www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အိန္ဒိယနှင့် ကင်းကွာလာခြင်း

အိန္ဒိယနှင့် ကင်းကွာလာခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံရှိ လူအများစုတွင်၊ အိန္ဒိယနိုင်ငံနှင့် ပတ်သတ်သည့် ဗဟုသုတများ ရှိကြခြင်း၊ မရှိကြခြင်းကို အသာထား၊ အိန္ဒိယနှင့် ပတ်သတ်သည့် အငွေ့အသက် ခံစားမှု အာရုံမျိုး ရှိကြသည်။ ရန်ကုန်မြို့ ဖရေဇာလမ်း တစ်လျှောက်ရှိ လျှပ်စစ်မီးချောင်းများ ထွန်းထားသည့် ဒန်ပေါက်ဆိုင်များ၊ ရိုးရှင်းသည့် မဂိုဗလီအပြင် ၄င်းနှင့် လမ်းနှစ်ဘလောက်စာ အကွာအဝေးရှိ အရောင်များ တောက်ပနေသည့် ကာလီဘုရားကျောင်း၊ အရောင်လွင့်နေသော ဆာရီများကို ဝတ်ဆင်ထားပြီး နားလည်ရခက်သည့် ဘာသာစကားကို ပြောဆိုနေကြသည့် ကြော့ကြော့ရှင်းရှင်း အမျိုးသမီးကြီးများ၊ အမျိုးသားများ၏ လုံခြည်ဝတ်ဆင်ပုံ စတိုင် စသည်တို့နှင့် ရင်းနှီးခဲ့ကြပြီးသား ဖြစ်သလို၊ ရှေးဘိုးဘေးဘီဘင်များမှာ
လည်း နီးစပ်သည့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ အိန္ဒိယမှာ မြန်မာနိုင်ငံနှင့် ခေတ်ပြိုင် အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံမျှမက အတိတ်က ဆက်နွယ်မှုများ နက်နက်ရှိုင်းရှိုင်း ရှိခဲ့၍၊ အိန္ဒိယ အငွေ့အသက်မှာ အတိတ်ကာလက အကြွင်းအကျန် အဖြစ် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ရှိနေပေသည်။

အိန္ဒိယနှင့် မြန်မာ၏ ဆက်နွယ်မှု သမိုင်းကို ယေဘုယျအားဖြင့် ကျောင်းများတွင် မသင်ကြတော့၍ လူများ၏ အတွေးထဲ
တွင်လည်း မရှိကြတော့ပေ။ ထောင်စုနှစ် တစ်ခုစာ ပြန်ပြောင်းတွေးကြည့်လျှင် ဘင်္ဂလား ပင်လယ်အော် တလျှောက်၊ Bengal ၊ အိုရစ်ဆာ (Orissa) နှင့် အိန္ဒိယ တောင်ပိုင်းဒေသများမှ နေ၍ ဧရာဝတီမြစ်ဝှမ်းအထိ ကုန်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်း ဆက်နွယ်ကူးသန်းမှုများ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ လူ လက်တစ်ဆုပ်စာခန့်ကသာ၊ ပလ္လဝါ (Pallava) အက္ခရာများမှ ဆင်းသက်လာခဲ့သည့် မြန်မာအက္ခရာများအကြောင်းနှင့် ပါဠိဘာသာမှ ယူထားသည့် မြန်မာ
စကားလုံးများအကြောင်းကို ဆက်စပ် တွေးတောမိပေလိမ့်မည်။

အတူတကွ ခံစားခဲ့ကြရသည့် ကိုလိုနီ လက်အောက်ခံ အတွေ့အကြုံများကိုပင် တော်တော်များများ မေ့ကုန်ကြပြီ ဖြစ်
သည်။ အိန္ဒိယရှိ Biral House တွင် ငယ်ရွယ်တက်ကြွသည့် ဦးနုက မဟတ္တမဂန္ဒီနှင့်အတူ လေးစားသည့် အသွင်
သဏ္ဍာန်ဖြင့် ထိုင်နေသည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံမျိုး၊ သို့မဟုတ် အက်တလီနှင့် တွေ့ဆုံရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ သွားရင်း ဒေလီမြို့တွင် တစ်ထောက်နားစဉ်တွင် ပဏ္ဍစ် နေရူးက မြန်မာ အမျိုးသား
ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် အအေးမိမည်ကို စိုးရိမ်သည့်အတွက် ကုတ်အင်္ကျီတစ်ထည်ပေးခဲ့သည့် ဇာတ်လမ်းမျိုးကိုတော့ တခါတရံတွင် မြင်ရ ကြားရ ပါသည်။ သို့ရာတွင် ပြည်ပြေး ဧကရာဇ် Bahadur Shah Zafar ၏ ဆက်နွယ်နေသော အကြောင်း (သူ၏ အုတ်ဂူ တည်ရှိရာ နေရာမှာ စာရေးသူ ယခုဆောင်းပါးကို ရေးသားနေသည့်
နေရာနှင့် မိုင်ဝက်ခန့်ပင် မကွာဝေးပါ)၊ ရာဘင်ဒြာနတ်တဂိုး မြန်မာသို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်များ၊ ဆူဘတ်ချန်ဒရာဘို့စ်နှင့် အိန္ဒိယ အမျိုးသား တပ်မတော် (INA) တို့၏ စွန့်စားခန်းများအကြောင်း စသည့် အခြား သတိရစရာ အနည်းငယ်လည်း ရှိပါသည်။

ကျွန်တော်၏ အဘေးဖြစ်သူမှာ ကာလကတ္တားတွင် ပညာသင်ယူခဲ့သလို၊ ကျွန်တော်၏ အဘိုးဖြစ်သူမှာလည်း Bengal မှ မီးသင်္ဘောဖြင့် အပတ်စဉ် ရောက်လာလေ့ရှိသည့် စာအုပ်များနှင့် သတင်းစာများကို ဖတ်ရင်း ကြီးပြင်းခဲ့သူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က၊ မိဘများသည် ၄င်းတို့၏ သားများအား ဒါဂျီလင် (Darjeeling) သို့ စေလွှတ်ကာ ပညာ
သင်ကြားပေးနိုင်ရေးကို အိပ်မက် မက်ခဲ့ကြသည်။ ၄င်းတို့၏ သားများအနေဖြင့် ထိုမှတဆင့် အောက်စဖို့ဒ် သို့မဟုတ် ကမ်းဘရစ်ဂ်ျ တွင် ပညာ ဆက်လက် ဆည်းပူးကာ၊ ပြန်လာလျှင် အိုင်စီအက်စ် အရာရှိများ အဖြစ် အမှုထမ်းနိုင်လိမ့်
မည်ဟူသည့် မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ အိန္ဒိယသည် ခေတ်မီခြင်း တစ်မျိုးကို ကိုယ်စားပြုပြီး အိန္ဒိယ ပညာတတ်များနှင့် အိန္ဒိယ အင်စတီကျူးရှင်းများမှာ ပိုမိုကျယ်ပြောသည့် ကမ္ဘာကြီးနှင့် ပေါင်းကူးပေးနိုင်မည့် အရာများ အဖြစ် ရှုမြင်ခြင်း ခံခဲ့ရသည့် အချိန် တစ်ချိန် ရှိခဲ့ဖူးသည်။

ယခုအခါတွင် နှစ်နိုင်ငံမှ အစိုးရပိုင်းအနေဖြင့်၊ အဝေးပြေးလမ်းမသစ်များနှင့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
များ အပါအဝင် တရားဝင် ဆက်နွယ်မှုများနှင့် တရားဝင် စီမံကိန်းများ ရှိနေပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် လုံခြုံရေး
ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် အစိုးရများ ဦးဆောင်သည့် အားထုတ်မှုများ ရှိနေသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် နယ်စပ်တလျှောက်တွင် ပူးပေါင်းဆောင်ရွက်ကြရန် ကတိကဝတ်များ ရှိနေပေသည်။ သို့ရာတွင်
နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးမှာမူ ပျောက်ဆုံးလျက် ရှိနေသည်။ ဘန်ကောက်နှင့် စင်ကာပူမှာ အိန္ဒိယမြို့များနှင့် နှိုင်းစာလျှင် မြန်မာများအတွက် များစွာ ပိုမို ရင်းနှီးနေပေသည်။ ယနေ့အခါ မြန်မာများ၏ စိတ်ထဲတွင် ကာလကတ္တားမှာ ခပ်စိမ်းစိမ်း ဖြစ်နေကြသလို၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများမှာမူ စိတ်ထဲတွင် ပိုမို အလှမ်း
ဝေးကွာ နေကြသည်။ သမိုင်းဝင် အောင်ပွဲမြို့များ ဖြစ်ခဲ့ဖူးသည့် အာသံနှင့် မဏိပူရတို့အား ကျောင်းစာအုပ်များထဲမှ
နေရာများအဖြစ်သာ သိရှိကြတော့ပြီး၊ မြန်မာနှင့် နီးကပ်စွာ တည်ရှိနေသည့် တကယ့်နေရာများအဖြစ် မမြင်ကြတော့
ပေ။ အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် မြန်မာတို့နှင့် များစွာ ဆင်တူသည့် ယဉ်ကျေးမှုများနှင့် ဆင်တူသည့် လူ့ဘောင် အသိုင်းအဝိုင်းများ ရှိသည် ဆိုခြင်းကို အများစုက သတိမပြုမိကြတော့ပေ။

ယခုအပတ်တွင် ကျွန်တော်တို့ အနေဖြင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်ကို ဆင်နွှဲရင်း ၁၉၃၇ ခုနှစ်က မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေး-တွဲရေး ကိစ္စအကြောင်းကိုလည်း  ပြန်လည် သတိရကောင်း ရကြမည် ဖြစ်ပြီး၊ အလွှာတော်တော်များများတွင် ခွဲ၍ အုပ်ချုပ် ဆောင်ရွက်မှုများ စတင်ခဲ့သည်။ အိန္ဒိယမှ ခွဲခဲ့ပြီး နောက်ထပ် ၁၀ နှစ်
ကျော်ကျော် အကြာတွင် မြန်မာအနေဖြင့် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်ကို မြန်မာနိုင်ငံရှိ မည်သူမျှ နောင်တရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့် အနာဂတ်အကြောင်း စဉ်းစားရာတွင်မူ၊ အိန္ဒိယနှင့် စိမ်းစိမ်းကားကား ဖြစ်လာခြင်းကို နောင်တရကောင်း ရကြပေမည်။

မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာကြီးနှင့် ပြန်လည် တံခါးဖွင့် ဆက်ဆံလျက် ရှိပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ ကနဦး ခြေလှမ်း
များ လှမ်းလျက်ရှိရာ၊ ရှေးကာလကြာမြင့်စွာ ကတည်းက ရှိခဲ့သည့် အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာအောင်
ပြန်လည်ပုံဖော်နိုင်မည့် အခွင့်ကောင်း တစ်ခု ရှိနေသည်။ ထိုသို့ ပြုလုပ်နိုင်ပါက နှစ်နိုင်ငံလုံး အကျိုးရှိလိမ့်မည် ဖြစ်ပါ
သည်။

(စာရေးသူ နောက်ဆုံး ရေးသားထားသည့် စာအုပ်မှာ Where China Meets India: Burma and the New Crossroads of Asia စာအုပ် ဖြစ်ပါသည်။ စာရေးသူမှာ Yangon Heritage Trust ၏ ဥက္ကဌ ဖြစ်ပါသည်။)

The Hindu သတင်းစာ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် “Growing up, growing apart” ဆောင်းပါးကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။