www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၂၀ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်း

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေ နှစ်,နှစ်တစ်ကြိမ် ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဆီးဂိမ်းပြိုင်ပွဲဟာ သက်တမ်းအားဖြင့် (၅၉)နှစ်ထဲကိုရောက်ခဲ့ပြီး အကြိမ်ရေအားဖြင့်(၂၇)ကြိမ်အထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့တက်ရောက် လာကြတဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဘားမား (မြန်မာ)၊ မလေးယား (မလေးရှား)၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေက အားကစားကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး
နောင်အခါမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် ထင်ရှားလာမယ့် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (SEAP Games) ကို မျိုးစေ့ချခဲ့ကြတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားနားလည်မှု၊ အားကစား အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်မှုစတဲ့ ရည်ရွယ်ချက်တွေကို အခြေခံပြီးကျင်းပခဲ့တဲ့ ဆီးဂိမ်း ပြိုင်ပွဲဟာ အဖွဲ့ဝင် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား အ ဖွဲ့ချုပ်လက်အောက်မှာ ထားရှိပြီး ပြိုင်ပွဲကို စီစဉ်ကျင်းပနေတာ ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ချုပ်ရဲ့သဘော တူညီမှုနဲ့ ပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် အားကစားနည်းတွေကို ဆုံးဖြတ်ကြပါတယ်။ ဒါ့အပြင် အဖွဲ့ချုပ် ဟာ အိမ်ရှင်ရွေးချယ်မှုကိုပါ ဆုံးဖြတ်ပေးရတာ
ဖြစ်ပါတယ်။

အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲရဲ့ ပထမဆုံးအကြိမ်ကို ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်ကနေ၊ (၁၇) ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စတင်ကျင်းပခဲ့ပါတယ်။ ပထမအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ထိုင်း၊
မြန်မာ၊ မလေးရှား၊ စင်ကာပူ၊ တောင်ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေက အားကစား သမားပေါင်း (၅၂၇)ယောက်ဟာ အားကစားနည်းပေါင်း(၁၂)မျိုးကို ဆင်နွှဲခဲ့ကြပြီး အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါတယ်။

အဲဒီနောက် ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက် ကနေ(၁၆) ရက်အထိ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ကျွန်းဆွယ် ပြိုင်ပွဲမှာ ရေကူး၊
ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘက်စကတ်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ သေနတ် ပစ်၊ ရွက်လှေ၊ စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမစတဲ့ အားကစားနည်းတွေ ထည့် သွင်းကျင်းပခဲ့ပြီး ပထမအကြိမ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံတွေကပဲဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါ တယ်။ ပြိုင်ပွဲကို ရန်ကုန်မြို့က အောင်ဆန်းကွင်းမှာ လက်ခံကျင်းပခဲ့ပြီး ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးဝင်းမောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါ တယ်။ မြန်မာအားကစား အဖွဲ့ဟာ အဆိုပါ ကျွန်းဆွယ်ပြိုင်ပွဲ ကနေ ရွှေ(၃၅)၊ ငွေ(၂၆)၊ ကြေး(၄၃)ခုနဲ့ စုစုပေါင်း (၁၀၄) ခုရရှိခဲ့ပြီး နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှု ပထမ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင် မြန်မာနဲ့ ပြည်သူတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု၊ အားကစား စိတ်ဓာတ် သမာသမတ်ရှိမှုကို ဧည့်သည်နိုင်ငံတွေက ချီးကျုးခဲ့ကြပါတယ်။ ဆိုရရင် မြန်မာနိုင်ငံရဲ့ ပထမ ဆုံးအကြိမ် လက်ခံကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲဟာ ရာနှုန်းပြည့် အောင်မြင်ခဲ့ပြီး အားကစားကျင်းပတဲ့ ဒီဇင်ဘာလ ကို မြန်မာနိုင်ငံမှာ အားကစားလအဖြစ် လက်ခံကျင့်သုံးခဲ့တာ ယနေ့တိုင်အောင်ပဲ ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်အတွက် တတိယအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲမကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ၁၉၆၃ခုနှစ်က အရှေ့တောင် အာရှဒေသမှာကျွန်းဆွယ်အားကစားပွဲ မလုပ်ဖြစ်တဲ့နှစ် တစ်နှစ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပျက်ကွက် သွားတဲ့ တတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၆၅နှစ် အရောက်မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အစားထိုးကျင်းပနိုင်ခဲ့ပါတယ်။

တကယ်တော့ အရှေ့တောင်အာရှ နိုင်ငံတွေဟာ အားကစားပြိုင်ပွဲကို ၀င်ရာက်ယှဉ်ပြိုင်ကြတယ် ဆိုပေမယ့်
ဒေသတွင်းနိုင်ငံ အများစုဟာ အခက်အခဲပေါင်းစုံနဲ့ ကျွန်းဆွယ်ပြိုင်ပွဲ စတင်ကျင်းပတဲ့ ၁၉၅၉ ခုနှစ်နဲ့ ၁၉၆၉ ခုနှစ် အကြား ဆယ်စုနှစ်ကာလတွေမှာ လွတ်လပ်စတိုင်းပြည်ကို ပြန်လည်ထူထောင်နေရခြင်း၊ နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုအားနည်းခြင်း၊ စီးပွားရေးအခြေအနေတောင့်တင်းမှုမရှိခြင်း၊ ဒေသတွင်း ပြည်သူတွေရဲ့ လူမှုစီးပွား ဘ၀နိမ့်ကျခြင်းစတဲ့ အခက်အခဲတွေဟာ ပြိုင်ပွဲဝင်နိုင်ငံတွေမှာ ရှိနေခဲ့ပါတယ်။

ဒါကြောင့် ၁၉၆၃ ခုနှစ်မှာ ကျွန်းဆွယ် ပြိုင်ပွဲမကျင်းပနိုင်ခဲ့သလို ၁၉၆၅ ခုနှစ် အတွက် ကျွန်းဆွယ်ပြိုင်ပွဲ ကိုလည်း လာအိုနိုင်ငံရဲ့ ဘဏ္ဍာရေးအခက်အခဲကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့တာကြောင့် အထက်မှာ ဆိုခဲ့သလို မလေးရှား
နိုင်ငံမှာ ပြောင်းလဲကျင်းပ ဖြစ်ခဲ့ပါတယ်။

ကျွန်းဆွယ်ပြိုင်ပွဲရဲ့ အစောပိုင်းကာလတွေမှာ အလားတူပြဿနာမျိုး ၁၉၆၉ ခုနှစ်မှာ ထပ်မံပေါ်ပေါက် ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာကျင်းပမယ့် ပဉ္စမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကိုမူလက ဗီယက်နမ်နိုင်ငံမှာ ကျင်းပဖို့ စီစဉ်ခဲ့
ပေမယ့် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာကြောင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်း မရှိတာကြောင့် မြန်မာ အစိုးရ တာဝန်ရှိသူတွေကို အိမ်ရှင်အဖြစ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့် ၁၉၆၉ ခုနှစ်မှာ ပဉ္စမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို ထိုစဉ်က အာဏာရအစိုးရဖြစ်တဲ့ တော်လှန်ရေး ကောင်စီက လက်ခံသဘောတူ ခဲ့တာကြောင့်
မြန်မာ့မြေပေါ်မှာဒုတိယအကြိမ်လက်ခံကျင်းပဖို့အကြောင်း ဖန်လာခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ပဉ္စမအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၆၉ခုနှစ်၊ ဒီဇင်ဘာ(၆) ရက်ကနေ(၁၃)ရက် အထိ အောင်ဆန်း ကွင်းမှာပဲ လက်ခံကျင်းပပေးခဲ့ပါတယ်။ ပြိုင်ပွဲကို ထိုစဉ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်နေ၀င်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ ကျွန်းဆွယ်ပြိုင်ပွဲမှာ အားကစားနည်း ပေါင်း (၁၅)မျိုးကို ထည့်သွင်းကျင်းပခဲ့ပြီး အများစုက အိုလံပစ်တန်းဝင် အားကစားနည်းတွေပဲ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း မြန်မာအားကစားအဖွဲ့ဟာ ရွှေ(၅၇)၊ ငွေ(၄၆)၊ ကြေး(၄၆)ခုနဲ့ စုစုပေါင်းဆုတံဆိပ် (၁၄၉) ခု ရရှိခဲ့ပြီး နိုင်ငံအလိုက် ပထမနေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယခုအချိန်မှာ
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွေ လက်ခံကျင်းပပေးနေတဲ့ အောင်ဆန်းအားကစားကွင်းဟာ သမိုင်းဝင် အားကစား အဆောက်အဦတစ်ခု ဖြစ်ပါတယ်။ ဒီလို သမိုင်းဝင် အားကစားကွင်းဟာ ထိန်း သိမ်းစောင့်ရှောက်ရမယ့် အမျိုးသား အမွေအနှစ်ဖြစ်ပေမယ့် ပျက်စီးယိုယွင်းလျက်ရှိတာကြောင့် စိတ်မ ကောင်းစရာပဲ ဖြစ်ပါတယ်။

၁၉၆၉ ခုနှစ် မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် လက်ခံကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲမှာအပြောင်းအလဲတွေ စတင်ဖြစ်ပေါ် လာပြီလို့ ဆိုရမှာပါ။ အဲဒီနှစ်မှာပဲ စင်ကာပူနိုင်ငံရဲ့ အကြံပြုချက်အရ ပြိုင်ပွဲရဲ့အမည်ကို အရှေ့တောင်အာရှအားကစား ပြိုင်ပွဲ (South East Asian Games) အဖြစ် ပြောင်းလဲကျင်းပဖို့ စဉ်းစား လာခဲ့ပါတယ်။ အဲဒီနောက် နှစ်,နှစ်တစ်ကြိမ်ပုံ မှန်ကျင်းပလာခဲ့ပြီး ၁၉၇၅ ခုနှစ်အရောက် ဘရူနိုင်း၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက အဖွဲ့ဝင်အဖြစ် ၀င်ရောက် လာခဲ့ကြပါတယ်။ သို့သော်လည်းအဆိုပါသုံးနိုင်ငံ ဟာ ၁၉၇၇ခုနှစ် (၁၀) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှသာ တရားဝင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။

ဒါကြောင့် အရှေ့တောင်အာရှဒေသနိုင်ငံတွေ ပါဝင်ဆင်နွှဲကြတဲ့ အားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ တစ်ပိုင်းကို ကျွန်းဆွယ်အား ကစားပြိုင်ပွဲ (SEAP Games) အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်ကနေ လက်ရှိအချိန်အထိကို ဆီးဂိမ်းအားကစားပြိုင်ပွဲ (SEA Games) အဖြစ် ခွဲခြားသတ် မှတ်ရမှာ ဖြစ်ပါတယ်။

၁၉၅၇-၇၅ ခုနှစ်အတွင်း ကျင်းပတဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက သုံးကြိမ် (၁၉၆၉ -၆၇ - ၇၅)၊ မြန်မာနိုင်ငံက နှစ်ကြိမ်(၁၉၆၁-၆၉)၊ မလေးရှားနိုင်ငံက နှစ်ကြိမ်၊ (၁၉၆၅-၇၁)၊ စင်ကာပူ(၁၉၇၃)၊ ကမ္ဘောဒီးယား (၁၉၆၃ မကျင်းပဖြစ်) တို့က အိမ်ရှင်နိုင်ငံများအဖြစ် အသီးသီး လက်ခံကျင်းပခဲ့ပါတယ်။ ၎င်းကာလ
တွေမှာ ကျင်းပခဲ့တဲ့ ကျွန်းဆွယ်ပြိုင်ပွဲတွေမှာ အိုလံပစ်အားကစားနည်းတွေသာ အဓိက ထည့်သွင်းကျင်းပခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်ကြိမ်မှာ ပိုက်ကျော်ခြင်း ကစားနည်းကို ထည့်သွင်းကျင်းပခဲ့တာကလွဲလို့ အများစုက အိုလံပစ် ကစားနည်းတွေသာ ဖြစ်ခဲ့ပါတယ်။ ၎င်းကာလအတွင်းနိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုမှာ ထိုင်းနိုင်ငံက
ခြောက်ကြိမ်နဲ့ မြန်မာနှစ်ကြိမ်တို့က ဦးဆောင်နိုင်ခဲ့ပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဟာ ကျင်းပတဲ့သက်တမ်း ကြာလာတာနဲ့အမျှ ပြိုင်ပွဲရဲ့ပုံသဏ္ဍာန်နဲ့ အနှစ်သာရ ပိုင်းပါ ပြောင်းလဲလာခဲ့ပြီး မူလရည်ရွယ်ချက်တွေနဲ့ သွေဖယ်လာတာကို တွေ့မြင်ရပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အိမ်ရှင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့ ရိုးရာကစားနည်းတွေကို ထည့်သွင်းလာကြတာကြောင့် အားကစားနည်းအရေအတွက်ဟာ ဖောင်းပွလာခဲ့ပါတယ်။

ရိုးရာအားကစားနည်းတွေကို ဒေသတွင်း နိုင်ငံအနည်းဆုံးလေးနိုင်ငံက ထောက်ခံရင် ထည့်သွင်းကျင်းပ ခွင့်ပြုတဲ့ ပြိုင်ပွဲစည်းမျဉ်းကြောင့် ဆုတံဆိပ်များများ ရရှိရေးအတွက် အခွင့်အရေးတစ်ရပ်အနေနဲ့ အသုံးချ လာကြတာ လည်း ဖြစ်ပါတယ်။ ထည့်သွင်းကျင်းပတဲ့ ရိုးရာကစားနည်းတွေဟာ ဒေသတွင်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မနီးရိုးစွဲ တူညီမှုရှိနေပေမယ့် တချို့သော ရိုးရာကစားနည်းတွေက အိမ်ရှင်တစ်နိုင်ငံတည်းသာ ရှိနေတဲ့ ကစားနည်း
ဖြစ်နေတတ်ပါတယ်။ ဒီလို ရိုးရာကစားနည်းတွေ ထည့်သွင်းကျင်းပလာမှုအပေါ် အဖွဲ့ဝင် နိုင်ငံတွေကြား အမြင်မတူညီမှု၊ သဘောထားကွဲလွဲ အငြင်းပွားမှုတွေ ရှိနေခဲ့လင့်ကစား (၂၇) ကြိမ်မြောက် မြန်မာဆီးဂိမ်းအထိ ရိုးရာကစားနည်းတွေ ထည့်သွင်းကျင်းပလျက်ရှိဆဲ ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်ကနေ၂၀၁၃ခုနှစ်အထိ ဆီးဂိမ်းပြိုင်ပွဲကို အင်ဒိုနီးရှား(၁၉၇၉၊ ၈၇၊ ၉၇၊ ၂၀၁၁)၊ မလေးရှား (၁၉၇၇၊ ၈၉၊ ၂၀၀၁)၊ ထိုင်း (၁၉၈၅၊၉၅၊၂၀၀၇)၊ ဖိလစ်ပိုင် (၁၉၈၁၊ ၉၁၊ ၂၀၀၅)၊ စင်ကာပူ (၁၉၈၃၊၉၃)၊ ဘရူနိုင်း (၁၉၉၉)၊ ဗီယက်နမ် (၂၀၀၃)၊ လာအို (၂၀၀၉)၊ မြန်မာ (၂၀၁၃)စသည်ဖြင့် အိမ်ရှင် နိုင်ငံများ အဖြစ် အသီးသီး လက်ခံ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၇ ခုနှစ်ကနေ နောက်ဆုံးကျင်းပပြီးစီးတဲ့ ၂၀၁၁ ခုနှစ်အထိ နိုင်ငံအလိုက် ဆုတံဆိပ် ရရှိမှုကိုကြည့်ရင် အင်ဒိုနီးရှား(၁၀)ကြိမ်၊ ထိုင်းငါးကြိမ်၊ ဖိလစ်ပိုင်၊ မ လေးရှား၊ ဗီယက်နမ်တို့က တစ်ကြိမ်စီ နိုင်ငံ အလိုက် ဗိုလ်စွဲခဲ့ကြပါတယ်။ ဒါကြောင့် အိမ်ရှင်နိုင်ငံတွေက နိုင်ငံအလိုက် ဗိုလ်စွဲမှုမှာ အကြိမ်ရေများများ လက်ခံ
ကျင်းပနိုင်တဲ့ နိုင်ငံတွေကသာ ဦးဆောင်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် ရိုးရာအားကစားနည်း အပါအ၀င် အားကစား နည်းပေါင်း (၅၇) မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံတွေအနေနဲ့ အားကစားနည်းပြိုင်ပွဲ (Events) တွေကို အဓိကမြို့ကြီး (City) တွေမှာသာ ကျင်းပခဲ့ရာက ၁၉၉၅ ခုနှစ်မှာ နိုင်ငံတွင်းမြို့ကြီးတွေမဟုတ်တဲ့ နယ်မြို့တွေမှာ ပထမဆုံးအနေနဲ့ ပြောင်းရွှေ့ကျင်းပခဲ့ပါတယ်။ ယခုကျင်းပမယ့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာလည်း အစဉ်အလာအတိုင်း နိုင်ငံ မြို့တော်မှာသာမက ရန်ကုန်၊ မန္တလေး နေပြည်တော်၊ ငွေဆောင်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ နှစ်(၅၀)ပြည့် ရွှေရတုပြိုင်ပွဲကို၂၀၀၉ ခုနှစ်က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်တမ်းရင့် အားကစားပြိုင်ပွဲများထဲမှာ စာရင်းပေါက်ခဲ့ပြီလို့ ဆိုရမှာပါ။

၂၀၀၃ ခုနှစ် ဗီယက်နမ်ဆီးဂိမ်းမှာ အရှေ့တီမောနိုင်ငံက နောက်ဆုံးအဖွဲ့ဝင်အဖြစ် ၀င်ရောက်လာခဲ့ပါ တယ်။ ဒါကြောင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဟာ ဒေသတွင်း (၁၁) နိုင်ငံလုံး ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာသိ အားကစားပြိုင်ပွဲအဖြစ် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေဟာ ပထ၀ီ မြေဧရိယာထိစပ်မှု၊ ယဉ်ကျေးမှုသမိုင်းကြောင်း ပတ်သက် ဆက်နွယ်မှု၊ အစဉ်အလာရှေးရိုးစွဲ ဓလေ့ထုံးစံတွေနဲ့အတူ သမိုင်းတစ်လျှောက် ဖြစ်ထွန်းတိုးတက်လာ ခဲ့တာဆိုရင် မမှားပါဘူး။ ဒီနိုင်ငံတွေဟာ နိုင်ငံဖွံ့ဖြိုးမှု၊ လူတန်းစား အနိမ့်အမြင့်ကွာခြားမှု၊ ယုံကြည်ကိုးကွယ်ရာ ဘာသာဓလေ့မတူညီမှုတွေ ရှိကောင်းရှိပေမယ့် သန့်ရှင်းတဲ့ အားကစားအောက်မှာ ပေါင်းစည်း နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလိုနှစ်ပေါင်း (၅၇)
နှစ်အတွင်း အနိမ့်အမြင့်၊ အတက်အကျ အခက်အခဲ တွေကို ကျော်လွှားနိုင်ခဲ့ပြီး နောက်မှာ(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ယခုတစ်ကြိမ် အပါအ၀င် သုံးကြိမ်မြောက် အိမ်ရှင်လက်ခံ ကျင်းပခွင့်ရခဲ့ တာဖြစ်ပြီး စတုတ္တအကြိမ်မြောက် အလှည့်ကျတွက်ရင်တောင်
နှစ်ပေါင်း (၂၂) ကြာမှ တစ်ကျော့ပြန်လာ တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် အိမ်ရှင်လုပ်ခွင့်ရတဲ့ နိုင်ငံတိုင်းအတွက် မျိုးဆက်တစ်ဆက်စာ မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာ ဖြစ်တဲ့အတွက်
မြန်မာနိုင်ငံရဲ့ (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆီးဂိမ်းသမိုင်းကို အကျဉ်းမျှ တင်ပြလိုက်ရပါတယ်။