www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ၀မ်းသာလှပါသည် သို့သော် . . .

ဝမ်းသာလှပါသည် သို့သော် . . .

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဝမ်းသာလှပါသည် ပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျနေမလား။

“ဟဲလို ...ဟဲလို ကြားရလား” လို့လည်း အော်ခဲ့ဖူးပြီ။ “လူကြီးမင်း” နဲ့ ခဏခဏညားလို့လည်း စိတ်ရှည်သည်းခံ ဆက်သွယ်ခဲ့ ဖူးပြီ။ အခုတော့ တယ်လီဖုန်းဆက်သွယ်ရေး အော်ပရေတာလေးခုနဲ့ Supplier တွေ ၀င်လာလို့ တယ်လီဖုန်း ဆက်သွယ်ရေးမှာ ဒီဒုက္ခကငြိမ်းမယ်ကြံရုံရှိသေး၊ ရင်ဝကို ခြေထောက်နဲ့ စောင့်ကန်သလိုခံစားရ ပြန်ပါပြီ။

အဲဒါကတော့ အင်အားကြီး အနောက်နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ သြစတေးလျနဲ့ အမေရိကန်တို့က အမျိုးသား လုံခြုံရေး အန္တရာယ်ကြောင့် ငြင်းပယ်ထားတဲ့ Huawei ကိုတယ်လီနောနဲ့ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာနှစ်ခုက Supplier အဖြစ်ရွေးချယ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းပါပဲ။

ကဲ “ဘယ်နှယ်လုပ်ကြမလဲ။ ဟန်ဖုန်းလေး တကားကားနဲ့ နေမယ်ကြံရုံရှိသေး “လုံခြုံရေးအရ စိတ်မချရ” ဆိုတဲ့ ကုမ္ပဏီကို ၀ကွက်အပ်ဖို့စဉ်းစားမယ်ဆိုတော့ ဘယ့်နှယ်ရှိလေစွ။

ဒါနဲ့ အောင်မင်းလည်း အခြေအနေကောင်းမကောင်း အင်တာနက်ပေါ်မှာ တက်ပြီးတော့ စပ်စုကြည့်တာပေါ့။ ဟိုတစ်စ ဒီတစ်စနဲ့ နောက်ဆုံးတော့ Guardian သတင်းစာက မျှမျှတတနဲ့ ပြည့်ပြည့်စုံစုံဖော်ပြထားတဲ့ ဆက်စပ်သတင်းကို
တွေ့ပါတယ်။

Guardian မှာရေးထားတာက Huaweiဟာ “ကမ္ဘာ့ဒုတိယအကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်စစ် အင်ဂျင်နီယာဟောင်းတစ်ဦးက တည်ထောင်ခဲ့တာပါ” တဲ့။ “အမေရိကန်၊ အင်္ဂလန်နဲ့ သြစတေးလျတို့ အပါအ၀င်
နိုင်ငံပေါင်း ၁၄၀ မှာ ဆက်သွယ်ရေးလုပ်ငန်းတွေလုပ်နေတာ” လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ စိတ်မချရဘူးဆိုပြီး ကောက်ချက်ချခဲ့တာကတော့ အမေရိကန်ကွန်ဂရက်ရဲ့ ထောက်လှမ်းရေး
ကော်မတီကပါ။ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့က အမှုဆောင်တွေရဲ့ သက်သေထွက်ဆိုချက်တွေ၊ လုံခြုံရေးအရငြင်းဆိုမှုတွေအပါအ၀င် အခြားသောကြားနားစစ်ဆေးမှုတွေကို ကွန် ဂရက်ကော်မတီက တစ်နှစ် နီးပါးကြားမျှ ဆောင်ရွက်ပြီးတဲ့အခါမှာ “ Huawei နဲ့ ZTE တို့ကြောင့် ပေါ်ပေါက် ရသည့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအပေါ် ကြားနားခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်ဆောင် ကို ရေးသားဖော်ပြခဲ့သဗျ။

အဲဒီအစီရင်ခံစာက တရုတ်အစိုးရရဲ့ Huawei ကုမ္ပဏီအပေါ် ထောက်ပံ့မှု၊ ၎င်းနဲ့အစိုးရအကြား အပြန်အလည် ဆက်နွယ်မှုတွေနဲ့ အမေရိကန်နိုင်ငံထဲမှာရှိတဲ့ ၎င်းရဲ့လုပ်ငန်း လည်ပတ်မှုဆိုင်ရာသတင်းအချက် အလက်အသေးစိတ်တွေနဲ့ပတ်သက်တဲ့ အမေရိကန် ကွန်ဂရက်ကော်မတီရဲ့ မေးခွန်းတွေကို လိုလိုလား လားဖြေကြားဖို့ Huawei ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် Huawei ဟာ ၎င်းရဲ့ ကော်ပိုရိတ်ဖွဲ့စည်းပုံ၊ သမိုင်းကြောင်း၊ ဘဏ္ဍာရေး အစီအမံနဲ့ စီမံခန့်ခွဲရေး ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန် ထားကြောင်း Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။

ထို့အတူ Huawei အနေနဲ့ တရုတ်အစိုးရရဲ့ထောက်ပံ့မှုတွေကနေတစ်ဆင့် အကျိုးအမြတ်များစွာ ရရှိနေ ပုံရတယ်လို့ လည်း ကော်မတီကသုံးသပ်ထားပါတယ်။

အမေရိကန် ရီပါပလစ်ကန်ပါတီရဲ့ အမတ်တစ်ဦးဖြစ်တဲ့ မိုက်ရော်ဂျာက အမေရိကန်ကုမ္ပဏီတွေကို “တကယ်လို့ သင်တို့က သင်တို့ရဲ့ ဉဏဆိုင်ရာ မူပိုင်ခွင့်၊ သင်တို့ဖောက်သည်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်
တွေနဲ့၊ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တန်ဖိုးထားတယ်ဆိုရင် အခြား Vendor တစ်ခုကိုရှာပါ” လို့တောင် တိုက်တွန်းလိုက်ပါတယ်။

သို့သော် “ကုမ္ပဏီနှစ်ခုအနေနဲ့ သင့်တင့်ခိုင်လုံတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုဖြစ်စေမယ့် သက်သေ အထောက်အထား
တွေကို ထုတ်ပေးရန်ပျက်ကွက်ခဲ့တာ တစ်ခုတည်းအတွက်နဲ့ မသမာမှုတွေ ပြုလုပ်နေတယ်လို့ သက်သေမပြနိုင်ပါဘူး” လို့ အစီရင်ခံစာက ဖော်ပြထားပါသေးတယ်။

ထို့အပြင် “Huawei အနေနဲ့ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေ ကမ္ဘာတစ်လွှားအောင်မြင်နေခြင်းကို ကမောက်ကမ
ဖြစ်အောင် လုပ်လည်း မလုပ်ခဲ့ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ပါဘူး။ ထို့အတူရိုးသားတဲ့ ကျွန်တော်တို့ ဖောက်သည်
တွေရဲ့ ဆက်သွယ်ရေး ကွန်ယက်တွေကိုလည်း အခြားလုပ်ငန်းတစ်ခုခု သို့မဟုတ် အစိုးရကို လွှဲပေးမှာမဟုတ်ပါဘူး။ ဒီလိုလုပ်ရင် ကိုယ့်ကိုကိုယ် သတ်သေတာနဲ့ အတူတူပါလို့” Huawei ဒုတိယ ဥက္ကဋ္ဌ ချားစ်ဒင်က ကော်မတီမှာ လွန်ခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာ ထွက်ဆိုသွားခဲ့ပါတယ်။

ထို့အတူ Huawei အမှုဆောင်ချုပ်တစ်ဦးဖြစ်တဲ့ Guo Ping ကလည်း ကုမ္ပဏီဟာ တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတဲ့အတွက် လုံခြုံရေးအရ စိတ်မချရဘူးဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် မရှိကြောင်း၊ ကုမ္ပဏီ
အောင်မြင်မှုဟာ “အစိုးရရဲ့ ထောက်ပံ့မှုကြောင့်မဟုတ်ဘဲ ကုမ္ပဏီရဲ့ဆန်းသစ်တီထွင်မှုအပေါ်မှာသာ မူတည်ကြောင်း
ပြောကြားခဲ့တယ်လို့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

အားလုံးကို ချုပ်ကြည့်ရင်တော့ “လုံခြုံရေးအရ စိတ်မချရ” ဆိုတာ စွပ်ဆွဲချက်တစ်ခုအဖြစ်သာ ရှိသေးတာပါ။ တစ်နည်းအားဖြင့် ဟုတ်တယ်လို့လည်း ပြောလို့ရတယ်။ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်ဆိုတဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုရမှာပဲခင်ဗျ။

အဲဒီတော့  Huawei ကို Supplier အဖြစ်ခန့်လိုက်ရင် ဘာဖြစ်မလဲ။ စိတ်ချရပါ့မလားလို့ မေးလာရင် ဖြေဖို့
တော်တော်ခက်ပါတယ်။ သို့လောသို့လောနှင့် သံသယဖြစ်တဲ့စိတ်ကိုပဲ ဖြစ်စေပါတယ်။ အဲဒီသံသယ စိတ်က
မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေအပေါ်မှာ ကိုယ်ကျိုးရှာသွားမှာကို စိုးရိမ်မိစေတာတော့ အမှန်ပါ။

ဒီလိုလုပ်ရပ်မျိုးတွေကလည်း ကမ္ဘာမှာ အမှန်တကယ်ရှိခဲ့တာကိုးဗျ။

၂၀၁၀ ခုနှစ်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံရဲ့အထူးအုပ်ချုပ်ရေးဒေသတစ်ခုဖြစ်တဲ့ ဟောင်ကောင်မှာ အော်တိုပတ် ကဒ်ပြား (Octapus Card) သုံးဆွဲသူနှစ်သန်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Octopus Holding က အခြားစီးပွားရေး ကုမ္ပဏီခြောက်ခုကို ရောင်းစားခဲ့တာ ငါးနှစ်အတွင်းမှာ ကန် ဒေါ်လာ ၅ ဒသမ ၇ သန်း ရရှိခဲ့တယ်ဆိုပဲဗျ။

Octopus Holding ကနေ ၀န်ဆောင်မှုပေးနေတဲ့ အော်တိုပတ်ကဒ်ပြားဟာအခု မြန်မာပြည်က ipay ကဒ် လိုမျိုး ပါပဲ။ ငွေဖြည့်ပြီးသုံးဆွဲရတဲ့ ကဒ်တစ်မျိုးပါ။ ဘတ်စကားစီးတဲ့နေရာမှာ၊ စတိုးဆိုင်တွေကနေ အစားအသောက်ဝယ်တဲ့
နေရာတွေမှာ သုံးလို့ရပါတယ်။ မြေအောက်ရထားကို အဓိကထားအသုံးပြုတဲ့ ဟောင်ကောင်မှာ ဘူတာရုံမှာတန်းစီပြီး လက်မှတ်ဖြတ်ဖို့ဆိုတာ နာရီနဲ့ချီ စောင့်ရပါတယ်။ အဲဒီတော့ အော်တို ပတ်ကဒ်က မရှိမဖြစ်လိုအပ်တဲ့ ကဒ်တစ်ကဒ်
ဖြစ်လာတာပေါ့။

အော်တိုပတ်စမတ်ကဒ်ကို စူပါမားကက်၊ စတိုးဆိုင်၊ ဘူတာရုံ၊ စားသောက်ဆိုင်နဲ့ အခြားနေရာတွေမှာ နေ့စဉ် အသုံးပြုတဲ့အကြိမ်ပေါင်း ၁၁ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ လိုသုံးစွဲတဲ့အချိန်တိုင်းမှာလည်း ဘယ်နေရာမှာ ဘယ်ပစ္စည်းဝယ်တာ ဘယ်လောက်သုံးစွဲသွားတယ်ဆိုတာကို ကဒ်ထဲမှာ မှတ်ထားပါတယ်။

အဲဒီလိုအသုံးဝင်တဲ့ ကဒ်ကိုရဖို့ အရင်ဆုံးလျောက်လွှာ ဖြည့်ရပါတယ်။ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အစရှိ တာတွေကို မဖြစ်မနေ ဖြည့်ရပါတယ်။ နောက်ပြီးတော့ အလုပ်အကိုင်၊ ပညာရေးအဆင့်အတန်း၊ ၀င်ငွေအစ ရှိတာတွေကို ဖြည့်စွက်ဖို့ အဆင်ပြေပါက ဖြည့်ပေးရန် တောင်းဆိုထားပါတယ်။ ယင်းအချက် အလက်များမှာ ကဒ်ကိုင်ဆိုင်သူများ အနေဖြင့် အရောင်းမြှင့်တင်ရေး အစီအစဉ်တွေမှာ အကျိုးအမြတ် ရရှိစေဖို့ပါဟု ဆိုထားတယ်။

သို့သော် Octopus Holding အနေနဲ့ ကဒ်သုံးဆွဲသူများပြားခြင်း၊ သုံးဆွဲသူတွေရဲ့ အချက်အလက်တွေနဲ့ ဘယ်နေရာမှာ ဘာတွေဝယ်တယ် ဘယ်လိုသုံးတယ်ဆိုတဲ့ မှတ်တမ်းတွေကို ရရှိထားတော့ အကျိုးတူ ပူးပေါင်း
ဆောင်ရွက်တဲ့ ကုမ္ပဏီခြောက်ခုကို ကန် ဒေါ်လာ ၅ ဒသမ ၇ သန်းနဲ့ ရောင်းချလို့ ရသွားတာပေါ့။ ဒီကိစ္စကို သုံးသပ်ကြည့်မယ်ဆိုရင် အဓိကတာဝန်အရှိဆုံးသူတွေက ကဒ်လျှောက်တဲ့အခါမှာ ဘယ်တော့ မှလာမယ်မှန်း မသိတဲ့အကျိုးအမြတ်ကို မျှော်ကိုးပြီးတော့ မိမိတို့ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသုံးပြုခွင့်
ပေးလိုက်တာပါ။

အကျိုးဆက်အနေနဲ့ စီးပွားရေးကုမ္ပဏီတစ်ခုက မိမိဖောက်သယ်တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက်ကို
ရောင်းချခြင်းဖြင့် ၀င်ငွေများများစားစားကို မျိုးမျိုးမျက်မျက်ရရှိနိုင်တယ်ဆိုတဲ့အချက်က ထင်ရှားပါတယ်။

ဒုတိယအချက်အနေနဲ့ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် စာသုံးသူတွေရဲ့အသက်၊ ပညာအရည်အချင်း၊ အလုပ် အကိုင်၊ ၀င်ငွေနဲ့ ဓလေ့စရိုက် (ဘယ်နေရာမှာ ဘယ်ပစ္စည်းတွေအတွက် ငွေဘယ်လောက်သုံးဆွဲ သလဲ) တွေကို သိရှိသွားတဲ့အခါမှာ အခြားလုပ်ငန်းတူ စီးပွားရေးကုမ္ပဏီတွေထက် နှာတစ်ဖျား သာသွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီအချက်အလက်တွေက ဈေးကွက်ရဲ့ လက်ရှိအခြေအနေကို ဖော်ပြနိုင်စွမ်းရှိပြီး၊ အခြေအနေအချိန်အခါနဲ့ကိုက်ညီတဲ့ မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ဖို့အတွက်များစွာ အထောက်အကူ ဖြစ်သွားစေပါတယ်။ အခြား တစ်ဖက်မှာတော့ လုပ်ငန်းတူယှဉ်ပြိုင်ဘက် စီးပွားရေးကုမ္ပဏီ တွေအဖို့တော့ မသေချာတဲ့ စွန့်စားမှုတွေနဲ့ ဆင်ကန်းတောတိုးသွားရနိုင်ပါတယ်။

အခုဖော်ပြဆွေးနွေးခဲ့တဲ့ ဟောင်ကောင်အော်တိုပတ်ကဒ်ကိစ္စဟာ ဖွံ့ဖြိုးစ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Supplier
ရွေးချယ်မှု ကို အကြီးအကျယ် စမ်းသပ်စိမ်ခေါ်နေတဲ့ သင်ခန်းစာသဘောတစ်ခုလိုပါပဲ။ ဆက်သွယ်ရေး ကုမ္မဏီကြီး တစ်ခုတည်းအပေါ်မှာမမှီခိုမိဖို့၊ စားသုံးသူများရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက် တွေကိုအလွဲသုံးစားမလုပ်တဲ့ ကုမ္ပဏီတွေကိုသာ စီစစ်ရွေးချယ်ဖို့၊ စားသုံးသူတွေကိုယ်တိုင်ကလည်း ဖုန်း ၀ယ်တဲ့အခါမှာ ဖြည့်ရမယ့်
လျှောက်လွှာတွေကို သေသေချာချာဖတ်ပြီး ဖြည့်ဖို့၊ အစရှိတာတွေကို ကြို တင်စဉ်းစားသင့်ပါပြီ။

အကယ်၍ “တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမရှိပါဘူး။ အမျိုးသား လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး အတွက် လုံးဝစိတ်ချရပါတယ်” လို့ မပြောနိုင်သေးတဲ့ Huawei ကို အော်ပရေတာသုံးခုစလုံးက Supplier အဖြစ်
ပေးလိုက်ပြီဆိုရင် မေးစရာမေးခွန်းတွေ တစ်ပုံတစ်ခေါင်းပေါ်လာပါပြီ။ အဲဒီမေးခွန်းတွေ ထဲဟာ မြန်မာနိုင်ငံသား
တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ လုံခြုံမှုရှိရေး၊ မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများရဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ ကမ္ဘာတစ်လွှားမှ လာရောက်ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေ အတွက် မျှမျှတတပြိုင်ဆိုင်လို့ရတဲ့ အခြေအနေတစ်ရပ် ဖန်တီးရေးတွေကို ထိခိုက်နိုင်မလား။ ထို့အတူ မြန်မာအစိုးရနဲ့ အခြားနိုင်ငံတွေအကြား ဆက်သွယ်ရေးတွေမှာ လုံခြုံမှုအာမခံချက် ရှိနိုင်ပါ့မလားဆိုတာလည်း စဉ်းစားရပါမယ်။

အင်း “အောင်မင်းကတော့ Huawei ကိစ္စနေမထိထိုင်မသာဖြစ်နေတာ သက်သာလိုသက်သာငြား ၀င်ပြီး ပြောလိုက် မိပြီ။ ဒီိလို ပြောလိုက်မိလို့ လက်ကိုင်ဖုံးယဉ်ကျေးမှုနဲ့ ဘ၀င်ခိုက်နေသူ တချို့ အောင်မင်းကိုများ နှာခေါင်းရှုံ့ကြလေ မလား။ လွန်တာရှိ ၀န္ဒာမိပါအရပ်ကတို့လို့ပဲ ဆိုလိုက်ပါ ရ စေခင်ဗျား။ ။သို့သော် . . .