www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၁၈ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > မြန်မာ့နိုင်ငံရေးထဲက မြန်မာ့ဆီးဂိမ်း

မြန်မာ့နိုင်ငံရေးထဲက မြန်မာ့ဆီးဂိမ်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်ကနေ ၂၂ ရက်အထိ အရှေ့တောင်အာရှနိုင်ငံတွေ ပါဝင်ဆင်နွှဲကြမယ့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းမှာ ကျွန်းဆွယ်ပြိုင်ပွဲ (SEAP Games) ကို ၁၉၆၁ ခုနှစ်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး ခုနစ်နှစ် အကြာ ၁၉၆၉ ခုနှစ်မှာ ဒုတိယအကြိမ်နဲ့ ယခုတတိယအကြိမ်မြောက် (၂၇)ကြိမ်မြောက် အဖြစ် နှစ်ပေါင်း (၄၄)နှစ် အကြာမှာ ပြန်လည်ကျင်းပခွင့်ရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် နှစ်ပေါင်း(၅၀)ကျော် နှစ်နှစ်စွန်းကာလအတွင်းမှာ တိုင်းပြည်အတွင်း ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားစတဲ့ နိမ့်မြင့်တက်ကျဖြစ်စဉ်များနဲ့ အတူ အချိုးအကွေ့ အပြောင်းအလဲများကို တင်ပြလိုရင်း
ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့အားကစားသမိုင်းနဲ့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေကို တင်ပြလိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေအနက် ထူးခြားမှုတွေ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုယ်စီရှိကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး မှီတင်းနေထိုင် လျှက်ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ပဒေသရာဇ်စနစ် အားကောင်းမှုတွေကြောင့် တိုင်းပြည်ကို ပတ်ဝန်းကျင်နိုင်ငံတွေက လေးစားခန့်ညားခဲ့ရသလို ၁၇ ရာစု နည်းပညာ အပြောင်းအလဲမှာ အသာစီးရယူနိုင်ခဲ့တဲ့ ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးပါတယ်။

အာရှတိုက်သာတူညီမျှဝါဒ ကိုင်ဆွဲဝါဒ ဖြန့်ခဲ့တဲ့ ဂျပန်စစ်ဖိနပ်အောက်ရောက်ခဲ့ဖူးတယ်။ ၂၀ရာစုအလယ် ကာလမှာ အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအစိုးရနဲ့အတူ ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ ဖူးတဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့ပြီး ဆယ်စုနှစ် ၀န်းကျင်မှာ မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်း
ရောင်စုံ သူပုန်တွေ ရှိနေခဲ့လင့်ကစားတည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့ပါ တယ်။ ဒီကာလတွေမှာ မြန်မာ့စီးပွားရေးဟာ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ဖွံ့ဖြိုးနိုင်တဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါတင်မက မြန်မာ့ပညာရေးနဲ့ မြန်မာ့အားကစား အဆင့်အတန်းဟာ အာရှမှာ ထိပ်တန်းအဆင့်ရှိခဲ့ပြီး ဒေသတွင်း
နိုင်ငံတွေရဲ့ လေးစားအထင်ကြီးမှုကို ရရှိခဲ့ပါတယ်။ ဒါ တွေဟာ တိုင်းပြည်လွတ်လပ်ရေးရပြီး ဆယ်နှစ်အတွင်းမှာ ရရှိခဲ့တဲ့ လွတ်လပ်စနိုင်ငံတစ်ခုရဲ့ ကြီးမားတဲ့အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။

သို့သော်လည်း ဆယ်စုနှစ်လွန် ကာလတွေ ရောက်တဲ့အခါမှာတော့ မြန်မာ့နိုင်ငံရေးဟာ အက်ရာထင်လာခဲ့ပါပြီ။ ၁၉၅၈ ခုနှစ်ဝန်းကျင်မှာ နောင်အခါ အရှေ့တောင်အာရှ ပြိုင်ပွဲအဖြစ် ထင်ရှားလာမယ့်ဆီးဂိမ်းပြိုင်ပွဲ ကျင်းပဖို့
ဒေသတွင်းနိုင်ငံတွေ ပြင်ဆင်နေခဲ့သလို ဒီအခါသမယမှာပဲ မြန်မာနိုင်ငံတွင်းမှာတော့ ဂိုဏ်းဂန အကွဲအပြဲ၊ အယူဝါဒ သဘောတရားရေးရာ တိုက်ပွဲတွေ ပြင်းထန်နေချိန်လည်း ဖြစ်ပါတယ်။ဆိုရ ရင် နိုင်ငံတော်ရဲ့ အာဏာပိုင်ဖြစ်တဲ့ ၀န်ကြီးချုပ်ဦးနု အစိုးရဟာ နိုင်ငံတကာက ရန်ကုန်အစိုးရလို့ ခေါ်ဝေါ် သမုတ်ကြတဲ့အထိနိုင်ငံရေးသြဇာကျဆင်းနေပြီ
ဖြစ်တဲ့အချိန်ပါ။ ဒါကြောင့် ဗိုလ်ချုပ်နေ၀င်းဦးဆောင်ပြီး အိမ်စောင့်အစိုးရ အမည်နဲ့ နိုင်ငံတော်အာဏာကို ရယူ လိုက်ပါတယ်။

အဲဒီနောက် ၁၉၅၉ ခုနှစ်၊ ထိုင်းနိုင်ငံမှာ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို ပထမဆုံး ကျင်းပခဲ့ ပါတယ်။ နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၀ခုနှစ်မှာတော့ အိမ်စောင့်အစိုးရဟာ ကတိအတိုင်း မြန်မာနိုင်ငံ တစ်ဝန်း လွတ်လပ်ပြီး တရားမျှတတဲ့ပါလီမန် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။ ဦးနေ၀င်း ရဲ့ အိမ်စောင့်အစိုးရ ဟာ ရွေးကောက်ပွဲ အနိုင်ရတဲ့ဦးနုရဲ့ သန့်ရှင်းဖဆပလ (ပထစ)ပါတီကို အာဏာလွှဲ ပြောင်းပေးခဲ့ပါတယ်။

ဦးနုရဲ့ ပထစအစိုးရဟာ ၁၉၆၁ ခုနှစ်မှာ ဒုတိယအကြိမ် ကျွန်းဆွယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမအကြိမ် လက်ခံကျင်းပခဲ့ပါတယ်။ ဒါကြောင့် အဆိုပါကျွန်းဆွယ်ပြိုင်ပွဲဟာ ပါလီမန် ဒီမိုကရေစီ အစိုးရလက် အောက်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

အဲဒီလို အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့စဉ်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့
နှောင်းပိုင်းကာလဆိုတာ နောက်ပိုင်းမှာ သိခွင့်ရခဲ့ပါတယ်။ နိုင်ငံခြားကုန်သွယ်မှုမှာ အသာစီးရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများခြင်း၊ တစ်ဦးချင်းဝင်ငွေ အတော်အသင့်ကောင်းမွန်ခြင်း၊ အခြေခံကုန်ဈေးနှုန်း တည်ငြိမ်ခြင်း၊ ပညာရေးအဆင့်အတန်း မြင့်မားခြင်း၊ ထိုခေတ်လူငယ်တွေရဲ့ စာပေ၊ ဂီတ၊ အနုပညာနဲ့ အားကစားကဏ္ဍတွေမှာ
လေ့လာလိုက်စားမှုအားကောင်းခြင်းနဲ့ ဖန်တီးမှုအတွေးအခေါ် အားကောင်းခြင်းတွေကြောင့် နိုင်ငံတကာအလယ်မှာ
မြန်မာနိုင်ငံဟာ ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ တယ်ဆိုရင် မမှားပါဘူး။

ဒါကြောင့် ၁၉၆၁ ခုနှစ်၊ ကျွန်းဆွယ်ပြိုင်ပွဲမှာ အားကစားနည်း (၁၃) မျိုးကနေ ဆုတံဆိပ်ပေါင်း(၁၀၄) ခု ရရှိခဲ့ပြီး နိုင်ငံ အလိုက် ပထမရခဲ့ပါတယ်။ သို့သော်လည်း အစောပိုင်းကာလတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖဆပ လ ပါတီ နှစ်ခြမ်းကွဲခြင်း၊ ဂိုဏ်းဂဏ၀ါဒရှေ့တန်းတင်မှုကြောင့် အယူဝါဒရေးရာတွေ ပါဝင်လာခဲ့ပြီး ပြည်တွင်း စစ်မီးဟာ တောက်လောင်နေခဲ့ပြီ
ဖြစ်ပါတယ်။

ကျွန်းဆွယ်ပြိုင်ပွဲ အောင်မြင်မှုကြောင့် ပျော်ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ စစ်ဖိနပ်အောက် ပြားပြား မှောက်ရမယ့် အဖြစ်ကို ယောင်လို့တောင်တွေးမိခဲ့မယ် မထင်ပါဘူး။ ဆိုရရင်အဆိုပါကာလတွေဟာ မြန်မာ့နိုင်ငံရေး ပုံပျက်ပန်းပျက်
ဖြစ်စပြုနေတဲ့ ကာလတစ်ခုဖြစ်ပြီး မြန်မာ့နိုင်ငံရေး မိုးကောင်းကင်မှာ အရိပ်မည်းကြီးတွေ ယှက်သန်းဖုံးအုပ် စပြုနေချိန်လို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံအတွင်းမှာ ကျွန်းဆွယ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပပြီး ရာနှုန်းပြည့်အောင် မြင်မှုရခဲ့ခြင်းအပေါ် မြန်မာပြည်သူတွေ အောင်ပွဲခံလို့မှအားမရသေးခင် သုံးလအကြာ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းဟာ တော်လှန်ရေးကောင်စီအမည်နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ဒုတိယအကြိမ် သိမ်းယူလိုက်ပြန် ပါတယ်။

သူ့ရဲ့အကြောင်းပြချက်ကတော့ နိုင်ငံတော်ပြိုကွဲမှုဘေးအန္တရာယ်ကနေ အချိန်မီ ထိန်းသိမ်းတာပါလို့ ဆိုပါတယ်။ အဆိုပါ အကြောင်းပြချက်ဟာ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲဆိုသလို ဦးနေ၀င်း ရဲ့ မျိုးဆက်သစ်တွေက လက်ကိုင်သုံးစွဲခဲ့တဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတော်ပြိုကွဲမှု အန္တရာယ်အတွက် အချိန်မီထိန်းသိမ်းလိုက်တယ် ဆိုပေမယ့် တိုင်းပြည်တွင်းမှာ
ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်ခဲ့ပြီး ယနေ့ အချိန်အထိ ဒဏ်ရာသွေးမတိတ်သေးသလို တိုင်းပြည်မကွဲခဲ့သော်ငြား ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကတော့ တစ်စစီကျိုးပဲ့ပျက်စီးခဲ့ပြီ ဖြစ် ပါတယ်။

ပြည်သူတွေကြားက ပေါက်ဖွားခဲ့တဲ့ တပ်မတော်ကို ခုတုံးလုပ်ပြီး မိမိအာဏာရလိုမှုအတွက် နိုင်ငံရေး အောက်လမ်း နည်းကို အသုံးပြုပြီး အာဏာသိမ်းယူခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးဟာ ကြီးမားတဲ့ အလှည့်အပြောင်း များစွာ ဖြစ်ပေါ်ခဲ့ ပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀တွေကို တစ်စစီ ချမွပစ်ခဲ့ပါတယ်။ အာဏာကို သိမ်းပိုက်ပြီးပြီးချင်းမှာပဲ မင်းသားခေါင်း စွပ်ခွာချလိုက်တဲ့ မကောင်းဆိုးရွား တစ်ကောင်လိုပြုမူလိုက်ပါတယ်။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ ကိုအောင်ဆန်း၊ အောင်ကျော်၊ ကိုဗဟိန်းတို့လို နိုင်ငံ့သားကောင်းတွေ မွေးထုတ်ပေးခဲ့ တဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးလိုက်ခြင်း၊ ကျောင်းသားထုအပေါ် နှိပ်ကွပ်ခြင်းစတဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်တွေကို ကျွန်းဆွယ်အားကစားပြိုင်ပွဲပြီးဆုံးလို့ ခြောက်လအကြာမှာ လုပ်ဆောင်ခဲ့ပါတယ်။

တစ်ဆက်တည်းဆိုသလို တစ်ချိန်က အာရှမှာထိပ်တန်းအဆင့်ရှိခဲ့ပြီး ပညာတတ်များစွာ မွေးထုတ်ပေးနိုင်ခဲ့တဲ့
မြန်မာ့ပညာရေးကိုရည်ရွယ်ချက်ရှိရှိ သင်းသတ်ခဲ့တာကြောင့် ဒီနေ့အထိ မြန်မာ့ပညာရေးဟာ နလန်မထူနိုင်အောင်
ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းမှာ ကုန်ထုတ်လုပ်မှုစွမ်းအား အရှိန်ရနေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြည်သူပိုင် သိမ်းယူခဲ့ပါတယ်။

အကျိုးဆက်အနေနဲ့ နိုင်ငံတွင်းမှာ အသိပညာရှင် အတတ်ပညာရှင်တွေ လျော့နည်းသွားခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးမှာ အရေးပါလှတဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ဖန်တီးမှုတွေ ပျောက်ဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီနောက် ပါလီမန်ဒီမိုကရေစီခေတ် ချုပ်ငြိမ်းသွားခဲ့ပြီး ခုနစ်နှစ်အကြာ ၁၉၆၉ ခုနှစ်မှာ ငါးကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံ ကျင်းပနိုင်ခဲ့ပါတယ်။

အဆိုပါ ဒုတိယအကြိမ်မြောက် လက်ခံကျင်းပတဲ့ ကျွန်းဆွယ်ပြိုင်ပွဲမှာလည်း အားကစားနည်း (၁၅) မျိုး ကနေ ဆုတံဆိပ်ပေါင်း (၁၄၉) ခုနဲ့ နိုင်ငံအလိုက် ပထမနေရာမှာ ရပ်တည်နိုင်ခဲ့ ပြန်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း မြန်မာပြည်သူတွေနဲ့ မြန်မာအားကစားသမားတွေဟာ စိတ်ဒဏ်ရာအနာတရတွေ ရှိနေခဲ့လင့် ကစား နိုင်ငံ့ဂုဏ်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတော်အာဏာကိုသိမ်းယူထားမှုအပေါ် နိုင်ငံတကာအမြင်မှာ ပုံရိပ်ပြောင်းလဲလိုတာကြောင့် ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ မြန်မာ့လူ့ဘောင်လောကကို ဆိုရှယ်လစ်လမ်းစဉ်ဖြင့် တည်ဆောက်အံ့ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီ (မဆလ) ကို တည်ထောင်ခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ် နဲ့ တိုင်းပြည်ကို အမှောင်ချ အုပ်ချုပ် ခဲ့ရာမှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလအထိ တိုင်ခဲ့ပါတယ်။ သမိုင်းဘီးကတော့ အဆက်မပြတ်လည် လျက်ရှိပါတယ်။ ခေတ်တွေ၊စနစ်တွေ၊ အချိန်တွေ တိုက်စား ခဲ့ပြီးနောက်မှာ ခရစ်သက္ကရာဇ်၂၀၁၃ ခုနှစ် ကို ရောက်ခဲ့ပါပြီ။ ဒီကာလ မတိုင်ခင်၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်တဖန်ထပ်မံရေး ဆွဲပြဋ္ဌန်းခဲ့ပြီး၂၀၁၀ မှာလွတ်လပ်ပြီး တရားမျှတတယ်လို့ ယုံကြည်ဖို့ ခက်တဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့ ကာအနိုင်ရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အတိုက်အခံပါတီတွေက ဒီမိုကရေစီလမ်းကြောင်း နဲ့ တိုင်းပြည်ကို ပုံဖော်မောင်း နှင်နေတဲ့အချိန်ပါ။ ဒီအချိန်ကာလမှာတင် ဆီးဂိမ်းပြိုင်ပွဲကို တတိယအကြိမ် မြောက် လက်ခံကျင်းပခွင့် ရခဲ့ပြန်ပါပြီ။ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်း၊ တစ်ဦးချင်း ၀င်ငွေနည်းပါးခြင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားခြင်းတွေက မြန်မာ ဆီးဂိမ်းပြိုင်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှုနည်းစေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် လူထုအမြင်မကြည်လင်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်နေမှု၊ ပွင့်လင်းမြင်သာမှု အားနည်းမှု၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြေယာအဓမ္မသိမ်းယူမှု၊ လူမျိုးဘာသာပဋိပက္ခ၊ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်ရေးကင်းမဲ့မှု၊ အမြစ်တွယ်ရှင်သန်နေတဲ့အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးပြဿနာ၊ အောင်မြင်မှု နှေးကွေး လွန်းတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေးတည်ဆောက်မှု၊ နိမ့်ကျနေဆဲ ပညာရေးနဲ့ အားကစား အဆင့်အတန်းစတဲ့ အခြေအနေအကြောင်းတရားတွေက ၂၀၁၃ ဆီးဂိမ်း ကျင်း ပမယ့်ကာလမှာ ရှိနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံဟာ ဒေသတွင်းဆီးဂိမ်းပြိုင်ပွဲကို သုံးကြိမ်မြောက် လက်ခံကျင်းပနိုင်တော့မှာ
ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီနဲ့ ပထစအစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အရပ်သား တစ်ခြမ်းအစိုးရစတဲ့ မတူညီတဲ့ အစိုးရသုံးရပ်အောက်မှာ ဆီးဂိမ်းပြိုင်ပွဲတွေကို လက်ခံကျင်းပခဲ့တဲ့ အနေအထား ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ မတူကွဲပြားစွာ သမိုင်းမှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

နှစ်ပေါင်း(၅၇)နှစ်၊ အကြိမ်ပေါင်း(၂၇)ကြိမ်တိုင်အောင်ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ သမိုင်းတစ်လျှောက် ခေတ်တွေ စနစ်တွေ ပြောင်းလဲသွားခဲ့ပေမယ့် သမိုင်းဆိုတာကတော့ ကမ္ဘာတည်သရွေ့၊ မြန်မာတည်သရွေ့ ပျောက်ပျက်သွား မှာ မဟုတ်တာ သေချာပါတယ်။