ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး

ပရင့်ထုတ်ရန်

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) ဆောင်ရွက်ရေး နိုင်ငံတော်သမ္မတကြီးက အမြင်ကျယ်စွာ စောစောစီးစီး တိုက်တွန်းခဲ့သည်မှာ နှစ်နှစ်နှင့်သုံးလခန့်ပင် ကြာခဲ့ပါပြီ။ ယနေ့အထိ မည့်သည့်တိုင်းဒေသကြီး၊ မည်သည့်ပြည်နယ် ကမှ တုတ်တုတ်မျှမလှုပ်သေး။ အလွန်ဆောင်ရွက်သင့်ပါလျက် လေးကန် နှေးကွေးနေကြသဖြင့် ပြန်လည်
ဖော်ထုတ်ကာ ထပ်မံ၍တပ်လှန့်နှိုးရပေသည်။

နိုင်ငံတော် သမ္မတသည် ၂၀၁၁ ခုနှစ် မေလ ၂၀ ရက်မှ ၂၂ရက်နေ့အထိ ကျင်းပခဲ့သည့် အမျိုးသားအဆင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အလွန်အချက်ကျများပြားလှသည့် လိုက်နာဆောင်ရွက် သင့်သော လုပ်ငန်းစဉ်များအနက်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပိုမိုထိရောက်စွာ ပြောင်းလဲ တိုးတက်အောင် အဖြေရှာဆောင်ရွက်သင့်သော လုပ်ငန်းစဉ် (၁၀) ရပ်ပါရှိသည်။ ယင်အနက် အမှတ်စဉ် (၁၀)မှာ “ကျေးရွာတစ်ရွာ ထွက်ကုန်တစ်မျိုး ဆောင်ရွက်ရာတွင် နယ်မြေဒေသနှင့် ကျေးရွာများအပေါ် မူတည်၍ လယ်ယာသီးနှံများသာမက အခြားလက်မှုပစ္စည်များ၊ အနုပညာပစ္စည်းများ၊ လူသုံးအိမ်သုံး ပစ္စည်းများ၊ ဈေးကွက်ဝင် ထုတ်လုပ်နိုင်အောင် အားပေးခြင်းဖြစ်သည်။ (ယွန်းထည်၊ စဥ့်ထည်၊ ပိုးလုပ်ငန်း၊ ငွေထည်ကြေးထည် လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ စက်ချုပ်လက်ချုပ်လုပ်ငန်းစသည့် အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ အစုအဖွဲ့ဖြင့် စီးပွားရေးကုန်ထုတ်လုပ်ငန်းများအား ပေးမြှင့်တင်ခြင်း။) ဟူသောလုပ်ငန်းစဉ်ကို ဦးစားပေးဆွေးနွေးခြင်း ဖြစ်သည်။

အမှန်က One Village One Product (OVOP) ဟူသော ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ဆောင်ရွက်ရေး လုပ်ငန်းစဉ်သည် ဂျပန် နိုင်ငံ၊ အိုအိတာ (Oita) တိုင်းစီရင်စု၏ အုပ်ချုပ်ရေးမှူး (ဂါဗနာခေါ်တိုင်းဒေသ ကြီး၏ အကြီးဆုံးဖြစ်သူ) မစ္စတာ ဟီရာမတ်ဆုမိုရီဟီကို (Hiramatsu Marihiko) က ၁၉၇၉ ခုနှစ်တွင် စတင်တီထွင် ထူထောင်ခဲ့သော နည်းစနစ်တစ်ခုဖြစ်သည်။ အိုအိတ တိုင်းစီရင်စုသည် ကျူရှုးကျွန်း၏ အ ရှေ့မြောက်ဘက်
ချောင်ကျသော ရေးလက်ကြားတွင် ကျွန်းဆွယ်ပတ်လည် ပိတ်နေသည့်နေရာ ဖြစ်သည်။ တိုင်းအတွင်းရှိ ကျေးရွာ များမှပြည်သူတို့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် လုပ်ငန်းမယ်မယ်ရရမရှိခြင်း၊ အိမ်ထောင်စုများ ၀င်ငွေကျဆင်း၍ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ ဂျီဒီပီအ လွန်နည်း ခြင်း၊ မဖွံ့ဖြိုးမှုဒဏ်နှင့် ဆင်းရဲနွမ်းပါးမှုဒဏ် စသော ဒုက္ခခံရခြင်းစသည်တို့ကြောင့် တိုင်းစီရင်စုပြင်ပသို့ ထွက်ခွာပြောင်းရွှေ့စပြုလာသည်။ သို့ဖြင့်အုပ်ချုပ်ရေးမှုး ဟီရာမတ်စုအနေဖြင့် နည်းမျိုးစုံအကြံထုတ်ပြီး နောက်ဆုံး၌ OVOP ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်ကို တီထွင်ဆောင်ရွက်ဖြစ်ခဲ့သည်။

တိုင်းအတွင်းကျေးရွာများတွင် ဖြစ်ထွန်းနိုင်ခြေရှိသော ရှီအိတာကဲမှိုတစ်မျိုးကို အဆင့်အတန်း၊ အရည်အသွေး၊ ထွက်ရှိ မှုအားပါကောင်းအောင် ဖန်တီးစေပြီး ဂျပန်နိုင်ငံအနှံ့ ဈေးကွက်ချဲ့ထွင်ရောင်းချရာ၊ မကြာမီအောင်မြင်ခဲ့သည်။ တစ်ပြည်လုံးရောင်းအား၏ ၂၈ ရာခိုင်နှုန်းအထိ အရောင်း တွင်ကျယ်ခဲ့သည်။

နောက်တစ်မျိုးဖြစ်သည့် ဒေသထွက်ကာဘိုးဆူရှောက်သီးတစ်မျိုးကိုလည်း အထွက်နှုန်းရော စိုက်ဧကပါ တိုးချဲ့ပြီး စပျစ်ဝိုင်ကဲ့သို့ ယမကာတစ်မျိုးကို ဘာလီအရက်နှင့် ရောချက်ကာဈေးကွက်ထွင်ခဲ့ရာ အလွန်အရသာ ထူးကဲသည့် ယမကာဖျော်ရည်အဖြစ် ကျော်ကြားကာကျေးရွာများဝင်ငွေ ကောင်းခဲ့ပြန်သည်။ ထို့ ပြင် သူတို့တိုင်းဒေသတွင် ဘက်ပူ(Beppu) နှင့် ယူဖူယင်(Yufuin) သတ္ထုနံ့သင်းသောရေ ပူစခန်းများရှိ ရာ၊ ရေပူစိမ်ရန်ကြိုက်လှသည့် ဂျပန် လူမျိုးများကို တစ်နိုင်ငံလုံးမှ လာရောက်ရေပူစိမ်ချင်အောင် ဆွဲ ဆောင်နိုင်ခဲ့သည်။ နှစ်စဉ်ရေလာစိမ်သူ လူဦးရေ ၁၃.၈ သန်းကျော်အထိ လာရောက်သည့်အတွက် ကျေး ရွာများဝင်ငွေတိုးတက်လာခဲ့သည်။ ဒေသအထူး ထုတ်ကုန်များလည်း ကျေးရွာတစ်ခုချင်းအလိုက် အမယ် တိုးမြှင့်ထုတ်လုပ်စေခဲ့ရာ ၂၀၀၁ ခုနှစ်တွင် အမယ်ပေါင်း ၃၃၆ မယ်ကို နိုင်ငံခြား တင်ပို့နိုင်သည်အထိ ထုတ်လုပ်ခဲ့ပြီး ၀င်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံရရှိကာ ကမ္ဘာကျော်လာလေသည်။

ဤတွင် တရုတ်ပြည်သူ့သမ်္မတနိုင်ငံက မဆိုင်းမတွ ဆက်သွယ်အတုယူခဲ့သည်။ OVOP စနစ် တရုတ်ပြည်၌
အောင်မြင်သောအခါ ထိုင်းနိုင်ငံ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသော အာဆီယံ
နိုင်ငံများ နှင့်မွန်ဂိုလီးယား၊ အာဖရိကတိုက်ရှိနိုင်ငံများစွာတို့ကပါ ဂျပန်နိုင်ငံဂျိုက်ကာနှင့် ဂျက်စရိုတို့၏ပံ့ပိုးကူညီမှုဖြင့် OVOP ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်များ လုပ်ကိုင်ဖြစ်ကြလေသည်။ ယခုအခါ ဂျပန်နိုင်ငံနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို အကျိုးပြုပြီး၊ ဖွံ့ဖြိုးမှု အနည်းဆုံး ၄၈ နိုင်ငံကိုပါ ဆက်လက်အကျိုးပြုလျက်ရှိသည်။ ၀မ်း နည်းဖွယ်ကောင်းသည်က၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃၄ နှစ်ခန့်ကတည်းက စတင်ပေါ်ပေါက်ပြီး တစ်ကမ္ဘာ လုံးပြန့်နှံ့အောင်မြင်နေပြီ ဖြစ်သည့် OVOP ခေါ်ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး လုပ်ငန်းစဉ်သည် ယခုတိုင် မြန်မာနိုင်ငံသို့ ခြေချနိုင်ခြင်းမရှိသေးအောင် နှောင့်နှေး
အေးစက်နေသည့်အချက်ပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က လွန်ခဲ့သည့် နှစ်,နှစ်ကျော်ကတည်းက အားပေးအားမြှောက်ပြုခဲ့ပါလျက် ဤသို့အကောင်အထည်ဖော်သည့် တိုင်းဒေသနှင့် ပြည်နယ်များ မထွန်းပေါက်သေးသည်မှာ အံ့သြ ၀မ်းနည်းဖွယ်
ကောင်းလှတော့သည်။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေးခေတ်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ အကြီးအမှူး များသည် မိမိဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံ ရှာဖွေ ဆောင်ရွက်ရမည် ဖြစ်သည်။ အမေရိကားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ ကမ္ဘာ့ထိပ်ဆုံးအဆင့်မြင့်နိုင်ငံ ကြီးများအဖြစ်သို့ ရောက်ရှိခြင်းမှာ Provinces, Prefectures, States စသည့် ဒေသအသီးသီးတို့ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယှဉ်ပြိုင်မှု အပြည့်ဖြင့် အားကြိုးမာန်တက် တီထွင်ကြံဆအောင်ရွက်ခဲ့ ခြင်းကြောင့် ဖြစ်သည်။

အမေရိကားမှ နီဗားဒါးပြည်နယ်သည် သဲကန္တာရနှင့် တောင်ကတုံးများသာရှိသော သယံဇာတပစ္စည်း မရှိသည့် ဒေသ
ဖြစ်လင့်ကစား ယှဉ်ပြိုင်လိုစိတ်ကြီးစွာဖြင့် ဖန်တီးမှုများလုပ်ဆောင်မှုကြောင့် အံ့သြဖွယ်ကောင်းသော ကမ္ဘာကျော် လပ်စဗေးဂတ်စ်မြို့ကြီးသို့ တစ်နှစ်လျှင်ကမ္ဘာလှည့်ခရီးသည် သန်း ၄၀ ကျော် အထိဝင်ရောက်သော ထူးဆန်း အံ့သြဖွယ် မြို့တော်ကြီး ဖြစ်လာခဲ့ခြင်းမှာ အတုယူဖွယ် ကောင်းလှပေတော့သည်။