြုရာ ရောက်ပါတယ်။ ပါတီစနစ်တွေကို လက်ရှိဖြစ်ရပ်နဲ့နှိုင်းပြီး ပြောရလျှင်- ရခိုင်ကနေ တရုတ်ပြည်ကို သွယ်တန်းတဲ့ ဂစ်(စ)ပိုက် လိုင်းကိစ္စမျိုးမှာ တစ်ပါတီ စနစ် (သို့) အာဏာရှင်စနစ်မှာဆိုလျှင် ယခု မြန်မာပြည်မှာဖြစ်တဲ့ ဖြစ်ရပ်အတိုင်း အစိုးရက မိမိသဘောနဲ့ လုပ်ချင်ရာ လုပ်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ သဘောဆန္ဒကို ထည့်မတွက်ဘဲလုပ်တာမျိုး ဖြစ်ပါ လိမ့်မယ်။ သို့သော် အာဏာရှင် စနစ်မှာတော့ ပိုက်လိုင်းတစ်လျှောက်က ဒေသ ခံတိုင်းရင်းသားတွေရဲ့ အကျိုးထိခိုက်မှုကိုထည့်မတွက်ဘဲ လုပ်ချင်ရာ လုပ်ပါလိမ့်မယ်။

တစ်ပါစီစနစ်မှာတော့ ပြည်သူရဲ့ အကျိုးထိခိုက်မှုကို တစ်စုံတစ်ရာထည့်ထွက်ပြီး စဉ်းစားဆောင်ရွက်ပါ လိမ့်မယ်။ သို့သော် မသေချာပါ။ အစိုးရအဖွဲ့ရဲ့ တာဝန်ယူတတ်မှု (သို့) စိတ်ကောင်းရှိမှုပေါ်မှာသာမူတည် ပါလိမ့်မယ်။
ပြည်သူ့အကျိုးကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ်ဆိုတဲ့ ထိန်းကျောင်းတဲ့စနစ် မရှိလို့ ဖြစ်ပါတယ်။

နှစ်ပါတီစနစ်မှာတော့ ပိုက်လိုင်းမစခင် တရုတ်ပြည်နဲ့ စတင်ဆွေးနွေးကတည်းက လုပ်ဆောင်သင့် မသင့်ကို ပါတီနှစ်ခု အပြိုင်အဆိုင် ဆွေးနွေးငြင်းခုန်ကြပြီး ပြည်သူကိုလည်း အသိပေးကာ လူများစုရဲ့ သဘော တူညီမှုကိုရယူပြီး
ဆောင်ရွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အနိမ့်ဆုံးကတော့ ပြည်သူကို သေချာပေါက် အသိပေးပါလိမ့်မယ်။ ပြည်သူ မသိဘဲ သဘောတူလက်ခံခဲ့ပြီး “စက်ယန္တယားတွေနဲ့ အလုပ်လုပ်တော့မှ ပြည်သူတွေက သိရတာမျိုး လုံးဝ မဖြစ်နိုင်ပါ။
ပြည်သူတွေရဲ့ နစ်နာချက်ကို ထည့်တွက်ပြီး ဆောင်ရွက် ပေးသင့်တာတွေကို ဆောင်ရွက် ပါလိမ့်မယ်။ ပြည်သူ့ နစ်နာချက်ကို ထည့်သွင်းမလုပ်ဆောင်ရင် နောက် တစ်ကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရပါတီဟာ အစိုးရဖွဲ့ နေရာ ကနေ အတိုက်အခံအဖြစ် အာဏာမဲ့ ဘ၀ကို ရောက်သွားနိုင်လို့ ဖြစ်ပါတယ်။ စနစ်က ထိန်းကျောင်းသွားတာ
ဖြစ်ပါတယ်။

ပါတီစုံ ဒီမိုကရေစီစနစ်မှာဆိုရင် ဂစ်(စ) ပိုက်လိုင်းသွယ်တန်းဖို့ကိစ္စကို အလွယ်တကူ လုပ်နိုင်မှာမဟုတ်ဘဲ လွှတ်တော်မှာ အကြီးအကျယ် ဆွေးနွေးတာတွေ လုပ်ရပါလိမ့်မယ်။ ပိုက်လိုင်းတည်ဆောက်တာကို
ဆောက်ဖြစ်ချင်မှ ဆောက်ဖြစ်ပါလိမ့်မယ်။ အစိုးရ (သို့) လွှတ်တော်က သဘောမတူလို့ မဆောက်လုပ် ဖြစ်တာမျိုး လည်း ဖြစ်လာနိုင်ပါတယ်။ ပိုက်လိုင်း ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်က ဒေသခံ ပြည်သူတွေအားလုံးရဲ့ သဘောတူညီချက်ဟာ အဓိကအခရာ ကျလာပါလိမ့်မယ်။ လူမျိုးတစ်မျိုး၊ လူအုပ်စု တစ်အုပ်စုတည်းရဲ့ သဘောထား က အခရာမကျတော့ပါဘူး။ လွှတ်တော်မှာ အနိုင်ရတဲ့ပါတီတွေဟာ မိမိ တို့ ကိုယ်စားပြုတဲ့ဒေသက ပြည်သူတွေ၊ မိမိတို့ကို ထောက်ခံတဲ့ဒေသက လူတွေရဲ့ သဘောထားကို အဓိ ကထား စဉ်းစားကြလို့ ဖြစ်ပါတယ်။ ပါတီတွေ အားလုံးက သဘောတူလုပ်ဆောင်ခဲ့လျှင်လည်း စီးပွားရေး ငွေကြေးအကျိုးအမြတ်ထက် ပြည်သူတွေရဲ့နစ်နာမှုကို ဦးစားပေး ဆောင်ရွက်ပေးရတဲ့အလုပ်တွေကို ကျေနပ်အောင် ပြန်လည် အစားထိုးတာတွေကို အရင်လုပ်ကိုင်ပေး တာတွေ ဖြစ်လာပါလိမ့်မယ်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကြီးအကျယ် ထည့်တွက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ ကတော့ အာဏာရှင်စနစ်နဲ့ တစ်ပါတီစနစ်ကြားက စနစ်ပဲ ဖြစ်သေးတာကြောင့် ပြည်သူရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်မှာ ကြီးကြီးမားမားမရှိသေးဘဲ အစိုးရအနေနဲ့ ပြည်သူသဘောတူတူ၊ မတူတူ လုပ်ချင်ရာ လုပ်တာတွေကို ကြုံတွေ့နေရတုန်း ဖြစ်ပါတယ်။ ပြည်သူ့သဘောထား ဆန္ဒကို လေးလေး နက်နက် ထင်ဟပ်ဆောင်ရွက်တာမျိုးတွေကို မတွေ့ရပါဘူး။ ပြည်သူ့ဆန္ဒကို ထင်ဟပ်အောင် ဆောင်ရွက် စရာ မလိုအောင် ပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်အာဏာကို ရယူထားလို့ ဖြစ်ပါတယ်။

အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီကြီးတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးက လွှတ်တော် ကိုယ်စားလှယ်နေရာတွေမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အင်အားရှိတဲ့ အမျိုးသားဒီမိုကရေစီ ပါတီအနေနဲ့ လွှတ်တော်ကိုယ် စားလှယ်နေရာ အများအပြားအနိုင်ရပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ယှဉ်ပြိုင်လာနိုင်မယ့် အနေအထား ရှိလာရင်တော့
နှစ်ပါတီစနစ်ကို ဖြစ်ပေါ်လာနိုင်မှာ ဖြစ်ပါတယ်။ သို့သော် ၂၀၀၈ အခြေခံ ဥပဒေအရ နိုင်ငံရဲ့အာဏာကို တပ်မတော် က အများအပြား ရယူထားတာကြောင့် နှစ်ပါတီစနစ်ပုံစံ (စစ် စစ်) ဖြစ်လာဖို့ကတော့ ဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေထဲက တပ်မတော်နဲ့ မဆိုင်တဲ့ အာဏာတွေ ဖယ်ထုတ်ပြီးနောက် တိုင်းပြည်မှာ ဒီထက်ပိုပြီး အားကောင်းတဲ့ နိုင်ငံရေး ပါတီသစ်တွေ ထပ်မံပေါ်ပေါက်လာပြီး ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ပြည်သူ့ဆန္ဒကို ပိုမိုထင်ဟပ်တဲ့ နိုင်ငံတစ်ခုအဖြစ်ဖြစ်ပေါ် လာနိုင်ဖို့ကတော့ အတော့်ကို အလှမ်းဝေးကွာနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။ ပြည်သူတွေနဲ့ နိုင် ငံရေးမှာ ပါဝင် လှုပ်ရှားသူတွေဟာ မည်ကဲ့သို့သော ပါတီစနစ်ကို အကောင်အထည် ဖော်ကြမယ်ဆိုတာ ကတော့ အနာဂတ်မြန်မာပြည်ရဲ့ကံကြမ္မာ အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။

တစ်ပါတီလား၊ နှစ်ပါတီလား၊ ပါတီစုံလား (သို့) တစ်ပါတီဆိုတဲ့ ဒီမိုကရေစီဆိုရုံမျှ ဟန်ပြ ဒီမိုကရေစီလား၊ နှစ်ပါတီ ဆိုတဲ့ ဒီမိုကရေစီစနစ် နဲ့ လူများစုရဲ့ဆန္ဒလား၊ ပါတီစုံဆိုတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ ဆန္ဒအများစုကိုပါ
လေးစား တန်ဖိုးထားတဲ့ နက်နက်ရှိုင်းရှိုင်း ဒီမိုကရေစီ စနစ်လားဆိုတာကတော့ “ပြည်သူ တွေအားလုံးနဲ့
နိုင်ငံရေးသမားတွေအားလုံးက နိုင်ငံရေး သတိရှိရှိနဲ့ စဉ်းစားရွေးချယ် အကောင်အထည် ဖော်ရမယ့် တာဝန်သာ
ဖြစ်ပါကြောင်း။