ဒီမိုကရေစီနိုင်ငံများ၏ မတူညီသော စီမံအုပ်ချုပ်ပုံများ

ပရင့်ထုတ်ရန်

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်တွေလို့ ပြောလိုက်တာနဲ့ အဲဒီတိုင်းပြည်တွေ တစ်ခုနဲ့တစ်ခုကြားမှာ “စီမံခန့်ခွဲပုံ
တွေနဲ့ အုပ်ချုပ်ပုံတွေ” မတူကြတာကို သတိထားမိမှာပါ။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တယ် ဆိုတာဘာလဲ။ ဒီမိုကရေစီနဲ့ အုပ်ချုပ်တဲ့ ပုံစံဘယ်နှစ်မျိုးလောက် ရှိသလဲ။ ဒါတွေဟာ မေးစရာတွေ ဖြစ်လာပါတယ်။

လက်တွေ့မှာကြည့်ရင်လည်း ကမ္ဘာတစ်လွှားက ဒီမိုကရေစီတိုင်းပြည်တွေမှာ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့
 ဖွဲ့စည်းပုံတွေ မတူညီကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ အစိုးရအဖွဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ဒါ့အပြင် နိုင်ငံရေးပါတီများ၊ လူမှု အခြေပြု လူ့အဖွဲ့အစည်းများစတဲ့ အဖွဲ့အစည်းတွေမှာ “မတူညီတဲ့ ဖွဲ့စည်းပုံတွေ၊ မတူညီတဲ့ ရွေးကောက်တင်မြှောက်မှုတွေ” ရှိကြပါတယ်။ ဒါ့အပြင် အဆိုပါ အဖွဲ့အစည်းတွေနဲ့ တည်ဆောက်ထားတဲ့ ဒီမိုကရေစီစနစ်ကြီး တစ်ခုလုံးကို အသက်သွင်းထားကြပုံတွေလည်း မတူကြပါဘူး။

သို့သော် သေချာလေ့လာကြည့်မယ် ဆိုရင်တော့ ဒီမိုကရေစီဆိုင်ရာ အုပ်ချုပ်မှုပုံစံတွေဟာ စနစ်နှစ်ခု အတွင်းမှာ လည်ပတ်နေတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။ အဲဒီ စနစ်တွေကတော့ ၁။ လူများစု သဘောထားနဲ့ စီမံအုပ်ချုပ် တဲ့ (Majoritarian) စနစ်နဲ့  ၂။ အများသဘောတူအောင် ညှိနှိုင်းဆောင်ရွက်ရသော (Consensual) စနစ်တို့
ဖြစ်ကြပါတယ်။

ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အခြေခံကျကျ ကြည့်မယ်ဆိုရင်တော့ အမေရိကန် သမ္မတလင်ကွန်းရဲ့ နာမည်ကျော် စကားကို ကိုးကားလို့ ရနိုင်ပါလိမ့်မယ်။ သူ့အဆိုအရ ဒီမိုကရေစီတိုင်းပြည်မှာ အစိုးရဆိုတာ ပြည်သူ့ထံမှ
ပေါက်ဖွားလာတာ (By the people) လို့ ဆိုခဲ့ပါတယ်။ ဒီတော့ ပြည်သူတွေ အများစုက (စစ် စစ်မှန်မှန်နဲ့) ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရဟာ ဒီမိုကရေစီ အစိုးရပါပဲ။ ကိုယ်စားပြုဒီမိုကရေစီစနစ် (Representative Democracy) မှာ ပြည်သူက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အများစုက တိုင်းပြည် ကို စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီ အတွက် အစိုးရဟာ ပြည်သူကနေ ပေါက်ဖွားလာတဲ့ ပုံစံ ဖြစ်ပါတယ်။

သို့သော် လင်ကွန်းရဲ့စကားက “ပြည်သူ့ ထံမှပေါက်ဖွားလာတယ် (by the people) ဆိုတာနဲ့ မရပ်ပါဘူး။ ဒီမိုကရေစီ စနစ် စီမံခန့်ခွဲမှုအစိုးရဟာ “ပြည်သူ့ထံမှ ပေါက်ဖွားလာပြီး၊ ပြည်သူ့အတွက် ဖြစ်ရမယ် (government by and for the people)” လို့ ထပ်ဖြည့်ထားပါတယ်။ ပြည်သူ့ထံမှ မွေးဖွားလာပြီး၊ ပြည်သူ့အတွက် အစိုးရဖြစ်ပါမှ ဒီမိုကရေစီစနစ် အစိုးရ ဖြစ်တယ်လို့ အဆိုရှိထားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့အတွက်ဆိုတာမှာ ပြည်သူရဲ့ လိုအပ်ချက်ကို သိရှိနားလည်ဖို့၊ ပြည်သူ့ဆန္ဒတွေကို တုံ့ပြန်ဖို့၊ ပြည်သူ့ အကျိုး အတွက် ကြည့်ရှုဖို့ စတာတွေကို အစိုးရအနေနဲ့ အဓိကထား ဆောင်ရွက်ရပါတယ်။

ဒီအခါမှာမေးစရာ ဖြစ်လာပါတယ်။ ပြည်သူက ရွေးချယ်တယ်။ ပြည်သူ့အတွက် လုပ်ကိုင်တယ်ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။ ပြည်သူတွေဆိုတာ အမြဲတမ်း ဆန္ဒတစ်ထပ်တည်းရှိနေတာ မဟုတ်တော့ “ဘယ်ပြည်သူတွေက
ရွေးချယ်တဲ့အစိုးရကို အစိုးရလို့ခေါ်မလဲ၊ ဘယ်ပြည်သူတွေကို ကိုယ်စားပြုတာပါလဲ။ ဒါဟာ ဒီမိုကရေစီအစိုးရတိုင်း အတွက် ပထမဦးဆုံးရင်ဆိုင်ရတဲ့ မေးခွန်း တစ်ခုပဲ ဖြစ်ပါတယ်။

မေးခွန်းတွေအတွက် အဖြေကတော့ “တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ လူများစု ထောက်ခံမှု  (Majority)” ကိုရပြီး
ရွေးချယ်တင်မြှောက်တဲ့စနစ်ကသာ ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ ထိုကြောင့်“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူများစုထောက်ခံမှု (Majority)” ရပြီး အဲဒီ လူများစုရဲ့ ဆန္ဒတွေအတိုင်း လုပ်ကိုင်တာဟာ “လူ တစ်စု” က စိတ်ကြိုက် လုပ်ကိုင်တဲ့ အုပ်ချုပ်မှုပုံစံမျိုးနဲ့ ကွဲလွဲပြီး လူအများစုဆန္ဒကို ကိုယ်စားပြုတာကြောင့် “ဒီမိုကရေစီပုံစံ” ဆိုတာ ရှင်းရှင်း လင်းလင်း သိနိုင်ပါတယ်။ ဒါဟာ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူများစု ထောက်ခံတဲ့ ဒီမိုကရေစီ (Majoritarian Democracy)” ဖြစ်ပါတယ်။

ဒါပေမဲ့ မေးစရာထပ်ရှိလာတာက အဲဒီ လူများစုထဲမှာမပါတဲ့ “လူနည်းစု” နိုင်ငံသားတွေအတွက်ရော ဘယ်လိုစဉ်းစား မလဲ ဆိုတာပါပဲ။ ဒီအတွက် အဖြေအဖြစ် စဉ်းစားလာကြပါတယ်။ “တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လူများစု
ထောက်ခံတဲ့ ဒီမိုကရေစီ (Majoritarian Democracy)” ထက်ပိုပြီး လူများများရဲ့ ထောက်ခံမှုပိုရလေ၊ လူများများရဲ့ ဆန္ဒတွေကိုပိုပြီး ဖြည့်ဆည်းပေးနိုင်လေ ဖြစ်တာကြောင့် “လူနည်းစု (Minority)” တွေကိုလည်း တိုင်းပြည်စီမံခန့်ခွဲမှု ထဲမှာ ပါဝင်လာနိုင်ဖို့အပြင်၊ လူနည်းစုရဲ့ ဆန္ဒတွေကို လည်း ဖြည့်ဆည်းနိုင်ဖို့အတွက် ကြံဆလာရပါတယ်။ ဒီအတွက် လုပ်ကိုင်တဲ့ဒီမိုကရေစီပုံစံကို “အများ သဘောတူအောင် ညှိနှိုင်းဆောင်ရွက်ရသော ဒီမိုကရေစီ (Consensus Democracy)” လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

(စကားချပ်။ အထက်ပါ ဒီမိုကရေစီပုံစံ နှစ်ခုမှာ မြန်မာလိုစကားလှယ် တိတိကျကျ မရှိတာကြောင့် စာဖတ်သူ နားလည် လွယ်ရန် အင်္ဂလိပ်စကားလုံးကို မွေးစားပြီး Majoritarian Democracy နဲ့ Consensus Democracy  ဟုသာ အသုံးပြုလိုက်ပါတယ်။)

Majoritarian Democracy နဲ့ Consensus Demo cracy နှစ်ခုဟာ အနှစ်သာရခြင်း မကွာပါဘူး။ အဓိက ကွာခြား ချက်ကတော့ Consensus Democracy ဟာ Majoritarian Democracy ထက် ပိုပြီးတော့ လူများများ ပါဝင်လာတဲ့ စနစ် ဖြစ်ပါတယ်။ Majoritarian Democracy ဟာ ဒီမိုကရေစီအစိုးရတွေအတွက် မဖြစ် မနေလိုအပ်တဲ့ အနိမ့်ဆုံး လိုအပ်ချက်ပြည့်မီတဲ့စနစ်သာဖြစ်ပြီး၊ Consensus Democracy ကတော့ လူ နည်းစုတွေကိုပါ နိုင်ငံရေးဖြစ်စဉ်ထဲ ထည့်သွင်းလာတဲ့ ဒီမိုကရေစီ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပြည် လို တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းပြည်အတွက် နိုင်ငံရေးအရ ပိုပြီးသင့်တော်တဲ့ စနစ် ဖြစ်ပါတယ်။

အဆိုပါ စီမံအုပ်ချုပ်ပုံပုံစံနှစ်ခုကို မျဉ်းတစ်ကြောင်းပေါ် တင်လိုက်မယ်ဆိုရင်၊ ၎င်းမျဉ်းရဲ့ ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက်မှာ Majoritarian Democracy နဲ့ Consensus Demo cracy တို့ရှိနေပြီး ကမ္ဘာ့ ဒီမိုကရေစီ တိုင်းပြည်များရဲ့ စီမံခန့်ခွဲပုံစနစ်များဟာ အဆိုပါမျဉ်းကြောင်းရဲ့ ဘယ်နေရာမှာ ရှိသလဲဆိုတာပေါ် မူတည်ပြီး စီမံအုပ်ချုပ်ပုံတွေ ကွဲပြားသွားကြတာ ဖြစ်ပါတယ်။ မျဉ်းရဲ့အပြင် ရောက်သွားတဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေကိုတော့ ဒီမိုကရေစီလို့ သတ်မှတ်ဖို့ ခဲယဉ်းသွားပါတယ်။

Majoritarian Democracy ဘက်မှာ အနည်းဆုံးတော့ နှစ်ပါတီစနစ်နဲ့ ပါတီနှစ်ခုက အပြိုင်ဆိုင် ရွေးချယ် ခံကြပြီး၊
ပြည်သူရဲ့ထောက်ခံမှု အားသာတဲ့ ပါတီကအစိုးရဖွဲ့တာ (သို့) လွှတ်တော်မှာ ဥပဒေပြုတာကို ဆောင်ရွက်ပါတယ်။ သဘောကတော့ ပြည်သူတွေအတွက် တိုင်းပြည်ကောင်းအောင် စီမံနိုင်ပြီး အရည် အချင်းပြည့်မီတဲ့ ပါတီနှစ်ခုထဲက အကောင်းဆုံးလို့ထင်တဲ့ ပါတီတစ်ခုကိုရွေးချယ်ပြီး တိုင်းပြည်ကိုအုပ်ချုပ် ခွင့်ပေးလိုက်တဲ့ သဘောပါပဲ။ Majoritarian Democracy ကို အသုံးပြုတဲ့ နိုင်ငံတွေကတော့ ယူကေ၊ အ မေရိကန်စတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

သို့သော် နှစ်ပါတီစနစ်ကနေ လျော့ကြပြီး တစ်ပါတီတည်းကြီးစိုးတဲ့ နိုင်ငံတွေကိုတော့ ဒီမိုကရေစီလို့ခေါ်ဖို့ ခက်သွား ပါတယ်။ ပါတီ တစ်ခုတည်း ကြီးကြီးမားမားရှိပြီး အဲဒီပါတီ အင်အားကြီးမားအောင်၊ အခြားပါတီတွေက ယှဉ်လာလို့ မရအောင် လုပ်ထားတဲ့ တစ်ပါတီစနစ် ဖြစ်နေလို့ပါပဲ။ တစ်ချိန်က မြန်မာပြည်မှာ ဦးနေ၀င်း ဦးဆောင်တဲ့
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ) တစ်ခုတည်းက ကြီးစိုးတဲ့ တစ်ပါတီစနစ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာလိုပဲ “မဆလခေတ်” မြန်မာပြည်မှာ ရွေးကောက်ပွဲ ရှိခဲ့ပါတယ်။ ပါတီရှိပါတယ်၊ လွှတ်တော် ရှိပါတယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီကာလ မြန်မာပြည်ဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်ခဲ့ပါဘူး။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေသာရှိပြီး ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးပုံစံ ဖြစ်မလာ ခဲ့ပါဘူး။
ပြည်သူက မဆလပါတီကို မကြိုက်လို့ အခြားပါတီကို ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ပြည်သူ့အတွက် အစိုးရမဖြစ်ခဲ့ဘဲ လူတစ်စုအတွက်သာ ဖြစ်ခဲ့ပါတယ်။ (Government by and for the people မဖြစ်ခဲ့ပါဘူး။)

ဒီနေ့ခေတ် နိုင်ငံတွေမှာလည်း အလားတူ တစ်ပါတီစနစ် နိုင်ငံတွေ ရှိပါတယ်။ အဆိုပါ စနစ်နဲ့အုပ်ချုပ်တဲ့ တိုင်းပြည်
တွေကို နိုင်ငံရေး သိပ္ပံပညာရှင်များက လွတ်လပ်မှုမရှိသော ဒီမိုကရေစီစနစ် (illiberal democracy)လို့ ခေါ်ကြ ပါတယ်။ တချို့ကလည်း အယောင်ဆောင်ဒီမိုကရေစီ (pseudo democracy)၊ တစ်စိတ် တစ်ပိုင်း ဒီမိုကရေစီ(partial democracy)၊ အနှစ်သာရနိမ့်ကျသော ဒီမိုကရေစီ (lowintensity democracy) အဓိပ္ပါယ်မဲ့သော ဒီမိုကရေစီ (empty democracy)၊ စပ်ကူးမတ်ကူးဒီမိုကရေစီ (hybrid regime) ရုပ်သေးရုပ် ဒီမိုကရေစီ (delegative democracy) စသဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ အဆိုပါ ပုံစံများကို လက်ရှိကာလတွင် ကျင့်သုံးနေသောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ အီရန်နိုင်ငံ” စသည့်နိုင်ငံများ ဖြစ်ကြပါ တယ်။

အများသဘောတူအောင် ညှိနှိုင်းဆောင်ရွက်ရသော (Consensus) စနစ်ကတော့ နှစ်ပါတီထက် ပိုတဲ့ပါတီတွေ လွှတ်တော်မှာ ကိုယ်စားလှယ်အင်အား သူမသာကိုယ်မသာ ပမာဏနဲ့ ပါဝင်ကြပြီး ပါတီတစ်ခုတည်းက ဥပဒေပြု
ရေးမှာ လွှမ်းမိုးတာမျိုး မဖြစ်တော့ပါဘူး။ Consensus စနစ်မှာ လူများစု သဘောထားတွေက အမြဲအနိုင်ရနေတာမျိုး မဟုတ်ဘဲ လူနည်းစုတွေရဲ့အသံကို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေမှာ ကြားစေ ပြီးထည့်သွင်းစဉ်းစား လုပ်ကိုင်
ဆောင်ရွက်တဲ့ စနစ်ဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ညွန့်ပေါင်းအစိုးရ ဖွဲ့တာမျိုးတွေ ရှိလာတတ်ပါတယ်။ သူ့မှာ အားနည်းချက်ကတော့ သဘောမတူတာတွေ များနေလို့ လို ရာခရီးမရောက်ဘဲ လုပ်ငန်းတစ်ခုခု ဆုံးဖြတ် လုပ်ကိုင်ဖို့ နှောင့်နှေးတာတွေနဲ့ ကြုံရနိုင်ပါတယ်။ (ဒီလို နှောင့်နှေးမှုတွေ ကြုံလာတာကို အလုပ်ဖြစ်အောင်
ဖြေရှင်းတဲ့နည်းတွေ ရှိပါတယ်။) Consensus ပုံစံအုပ် ချုပ်တဲ့ တိုင်းပြည်တွေဟာ ထိုက်သင့်သလောက် လူတန်းစား ညီမျှပြီး လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ တိုင်းပြည်တွေမှာ ပိုပြီး အသုံးပြုလေ့ ရှိပါတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်တွေအတွက် ပိုပြီး လည်း သင့်လျော်ပါတယ်။ ကမ္ဘာမှာ Consensus စနစ်ကိုအောင် အောင်မြင်မြင် အသုံးပြု
နေတဲ့ နိုင်ငံတွေ ကတော့ ဆွတ်ဇာလန်၊ ဘယ်လဂျီယံလို နိုင်ငံတွေအပြင် ဥရောပသမဂ္ဂလိုနေရာတွေမှာ အသုံးပြုကြပါတယ်။

Consensus ဘက်ကနေ လွန်သွားရင်လည်း တစ်ဦးချင်း မိမိကိုယ်တိုင် မိမိသဘောအတိုင်း ဘယ်သူ့ကိုမှ ပူးပေါင်းစရာ၊ လိုက်နာစရာမလိုတဲ့ “အုပ်ချုပ်ရေးအဖွဲ့အစည်း မရှိသော လူမှုစနစ်အဖြစ်ကို ရောက်သွားပါတယ်။ ဒီပုံစံကို နိုင်ငံရေးတွေးခေါ် ပညာရှင်များကတော့ သဘာဝလူ့အဖွဲ့အစည်း (State of Nature) လို့ သတ်မှတ်
ကြပါတယ်။ တချို့ကတော့ ဘယ်သူကမှ လွှမ်းမိုးမှုမရှိတဲ့ လူမှု အသိုင်းအ၀ိုင်း (Anarchy) လို့ ခေါ်ကြပါတယ်။

အထက်ပါ အစွန်းနှစ်ဖက် လွန်သွားတာတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အုပ်ချုပ်မှုပုံစံတွေ မဟုတ်ကြပါဘူး။ ဒီမိုကရေစီ စနစ်နဲ့ စီမံအုပ်ချုပ်တဲ့ တိုင်းပြည်တွေဟာ “လူများစု သဘောထားနဲ့ စီမံအုပ်ချုပ်တဲ့ (Majori-tarian) စနစ်”  နဲ့ “အများသဘောတူအောင် ညှိနှိုင်းဆောင်ရွက်ရသော (Consensus) စနစ်” နှစ်ခုကြားထဲက တစ်နေရာရာကိုရွေးပြီး အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ ဘယ်နေရာကို ရွေးမှာလဲ ဆိုတာကို မူတည်ပြီးမှသာ တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့ပုံစံတွေ အနည်းငယ်ကွဲသွားတာ ဖြစ်ပါတယ်။