ဒုက္ခကို အဖီထိုးနေကြရသူများ

ပရင့်ထုတ်ရန်

ကျွန်မဘ၀မှာ ခေတ်စနစ်ကြောင့် ခေါင်းစဉ်နှစ်မျိုးနဲ့ ဘ၀ကိုရင်ဆိုင်ခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းကျ မိသားစုဘ၀နဲ့ ဒုက္ခသည်ဆိုတဲ့ဘ၀နှစ်မျိုးကို ရင်ဆိုင်နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ဒုက္ခသည်အဖြစ် ကျွန်မရောက်ခဲ့တဲ့နေရာက ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းကိုးခုထဲက နို့ဖိုးဒုက္ခသည်စခန်းမှာလေးနှစ်နဲ့သုံး လနေခဲ့ရပါတယ်။

မိသာရာသီဖွား ကျွန်မကတောင်ဆိတ်များလို လှည့်လည်နေထိုင်ရပြီး အတိုက်အခံများမယ်လို့ နာမည်ကြီး
ဗေဒင်ဆရာက မေတ္တာနဲ့အမှတ်တရ ဟောပြောဖူးပါတယ်။ ဒီထဲကမှ မိခင်တိုင်းပြည်နဲ့ဝေးကွာပြီး နိုင်ငံခြားနဲ့ အကျိုးပေးမယ်ပြောလို့ ကျွန်မတို့မျှော်လင့်ချက်တွေ အများကြီးနဲ့ တိတ်တခိုးစိတ်ကူးယဉ်ခဲ့ဖူးတယ်။

နိုင်ငံရေးအကျဉ်းကျ မိသားစုဘ၀နဲ့ အိန္ဒိယ-မြန်မာနယ်စပ် နန်းဖာလုံဈေးမှာ ဈေးရောင်းရင်းထောင်ဝင်စာ တွေ့ရတဲ့ ကျွန်မနန်းဖာလုံဈေးပိတ်ရင် အိန္ဒိယပြည်နယ်ထဲက မိုးရေးမြို့ဈေးထဲမှာ ဈေးရောင်းခဲ့ရတယ်။ ဒါလည်း နိုင်ငံခြားပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်းရန်ကုန်မြို့ကမေမေနဲ့ လူမမယ်သားကျွန်မသားလေးကို ဖုန်းဆက်ပြီး အိမ်ပြန်မယ့် ရက်ဝေးလည်း စိတ်မပူဖို့ပြောရသေးတယ်။

ဖုန်းခေါ်ပေးတဲ့အိမ်က “ဒေါ်ကြီးရေ ဒေါ်ကြီးသမီး နိုင်ငံခြားကခေါ်တာ” ဖုန်းနံပါတ်မပေါ်ဘူးဆိုတော့ ကျွန်မမေမေ က နိုင်ငံရေးအကျဉ်းကျမိသားစုတွေ အနှိမ်ခံနေရချိန် အထင်သေးချိန်မို့ စောင့်ကြည့်အကဲခတ် နေသူတွေကို အပြုံးမျက်နှာနဲ့ ရပ်ကွက်ထဲကြွားခဲ့သေးတာ။ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလိုမဖြစ်ပဲ သူဖြစ်ချင်သလိုဖြစ်တာလို့တွေးပြီး ကျွန်မလောကဓံကိုရင်ဆိုင်ရချိန် က ဒုက္ခသည်အဖြစ်နဲ့ပါ။ နိုင်ငံခြားနဲ့အကျိုးပေးတဲ့ဇာတာရှင်။ ကျွန်မအတွက် ထိုင်းမြန်မာနယ်စပ်နို့ဖိုး ဒုက္ခသည်စခန်းဟာလည်း နိုင်ငံခြားပါပဲ။ မိဝေးဖဝေး၊ ဆွေဝေးမျိုးဝေး၊ ဘုရားတန်ဆောင်း၊
ကျောင်းပြာသာဒ်နဲ့ လေးနှစ်ကျော်ကြာ ဝေးနေခဲ့ရတယ်။

ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ အမြဲပြောလေ့ရှိတဲ့စကားရှိပါတယ်။ “ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးတယ်။ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးတယ်” ဆိုတဲ့စကားပါ။ ဘ၀စုံခဲ့တဲ့ ကျွန်မအတွက် အမိမြန်မာပြည်ကရှင်ကြီးရှင်ငယ် ၀မ်းထဲတင် ၀င်ဖူးတာ မဟုတ်ဘဲ နိုင်ငံရပ်ခြားက UN-NGO အဖွဲ့အစည်းကသူတွေ၊ ထိုင်းမြန်မာနယ်စပ် ဒုက္ခ သည်တွေကို အကူအညီပေး
ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းက သူတွေရဲ့ဝမ်းထဲလည်း ၀င်ခဲ့ဖူးတယ်။ “ဒုက္ခသည်ဆိုတာ ပေးတာယူ ကျွေးတာ စား။ ငြိမ်ငြိမ်နေ ဘာမှပြန်မပြောနဲ့၊ မဆွေးနွေးနဲ့ ခွန်းတုံ့မပြန်နဲ့” လို့ မညှာမတာပြောခဲ့တဲ့ UN အရာရှိ ဂျပန် အမျိုးသမီးကို မြန်မာဆိုတဲ့ ဇာတိသွေးကို ပြခဲ့သေးတယ်။

ကျွန်မတို့ဒုက္ခသည်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးက အလှူရှင်တွေလာရောက်ပြီး လေ့လာရတဲ့စစ်တမ်း ကောက်ရတဲ့
မြန်မာ့နိုင်ငံရေးနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စစ်ဘေးသင့်ပြည်သူတွေရဲ့ ဘ၀အမျိုးမျိုးကိုနားထောင်ပြီး စုပ်တသပ်သပ်ဖြစ်ရတဲ့ ဒုက္ခသည်စခန်းဖြစ်ပါတယ်။ ဒုက္ခသည်စခန်းက ကျဉ်းပေမယ့် ဒုက္ခကတော့ ကျယ်ဝန်းလှ ပါတယ်။

တောတောင်တွေကြားမှာ ငြိမ်သက်နေတဲ့ နို့ဖိုးဒုက္ခသည်စခန်းရဲ့ အမှတ်အသားကတော့ မဲဆောက်ကနေ လိုင်းကား အပြာကို ၆ နာရီအကြာလောက် စီးလာရင် ထိုင်းစစ်တပ်ဂိတ်မှာ စစ်ဆေးခံနေတုန်း ကိုယ်ဝန်ဆောင်မိန်းမ ပက်လက် လှန်အိပ်နေသလို တွေ့မြင်ခံစားရမယ့် တောင်ကြီးကိုမြင်ရရင် “နို့ဖိုး” ဒုက္ခသည် စခန်းလို့မှတ်လိုက်ပါ။

မိခင်သားမြတ်နဲ့တူတဲ့ နို့ဖိုးတောင်ကြီးထိပ်မှာ ကရင်အမျိုးသားအလံကို စိုက်ထူထားရင် ပွဲတော်နဲ့နီးနေပြီ။ ပွဲတော် ကျင်းပနေပြီလို့ သိမြင်ခံစားရပါလိမ့်မယ်။ နို့ဖိုးတောင်ကြီးဟာ ဒုက္ခသည်တွေရဲ့ ပင့်သက်ရှိုက်သံ၊ ညည်းညူသံ၊ ငိုကြွေးသံတွေကို နှစ်ပေါင်းများစွာကြားခဲ့ရတာမို့ ထင်ပါရဲ့တည်ငြိမ်ရင့်ကျက်နေတယ်။

နို့ဖိုးတောင်ခြေမှာတော့ ယူကလစ်တိုင်နဲ့ ဆောက်ထားတဲ့အင်ဖက်မိုး၊ ၀ါးသဲပွတ်ခင်း ၀ါးသဲပွတ်ကာထားတဲ့ အိမ်လေးတွေကို စီစီရီရီတွေ့ရပါမယ်။ တဲအိမ်လေးတွေထဲမှာ ဘ၀ကိုယ်စီနဲ့ဒုက္ခသည်တွေရှိကြပါတယ်။

ဒီဒုက္ခသည်တွေက UN ရဲ့စောင့်ရှောက်မှု အိမ်ရှင်ထိုင်းနိုင်ငံရဲ့ ဥပေဒေစည်းမျဉ်းအောက်မှာ အသားကျနေကြရ သူတွေ ဖြစ်ပါတယ်။ တချို့က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပြီး တတိယနိုင်ငံတစ်ခုခုကို ထွက်ခွာဖို့
စောင့်နေကြသလို တချို့ကလည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသူတွေအများကြီး ရှိပါတယ်။

စစ်ဘေးစစ်ဒဏ်ကြောင့် ရွာပုန်းရွာ ရှောင်ပြေးလွှားခဲ့ရတဲ့ ဒုက္ခသည်တွေရှိသလို နိုင်ငံရေးကြောင့်ထောင် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ တပ်မတော်က ထွက်ပြေးလာတဲ့ တပ်မတော်သား
ဟောင်းတွေ၊ သူတို့ကိုမှီခိုနေရတဲ့ မိသားစုတွေ၊ ABSDF လို့ခေါ်တဲ့ ကျောင်းသားတပ်မ တော်က AB ရဲဘော်တွေ သူတို့မိသားစုတွေအားလုံး ဖြစ်စဉ်မတူကြပေမယ့် ဒုက္ခသည်အဖြစ်နဲ့ ဒုက္ခကိုခံ စားရတာခြင်းကတော့ အတူတူပဲ
ဖြစ်ပါတယ်။

ဒီကြားထဲက လူ့အခွင့်အရေးလို့ တစာစာအော်နေကြသူတွေ ကိုယ်တိုင်လူနဲ့စနစ်ကို ခွဲခြားမမြင်ဘဲ လူမျိုးရေး မုန်းတီးမှုကို အားပေးထောက်ခံပြီး သူတို့ကိုယ်တိုင် ခွဲခြားဆက်ဆံနေကြတာကို မြင်ရတော့ကျွန်မအံ့ သြတုန်လှုပ် မိသလို ငါတို့တိုင်းပြည် မငြိမ်သက်အောင်လည်း သူတို့ကိုယ်တိုင် လုပ်နေကြတာပဲလို့ မှတ် ချက်ပေးမိပါတယ်။

ဒုက္ခသည်တဲအိမ်လေးမှာ ည ၉ နာရီဆို မီးရောင်မမြင်ရ။ မြင်တဲ့အိမ်ဆို အိမ်ရှင်ထိုင်းနိုင်ငံက စခန်းအုပ်ချုပ်ရေးတွေ တဲအိမ်ပေါ်တက်ပြီး ဒုက္ခသည်ကို ကန်ကျောက်ရိုက်နှက်တဲ့အခါ ကျွန်မတို့ကိုယ်တိုင် မခံစားရပေမယ့် ကြားနေမြင်နေ ရုံနဲ့ ကျွန်မတို့ကိုပါ ရိုက်နှက်နေသလိုခံစားရတယ်။ ကျွန်မတို့ခန္ဓာကိုယ်ကိုတင်ရိုက် နှက်နေတာမဟုတ်ဘဲ ဇာတိသွေး ကိုပါ ရိုက်နှက်နေတယ်ဆိုတဲ့အသိက အသည်းနှလုံးကို ဆုပ်ချေထားသ လိုခံစားရတယ်။

ဘာသာစကားအခက်အခဲကြောင့် ဘာကြောင့်မီးရောင်မြင်ရတယ်ဆိုတာကို ရှင်းပြခွင့်မရဘူး။ တကယ်တမ်း ထိုင်းစကားတတ်သူ ဒုက္ခသည်တွေထဲမှာ ကိုယ့်ဒုက္ခသည်ချင်း စာနာထောက်ထားသူရှိသလို အဆင်းမှာ တွန်းချ သူတွေလည်းရှိပါတယ်။ ဒီလိုလူကို  “ဂျပန်အလိုတော်ရိ” လို့ ကျွန်မတို့ကွယ်ရာမှာ စွပ်စွဲခေါ်ဆိုတာကို ပြန်ကြားတော့ လည်း အပြုံးမပျက်ဂုဏ်လုပ်နေသူတွေကိုလည်း အံ့သြစရာတွေ့မြင်ခဲ့ရတယ်။

ဘာသာစကားကျွမ်းကျင်မှုနဲ့ ဘ၀တူကိုမကူညီဘဲ ကိုယ့်တစ်ကိုယ်ရေကောင်းစားဖို့ အဆင်ပြေဖို့ ဒုက္ခသည် အပေါ် စီးပိုးနေသူတွေကြောင့် ဒုက္ခသည်ဟာ ဒုက္ခကိုအဖီထပ်ထိုးထားသလို ခံစားရခဲ့ရပါတယ်။ ဘ၀လုံခြုံမှုအတွက် သိက္ခာနဲ့ရိက္ခာလဲနေရတဲ့နေရာဟာ ဒုက္ခသည်စခန်းပါပဲ။

ဒုက္ခသည်စခန်းကိုးခုကြောင့် ထိုင်းနိုင်ငံသားတွေ NGO တွေမှာ ရာထူးကြီးကြီး လစာကောင်းကောင်းရတယ်။ ဒုက္ခသည် အားလုံးအတွက် ဆန်ဆီမီးသွေးအစရှိတဲ့ ရိက္ခာတွေကို အမြတ်များများနဲ့ ကန်ထရိုက်ရကြတာလည်း ထိုင်းနိုင်ငံသားတွေပဲ။ မီးခိုးမထွက်တဲ့ စက်ရုံကိုပြပါဆိုရင် ထိုင်းနိုင်ငံထဲမှာဒုက္ခသည်စခန်း တွေကိုပြရမှာဖြစ်ပါတယ်။

ဆရာချစ်ဦးညို မဲဆောက်စာပေ ဟောပြောပွဲမှာ လက်တန်းစပ်ခဲ့တဲ့ ကဗျာတစ်ပိုဒ်ဟာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ၊ ဒုက္ခသည်တွေရဲ့ဘ၀ကို ထင်ဟပ်စေခဲ့တယ်။

“ဟိုဘက်ကမ်းမှာ မြ၀တီဒီဘက်ကမ်းမှာတော့ တစစီ၊ ဘုရင့်နောင်အသည်းနှလုံးမှာ ကျွဲပခုံးထပါပကော... တဲ့။ ။