www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > စစ်ဆန့်ကျင်ရေးသမား တူဖူး

စစ်ဆန့်ကျင်ရေးသမား တူဖူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                            (က)
၁၉၇၃-ခုနှစ်လောက်က ဖြစ်သည်။ ကျွန်တော်က ကျောင်းပိတ်ရက်တွင် ရန်ကုန်သို့ နေ့ချင်းပြန် အလည်သွားတတ်၏။ ရန်ကုန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းချုပ်ရုံးတွင် အလုပ်လုပ်သည့် ကဗျာဆရာ “အောင်ဇင်မင်း” ထံ ချီတက်သွားလေ့ရှိ၏။ သူ့ဆီက ရသမျှ စာအုပ်စာတမ်းများကို ယူကာ ပဲခူးသို့ ပြန်လေ့ရှိ၏။

ပဲခူးတွင် စာပေ၀ါသနာရှင် လူငယ်တစ်စု ရှိခဲ့၏။ မင်းခိုင်ဦး၊ ကိုခါး (ကိုခါး- ကွမ်းခြံကုန်း မဟုတ်ပါ။) ကိုစန်းမောင် (ယခု- ဗဟို တရားရုံးရှေ့နေ)၊ ကိုခင်ဦး၊ စိုးမိုးတင် (ခရေ) အစရှိသည့် ကဗျာရေးသူ လူငယ် တစ်စုအဖို့ ထိုအချိန်က စာအုပ်စာတမ်းတွေထဲ တောနင်း သွားလာလျက်ရှိသောအချိန် ဖြစ်၏။ ကျွန်တော်နှင့် ကိုစန်းမောင်က မိုးဝေစာပေ မဂ္ဂဇင်း ကဗျာဆရာများနှင့် ထိတွေ့နီးစပ်သဖြင့် ပဲခူးက ယင်းလူငယ်တစ်စုကို အများဆုံး အကူအညီပေးနိုင်ခဲ့၏။ ထိုစဉ်အချိန်က ကျွန်တော်တို့ရဲ့ လေ့လာရေးရေချိန်မှာ အမြင့်ဆုံး ဖြစ်ခဲ့၏။ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် အရှေ့လေက အနောက်လေကို ဖိတိုက်နေသော အချိန်ဖြစ်၏။ နယ်ချဲ့နိုင်ငံများ အရင်းရှင်နိုင်ငံများကို ထိုးနှက် တိုက်ခိုက်နိုင်သည့် တော်လှန်ရေး လက်ဝဲအယူအဆများကို နှစ်နှစ်ကာကာ လေ့လာနေခဲ့ကြ၏။

ကဗျာဆရာ “အောင်ဇင်မင်း” အလုပ် လုပ်သည့်ရုံးမှာ စိနသံရုံးနှင့်မဝေးလှ။ လမ်းလျှောက်သွားလျင် ရောက်၏။ ထို့ကြောင့် ရန်ကုန်ရောက်သည့်အချိန်တိုင်း (ကို)အောင်ဇင်မင်းထံ ကျွန်တော်ရောက်၏။ သူက စိနသံရုံးကို လိုက်ပို့၏။ စိနသံရုံးက ရသမျှ စာအုပ်စာတမ်းများကို တောင်း၏။ (ကို) အောင်ဇင်မင်းမှာ စိနသံရုံးကို အ၀င်အထွက် များသူဖြစ်၏။ သူနှင့်ခင်မင်သမျှ စာပေသမား လူငယ်တိုင်းကို စိနသံရုံးဆီ စေတနာ့ဝန်ထမ်း ပို့ပေးနေခဲ့ဟန်တူ၏။ သံရုံးတာဝန်ရှိ သူများက သူ့ကိုသိ၏။ သူက သံရုံးယဉ်ကျေးမှု ကောင်စစ်ဝန် အမျိုးသမီးနှင့်လည်း ရင်းနှီး၏။

ရန်ကုန်ရောက်သည့် အချိန်တိုင်းလိုလို စိနသံရုံးနှင့် မြောက်ကိုရီးယားသံရုံး (ထိုစဉ် အချိန်ကမူ မြောက်ကိုရီးယား တို့သည် နိုင်ငံတကာ လွတ်မြောက်ရေးနှင့် တော်လှန်ရေးများကို အားပေးထောက်ခံနေသောနိုင်ငံ ဖြစ်ပါခဲ့ပါသည်)သို့ မရောက်သည့် အခေါက်ဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ရုရှား သံရုံးသို့ မူ ကျွန်တော်မသွား။ ကျွန်တော်တို့က ရုရှား တို့ကို ပြန်လည် ပြင်ဆင်ရေးသမားများဟု သတ်မှတ်၏။ ထို့ကြောင့် သူတို့သံရုံးသို့မူ မသွားခဲ့။

သံရုံးမှ စာအုပ်စာတမ်းများ၊ လမ်းဘေးစာအုပ်အဟောင်းဆိုင်များမှရသည့် စာအုပ်စာတမ်းများမှ တစ်ဆင့်
တော်လှန်ရေး ဆင်နွှဲနေသော နိုင်ငံများ၏ကဗျာများကို ကျွန်တော်တို့ စုဆောင်းခဲ့၏။ ကျွန်တော်၊ ကိုစန်းမောင်၊ ကိုခါး၊ မင်းခိုင်ဦးတို့ လေးဦးပေါင်းပြီး “ဒီရေ” နှင့် “ဆီးပွင့်” ဟု အမည်ပေးထားသော ကဗျာစာအုပ်များ ထုတ်ကြ၏။
နိုင်ငံတကာ ကဗျာဘာသာပြန် စာအုပ်များဖြစ်၏။ လက်ရေးဖယောင်းပုံနှိပ် လက်ချုပ် စာအုပ်ငယ်များ ဖြစ်၏။

ထိုစဉ်က ကျွန်တော်က စစ်ဆန့်ကျင်ရေး ကဗျာများကိုသာရွေးပြီး ဘာသာပြန်ခဲ့သည်။ အထူးသဖြင့် တရုပ်နှင့်ဂျပန် စစ်ဆန့်ကျင်ရေး ကဗျာများကိုရှာ၏။ ရွေး၏။ သည်လိုနှင့် တရုတ်ကဗျာဆရာ “တူဖူး” ရဲ့ ကဗျာများကို ကျွန်တော် ဖတ်ခွင့်ရလာခဲ့၏။

                                                       (ခ)

တရုတ်ကဗျာဆရာ “တူဖူး” ပေါ်ထွန်းခဲ့သည့်ခေတ်မှာ နှယ်နှယ်ရရခေတ်မဟုတ်။ တရုတ်ကဗျာသမိုင်းတွင်၊  ကဗျာ
ရွှေခေတ်ကြီးဟု တင်စားရလောက်အောင် လူတွေက ကဗျာကို အထူးတလည် ချစ်မြတ်နိုးကြသော ခေတ်ကြီးဖြစ်၏။ အင်မတန် ထင်ရှားသည့် “တူဖူး”၊ “၀မ်ဝေ” “လီပို” တို့လို ကဗျာဆရာကြီးများ ပေါ် ပေါက်ခဲ့သည့်ခေတ် ဖြစ်၏။ ထိုခေတ်မှာ “တန်မင်းဆက်ခေတ်” ဖြစ်၏။

“တန်မင်းဆက်ခေတ်” ကလူတွေ ကဗျာကို အလေးအနက်ထားကြပုံမှာ သြချယူရလောက်၏။ ဥပမာ - ဈေးဆိုင်တွေ၊ အိမ်နံရံတွေမှာ ကဗျာတွေ ရေးကပ်ထားကြ၏။ လူ တချို့သည် ကဗျာစာသားများကို ခန္ဓာကိုယ်ပေါ်တွင် ဆေးမင်ရည် စုတ်ထိုးပြီး ရူးသွပ်ခဲ့ကြ၏။ ထိုခေတ်ကပေါ်သည့် ကဗျာဆရာများက လည်း သဘာဝပတ်ဝန်းကျင်အပေါ် အလေးအနက်ထား စုံမက်ကြပုံမှာ အံ့သြရလောက်၏။ ဥပမာ ကဗျာဆရာ “လီပို” သည် ယန်စီမြစ်ထဲက “လ” ကို ဆင်းဆယ်ဖို့ ကြိုးစားရင်းက ရေနစ်ပြီး သေခဲ့ရသည် ဟုဆို၏။ သည်လိုဝန်းကျင်၊ သည်လို အနေအထားမျိုးတွင် ကဗျာဆရာ “တူဖူး” ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“တူဖူး” သည် ခရစ်သက္ကရာဇ် ၇၁၂- ခုနှစ်တွင် မွေး၏။ ၇၇၀- ခုနှစ်တွင် ဆုံး၏။ ခရီး အင်မတန်သွား၏။ ပဒေသရာဇ် မင်းစိုးရာဇာ စာမေးပွဲများတွင် အကြိမ်ကြိမ် ရှုံးနိမ့် သော်လည်း ကဗျာဆရာတစ်ဦးအနေနှင့်မူ ပဒေသရာဇ် စစ်ဘုရင်
များကအစ၊ သာမန် ဆင်းရဲသားအဆုံး လေးစားခြင်းခံခဲ့ရ၏။ သူ သည် လူပေါင်း (၁၆) သန်းကျော် သေဆုံးသည်ဟု ယူဆခဲ့ကြသည့် “လူရှန်ပုန်ကန် အုံကြွမှုကြီး” ကို အသက် (၄၀) ကျော်မှာ ကြုံတွေ့ခဲ့ရ၏။ စစ်ဘုရင်တွေ အချင်းချင်း
ဖြစ်ကြသည့် စစ်ပွဲမှာ ကိုးနှစ်ကြာခဲ့၏။ “တူဖူး” သည် အဖမ်းခံခဲ့ရသေး၏။ နယ်နှင်ခံခဲ့ရ၏။ ပြည်ပြေးဖြစ်ခဲ့ရ၏။ စစ်ဘေး ဒုက္ခသည် ဖြစ်ခဲ့ရ၏။

သည်အဖြစ်အပျက်ကြီးက “တူဖူး” ကို မည်ကဲ့သို့ ရိုက်ခတ်ခဲ့သနည်း။ သူ့ကဗျာ များထဲ၌ သူက မည်ကဲ့သို့ ထည့်သွင်း
ရေးစပ် ခဲ့သနည်း။

မိသားစုဘ၀မှာလည်း “တူဖူး” သည် ကံမကောင်းပါ။ မိခင်က သူ့ကိုမွေးပြီးကာစမှာပင် ဆုံး၏။ ဖခင်က နောက် အိမ်ထောင်ပြု၏။ သူက အဒေါ်ဖြစ်သူထံသွားနေရင်း ကြီးပြင်းရ၏။ သူ့ကဗျာများထဲ၌ သူ့ဖခင်၊ သူ့ ညီ အစ်ကိုသားချင်း ...၊ သူ့အဒေါ်တို့အကြောင်း ရေးဖွဲ့တတ်သော်လည်း သူ့မိဒွေးကိုမူ စာတစ်လုံးမျှ ထည့်မရေးခဲ့။ “တူဖူး” သည် ကဗျာ ပုဒ်ရေ (၁၅၀၀) ကျော် ရေးဖွဲ့သွားခဲ့ ၏။ နေရာဒေသမျိုးစုံ ခရီးသွားခဲ့ ၏။ သူ့ဘ၀ နှောင်းပိုင်း ကိုးနှစ်လုံးလုံး ဆင်းရဲကြီးစွာ နေသွားခဲ့၏။ ရောက်သည့်နေရာတွင် ငှက်ပျောဖက် တဲအိမ်ဆောက်ပြီး နေခဲ့သည်များလည်း ရှိ၏။ အသက် (၅၈) နှစ်တွင် လှေတစ်စင်း ပေါ်၌ ဖျားနာရင်း သေဆုံးခဲ့ရ၏။

သူ့ကဗျာတွေက သူ့ခေတ်သူ့ကာလ သမိုင်းရေးအဖြစ်အပျက်များကို အခြေခံသဖြင့် သမိုင်းဆရာတို့ အတွက် တန်ဖိုးကြီးသော ကဗျာများ ဖြစ်လာခဲ့၏။ အထူးသဖြင့် သူ့ကဗျာများထဲတွင် ကျွန်တော် စိတ် အ၀င်စားဆုံးမှာ “စစ်” ကိုဖွဲ့သည့်ကဗျာများ ဖြစ်၏။ ထိုခေတ်က လူတွေ စစ်အပေါ် ဘယ်လိုမြင်ကြသလဲ။ စစ်ပွဲတွေအပေါ် ဘယ်လို သဘောထားကြသလဲ။ အထူးသဖြင့် ကဗျာဆရာတွေက စစ်ကို ဆန့်ကျင်ကြ သလား၊ ထောက်ခံခဲ့ကြသလား။ သူတို့သည် စစ်မုန်းသူလား၊ စစ် လိုလားကြသူတွေလား။ ကျနော် သိချင်၏။ ထို့ကြောင့် “တူဖူး” ရဲ့ ကဗျာများကို ရနိုင်သမျှရအောင် ကျွန်တော် စုဆောင်းခဲ့သည်။ ဖတ်ခဲ့ သည်။ “တူဖူး” ရဲ့ စစ်ဆန့်ကျင်ရေး အမြင်ရှိသည်ဟု ယူဆရသည့် ကဗျာလေး ပုဒ်ကို ဘာသာပြန်ခဲ့သည်။ အခု “တူဖူး” ရဲ့ “စစ်ဆန့်ကျင်ရေး” ကဗျာတစ်ပုဒ်ကို ဖော်ပြ လိုက်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ် ထောင်ကျော်က၊ ကဗျာဆရာတစ်ယောက်ရဲ့ စစ်ပွဲတစ်ခုအပေါ်မြင်တဲ့ အမြင်ကို ခံစားမျှ ယူလို့ရနိုင်ကောင်း ရဲ့ဟု ကျွန်တော် ယူဆမိ၏။ “တူဖူး” က သူ့ကဗျာထဲမှာ စစ်ပွဲကြောင့် မိသားစုတွေ ပြိုကွဲဒုက္ခရောက်ရ သည်ဟု ဖွဲ့ဆို ခဲ့၏။ သည်ကဗျာတွင်ပင် တူဖူးသည် စစ်ဆန့်ကျင်ရေးသမား ကဗျာဆရာဖြစ်သည်ကို အ ဖြေပေးသည့်ကဗျာ ဖြစ်လေသည်။

နွေဦးကာလ စစ်ပွဲ

နိုင်ငံတော်သည်ကား
ပြိုကျပျက်စီးသွားခဲ့ပြီ။

တောင်ကုန်းတွေ စမ်းချောင်းတွေသာပဲ
အသက်ရှင်သန်ဆဲ။

နွေးဦးကာလ မြို့တော်ထဲ
မြက်ခင်းနဲ့ သစ်ရွက်တွေ ရှင်သန်ဆဲ။

ပန်းပွင့်တွေကတော့
မျက်ရည်သုတ်ရင်းက အချိန်ကုန်လွန်ကြ။

ငှက်တွေ
ထိတ်လန့်ခြောက်ခြားနေဖွယ်ထင်ရ
သူတို့လည်းပဲ
ခွဲခွာကြရမှာကို မုန်းတီးကြတာပဲ။

မီးတွေ လောင်ကျွမ်းနေခဲ့တာ
သုံးလပင် ကြာခဲ့ပြီ။
အိမ်တအိမ်က စကားတစ်ခွန်း ကြားရဖို့
ဆိုတာ
ရွှေအချိန်တစ်တန်ထက်ပင် တန်ဖိုးကြီးပြီပေါ့
သေးသေးမျှင်မျှင်လေး ပေါက်လာတဲ့
ငါ့ဆံပင်ဖြူတစ်ချောင်းကို ငါနှုတ်တော့
ဆံပင်ဖြူက
ငါ့ဦးထုပ် ဆံထိုးကြား
တွယ်ကပ်လို့ ထားလေရဲ့။ ။

ကိုးကား။
THREE CHINESE POETS : VIKRAM SETH