www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၂၀ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ၂၀၁၅ အလွန် လွှတ်တော်မှာ အမျိုးသမီးအရေအတွက် များလာနိုင်မလား

၂၀၁၅ အလွန် လွှတ်တော်မှာ အမျိုးသမီးအရေအတွက် များလာနိုင်မလား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အားပြိုင်မှုတွေ၊ သဘောထား အလျော့အတင်းတွေနဲ့ လှုပ်ရှားနေတဲ့ ယနေ့လွှတ်တော်မှာ မကြားရဆုံး အကြောင်း အရာကတော့ အမျိုးသမီးအခွင့်အရေးဆိုင်ရာကိစ္စပဲ ဖြစ်ပါတယ်။ တစ်ချက်၊ တစ်ချက် ပေါ်လာရုံကလွဲပြီး အသံတွေက ပေါ်လာလိုက်၊ ပျောက်သွားလိုက်။ အမျိုးသမီးအခွင့်အရေး တိုက်ပွဲ ဆင်နွှဲ သူတွေရဲ့ လောကမှာ
ရေပန်းစားတဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးတို့ဘ၀ လုံခြုံရေးစတဲ့ စကား လုံးတွေဟာ ယနေ့လွှတ်တော်ထဲက အမျိုးသမီးအမတ်တွေကြားထဲမှာတော့ သိပ်မရင်းနှီးသေးတဲ့ အသုံးအနှုန်းတွေပဲ ဖြစ်နေပါသေးတယ်။

ဒါပေမဲ့ အမျိုးသမီးတွေ ပါဝင်သင့်တယ်ဆိုတာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ မူအရ ရှိနေလေတော့ ပြည်ထောင်စု အဆင့်ဝန်ကြီး နေရာမှာ အမျိုးသမီးတွေ မရှိဘူး၊ ရှိနေသင့်တယ်လို့ အသံတွေ “စာ” ခဲ့တုန်းကလည်း
ဒေါ်မြတ်မြတ်အုန်းခင် ကို လူမှုဝန်ထမ်းမှာ ပြည်ထောင်စုဝန်ကြီး ပေးအပ်လိုက်ပါတယ်။ ဒီနောက် အသံတွေ အနည်းငယ် ငြိမ်သွားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးတွေ ပါဝင်သင့်တယ် ဆိုတော့လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်သူတွေကလည်း ဆွေးနွေးပွဲ တွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ ခွင့်ပေးတာရှိပါတယ်။ ဒီတော့ အခွင့်အရေး လှုပ်ရှားသူတွေ အနေနဲ့ အသံတွေ ထပ်ငြိမ်သွားပြန်ပါတယ်။

တကယ်အလုပ်လုပ်နေသူတွေကို ခွဲခြားသိဖို့

အစိုးရက နေရာပေးလိုက်ပေမဲ့ နေရာရသွားတဲ့သူဟာ အမှန်တကယ် အလုပ်လုပ်သူလား၊ ဒါမှမဟုတ် နီးစပ်ရာ၊
ကြေးရေတတ်တွေ ဖြစ်နေသလား ဆိုတာတွေကို စဉ်းစားရပါမယ်။ အမျိုးသမီးတွေ ပါဝင်သင့် တယ်ဆိုတာနဲ့ အမျိုးသမီးတွေကို ထည့်ပြလိုက်တာဟာ ပြဿနာတစ်ခုကို ရေရှည်မစဉ်းစားဘဲ နေရာပြသက်သက်
ရေတိုဖြေရှင်းနည်းသာ ဖြစ်သွားတတ်ပါတယ်။ အမှန်တကယ် အလုပ်လုပ်သူ မဟုတ်ဘဲ နေရာမှန်ကို လူက မှားပြီးရောက်သွားရင် အမျိုးသမီးတွေ ပါဝင်ခွင့်ရတယ်ဆိုတဲ့ အသံသာ ထွက်လာပြီး တော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို အရင်ကထက် တောင်းဆိုရမယ့် နေရာတွေမှာ အားလျော့ သွားနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက “ပိုက်ဆံရှိပြီး လွှတ်တော်အမတ်ဖြစ် တိုင်းအလုပ်မလုပ်နိုင် ရင် ဘာမှမထူးဘူး၊ နိုင်ငံရေး လုပ်တယ်ဆိုတာ ပိုက်ဆံဘယ် လောက်ပဲ ရှိနေပါစေ၊ ပညာတွေ ဘယ်လောက်ပဲ တတ်နေပါစေ၊ ပြည်သူတွေအတွက် ဘယ်လောက် လုပ်ပေးနိုင်လဲ တိုင်းပြည်အတွက် အလုပ် လုပ်ချင်တဲ့စိတ် ရှိတဲ့သူမှရမယ်၊ မဟုတ်ရင် မထူးဘူး” လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ခရိုနီ

နာမည်ပျက်နဲ့ ကျင်းပခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲက မွေးထုတ်လိုက်တဲ့ တစ်ချို့သော အမတ်တွေဟာ ခရိုနီ အမတ်တွေဖြစ်ပါ တယ်။ ခရိုနီတွေ နိုင်ငံရေးလောကထဲကို ရောက်လာတာဟာ တစ်ဖက်မှာ အမှန်တကယ် အလုပ်လုပ်သူတွေ နစ်နာရပါတယ်။ ဒီအချက်ကို လာမယ့် ရွေးကောက်ပွဲတွေမှာ နမူယူရပါလိမ့်မယ်။

“ခရိုနီတွေ ရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုရင် ပိတ်ပင်လို့တော့ မရဘူးလေ၊ ဒါက သူတို့အခွင့်အရေးပဲ” လို့
ဒေါ်ခင်စောဝေက ပြောပါတယ်။ ခရိုနီတွေရဲ့ ရွေးကောက်ပွဲ ၀င်ခွင့်ဟာ ပိတ်ပင်တားမြစ်လို့ မရနိုင်ပေမဲ့ နိုင်ငံရေး ပါတီတွေက ခရိုနီတွေကို ကန့်သတ် နိုင်ပါတယ်။ ၂၀၁၀ တုန်းကလို အဖြစ်မျိုး ထပ်မဖြစ်ဖို့ ပါတီတွေက ကြိုးစားကြ ရမှာပါ။

ပါတီများနှင့် အမျိုးသမီးများကို ဆွဲတင်ပေးမှု

နိုင်ငံရေး လုပ်တဲ့သူနဲ့ ထောင်ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်လိုဖြစ်အောင် ပြုလုပ်ခဲ့တဲ့ စစ်အစိုးရကြောင့် နိုင်ငံရေး မျိုးဆက်သစ်ဟာ ဒီနေ့မှာ သိပ်အားရစရာ မရှိပါဘူး။ ပင်နီ အင်္ကျီဝတ်ရင် အဖမ်းခံခဲ့ကြရတဲ့ စနစ်ဆိုးကြောင့် မျိုးဆက်ဟာ ပျက်ခဲ့ရပါတယ်။ ဒါ ကြောင့် အမှန်တကယ်လိုအပ်တဲ့ နေရာတွေမှာ လိုအပ်တဲ့၊ ကိုက်ညီတဲ့ သူတွေကို နေရာမပေးနိုင်တော့ဘဲ အတွေ့အကြုံနဲ့ အသက်အရွယ်ကြီးရင့်သူတွေနဲ့ အမျိုးသားတွေကိုသာ အများဆုံးနေရာပေးမှုတွေ လုပ်ခဲ့ကြရပါတယ်။ ဒါဟာ အမျိုးသမီးတွေအတွက် နေရာ ရှားပါးမှုကို ဖြစ်ပေါ်လာစေတော့ တာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီဆိုရင် ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်တွေဆိုတာ အထူးသဖြင့် အမျိုးသားတွေသာ များပါတယ်။ အမျိုးသမီးတွေကို နေရာပေးဖို့အတွက် လူ့အဖွဲ့အစည်းကရော နိုင်ငံရေး အသိုက်အ၀န်းကရော မေ့လျော့
နေခဲ့ကြပါတယ်။

နိုင်ငံရေးနယ်ပယ်ထဲက အဓိက၀င်ရောက်နိုင်တဲ့နေရာဟာ နိုင်ငံရေးပါတီတွေ ဖြစ်ပြီးတော့ ပါတီတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနယ်ပယ်မှာ ဆွဲတင်ပေးရမယ့် တစ်ခုတည်းသောနေရာလည်းဖြစ်ပါတယ်။

“အောက်ခြေက အမျိုးသမီးတွေကို နိုင်ငံရေးအသိတွေ အဓိက ဖြန့်ပေးဖို့လိုပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲကို ၀င်ရောက်လာပြီဆိုရင်လည်း ပါတီကြီးတွေက အမျိုးသမီးကို နေရာပေးတဲ့ ပုံစံတွေကို ပြင်ဖို့လိုတယ်။ အမျိုးသမီး အရေအတွက်တွေ များပြားလာဖို့ ကိစ္စမှာ အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံ ရေးပါတီတွေမှာလည်း အပြည့်အ၀ တာဝန် ရှိတယ်” ဟု အင်န်အယ်ဒီက အမျိုးသမီးလွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ ပြောကြားချက်ဟာ ပါတီတွေရဲ့ လိုအပ်ချက်ကို မီးမောင်းထိုးပြနေပါတယ်။

နိုင်ငံရေးလုပ်ခြင်းနှင့် နောက်ခံအထောက်အပံ့

ဒီနေရာမှာလည်း နောက်ထပ် အယူအဆတစ်ခုရှိနေပါတယ်။ တကယ်လို့ ပါတီတွေက နေရာပေးလိုက်ပြီး လွှတ်တော် ထဲရောက်သွားပြီဆိုပါတော့။ လက်ရှိ လွှတ်တော်ရဲ့ အထောက်အပံ့ဟာ နိုင်ငံရေးလုပ် ဖို့အတွက် လုံလောက်ရဲ့လား ဆိုတာ ပြန်တွက်ကြည့်ရမှာပါ။

“ကျွန်မတို့ အခုရတဲ့ ခရီးစရိတ်တွေဆို တော်တော်နည်းတယ်။ လွှတ်တော်ကရတဲ့ လစာကလည်း မလောက်ဘူး။ တကယ်လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်အိတ်ထဲက ပိုက်ဆံစိုက်နိုင်တဲ့သူက ပိုပြီး လုပ်နိုင်မှာပေါ့” လို့ ဒေါ်ခင်စောဝေ က ပြောပါတယ်။

အခြားနယ်ပယ်တစ်ခုမှာ ၀င်ငွေကောင်းကောင်းရနေသူဟာ လွှတ်တော်ထဲလာပြီး မလောက်မငတဲ့ ငွေနဲ့
နိုင်ငံရေးလုပ်မလား၊ လက်ရှိ အဆင်ပြေတဲ့နေရာမှာပဲနေမလား ဆိုတာဟာလည်း အလုပ်အကိုင် (Life Career) တစ်ခုလို စဉ်းစားစရာပါ။ လွှတ်တော်ရဲ့ ပထမသက်တမ်းမှာ ဒီအချက်တွေကို မပြင်နိုင်ပေမဲ့လာမယ့် ၂၀၁၅ လွှတ်တော်မှာတော့ ပြင်နိုင်လိမ့်မယ်လို့ လွှတ်တော်အမတ်တွေကို မျှော်လင့်နေကြပါတယ်။ အမျိုးသမီးတွေ ပါဝင်လာမှု မြင့်တက်လာရမယ်လို့ ပြောနေပေမဲ့ ချက်ချင်းကြီး ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်သလို တစ်ထစ်ချင်း၊ တစ်ရစ်ချင်း သွားရမဲ့ ကိစ္စပါ။

လွှတ်တော်အမတ်တွေကို ထောက်ပံ့ထားတဲ့ ပြည်သူတွေရဲ့ အခွန်တွေကို လွှတ်တော် အမတ်တွေကို အကျိုးရှိရှိ အသုံးချဖို့ လိုပါတယ်။ ဒီအခါမှာ ခရိုနီတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလာပါတယ်။ ခရိုနီတွေ အမတ်ဖြစ်လာရင် တကယ် အလုပ်လုပ်တဲ့သူတွေ နစ်နာမယ်ဆိုပေမဲ့ ဒီနေရာမှာတော့ ခရိုနီတွေကပိုပြီး အားသာပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အလွန်

၂၀၁၀ ရွေးကောက်ပွဲတုန်းက ခရိုနီအများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် နေရာတွေ
ဖြစ်ပါတယ်။ ခုတစ်လော အမျိုးသမီးတွေကို နေရာပေးဖို့ ဆိုလာပြန်တော့ လက်ရှိအာဏာရ ပါတီက အမျိုးသမီးတွေ ကိုတော့ နေရာတွေပေးပါရဲ့။ ဒါပေမဲ့ တကယ်အလုပ်လုပ်တဲ့သူတွေ မဟုတ်ဘဲ ခရိုနီတွေ ဖြစ်လာခဲ့ရင် ....။

“သူတို့တွေက တကယ့်သာမန်လူတွေ၊ အောက်ခြေက လူတွေဘာဖြစ်နေသလဲဆိုတာမသိဘူး။ သူတို့ ကိုယ်တိုင်က
အောက်ကတက်လာတဲ့သူတွေ မဟုတ်ဘဲ အပေါ်က Elite (ရေပေါ်ဆီ လူတန်းစား) တွေဖြစ်နေတာများတယ်” လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

ဒီနေ့ လွှတ်တော်မှာ လွှတ်တော်နှစ်ရပ်ပေါင်း အမျိုးသမီး ပါဝင်မှုဟာ ၄ ဒသမ ၅ ရာခိုင်နှုန်းသာဖြစ်ပါတယ်။
ပြည်ထောင်စု အဆင့် ၀န်ကြီးဆို၍ ဒေါ်မြတ်မြတ်အုန်းခင် တစ်ယောက်သာ လက်ညိုးထိုးပြစရာ တစ်ခုပဲရှိပါတယ်။

အိန်္ဒိယနိုင်ငံရဲ့ လွှတ်တော်မှာ အမျိုးသမီး ပါဝင်မှုနှုန်းကို ၃၀ ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတာ ဥပဒေအရ သတ်မှတ်ထား
ပြီးသား ဖြစ်ပါတယ်။ အိန်္ဒိယဟာ လွှတ်တော်ယဉ်ကျေးမှုကို မြန်မာနိုင်ငံထက် အလျင်ထိ တွေ့ခဲ့တာက သူတို့ရဲ့ အားသာချက်တစ်ခုပါ။

မြန်မာ့လွှတ်တော်ထဲမှာ အမျိုးသမီးတွေများလာနိုင်ဖို့ဆိုတာ လက်ရှိလွှတ်တော်ထဲက အမျိုးသမီး လွှတ်တော်အမတ်
တွေက အရင်ဆုံး စတင်ရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြား များပြားလှတဲ့ ကိစ္စတွေကို အဆိုတင်သွင်းနေချိန်မှာ အမျိုးသမီးတွေ လွှတ်တော်ထဲမှာ များလာဖို့ကိုလည်း မေ့ထားလို့မရပါဘူး။

နိဂုံး

လက်ရှိ အနေအထားအရ အမျိုးသမီး ရာခိုင်နှုန်း ဘယ်လောက်ပါရမယ်ဆိုပြီး ဥပဒေတစ်ခု မပြုနိုင် သေးပေမဲ့လာမယ့် ၂၀၁၅ အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ကြရတော့မှာပါ။ တောနေ၊ ကျေးလက် အမျိုးသမီးတွေကို နိုင်ငံရေး အသိတွေ မျှဝေပေးမယ်ဆိုတဲ့ အစီအစဉ်တွေနဲ့ မလုံလောက်တော့ပါ။

နိုင်ငံရေးပါတီတွေကို ပါတီတွင်းမှာရှိတဲ့ အမျိုးသမီးငယ်တွေကို နေရာပေးရမှာဖြစ်သလို အရာရာ အမျိုးသားကြီးတွေ လုပ်မှ အဆင်ပြေမယ်ဆိုတဲ့ ရှေးရိုးတွေကိုလည်း ဖျောက်ပစ်ဖို့လိုနေပါပြီ။