မှန်နန်းဆောင်မှ ဒဂုံရိပ်သာသို့

ပရင့်ထုတ်ရန်

                                                                   (၁)
တက်ကြွသောပညာရှင်များက ရှေးအစဉ်အလာအရ သုံးစွဲလာခဲ့သော “ရာဇ၀င်” ဟူသည့် ဝေါဟာရအစား “သမိုင်း” ဟူသော ဝေါဟာရကို နှစ်သက်ကြသည်။ ယင်း “သမိုင်း” ဟူသော စကားလုံးကိုလည်း သုံးနှုန်းလျက် ရှိကြသည်။

ရာဇ၀င်ဟူသည်မှာ “ရာဇ၀ံသ” ဟူသော ပါဠိစကားမှ ဆင်းသက်လာသည်။ “ရာဇ” ဟူသည်မှာ “ရှင်ဘုရင်”၊ “၀ံသ”မှာ အမျိုးအနွယ်၊ “ရာဇ၀င်”ဆိုသည်မှာ ရှင်ဘုရင်အကြောင်း၊ ရှင်ဘုရင်အမျိုးအနွယ် အကြောင်း
ရေးထားချက်များသာ ဖြစ်သည်။ သမိုင်းဆိုသည်မှာ ကျယ်ဝန်းသော အဓိပ္ပါယ်ထွက်သည်ဟု ယူဆကြသည်။ ရှေးက သမိုင်းဟူသောဝေါဟာရကို ဘုရားသမိုင်းဟု သုံးနှုန်းကြသည်။

“ရာဇ” သည် ရှေးခေတ်က ရှင်ဘုရင်ကို ခေါ်သောစကားဖြစ်သည်။ အမှန်အားဖြင့် ရာဇ၏ အဓိပ္ပါယ်မှာ အုပ်စိုးသူပင် ဖြစ်သည်။ ရှင်ဘုရင်လက်ထဲ၌ နိုင်ငံရေးအာဏာရှိသည်။ မည်သူမျှ တိုင်ပင်ညှိနှိုင်းဖို့မလို။ သတ်စေ ဆိုက သေစေရမည်စသော အာဏာကိုပိုင်သူဖြစ်သည်။ ရှေးက သက်ဦးဆံပိုင်ဘုရင်ဟုလည်းကောင်း၊ ယနေ့ခေတ်တွင်မူ အာဏာရှင်ဟု လည်းကောင်း သမိုင်းဆရာတို့က သုံးနှုန်းလေ့ရှိကြသည်။ ရှေးကရှင်ဘုရင်ကို မင်းဟုလည်း ခေါ်သည်။ ယနေ့ခေတ်ပြည်သူတို့က ရွေးကောက်တင်မြှောက်သော သမ္မတအစိုးရခေတ်တွင်မူ အုပ်စိုးသူကို အစိုးရဟူ၍လည်းကောင်း သမ္မတ၊ ၀န်ကြီးချုပ် စသည်အားဖြင့် လည်းကောင်း နာမည်တပ်၍
ခေါ်ဝေါ်ကြသည်။ ပါဠိအခေါ်ဖြင့်ခေါ်လျှင် ရာဇယပင်ဖြစ်သည် မဟုတ်လော။

ကွန်မြူနစ်နိုင်ငံများ၌ ဥက္ကဋ္ဌကြီးဟု ခေါ်ချင်ခေါ်ပေမည်။ အိန်္ဒိယနိုင်ငံ၌ နိုင်ငံတော်အကြီးအကဲကို ရဌပတိ ဟုခေါ် သည်။ ယင်းတို့သည် ပညတ်သဘောတရား(၀ါ) အမည် ခေါ်ဝေါ်ခြင်း သဘောမျှသာ ဖြစ်သည်။

မကိုဋ်ကို ဆောင်းသည်ဖြစ်စေ၊ သရဖူကို ဆောင်းထားသည်ဖြစ်စေ၊ သံခမောက် ဆောင်းထားသည်ဖြစ်စေ၊
ခေါင်းပေါင်း, ပေါင်းထားသည်ဖြစ်စေ၊ ဖော့ဦးထုပ်ကို ဆောင်းထားသည် ဖြစ်စေ မည်သို့ပင်ခြားနား လင့်ကစား
နိုင်ငံရေးအာဏာလက်ဝယ်ရှိသူသည် ရာဇယပင် ဖြစ်သည်။

အရေးကြီးသည်ကား မည်သည့်လူတန်းစား၏ နိုင်ငံရေးအာဏာကို ကိုယ်စားပြုသနည်း။ အရင်းရှင်လူတန်းစားကို ကိုယ်စားပြုသောရာဇသည် ဓနရှင်အစိုးရဖြစ်သည်။ ဆင်းရဲသားလူတန်းစားကို ကိုယ်စားပြုသော ရာဇသည် ဆင်းရဲသားအစိုးရ ဖြစ်သည်။ ပြည်သူကို ကိုယ်စားပြုသောအစိုးရသည် ပြည်သူ့အစိုးရ ဖြစ်သည်။

                                                                  (၂)

ရာဇ၀င်ဟုခေါ်ခေါ်၊ သမိုင်းဟုခေါ်ခေါ်၊ လူထုလှုပ်ရှားမှုကို အခြေခံ၍ရေးသားသော ယနေ့ခေတ် ပြောင်းလဲ လှုပ်ရှားမှုများအကြောင်း မှတ်တမ်းတင်သော လူတို့၏ အတ္ထုပ္ပတ်္တိ စာအုပ်များ ထွက်ပေါ်လျက်ရှိသည့်အနက်
ဒေါက်တာမောင်မောင်၏ “မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေ၀င်း” သည် ထူးခြားပေသည်။ ဒေါက်တာ
မောင်မောင်သည် သတင်းစာဆန်ဆန် အရေးအသားဟန်ဖြင့် သူသိသမျှ၊ သူနှင့် နီးစပ်သမျှ၊ ယနေ့နိုင်ငံရေး အဖြစ်အပျက် အပိုင်းအဆစ်များကို ရေးသားထားခြင်း ဖြစ်သည်။

မှန်နန်းရာဇ၀င်ဆရာသည် မှန်နန်းတော်၏ထင်ဟပ်ချက်ကို ရေးပြပေမည်။ ဆိုရှယ်လစ် တစ်ယောက်က ရာဇ၀င်
ရေးလျှင် ဆိုရှယ်လစ်ပါတီကိုဗဟိုပြု၍ ရေးပေမည်။ ကွန်မြူနစ်တစ်ယောက်ကရေးလျှင် ကွန်မြူ နစ်ပါတီကို ဗဟိုပြု၍
ရေးပေမည်။ ဓနရှင် ဒီမိုကရက်တစ် ယောက်ကရေးလျှင်လည်း သူ၏ဓနရှင်ပါတီကို ဗဟိုပြုရေးပေလိမ့်မည်။ ဤကား သဘာဝ။

ကျမ်းပြုသူ ဒေါက်တာမောင်မောင်သည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံးသော တရားသူကြီးချုပ်ဖြစ်၍ တရား ဥပဒေအမြင်ဖြင့် ရေးမည်ဟု မျှော်လင့်ရန်ရှိသည်။ တရားဥပဒေသမားဖြစ်၍ တရားနည်းလမ်းကျမည်၊ မှန်ကန် တိကျရမည်၊ သေချာရမည်။ သို့သော် စာမျက်နှာ ၃၄၂ ၌ “ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း၊ ဦးသိန်းဖေမြင့်တို့သည် အလုပ်သမားလယ်သမားပါတီသို့ ၀င်ကြသည်” ဟု ဖေါ်ပြသောအခါ အံ့သြရလေသည်။ ဦးအောင်သန်းမှာ
ပြည်သူ့တိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ၊ ဦးသိန်းဖေမြင့်မှာ ပြည်သူ့ညီညွတ်ရေးပါတီ၏ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့ကြသည်။

လူထုလှုပ်ရှားမှုကို ဖေါ်ပြရာ၌ နိုင်ငံရေးပါတီများနှင့် လူထုအဖွဲ့အစည်းများ၏ ကဏ္ဍမှာ အရေးကြီးသည်။ နိုင်ငံရေး ပါတီတို့မှာ လူတန်းစားများကို ကိုယ်စားပြုကြသည်။ ဓနရှင် လူတန်းစားပါတီ၊ လုပ်သားလူတန်းစားပါတီ်။

အင်္ဂလိပ်နယ်ချဲ့သမားကို ဆန့်ကျင်ကြသော ၁၉၃၉- ခေတ်ကာလ နိုင်ငံရေးအင်အားစုများသည် အဖြူ အမည်း မကွဲကြသေး။ ညီညွတ်စုပေါင်း၍ နေကြသေးသည်။ ဖက်ဆစ်တော်လှန်ပြီးသော် သိသိသာသာ ကွဲသွားကြသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ လွတ်လပ်ရေးရပြီးသော် ဆိုရှယ်လစ်များ အာဏာရသွားကြ သည်။ ဆိုရှယ်လစ်ပါတီ ထဲမှလည်း လက်ဝဲ၊ လင်္ကျာ ကွဲသွားကြသည်။ ဒို့ဗမာ အစည်းအရုံးခေတ်က “ကွန်မြူနစ်ကြေညာစာတမ်းကို ဘာသာပြန်သူ” သခင်ဗစိန်မှာ ကွန်မြူနစ်ဆန့်ကျင် ရေးသမားဖြစ်သွားခဲ့ သည်။ ယနေ့ခေတ်တွင်ကား ပန်းစင်္ကြာ မှန်ပြောင်းလှည့်သကဲ့သို့ တစ်နေ့နီ၊ တစ်နေ့ပြာ၊ တစ်နေ့ဝါ။

                                                                (၃)

ဒေါက်တာမောင်မောင်သည် သီပေါမင်းမှ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်အထိ နိုင်ငံရေးအဖြစ်အပျက်များကို ဖတ်ချင့်စဖွယ် ရေးထား၏။ ကန့်လန့်ဖြတ် ပုံကားတစ်ချပ်ပင်။ တစ်အုပ်တည်းဖတ်ရုံဖြင့် “အုပ်ချုပ်ရေး၊ တရား ဥပဒေပြုရေး၊ တရားစီရင်ရေးစသော အာဏာရပ်အားလုံးကို ရယူနိုင်စွမ်းရှိသော” ဗိုလ်ချုပ်ကြီး နေ၀င်း၏ စွမ်းရည်ကို ရောင်စုံယှက်သန်းသော နောက်ခံကားဖြင့် ပေါ်လွင်အောင်ဖော်ပြထားသည်မှာ ကျမ်းပြုသူ
ဒေါက်တာမောင်မောင်အား ချီးကျူးရမည်ပင်။ ထို့ကြောင့် ဒေါက်တာမောင်မောင်က “ဗိုလ်ချုပ်ကြီး နေ၀င်းသည် မကြုံဖူးသော မြန်မာ့သမိုင်းခေတ်တွင် သူတကာမရဘူးသော နိုင်ငံရေးအာဏာကို မယူမနေရ သမိုင်းကနှင်းအပ် သဖြင့် စွဲကိုင်ခဲ့ရသမျှ”ဟု ဖော်ပြအနက်ဖေါ်ထားပေသည်။ လျှို့ဝှက်သည်းဖိုဝတ္ထု ဖတ်ရသကဲ့သို့ ရင်တလှပ်လှပ်ဖြင့် စိတ်ဝင်စားစွာ ဖတ်ရှုရပေသည်။

ဤကား ကျမ်းပြုသူ၏ ကလောင်စွမ်းရည်ပင်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီး နေ၀င်းကို နှိုင်းယှဉ်၍
ဒေါက်တာ မောင်မောင်က “ဗိုလ်ချုပ်အောင်ဆန်းထက် ဗိုလ်နေ၀င်းက အသက်ကြီးသည်။ ဘ၀အတွေ့အကြုံ စုံသည်” ဟု ဖော်ပြထားပေသည်။

နိုင်ငံရေးဇာတ်ခုံပေါ်၌ ကိုယ်တိုင်ပါဝင်ကပြခဲ့ကြသော ခေါင်းဆောင်များသည် မိမိအတွေ့အကြုံတို့ကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ်္တိအဖြစ် ရေးသားနိုင်ကြပါက ယနေ့ မြန်မာ့နိုင်ငံရေးအဖြစ်အပျက် ကျမ်းပေါင်းချုပ် ကြီးအဖြစ် ကျယ်ပြန့်
ပြည့်စုံလာလိမ့်မည် ဖြစ်ပေသည်။ ။

ရှုဒေါင့်။ ၂၉၊ ၅၊ ၆၉