စားသုံးသူကိုကြိုးနဲ့တုပ် လုပ်ချင်ရာကိုသူတို့လုပ်

ပရင့်ထုတ်ရန်

သူများတကာကဲ့သို့ ခေတ်မီအောင် ကြားဖူးနားဝမှန်သမျှ လေးလေးနက်နက်မသိ၊ မရှိ၊ လိုက်လုပ်ခြင်းကို ဂျုန်းတို့လို Like the Joneses ဟုခေါ်သည်။ ဒါက ရိုးရိုးသိမ်ငယ်စိတ်  inferior complex ကြောင့် တစ်ဆက်တည်းသော
မြက်ခင်းပြင်ဖြစ်ပါလျက် ဟိုဘက်အိမ်ကမြက်ကပိုစိမ်းတယ် my neighbours grass is greener ဟု ထင်တတ်ခြင်းထက် အနည်းငယ်ပိုသည်။ ကိုယ့်ထက် အနည်းငယ်ချမ်းသာသူ၊ ပညာတတ်သူ၊ သြဇာရှိသူကို အရှိထက်ပိုမိုအထင်ကြီးခြင်း၊ ကိုယ့်ထက် နုံချာသူကို အထင်သေးခြင်း Snobbery မှ လာသည်ဟု ဆိုရမည်။ ယင်းသည် မလိုအပ်ဘဲခေတ်မီကြောင်း၊ ချမ်းသာသူ ခေတ်မီသူဖြစ်ကြောင်း ဖော်ပြစားသုံးလုပ်ကိုင်မှု conspicuous consumption ကို ဖြစ်စေသည်။ ၁၈၆၀ ပြည့်နှစ်များ ၀ိတိုရိယ ခေတ်ကိုသရော်သည့် အမေရိကန်
ဘောဂဗေဒပညာကျော် ဗက်ဗလင် Thorstein Veblin  ထုတ်ဖော်သည့် ဝေါဟာရနှင့်သီအိုရီ ဖြစ်သည်။

မကောင်းမြင်ခြင်း မဟုတ်

အနောက်ဒီမိုကရေစီတွင် စားသုံးသူအခွင့်အရေးကာကွယ်ရေးများ consumers right activities ခေတ် စားခဲ့သည်မှာ ၁၉၅၀-၆၀ ခုနှစ်များကပင်ဖြစ်သည်။ ကျွန်တော်တို့ဆီတွင် ဒီမိုကရေစီခေတ်ရောက်ပြီ။ လွှတ်တော်
တွေပေါ်ပြီဆိုသည်နှင့် ရေးလိုက်မဟဲ့ဆိုသော ဥပဒေကြမ်းများတွင် စားသုံးသူအခွင့်အရေး ကာကွယ်ရေးဥပဒေ (ကြမ်း) လည်း ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလုပ်ငန်းအသင်းချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစရှိသည်တို့နှင့် ကျွန်တော်ပါဝင်သော ပြည်သူ့လွှတ် တော်စီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးကော်မတီတို့ တွေ့လိုက်သည်နှင့် စတင်ပြောဖြစ်ခဲ့ သောကြောင့် ဖြစ်သည်။

ယခုတော့ ပြည်သူ့လွှတ်တော်သို့ ချပြလာခဲ့ပါပြီ။ အတွေ့အကြုံရင့် ဥပဒေပြုသမားများ၊ ဥပဒေပညာရှင်ကြီးများ စိုးရိမ်လေ့ရှိကြသည်မှာ ဥပဒေသစ်တစ်ရပ်သည် ပြည်သူကို အကျိုးထက် အပြစ်ဖြစ်သွားစေနိုင် ခြင်းကြားမှ ဗျူရိုကရေစီကြီးထွားပြီး စားပေါက်ထွင် ပေးလိုက်သလို ဖြစ်သွားနိုင်ခြင်းတို့ ဖြစ်သည်။ အထူးသဖြင့် (၁၉၆၂-၁၉၈၈)နှင့် (၁၉၈၈-၂၀၁၁) ကာလများတွင် ထိုသို့အဖြစ်များခဲ့သည်။

၂၀၁၁ မတ်လ(၃၁)ရက်မှ ယနေ့တိုင် နှစ်နှစ်ခွဲကြာမျှ သက်တမ်းရှိလာခဲ့သော ဒီမိုကရေစီအစိုးရ၊ လွှတ်တော်နှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ခေတ်တွင် ခုတ်ရာတလွဲ ရှရာတခြား၊ မထိရောက်သော၊ မပြတ်သားသော၊ အားမရသော၊ ဥပဒေတစ်ခုအတွင်း ညီညွတ်မှုမရှိသော၊ ဥပေဒတစ်ခုနှင့်တစ်ခု ညီ ညွတ်မှုမရှိသောစသည့်
ပြဿနာများစွာကို ကြုံတွေ့ဖန်တီးမိသလို ရှိခဲ့ကြောင်း ၀န်ခံကြရမည်။

လက်တန်းပြောရလျှင် အများမျှော်လင့်ကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ ဥပဒေ၊ နိုင်ငံခြား (သား) ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ အမျိုးသား/ပြည်သူ့လွှတ်တော်ဥပဒေ၊ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြ ခွင့်ဥပဒေ၊ ယနေ့ ခရီးတစ်ဝက်သာရှိသေးသည့် တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်း၊ အစရှိသည်တို့အပေါ် ပြည်သူ၊ သက်ဆိုင်သူ ကိုယ် ကျိုးစီးပွားအုပ်စု၊ ပညာရှင် အချို့ကြား၌ ကျနပ်မှုကောင်းစွာမရကြကြောင်း တွေ့ရကြရသည်။ အုပ်စုစိတ် နှင့်ဘက်လိုက်ရပ်တည်မှု Prejudice and Bias ကြောင့် မဟုတ်ဘဲ ရိုးသားစွာကျေနပ်မှုမရခြင်းကို ဆိုလိုပါသည်။

ဗျူရိုကရေစီ ကြိုးနီလျှော့

အနိမ့်ဆုံးဥပဒေတွင် တစ်နိုင်ငံလုံးအလုပ်အမျိုးအစားအရ တစ်နေ့အလုပ်ချိန်(၈)နာရီအတွက် သတ်မှတ် ပေးချက်ကို မတွေ့ရဘဲ (ထိုင်းတွင် ဘတ် ၂၀၀ စသည်ဖြင့်ရှိသည်။) သက်ဆိုင်ရာဒေသ အလုပ်သမား အဖွဲ့အစည်း၊ အလုပ်ရှင်နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတို့ ညှိနှိုင်းသတ်မှတ်ကြရန် စသည်ဖြင့် ဖော်ပြချက်မျိုးသည် မပြတ်သား၊ မထိရောက်၊ အလုပ်သမား ပြည်သူများနှင့် ပညာရှင်တို့ မျှော်လင့်သလို မဖြစ်ပါ။

ထိုနည်းတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမျိုးသားအဆင့် ဘာအဖွဲ့အစည်း ညာအဖွဲ့အစည်း စသည်တို့က ဆုံးဖြတ်မည်။ ယင်းတို့အောက် အဖွဲ့အစည်းအဆင့်ဆင့်တို့က လေ့လာမည်- ညှိနှိုင်းမည်၊ တင်ပြမည်၊ ယင်းတို့သည် အပြီးသတ် Final ဖြစ်သည်စသော စာသားများ ပြည့်နှက်နေသည့် ဥပဒေ များစွာကို တွေ့ရသည်မှာ ခေတ်ဟောင်း၊ လူဟောင်း၊ အလေ့အကျင့်ဟောင်း၊ သင်ကြားမှုဟောင်းများမှ မလွတ်သေးကြောင်း ဖော်ပြနေသည်။

ယခုစားသုံးသူအခွင့်အရေး ဥပဒေကြမ်းသည် ခေတ်မီဒီမိုကရေစီနိုင်ငံဖြစ်ကြောင်းပြလိုဇောဖြင့် လုပ်ထား ပုံသာရသည်။ စားသုံးသူအခွင့်အရေး ကာကွယ်သည်ထက် စားသုံးသူတာဝန်ကို ပြန်ထောက်ပြကာ
ဖောက်ဖျက်ကျူးလွန်ရာကျမည့်အရေး ထုတ်လုပ်၊ တင်သွင်း၊ ခင်းကျင်း၊ ရောင်းချ၊ ကြော်ငြာသူတို့အပေါ် မှားယွင်းစွပ်စွဲမိသည့်အရေး စသည်တို့အား ဥပဒေအရ ညှာမည်မဟုတ်သည့် သဘောဖော်ပြချက်များကို ပိုမို တွေ့ရသည်။

ဥပဒေတွင် ထုတ်လုပ်၊ တင်သွင်း၊ သယ်ယူ၊ သိုလှောင်၊ ရောင်းချ၊ ကြော်ငြာသူတို့က ပတ်ဝန်းကျင် ထိန်းသိမ်းရန်က အစ နားလည်သိရှိပြီးသူများဖြစ်ကာ စားသုံးသူတို့အပေါ် တာဝန်ခံရမည့်အရေးထက် ခံစားခွင့်များအတွက် အာမခံချက်များ၊ လုပ်ပိုင်ခွင့်များ ပိုမိုပေးထားသလို တွေ့ရသည်။ ထုံးစံအတိုင်း အမျိုးသား စားသုံးသူ အကာ အကွယ်ပေးရေး ဥဲီးဆောင်ကော်မတီကြီးနှင့် အောက်ခံအဖွဲ့များ၏ ဗျူရိုကရေစီယန္တရားကြီးကိုလည်း တွေ့ရသည်။ ။