www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၁ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

စာရေးဆရာအသင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                        (၁)

အ၀ရှိ အုတ်တံခါးတိုင်၌ “စာရေးဆရာ အသင်း” ဟူသော ကြေးဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ရလေသည်။

ထင်းရှူးပင်များအကြားမှ မြေနီလမ်းကလေး၏အစကို တွေ့နေရသည်။ ၀င်းအတွင်း၌ကား စိမ်းသောသစ်ပင်
များဖြင့် အုပ်ဝေမှိုင်းညို့နေလေ၏။ သံပန်းဝင်းတလျှောက်၌ ထူထပ်သောဝါးပင်များ ကာထားလေရာ အတွင်းရှိ အဆောက်အဦကို မမြင်ရပေ။

မြေနီလမ်းကလေးထဲ ၀င်လိုက်သောအခါ လမ်းကွေ့တစ်ခုလွန်လျှင် စကားဖြူပင်အကိုင်းအလက်များ အကြားမှ ဆင်စွယ်ရောင်တိုင်လုံးကြီးများကို တွေ့လာရလေသည်။ တိုင်လုံးများအထက်၌ ရွှေကနုတ်ပန်း များသည် ကျက်သရေဆောင်နေကြလေသည်။

စကားဝါ၊ စကားနီပင်များ၏ ညွှတ်ကွေးကောက်လိမ်သော အကိုင်းတို့သည် မျက်နှာစာတိုင်လုံးရှိ ကနုတ်ခွေ အ၀ိုက်များနှင့် အပျော့အပျောင်း ပြိုင်နေကြ၏။ ပန်းရောင် စကားနီတစ်ပွင့်သည် ကနုတ်ကြာရွက်၌ ပန်ထားလေသည်။ လမ်းတကွေ့ကျော်သောအခါ ယင်းစကားနီပွင့်သည် အမိုးထိပ်ရှိ နတ်ရှင်နောင်၏
ရောင်တစောင်းတွင် ပန်ဆင်ထားပြန်သည်။

လမ်းစက်ဝိုင်းအလယ်ရှိ စိမ်းမြသော မြက်ခင်းထိပ်၌ ရေပန်းမှရေပန်းများဖြာညွှန်ဝေ ကျနေကြသည်။

ရေပန်းဗဟိုရှိ သူရဿတီ နတ်သမီးကျောက်ဖြူရုပ်ထုမှာ စိုစွတ်ကာ ငြိမ်သက်လျက်ရှိသည်။ မချမ်းလေရော့ သလား။

ရေပန်းဘေးရှိ ဆေးစိမ်းသုတ်ထားသော ထိုင်ခုံ၌ ကဗျာဆရာကလေး မောင်ဖြေလျော့သည် နတ်သမီး ရုပ်ထုကို စိုက်ငေးနေသည်ကို တွေ့ရလေသည်။ သူ့ကို ဤနေရာ၌ တွေ့ရမြဲ။

“ကျွန်တော်တော့ နတ်သမီးလေးကို ချစ်နေပြီဗျာ။ သူ့အပြုံးကလေးတွေ သူ့ရဲ့ရီဝေတဲ့ မျက်လုံးကလေးတွေကို သိတ်စွဲတာပဲ၊ ကျွန်တော်တော့ သူ့ဝိညာဉ်ထဲက ကဗျာတွေ ထွက်လာမယ်လို့ချည်းယုံပြီး စောင့် နေရတာ” ဟု စာရေးဆရာအသင်းဥက္ကဋ္ဌ မေဓါဝီအား ပြောဖူးသည်။

“ဘယ့်နှယ်လဲ ကိုဖြေလျော့ ကဗျာရမလား” ဟု ကျွန်တော်က ပြုံးကာလှမ်းမေးလိုက်သည်။

သူသည် ခေါင်းခါပြကာ သူရဿတီဆီသို့ မျက်နှာပြန်ရောက်သွားလေသည်။

                                                         (၂)

အ၀င်ဝ၌ အစောင့်တံခါးမှူး ခါတိုင်းကဲ့သို့ သခင်ကိုယ်တော်မှိုင်း၏ ကိုယ်တစ်ဝက် ကြေးရုပ်ဘေးတွင် တွေ့ရ
လေသည်။

“ဘကြီး ကိုနန္ဒတစ်ယောက် မလာဘူးလား”

“ခုနကတင် အမှုဆောင်အခန်းလာပြီး နောက်ပြန်ထွက်သွားတယ်ထင်တယ်။ နေဦး သွားကြည့်လိုက်ဦးမယ်”

ဦးတာတေသည် စည်းဝေးခန်းမဆောင်မှ ဖြတ်ကာအပေါ်ထပ်ရှိ အမှုဆောင်ရုံးခန်းဘက်သို့ တက်သွား
လေသည်။

စည်းဝေးခန်းမဆောင်ကြီးဘေး၌ အတွင်းရေးမှူးရုံးခန်း၊ စာပေဆွေးနွေးသည့် အခန်းဆောင် အမှတ် ၁- ၂- ၃- ၄- ၅ များ ရှိကြသည်။ စည်းဝေးခန်းမဆောင် စင်မြင့်ပေါ်ရှိ ကျောက်သင်ပုန်း၌ တိဗက်အက္ခရာများပင် မဖျက်ရသေးပေ။ မနေ့က တိဗက်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးလာ၍ ဘာသန္တရ ဗေဒအကြောင်း
ဟောပြောခဲ့သေးသည်။ စာရေးဆရာအသင်းမှကြီးမှူးကျင်းပသော ဟောပြောပွဲဖြစ်သည်။

ဦးတာတေ ပြန်လာကာ “မရှိဘူး ကလပ်သွားတယ်လို့ ပြောတယ်”

“အတွင်းရေးမှူးချုပ်ကော ရှိလား”

“မရှိဘူး မနက်က အလုပ်သမားသမဂ္ဂသွားတယ်။ အဲဒီမှာ စာပေဆွေးနွေးပွဲ ရှိတယ်”

ကျွန်တော်လည်း ကလပ်သို့ ထွက်လာခဲ့လေသည်။ အသင်းတိုက်နှင့် စာရေးဆရာ ကလပ်မှာ ထင်ရှူးပင် တန်းနှစ်တန်းသာ ခြားသည်။ ထင်းရှူးပင်များအောက်ရောက်လျှင်ပင် ထင်းရှူးနံ့နှင့်အတူ ရယ်သံ၊ ဟားသံ၊ စကားပြောသံ၊ ဖန်ခွက်သံ၊ ပတ္တလားသံ၊ ရေဒီယိုသံများ သဲ့သဲ့ကြားလာရလေသည်။

ကလပ်၏ အဆောက်အဦပုံကား ကနုတ်ရွှေပွတ်တိုင်လုံးကြီးနှင့် ဆန့်ကျင်နေတော့သည်။ အဝေးမှကြည့်လျှင် ကလေးစိတ်ကူးဖြင့် စက္ကူချိုးကာလုပ်ထားသော သေတ္တာလေးလိုဗူးခွံလေးလိုခေတ်ပုံစံဖြစ်သည်။ စိတ္တဗေဒ ပန်းချီဆရာတစ်ဦးနှင့် မက်စီကိုမှ ဗိသုကာပေါင်းစပ်ကာ ထွင်ထားသောပုံစံ ဖြစ်သည်။

မြကန်သာရေစပ်သို့ ရေတစ်ပိုင်းရောက်နေသော ၀ရံတာတွင် အစိမ်းနှင့်အဖြူ ကျားထီးကြီးများ မိုးပေး ထားသည်။ အချစ်ဝတ္ထုရေးဆရာ လှပသည် သူ့အားနှစ်သက် ကြည်ညိုသော စာဖတ်ပရိသတ်ကျောင်းသူ ခပ်ရွယ်ရွယ်နှစ်ဦးအား ဧည့်ခံနေသည်ကို တွေ့ရ၏။ လှပက ပန်းရောင်ရှန်ပိန်အရက်ဖြင့် လောကွတ်ပြုနေ၏။

ကျွန်တော်လည်း ပြုံးကာအထဲကို ၀င်လိုက်သည်။ အပြင်တွင် ကျောက်ပြားရောင်စုံများဖြင့် ဖရိုဖရဲ ကြဲပက်စီ ကပ်ထားပြီး အတွင်း၌ကား နံရံပန်းချီများဖြင့် မွမ်းမံထား၏။ ဘိလိယက်ခန်းရော ဂီတခန်း၌ပါ ကိုနန္ဒကို ရှာမတွေ့။

“စာကြည့်တိုက်သွားပါလား” ဟု ဝေဖန်ရေးဆရာကိုမြတ်မင်းက ညွှန်လိုက်သည်။ သူသည် ကဗျာဆရာမ ခင်ဥမ္မာနှင့် ဇယ်တောက် နေ၏။

                                                            (၃)

စာကြည့်တိုက်ကား ကန်စပ်မှ သွားရသည်။ အုတ်ရောင်အနီတွင် ရေညှိနှင့် နွယ်ပင်များဖုံးကာ မှိုင်းညို့ညို့
ဖြစ်နေသော ရှေးဟောင်းပုံတိုက်ကြီး ဖြစ်သည်။

စာကြည့်တိုက် အပေါ်ထပ်တွင် အယ်ဒီတာအဖွဲ့ရုံးခန်း ရှိသည်။ “စာပေ” မဂ္ဂဇင်းနှင့် စာအုပ်များ လစဉ် ထုတ်ဝေလျက် ရှိသည်။ စာကြည့်တိုက်မှာ စာရေးဆရာများ အတ္ထုပတ်္တိနှင့် စာရေးမှုအတတ်ပညာဆိုင်ရာ စာအုပ်များ အစုံဆုံးဖြစ်သည်။

စာကြည့်တိုက် ပထမအထပ်၌ ကလောင်သစ်ကိုဝဏ္ဍနှင့်တွေ့ရာ ကိုနန္ဒ နိုင်ငံခြားဧည့်သည်များနှင့် အတူ မြို့ထဲရှိ “စာပေနန်းတော်” သို့သွားကြောင်း သိရလေ၏။ စာပေနန်းတော်မှာ ပုဂံခေတ်မှ ယနေ့ခေတ်အထိ စာရေးဆရာများ၏ ရုပ်ထု၊ စာအုပ်၊ လက်ရေးမူ များ၊ ပေစာ၊ ကလောင်တံစသည်များ ပြသထားသော စာပေတိုက် ဖြစ်သည်။

ကျွန်တော်သည် အင်းဝခေတ်အခန်းမှဖြတ်ကာ အပေါ်ထပ်အယ်ဒီတာအဖွဲ့အခန်းသို့ တက်လာခဲ့လေသည်။ ကိုနန္ဒအားရှာရန် လက်လျှော့လိုက်ကာ ၀ရံတာမှ မြကန်သာဘက်သို့ မျှော်ကြည့်လိုက်သည်။

ရွက်လှေကလေးတစ်စင်းသည် မျောနေလေ၏။ ရေပြင်သည် ငွေသွေးကြွနေလေသည်။ ၁၉ ဩ..။ ။

ကြေးမုံ၊ ၃၁၊ ၈၊ ၅၈

(ဆရာ ဒဂုန်တာရာသည် ငြိမ်းချမ်းသောခေတ်၊ ယဉ်ကျေးမှုမြင့်မားပြီး လွတ်လပ်သောခေတ်ကို
မျှော်မှန်းလျက် ညိုမီ ဂုမ္မာန်” ကဲ့သို့သော ၀တ္ထုတိုများလည်း ရေးခဲ့၏။ ယခုဝတ္ထုမှာလည်း ငြိမ်းချမ်းသော အနာဂတ်မြန်မာနိုင်ငံ၏ စာရေးဆရာများအသင်းတိုက်ကို မျှော်ရည်လျက် စိတ်ကူးဖြင့် ရေးဖွဲ့ခဲ့သော ၀တ္ထုတို ဖြစ်ပါသည်။ ကွယ်လွန်သူ ကဗျာဆရာကြီး ဒဂုန်တာရာအား ရည်ညွှန်း ဦးညွှတ်သောအားဖြင့် ဆရာကြီး၏ ဤ၀တ္ထုတိုအား ပြန်လည်ဖော်ပြအပ်ပါသည်။) ။