အာရပ်ဆောင်းနှင့် ဒီမိုကရေစီရှေ့ဆက်ခရီး

ပရင့်ထုတ်ရန်

လူသန်းပေါင်းများစွာစုဝေးပြီး အာဏာရှင်အစိုးရများကို ဆန့်ကျင်သော အာရပ်နွေဦးကို မြင်ရသောအခါ ရပ်သပ်ရှုမော ခဲ့ရသည်။ အာရပ်ကမ္ဘာမှာတော့ ဒီမိုကရေစီမျိုးစေ့ အပင်ပေါက်ပြီဟု ထင်ခဲ့ကြသည်။ နှစ်, နှစ်ကျော် ကြာသောအခါ ယခုအထိ အလားလာတွေက ရှုပ်ထွေးဆဲ၊ အမြင်တွေက ဝေး၀ါးနေဆဲ။ အဓိက အချက်ကတော့ ဘာသာရေးဂိုဏ်းကွဲမှု များ၊ စီးပွားရေး မဖွံ့ဖြိုးခြင်းများကလည်း မတည်ငြိမ်မှုကိုဖြစ်စေသော တွန်းအားများဖြစ်သည်။ ရွေးကောက်ပွဲ ရှိသော်လည်း အားနည်းသော ဒီမိုကရေစီ၊ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အရည်အချင်း နည်းပါးသော
နိုင်ငံရေးသမားကြား အာဏာလုမှုများကလည်း မတည်ငြိမ်မှုဆီသို့ တွန်းပို့နေသည်။ ယင်းအချက်များမှာနွေးဦးကို
အေးစက်စက်ဆောင်းအဖြစ်သို့ ရေးချယ်ပေးနေသော အချက်များဖြစ်လာခဲ့လေသည်။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး၊ ပေါ်ပေါက်လာသော နိုင်ငံ ၁၅ နိုင်ငံကို လေ့လာပါက ဒီမိုကရေစီအပြာင်းအလဲ များကို တွေ့မြင်နိုင်သည်။ ကိုးနိုင်ငံက အာဏာရှင်နိုင်ငံများ၊ ဂျော်ဂျီယာ၊ ယူကရိန်းနှင့်မော် ဒိုဗာနိုင်ငံတို့ကတော့ “လယ်ရီဒိုင်းမွန်း” ၏ စကားဖြင့်ပြောရလျှင် “မလွတ်မလပ်နိုင်ငံများ”၊ အမည်ခံ ဒီမိုကရေစီနှင့် မတည်ငြိမ်သောနိုင်ငံများ
ဖြစ်လာခဲ့ကြရသည်။ ဘာကြောင့်ပါနည်း။ ဒီမိုကရေစီမှ ကြွယ်ဝမှုဆီ သို့ဟူသော ၀ိုးတ၀ါးယူဆချက်တချို့ရှိသည်။ ၁၉၅၉ ခုနှစ်ကလူမှုသိပ္ပံပညာရှင် မာတင်လစ်ပ်ဆက်၏ ပြော ပြချက်အရပြောရလျှင် “နိုင်ငံတွေ ကြွယ်ဝလာလေ ဒီမိုကရေစီကို ထိန်းသိမ်းနိုင်လေ” ဟူသောယူဆချက် ဖြစ်သည်။ ယင်းယူဆချက် ကိုထောက်ခံသည့် အချက်တချို့ကလည်းရှိနေသည်။

ဆင်းရဲသော ဥရောပနိုင်ငံများသည် တခြားသောနိုင်ငံများထက် ဒီမိုကရေစီစနစ်ကို ပိုမိုစွမ်းဆောင်နိုင်ကြောင်း
တွေ့ရပြန်ပါသည်။ ဗြိတိန်ကိုလိုနီနိုင်ငံဟောင်းများသည် တခြားနိုင်ငံများထက် အရပ်ဘက်လူ့အဖွဲ့အစည်း၊ တရားဥပဒေစနစ် ပိုမိုအားကောင်းသည်ကို တွေ့ရသည်။ အနောက်ဥရောပ နိုင်ငံများတွင် လွတ်လပ်ခွင့်၊ လူများအား ဥပဒေကြောင်းအရကာကွယ်ပေးခြင်းများက ၁၇ ရာစုနှင့် ၁၈ ရာစု ကတည်းက တိုးတက်ခဲ့သည်။ လွတ်လပ်ခွင့်က ဒီမိုကရေစီထက် အလျင်ကျသည်။

ဆင်းရဲသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးမှုအပေါ် ပိုမိုအားယူရမည်မှာ သေချာပေါက်ကိစ္စဖြစ်သည်။
 နိုင်ငံရေးသမားများ ရွေးကောက်ပွဲမှတစ်ဆင့် အာဏာရမလာမီ၊ ပထမဆုံးအကြိမ်ရွေးကောက်ပွဲ မတိုင်မီ၊ ဦးစွာပထမ အရေးကြီးသည်က လူနည်းစုတိုင်းရင်းသားအခွင့်အရေး၊ တစ်ဦးချင်း လွတ်လပ်မှု အကာကွယ်ပေးရေးနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်များကို ကန့်သတ်ရေးတို့ဖြင့် တည်ဆောက် ထားသော စနစ်တစ်ရပ်ကို နေသားတကျဖြစ်အောင်လုပ်ဖို့ ဖြစ်သည်။

အီရတ်နှင့် အီဂျစ်နိုင်ငံတို့တွင် လူထုပါဝါက စက္ကူပါဝါထက်အလျင်ကျခဲ့သည်။ အီရတ်တွင် အာဏာကို ထိန်းချုပ်သူများ အား ရွေးကောက်ပွဲလုပ်ဖို့ အစောတလျင် ဖိအားပေးခဲ့ကြသည်။ ထိုအခါ အီရန်နှင့်နီးစပ်သော၊ အာဏာရှင်ဆန်သော ရှီးယားဘာသာရေး နွယ်သော ပါတီများကို အာဏာအပ်နှင်းမိခဲ့ခြင်းသာ ဖြစ် သွားသည်။ အီဂျစ်တွင်လည်း လစ်ဘရယ် ဒီမိုကရေစီကို စိတ်မ၀င်စားသော နိုင်ငံရေးအင်အားစုဖြစ်သည့် “မွတ်ဆလင် ညီအစ်ကိုတော်များ” ပါတီကရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့သည်။

ကံမကောင်းအကြောင်းမလှသော ယင်းဖြစ်ရပ်များကို တခြားအာရပ်နိုင်ငံများဖြစ်သော မော်ရိုကိုနှင့် ဂျော်ဒန်ဘုရင် စိုးမိုးသောနိုင်ငံများနှင့် နှိုင်းယှဉ်မိသည်။ ၂၀၁၁ ခုနှစ်တွင် ယင်းနှစ်နိုင်ငံစလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲမှုများ
ပြုလုပ်သည်။ ဘုရင့်အာဏာတချို့ကို ရွေးချယ်ထားသော လွှတ်တော်သို့ပေး အပ်လိုက်သည်။ ပြည်လုံးကျွတ်
ရွေးကောက်ပွဲများတွင် အစ္စလာမ်ပါတီများ ရှေ့တန်းရောက်လာသော် လည်း၊ စနစ်အတွင်း လူ့အခွင့်အရေး၊ စည်းမျဉ်းများကို လိုက်နာရန် အာဏာခွဲဝေခြင်းများကို ဖွဲ့စည်းပုံအရ သတ်မှတ်ထားလိုက်ရသောအခါ ၎င်းတို့အနေဖြင့် လိုက်နာရတော့သည်။ နှစ်နိုင်ငံစလုံးကတော့အာဏာ ရှင်ဆန်နေသေးသည်။ သို့သော် ရှေ့ဆက်သွားရင်ဖြင့်
နိုင်ငံကိုတည်ငြိမ်သော၊ တရားဥပဒေစိုးမိုးသော၊ လစ်ဘရယ်နိုင်ငံများအဖြစ် တည်ဆောက်နိုင်စရာရှိသည်။

ထို့ကြောင့် အတိတ်၏ သင်ခန်းစာများကို လေ့လာပြီး နောက်ထပ်အသွင်ကူးပြောင်းသောနိုင်ငံများ ရှိလာပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးစွာရေးဆွဲပြီးမှ ရွေးကောက်ပွဲကျင်းပသင့်ပေသည်။ အမေရိကန်နိုင်ငံတွင်ပင် ၁၇၈၈ ခုနှစ်တွင် ဖွဲ့စည်းပုံကိုရေးဆွဲပြီး၊ တစ်နှစ်ကြာမှ ပထမအကြိမ်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

ထို့အပြင် အာရပ်နိုင်ငံများတွင် နောက်ထပ်အဓိက ပြဿနာတစ်ရပ်မှာ ဘာသာတစ်ခုတည်းမှာပင် ဂုဏ်းကွဲပြား
နေခြင်းပင်ဖြစ်သည်။ ဆွန်နီနှင့်ရှီးယားဆိုသော ဂိုဏ်းကွဲပြဿနာဖြစ်သည်။ ကမ္ဘာပေါ်တွင် အစ္စ လာမ်ဘာသာဝင် ၁ ဒသမ ၅၇ ဘီလီယံရှိရာတွင် ၇၅ ရာခိုင်နှုန်းကျော်သည် ဆွန်နီမွတ်ဆလင်များဖြစ် သည်။ ၂၀ ရာခိုင်နှုန်းကျော်သာ ရှီးယားမွတ်ဆလင်များဖြစ်သည်။ ရှီးယားများသည် လူဦးရေအားဖြင့် သန်း ၂၀၀ ခန့်ရှိပြီး၊ အီရန်၊ အီရတ်၊ အဇာဘိုင်ချန်နှင့် ဘာရိန်းနိုင်ငံများသည် ရှီးယားမွတ်ဆလင်နိုင်ငံများ ဖြစ်ကြသည်။ အရှေ့အလယ်ပိုင်းဒေသ လူဦးရေ၏ ၃၈ ဒသမ ၆ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည်။ လက်ဘနွန်လူဦးရေ၏ ၂၇ ရာခိုင်နှုန်းကျော်၊ ယီမင်တွင် ၄၅ ရာခိုင်နှုန်းကျော်၊ တူရကီတွင် ၂၀ ရာခိုင်နှုန်း ကျော်နှင့် ပါကစ္စတန်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။

မေလအတွင်းက အီရတ်နိုင်ငံ တစ်ဝန်းတွင် ရှီးယားမွတ်ဆလင်များအား ပစ်မှတ်ထား၍ ကားဗုံးခွဲတိုက်ခိုက်မှုနှင့် အသေခံဗုံးခွဲ တိုက်ခိုက်မှုများကြောင့် ရှီးယား ၂၀၀ ကျော်သေဆုံးခဲ့ရသည်။ အီရတ်နိုင်ငံ အယ်လ် ခိုင်းဒါးနှင့် အဆက်အစပ်ရှိသည်ဟုဆိုကြသည့် Islamic State of Iraq အဖွဲ့အပါအ၀င် ဆွန်နီအစ္စလာမ်မစ် သူပုန်အုပ်စု၏ လက်ချက်ဖြစ်သည်ဟုဆိုသည်။ Islamic State of Iraq အဖွဲ့မှာ ပိုမိုကျယ်ပြန့်သည့် ဂိုဏ်းဂဏကွဲ ပဋိပက္ခများဖြစ်ရန် မီးမွှေးပေးနေကာ ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထား တိုက်ခိုက်နေ သည့်အဖွဲ့ဖြစ်သည်။

၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလက အီရတ်တွင်ထောင်နှင့်ချီသည့် ဆွန်နီမွတ်ဆလင်များသည် ရှီးယားမွတ်ဆလင် ဖြစ်သည့် ၀န်ကြီးချုပ် Nuri al-Maliki ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ကျူး ကျော်ဝင်ရောက်ပြီးနောက် ဆက်ဒမ်ဟူစိန် ရာထူးအာဏာမှပြုတ်ကျသွားသည့် နောက်ပိုင်းတွင် ၄င်းတို့၏ ဆွန်နီဂိုဏ်းအား ၀န်ကြီးချုပ် Nurial-Maliki က ဘေးဖယ်ပထုတ်ထားသည်ဟုစွပ်စွဲကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဇွန်လအတွင်းကလည်း လက်ဘနွန်နိုင်ငံ ထရီပိုလီရှိဆွန်နီမွတ်ဆလင်အုပ်စုနှင့် အာလာဝိုက် မွတ်ဆလင် အုပ်စုတို့ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ လက်ဘနွန်တွင် နိုင်ငံရေးနှင့် ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ တင်းမာမှုများ ကာလကြာမြင့်စွာကတည်းက ဖြစ်ပွားနေခဲ့ပြီး၊ အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင် အုံကြွမှုများ ဖြစ်ပွားလာသည့်
နောက်ပိုင်း၌ တင်းမာမှုများ ပိုမိုအရှိန်မြင့်တက်လာသည်။

ထို့အပြင် ဇွန် ၁၀ ရက်ကလည်း ဆီးရီးယားအရှေ့ပိုင်းတွင် သူပုန်များနှင့် ရှီးယားမွတ်ဆလင် ရွာသားများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရှီးယားမွတ်ဆလင်ရွာသား၊ အနည်းဆုံး ၆၀ ဦးခန့်သေဆုံးသွားခဲ့သည်။ထို့ ပြင် ဒမတ်စကတ်မြို့ တွင်လည်း အသေခံဗုံးခွဲတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ဆီးရီးယားသူပုန်များမှာ ဆီးရီးယားနိုင်ငံ၏ လူများစု ဆွန်နီမွတ်ဆလင်များဖြစ်ကြပြီး ဆီး ရီးယားသမ်္မတ အာဆတ်မှာမူ သူ၏အမျိုး အနွယ်ဖြစ်သော အာလာဝိုက်မွတ်ဆလင် များ (ရှီးယားဂိုဏ်းကွဲတစ်မျိုး)၊ ခရစ်ယာန်များနှင့် ရှီးယားများစ သည့် လူနည်းစုများ၏ ထောက်ခံမှုကိုရရှိထားသည်။

ဆီးရီးယားတွင် ယမန်နှစ်ကတည်းက ဘာသာရေးဂိုဏ်းဂဏ ခါးသီးမှုများကြီးထွားလာခဲ့သည်။ ရှီးယားဂိုဏ်းနှင့် ဆွန်နီဂိုဏ်းနှစ်ခုအကြား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများရှိသည်ဟု နှစ်ဖက်စလုံးကအပြန် အလှန် စွပ်စွဲလျက်ရှိနေကာ၊ တခြားနိုင်ငံများမှ ဆွန်နီနှင့် ရှီးယားလက်နက်ကိုင်များသည်လည်း ဆီးရီး ယားစစ်ပွဲအတွင်းသို့ ပိုမိုဝင်ရောက် ပတ်သက်ကာ ပါဝင်တိုက်ခိုက်လာကြသည်။

ဆွန်နီဘာသာရေးခေါင်းဆောင် ရှိတ်ခ်အာမတ်အယ်လ်အက်ဆာ (Sheikh Ahmad al-Assir) ကလည်း ရှီးယားများ သည် ခရစ်ယာန်နှင့်ဂျူးများထက် ပိုဆိုးရွားသူများ ဖြစ်ကြောင်းဆိုခဲ့သည်။ ယင်းဖြစ်ရပ်များကို ကြည့်ပါက အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများသည် “နွေဦး” အစား နိုင်ငံရေးဆောင်းပါးရှင် ဖရီးဇခါးရီး ယားပြောသလို “အာရပ်ဆောင်း” ဖြစ်ဖို့က အလားအလာ ပိုများနေသည်။

နိုင်ငံရေးမတည်ငြိမ်မှု၊ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုများကြောင့် အာရပ်တိုင်းပြည်များ၏ စီးပွားရေးမှာ လည်း သိပ်တော့မကောင်းလှပေ။ ချမ်းသာပါသည်ဆိုသော ဆော်ဒီအာရေဗီးယားတွင်ပင် စက်မှုဖွံ့ဖြိုးတိုးတက်သည် ဆိုသည်ထက် ရေနံရောင်းချခြင်းကြောင့် ချမ်းသာနေခြင်းသာဖြစ်သည်။ အားကောင်းပါသည်ဆိုသော လူလတ်တန်းစား ထက်၊ လူတစ်စုလက်ထဲတွင်သာ တိုင်းပြည်၏ အဓိကစီးပွားရေးလုပ်ငန်းများ ရောက်ရှိနေခြင်းဖြစ်သည်။ ၀င်ငွေခွဲဝေ
ပေးခြင်းမညီမျှမှု၊ အရပ်ဘက်လူအဖွဲ့အစည်းအားနည်းမှုများကလည်း အရှေ့အလယ်ပိုင်း အာရပ်နွေဦးကို ခြိမ်းခြောက်
နေသောအချက်များဖြစ်သည်။ မီးလောင်ရာလေပင့်ဆိုသလို အရှေ့အလယ်ပိုင်း တူရာတူရာဘာသာရေးဂိုဏ်းများ ပိုမိုပေါင်းစပ်မိလာသောအခါ ပဋိပက္ခများ ပိုမိုအားကောင်းလာနေခြင်းဖြင့် အာရပ်ဆောင်းက ပိုမိုအေးစက်စက်
ဖြစ်လာနေလေတော့သည်။ ။

Ref: Write a Constitution by Fareed Zakaria