လက်ဝဲလက်ယာ ဆိုရာဝယ်

ပရင့်ထုတ်ရန်

နိုင်ငံရေးအကြောင်း ပြောကြမယ်ဆိုရင် နိုင်ငံရေးဆိုင်ရာစကားလုံးများကို မြန်မာလိုတိတိပပနားလည်ဖို့ လိုအပ် သလို နိုင်ငံရေးဆိုင်ရာစကားလုံးတွေကိုလည်း ထိထိရောက်ရောက်အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေး သမားတွေကြားထဲ၊ ပညာရှင်တွေ ကြားထဲတင် လိုအပ်တာမဟုတ်ပါဘူး။ ပြည်သူတွေအားလုံး သိရှိဖို့လိုအပ်တဲ့ လိုအပ်ချက်လည်း ဖြစ်ပါတယ်။ ဒီအတွက် လူသုံးမများတဲ့ နိုင်ငံရေးစကားလုံး အသစ်တွေကို မိတ်ဆက်တာမလုပ်ခင် လူပြောသူပြောများနေပေမယ့် ဆိုလိုရင်းကိုတိတိပပမသိ၊ေ၀၀ါး နေကြတဲ့ စကားလုံးတွေရဲ့ ဖြစ်ပေါ်လာပုံနဲ့ အဓိပ္ပါယ် အကြမ်းဖျင်းကိုပြောပြချင်ပါတယ်။

နေ့စဉ်လောက်နီးနီး သုံးနေကြပေမယ့် သတိမမူမိသလိုဆိုလိုရင်းကို တိတိပပမသိတဲ့ နိုင်ငံရေးစကားလုံးတွေ အများကြီး ရှိပါတယ်။ ဒီအထဲကမှ လူပြောများတဲ့ “လက်ဝဲ” အယူဝါဒ၊ “လက်ယာ” အယူဝါဒဆိုတာကို ပထမဦးဆုံး
ပြောကြည့်ချင်ပါတယ်။ ဘာကြောင့် “လက်ဝဲ” “လက်ယာ” လို့ ခေါ်သလဲ၊ ဆိုလိုရင်း အဓိပ္ပါယ်အကြမ်းဖျင်းက ဘာလဲ ဆိုတာကို သိရှိဖို့ လိုအပ်ပါတယ်။

နိုင်ငံရေးသိပ္ပံဆိုင်ရာအတွေးအခေါ်များ၊ နိုင်ငံရေးစကားလုံးများနဲ့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းအကြောင်း
ပြောမယ် ဆိုရင် “ပြင်သစ်တော်လှန်ရေး (၁၇၈၇ - ၁၇၉၉)” အကြောင်းချန်ထားခဲ့လို့ မရပါဘူး။ အထူးသဖြင့် ဥရောပတိုက်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ရေချိန်မြင့်နေတဲ့ကာလဖြစ်ပြီး “ပြင်သစ်တော်လှန်ရေး” ဟာ ဥရောပတိုက်ရဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တော်လှန်ရေးကြီးတစ်ခု ဖြစ်စေခဲ့လို့ပါပဲ။

“လက်ဝဲ” “လက်ယာ” ဆိုတာကလည်း ပြင်သစ်တော်လှန်ရေးရဲ့ အရှိန်အမြင့်ဆုံးကာလဖြစ်တဲ့ ၁၇၈၉ ခုနှစ်
လောက်မှာ ပေါ်ထွက်လာခဲ့တဲ့စကားလုံး ဖြစ်ပါတယ်။

ပြင်သစ်တော်လှန်ရေးကာလတွင်းမှာ ဘုရင်ကိုသစ္စာရှိသူများနဲ့ ဘုရင်စနစ်ကို တော်လှန်လိုသူများဆိုပြီး အုပ်စုကြီး
နှစ်စု ရှိပါတယ်။ အဆိုပါအုပ်စုတွေဟာလွှတ်တော်လို ဆွေးနွေးတဲ့နေရာ (National Assembly) မှာ ဆွေးနွေး
ငြင်းခုန်ကြတဲ့အခါ အပြန်ပြန်အလှန်လှန် နေရာပေါင်းစုံကနေ အော်ဟစ်ငြင်းခုန်နေတာဟာ အတော့်ကို အဆင် မပြေပါဘူး။ ဒီအခါ လွှတ်တော်ဥက္ကဋ္ဌရဲ့ ညာဘက်ခြမ်းမှာ ဘုရင်ကိုသစ္စာရှိသူတွေကို ထိုင်ခိုင်းပြီး၊ ဘယ်ဘက်ခြမ်းမှာ
တော်လှန်သူတွေကို ထိုင်ခိုင်းတဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ အဲဒီကနေ ရှေးရိုးစွဲအယူဝါဒရှိသူတွေကို “လက်ယာ” လို့ သတ်မှတ်ပြီး၊ တော်လှန်လိုသူတွေကို “လက်ဝဲ” လို့သတ် မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကာလကြာရှည်လာတဲ့အခါ သတ်မှတ်ချက်တွေဟာ “လက်ယာ = ရှေးရိုးစွဲ အယူရှိသူ”၊ “လက်ဝဲ=
တော်လှန်လိုသူများ” ဆိုတာတွေထက် ပိုများလာပါတယ်။ နိုင်ငံရေး အယူတွေဟာလည်း ပိုမိုကျယ်ပြန့်တာကြောင့် ရိုးရိုးရှင်းရှင်း အဓိပ္ပါယ် ဆိုလိုရင်းထက်ပိုပြီး နက်နဲလာပါတယ်။

ဖြစ်ပုံကတော့ ပြင်သစ်တော်လှန်ရေးရဲ့ နှောင်းပိုင်းကာလတွေဖြစ်တဲ့ ၁၇၉၁ - ၉၂ ကာလတွေမှာအထက် ပါ “လက်ဝဲ” “လက်ယာ” အယူအဆတွေကြားမှာ ပျော့ပျောင်းတဲ့ အတွေးအခေါ်ရှိသူ၊ အလယ်အလတ် လမ်းစဉ်ဝါဒ ရှိသူတွေ ရှိလာတဲ့အခါ ပြင်သစ်ဥပဒေပြုရေး ဆွေးနွေးတဲ့နေရာ (Legislative Assembly) မှာ ထိုင်ကြတဲ့ပုံတွေ နည်းနည်းပြောင်းသွားပါတယ်။ လက်ဝဲဘက်မှာ ပြုပြင်ပြောင်းလဲရေးသမားတွေထိုင်ပြီး၊ အလယ်မှာပျော့ပြောင်းတဲ့ အလယ်အလတ်လမ်းစဉ်သမားတွေ ထိုင်ပါတယ်။ လက်ယာဘက်မှာတော့ အခြေခံဥပဒေကို ခုခံကာကွယ်လိုသူများ (တစ်နည်းခေါ်ရရင်) ရှေးရိုးစွဲ အယူအဆရှိသူတွေ ထိုင်ကြပါ တယ်။

လက်ယာအယူဝါ (Right wing) ဆိုရင် ရှေးရိုးစွဲအယူဝါဒရှိသူ၊ အမျိုးသားရေးဝါဒစွဲရှိသူ၊ လူချမ်းသာများကို ကိုယ်စားပြုသူ၊ စီးပွားရေးသမားများကို ထောက်ခံသူ၊ ဘာသာရေး အယူဝါဒစွဲရှိသူစသဖြင့် အကြမ်း ဖျင်းယူဆကြပြီး၊ လက်ဝဲအယူဝါ (left wing) ဆိုရင် တော်လှန်လိုသူ၊ ဘာသာရေးအယူဝါဒစွဲကင်းသူ၊ လူလူခြင်းမျှမျှတတ
မြင်တတ်သူ၊ဆင်းရဲသားများဘက်က ရပ်တည်သူ၊ တန်းတူညီမျှရေးကိုတန်ဖိုးထားသူ၊ အမျိုးသားရေးဝါဒထက် လူသားဝါဒကို တန်ဖိုးထားသူ၊ ပြုပြင်ပြောင်းလဲလိုသူများစသဖြင့် အကြမ်း ဖျင်းယူဆကြပါတယ်။ အယူအဆ သတ်မှတ်ချက်တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံနိုင်ငံရေးနောက်ခံတွေ ပေါ်မူတည်ပြီး အပြင်း၊အပျော့ ယူဆချက်တွေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက အနည်းငယ်ကွဲလွဲကြတာရှိပေ မယ့်အထက်ပါအကြမ်းဖျင်း သတ်မှတ်ချက်တွေရဲ့
ဘောင်ကနေ ကျော်သွားတာမျိုးတော့ မရှိပါဘူး။

အထက်ပါ အယူဝါဒခွဲခြားသတ်မှတ်မှုတွေကနေပြီးတော့ “လက်ဝဲစွန်း (Extreme Left) လက်ယာစွန်း (Extreme Right) အလယ်ကျတဲ့လက်ဝဲ (Centre left) အလယ်ကျတဲ့လက်ယာ (Centre Right) တွေ ဆိုပြီး ပြောဆို သုံးနှုန်းတာတွေ ဖြစ်လာပါတော့တယ်။ အတွေးအခေါ် အယူဝါဒတွေကိုမူတည်ပြီး ခွဲခြား သတ်မှတ်လာတာ
ဖြစ်ပါတယ်။

၁၉ ရာစုရောက်လာတဲ့အခါ အယူဝါဒတွေကို အရောင်တွေနဲ့ ခွဲခြားသတ်မှတ်တာတွေလည်း ရှိလာပါ တယ်။ အနီရောင်၊ အဖြူရောင်စသဖြင့် မိမိတို့ရဲ့ အယူဝါဒထောက်ခံမှုကို အလံတွေထောင်ပြီး ပြတာတွေ လုပ်ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးကြိုခေတ်ကာလတွေနဲ့ လွတ်လပ်ရေးရပြီး ခေတ်တွေမှာအလံဖြူ၊ အလံနီ စသဖြင့် ပြောဆိုခွဲခြားသတ်မှတ်တာတွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ “အနီ” ရောင်ကို ကွန်မြူနစ် အယူဝါဒ ရှိသူတွေနဲ့ တွဲပြီးမှတ်ယူလာကြပါတယ်။ အလံအရောင်တွေနဲ့ သတ်မှတ်တာဟာ ဒီနေ့ကာလအထိ
ခေတ်မစားတော့ပေမယ့်“လက်ဝဲ” “လက်ယာ” အယူအဆကတော့ ဒီနေ့ အထိ ကျယ်ကျယ်ပြန့်ပြန့်ကို သုံးစွဲနေကြတုန်း ဖြစ်ပါတယ်။

အထူးသဖြင့် နှစ်ပါတီစနစ် (ပါတီကြီး နှစ်ခုတည်းက လွှတ်တော်မှာလွှမ်းမိုးတဲ့စနစ်) ရှိတဲ့နိုင်ငံတွေမှာ လက်ဝဲယိမ်း ပါတီနဲ့ လက်ယာယိမ်းပါတီဆိုပြီး သိသိသာသာကို ခွဲခြားသတ်မှတ်ကြပါတယ်။ ဥပမာ ယူကေနိုင်ငံမှာ လေဘာပါတီ (Labour Party) ဟာ လက်ဝဲယိမ်းဖြစ်ပြီး၊ ကွန်ဆာဗေးတစ်ပါတီ (Conser vative Party) ဟာလက်ယာယိမ်း ပါတီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ရီပါဗလစ်ကန် (Repub- lican party) က လက်ယာယိမ်းပါတီဖြစ်ပြီး၊ ဒီမိုကရက်တစ်ပါတီ (Democratic Party) ဟာ လက်ဝဲ ယိမ်းပါတီ ဖြစ်ပါတယ်။ နှစ်ပါတီထက်ပိုတဲ့ “သုံးပါတီ - ပါတီစုံစနစ် (ပါတီကြီးနှစ်ခုထက်ပိုပြီး ...သုံးခု (သို့) သုံးခုထက်ပိုတဲ့ ပါတီတွေဟာ လွှတ်တော်မှာ သူမသာ၊ ကိုယ်မသာပြိုင်နေကြသော လွှတ်တော်) တွေမှာတော့ ပါတီတွေရဲ့ အယူဝါဒပေါ်မူတည်ကြပါတယ်။ တစ်ပါတီ တည်းရှိတဲ့ တိုင်းပြည်တွေမှာတော့ ပါတီခေါင်းဆောင်တွေရဲ့သဘောအတိုင်း လုပ်ကိုင်ကြပါတယ်။ ဥပမာလက်ရှိ
မြန်မာပြည်၊ စင်ကာပူနိုင်ငံ၊ အီရန်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ” စတဲ့ နိုင်ငံတွေဟာ တစ်ပါတီစနစ်နိုင်ငံတွေ
ဖြစ်ပါတယ်။

လက်ဝဲ၊ လက်ယာအကြောင်းပြောရင် မပါမပြီးပြောရမယ့် အကြောင်းအရာတွေကတော့ မာ့စ်ဝါဒနဲ့ဖက် ဆစ်ဝါဒတွေ ပဲ ဖြစ်ပါတယ်။ ၁၉ ရာစုအလယ်ပိုင်းစက်မှု တော်လှန်ရေးနဲ့အတူ လူမှုရေးသိပ္ပွံပညာရှင် (Sociologist) ဖြစ်တဲ့ ကားလ်မာ့စ် (Karl Marx) ရဲ့ အယူအဆအတွေးအခေါ်တွေ ထွန်းကားလာခဲ့ပါတယ်။ လူသိများတဲ့ ကွန်မြူနစ် အယူဝါဒဆိုတာ ကားလ်မာ့စ်ရဲ့ အယူဝါဒကနေ ဆင်းသက်လာတဲ့ အယူအဆ ဖြစ်ပါတယ်။

စက်မှုတော်လှန်ရေးနဲ့အတူ ဥရောပမှာထင်ရှားတဲ့ လူတန်းစားနှစ်ရပ် ပေါ်ပေါက်လာခဲ့ပါတယ်။ လူချမ်းသာ အရင်းရှင် လူတန်းစား (ဘူဇွာ) (Bourgeoisie) နဲ့ အလုပ်သမားလူတန်းစား (Proletariat) လို့ မာ့စ်က ခွဲခြား သတ်မှတ်ပါတယ်။ ကုန်ထုတ်လုပ်ရေး (Means of Production) နဲ့ ဆက်နွယ်ပြီး စက်ရုံပိုင်ရှင် တွေဟာ
လူချမ်းသာတွေဖြစ်ပြီး ကျန်လူတန်းစားတွေက မိမိတို့လုပ်အားကို လစာငွေကြေးနဲ့ ရောင်းစားရ တဲ့အလုပ်သမား လူတန်းစားလို့ သတ်မှတ်ပါတယ်။ လူချမ်းသာတွေက အလုပ်သမားလူတန်းစားတွေရဲ့ လုပ်အားကို အမြတ်ကြီးစား ရယူချမ်းသာပြီး ကုန်ပစ္စည်းကို ထုတ်လုပ်တဲ့ အလုပ်သမားလူတန်းစားက ဆင်းရဲတယ်။ တကယ်ဆို ကုန်ပစ္စည်းကို ထုတ်လုပ်တဲ့ အလုပ်သမားတွေကသာ ကုန်ပစ္စည်းရဲ့ မူလပိုင် ရှင်တွေ ဖြစ်တယ်။ ငွေရှင်တွေက ငွေကြေးနဲ့ စက်ပစ္စည်းတွေကို သုံးပြီး မူလပိုင်ရှင်တွေအပေါ်မှာ အမြတ် ကြီးစားကြတယ်။ ဒါကို အလုပ်သမားလူတန်းစားက သတိထားသိရှိလာတဲ့ အခြေအနေ (Class consc- iousness) ဖြစ်လာတဲ့အခါမှာ တော်လှန်ရေးဖြစ်ပြီး “လူတန်းစား ခွဲခြားမှုမရှိသော (သို့) လူတန်းစားတစ် ခုတည်းရှိသော ခေတ်ရှေ့ပြေးလူမှုအဖွဲ့အစည်းဖြစ်တဲ့ ကွန်မြူနစ်စနစ် (Communism) ကို တည်ထောင် နိုင်လိမ့်မယ်လို့ ခန့်မှန်းတွေးခေါ်ခဲ့သူ ဖြစ်ပါတယ်။

အဆိုပါ ကွန်မြူနစ်စနစ် အယူအဆကိုရုရှားနိုင်ငံကမွေးစားပြီး နိုင်ငံရေးနဲ့ စီးပွားရေးမှာကြီးစိုးနေတဲ့ လူချမ်းသာ စက်မှုလုပ်ငန်းရှင်တွေကိုတော်လှန်ပြီး၊ လူများစုအလုပ်သမား လူတန်းစားကနေ ပေါက်ဖွားလာ တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး လူမှုအဖွဲ့အစည်းသစ်ဖြစ်တဲ့ “ကွန်မြူနစ်စနစ်” ကို တည်ထောင်ပါတော့တယ်။ ဥရောပမှာ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေရဲ့ အာဏာကြီးစိုးမှုကလည်း အင်မတန်ကြီးမား တာကြောင့် ဘာသာရေး အယူအဆရဲ့ လွှမ်းမိုးမှုကိုလည်း ဆန့်ကျင်ရမယ်လို့ ယူဆလာကြတာတွေလည်း ရှိလာပါတယ်။ ဒါကြောင့် တော်လှန်
လိုတဲ့ အယူအဆ၊ လူချမ်းသာတွေထက် အလုပ်သမား ဆင်းရဲသားလူတန်းစားကို ကြည့်တဲ့ဝါဒ၊ လူတန်းစားတန်း တူညီမျှခွင့်ကို ကြည့်တဲ့ဝါဒ၊ ဘာသာရေးလွှမ်းမိုးမှုကို လက် မခံတဲ့ဝါဒစတာတွေကို လက်ဝဲ၀ါဒလို့ သတ်မှတ်တာ
ကြောင့် “ကွန်မြူနစ်ဝါဒ” ကို လက်ဝဲ၀ါဒလို့ ခေါ်ဝေါ် ကြတာဖြစ်ပါတယ်။ သို့သော် အဆိုပါအယူအဆတွေကို လူတချို့ရဲ့ ပြင်းထန်တဲ့ယူဆချက်တွေ ဖြစ်လာတဲ့အခါ ကွန်မြူနစ်ဝါဒဟာ လက်ဝဲစွန်းဝါဒအဖြစ် လူသိများ လာခဲ့ပါတော့တယ်။ (စစ်အေးကာလအတွင်း မှာ အမေရိကန်ရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး (process of demonisation) ဟာ အောင်မြင်တာကြောင့် ကွန်မြူနစ်ဆိုရင် လူတွေဟာ မုန်းတီးမှုတွေဖြစ်လာတာလည်း ရှိလာတာပါ။)

အလားတူ ပထမကမ္ဘာစစ်မှာစစ်ရှုံးခဲ့တဲ့ ဂျာမနီဟာ ဗာဆိုင်းစာချုပ်အရ စစ်လျော်ကြေး တွေပေးရတဲ့ အပြင် ၁၉၃၀ မှာ ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) အရ တိုင်းပြည်စီးပွားရေးက ပိုမို ဆိုးဝါးလာ ပါတယ်။
နိုင်ငံရေးကလည်း မတည်ငြိမ်၊ စီးပွားရေးကျပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းက မတရားကြီးထွားလာမှုတွေအပြင် အမေရိကန်က ဂျာမနီကို ချေးထားတဲငွေတွေကို ပြန်တောင်းတဲ့အခါ ဂျာမနီနိုင်ငံဟာ လုံးဝပြိုလဲလုနီးပါးဖြစ်လာခဲ့ ပါတယ်။ ဒီအခါ ဗာဆိုင်းစာချုပ်ကို သဘောတူလက်မှတ်ထိုးခဲ့တဲ့ နိုင်ငံရေးသမားတွေဟာ အမျိုးသားသစ္စာဖောက်
တွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဇီယွန်နစ်ဇင် (Zion ism) လို့ ခေါ်တဲ့ဂျူးလူမျိုးတွေရဲ့ အယူဝါဒကြီးထွားလာ
နေတာဟာ ဂျာမန်လူမျိုးတွေအတွက် အန္တရာယ်ဖြစ် တယ်။ ဒီအန္တရာယ်တွေကြားက ဂျာမနီနိုင်ငံကိုကယ်တင်ပြီး မဟာဂျာမန်လူမျိုးနဲ့ နိုင်ငံကိုတည်ထောင်ရ မယ်ဆိုပြီးကြွေးကြော်လာခဲ့တဲ့ ဟစ်တလာရဲ့ နာဇီပါတီဟာ အာဏာရ လာခဲ့ပါတယ်။ နာဇီပါတီ အာဏာ ရပြီးနောက် အမျိုးသားရေးဝါဒကို ပြင်းပြင်းထန်ထန် လှုံ့ဆော်မှုတွေနဲ့အတူ ဂျူးတွေကို သတ်ပြီး ဒုတိယကမ္ဘာစစ်ကို စတင်စေခဲ့ပါတယ်။

အီတလီမှာလည်း မူဆိုလိုနီကနေဖက်ဆစ် (Fascism) ဆိုတဲ့ အမျိုးသားရေးအစွန်း ရောက်ဝါဒကို အသက်သွင်း သလို၊ အာရှမှာလည်းဂျပန်လူမျိုးတွေဟာ မဟာဂျပန်လူမျိုးဝါဒဖြစ်တဲ့ဖက်ဆစ်စနစ်(Fasciam) နဲ့ ဒုတိယကမ္ဘာစစ်ထဲ ၀င်ပါလာပါတော့တယ်။ အမျိုးသားရေးဝါဒစွဲရှိသူ၊ ဘာသာရေးဝါဒစွဲရှိသူ၊ ရှေးရိုးစွဲ အယူရှိသူ၊ မိမိလူမျိုးတစ်မျိုးတည်း ကို ကြည့်သူတွေကို လက်ယာဝါဒထဲမှာ ရှိနေရာကနေ ဖက်ဆစ်နစ်လို အမျိုးသားရေးဝါဒစွဲ ပြင်းထန်မှုတွေကို လက်ယာစွန်းဝါဒလို့ သတ်မှတ်သုံးစွဲလာကြတာ ဖြစ်ပါတယ်။ ။