www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အနုပညာမာနနှင့် ယဉ်ကျေးမှုဂါရဝ

အနုပညာမာနနှင့် ယဉ်ကျေးမှုဂါရဝ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကျွန်တော့်သူငယ်ချင်း စာရေးဆရာ၊ အယ်ဒီတာကွယ်လွန်တာ ဆယ်နှစ်မြောက်အထိမ်းအမှတ် အလှူပွဲလုပ်လို့ သူ့မိသားစုက ကျွန်တော့်ကိုဖိတ်သည်။ မသွားမဖြစ် ကျွန်တော်သွားရမည့်အလှူပွဲ ဖြစ်သည်။ ကြီးကျယ်သည့် အလှူတော့ ဟုတ်ဟန်မတူ။ ပင့်သံဃာတွေကို သင်္ကန်းနှင့် နဝကမ္မအလှူငွေကပ်ပြီး ဆွမ်းကျွေးမည့်အလှူသာ
ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဒီအလှူကို ကျွန်တော်သွားရမည် ဖြစ်သည်။

Caroon-6''ဘာလိုလိုနဲ့ ဆယ်နှစ်တောင် ရှိပါရောလား''

သူနှင့်ကျွန်တော်တို့ အသက်တူအရွယ်တူ ဖြစ်သည်။ သူက ကျွန်တော့်အောက် တစ်နှစ်လောက် ငယ်သည်။ သာကေတ မြို့ကြီး စတည်တော့ မီးမရှိ၊ ရေမရှိ၊ မော်တော်ကားလမ်းမရှိသည့် မြို့သစ်ကြီးမှာအတူနေပြီး ဒုက္ခခံခဲ့ကြသူတွေ ဖြစ်သည်။ သူက သူ့မိဘတွေနှင့်အတူ ပုဇွန်တောင်ပေတောကုန်းက ပြောင်းရွေ့ လာခဲ့ကြတာ ဖြစ်သည်။ ကျွန်တော်က ဘုန်းကြီးကျောင်း အဖျက်ခံ ရလို့ ကိုရင်လေးဘဝဖြင့် ပုသိမ်ညွှန့်က ပြောင်းရွှေ့လာသူ ဖြစ် သည်။

ကျွန်တော်က ကိုရင်ဘဝဖြင့် သူတို့အိမ်မှာ ဆွမ်းခံသည်။ သူက စိန်ပေါလ်ကျောင်းမှာ ရှစ်တန်း၊ ကိုးတန်း ကျောင်းသားဘဝဖြင့်
ကျောင်းတက်နေသည်။ အဲဒီတုန်းက ကျွန်တော့် အသက်က ၁၉ နှစ်၊ သူက ၁ဝ နှစ်အရွယ် ဖြစ်သည်။

သူသည် ကျောင်းပညာ မထူးချွန်သော်လည်း စာပေအနုပညာနှင့် အားကစား ထူချွန်ခဲ့သည်။ စိန်ပေါလ်ကျောင်းထွက်ဖြစ်လို့ ဆယ်တန်း မအောင်သော်လည်း အရည်အချင်းရှိသူ ဖြစ်သည်။ ကုန်သွယ်ရေးခေတ်၊ ပါတီကောင်စီ ခေတ်မှာ ကလေးစာပေဖြင့် အမျိုးသားစာပေဆုရခဲ့သည်။ သာကေတမြို့နယ်၏ ကာယဗလ မောင်ပြိုင်ပွဲမှာ သာကေတမောင်အဖြစ် အရွေးခံခဲ့ရသည်။ ကျွန်တော်တောင် သူ့ကိုအားကျပြီး သူ့အိမ်ဘေးက ဝိတ်မသည့် အားကစားရုံမှာ ကိုရင် ဝတ်ဖြင့် ဝိတ်မခဲ့သေးသည်။ ရင်အုတ်နှင့် လက်မောင်းကြွက်သားတွေ အထိုက်အလျောက် ကြီးလာသော် လည်း ဦးကျော်ရင် စီလိုက်သည့် မီးပုံးပျံလိုလို၊ မုံလဥလိုလို အပေါ်ပိုင်း ကြီးပြီး အောက်ပိုင်းသေးနေသည်။ သင်္ကန်းဝတ်ဖြင့်ဝိတ်မပြီး မိမိရင်ဘတ်နှင့် လက်မောင်းကြွက်သားတွေကို မှန်ထဲကြည့်ကြည့်ပြီး ပီတိဖြစ်နေ သည်။နောက်နေ့နံနက်မှာ အဲဒီ အိမ်မှာ ဆွမ်းခံသည်။ သူ့မိသားစုကလည်း ဆွမ်းလောင်းသည်။ ဆွမ်းလောင်း သည့် သူ့ညီမကို မသိမသာ ပိုးလိုက်သေးသည်။ သူနှင့်ကျွန်တော် အဲဒီလို ရင်နှီးခဲ့ကြတာ ဖြစ်သည်။

ကျွန်တော်က ရေတပ်သားဖြစ်သွားချိန်မှာ သူက သူ့အဖေအလုပ်လုပ်သည့် အစိုးရဌာကြီးမှာ စာရေးဝင် လုပ်သည်။ စာရေးလုပ်ရင်း စာရေးဆရာလုပ်နေသည်။ နတ္တလင်းကွမ်းဇော် ကလောင်အမည်ဖြင့် အမျိုးသား စာပေဆုရတဲ့အထိ အောင်မြင်ခဲ့သည်။ ကျွန်တော် စာမရေးမီ ပဝေသဏီကပင် စာရေးသူ ဖြစ်သည်။ ကျွန်တော်စာရေးဖို့ စိတ်တောင် မကူးသေးခင်ကပင် သူက (ပါးမှာနံ့သာ၊ ခါးမှပုဝါ) လုံးချင်းစာအုပ် ထွက်နေပြီ ဖြစ်သည်။

ကျွန်တော် သဘောင်္သားဖြစ်ပြီး စာရေးနေပြီဖြစ်သည့်အချိန်မှာတော့ သူကလည်း သူတို့ဌာနဆိုင်ရာ မဂ္ဂဇင်းနှင့် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွေမှာ အယ်ဒီတာဖြစ်နေသည်။ ကျွန်တော့်ဆီက စာမူတောင်းသည်။ "သူငယ်ချင်း ငါတို့ဌာနကထုတ်မယ့် မဂ္ဂဇင်းအတွက် ဝတ္ထုတိုတစ်ပုဒ် ရေးပေးပါ"။

"ဇာတ်လမ်းမရှိသေးဘူးကွာ၊ အချိန် မရှိတော့ဘူး၊ ငါ သဘောင်္ပြန်လိုက်တော့မယ်"
 
"မသွားခင် အတိုလေးတစ်ပုဒ် ရေးပေးခဲ့ကွာ"

သူ့ဌာနကထုတ်တဲ့မဂ္ဂဇင်းမှာ ကျွန်တော့် စာတစ်ပုဒ် ပါစေချင်ဟန်တူသည်။ ကျွန်တော်ကလည်း ဝတ္ထုတိုကို ပြီးလျင်ပြီးရောဆိုပြီး တော်ယိလျော်ယိမလုပ်တတ်၊ ထိထိမိမိ အဆင့်အတန်း ရှိစေချင်သည်။

စာဖတ်သူတွေ ကျွန်တော့်စာဖတ်ပြီးလျှင် စွဲစွဲငြိငြိ ဖြစ်သွားစေချင်သည်။ ကျွန်တော့်မှာ ဝတ္ထုရှည်ရေးရန် ဇာတ်လမ်းစီစဉ်ထားသည့် ဝတ္ထုတစ်ပုဒ် ရှိနေသည်။ ဇာတ်လမ်းက မယားကိုချစ်ပြီး လင့်ဝတ္တရားမပျက် အလုပ်လုပ်ကျွေးနေလျှင် အိမ်ထောင်ရေးမှာ တာဝန်ကျေပြီလို့ထင်ထားသူ ယောက်ျားတစ်ယောက်နှင့် လင်၏အချော့အမြူ၊ အပွတ်အသပ်၊ အပွေ့အဖက်၊ အနမ်းစသည့် ချိုမြိန်သည့် အိမ်ထောင်၏အရသာကို ခံစားချင်နေသည့် မိန်းမတစ်ယောက်တို့၏ အိမ်ထောင် ရေးပညာပေးဝတ္ထု ဖြစ်သည်။ ရိုးလွန်း အလွန်းသည့် လင်သားဆီကမရနိုင်သည့် လင်ဆိုင်ရာ ချိုမြိန်ရသတွေကို ရွာသူကြီးသား၊ တစ်ခုလပ်၊ မယားရှိလင်
ကြာကူလီဆီက ရရှိသည့်အခါ တစ်ကြိမ်တစ်ခါ မှားမိသည့်အကြောင်း ဝတ္ထုဖြစ်သည်။ ဝတ္ထုနာမည်ကို "ပျားတစ်စက်" လို့ နာမည်ပေးထားသည်။ ဒီဝတ္ထုကိုပဲ ဝတ္ထုတိုအဖြစ်ရေးပြီး ပေးလိုက်တော့မည်ဟု ဆုံးဖြတ်သည်။ ဝတ္ထုရှည်ကို ဝတ္ထုတိုအဖြစ် ဇာတ်လမ်းရှုံ့ပြီးရေးသည့်အခါ ဝတ္ထုနာမည်ကိုပါ ပြောင်းရတော့ သည်။ ဝတ္ထုရှည်၏ အမည်သည် ခန့်ထည် တိုတောင်းဖို့လိုသည်။ ဝတ္ထုတို၏ အမည်သည် အဓိပ္ပာယ်ပေါ်လွင် ငုံမိအောင် အနည်းငယ် ရှည်လို့ရသည်။ ဇာတ်လမ်းပေါ်လွင်အောင် (ပျားတစ်စက် ခါးလျှက်နေဆဲပါ) ဟု အမည်ပေးလိုက်ပါသည်။

ကျွန်တော် သဘောင်္တက်ရန် နိုင်ငံခြားသွားခါနီးမှာ အဲဒီဝတ္ထုတိုကိုရေးပြီးလို့ သူ့ကိုပေးထားခဲ့ပါသည်။ ကျွန်တော် နိုင်ငံခြားမှာနေတာ တစ်နှစ်ပြည့်လို့ မြန်မာနိုင်ငံကို ပြန်ရောက်သည့်အခါမှာ အဲဒီဝတ္ထုသည် သူ အယ်ဒီတာလုပ်သည့် သူတို့ဌာနဆိုင်ရာမဂ္ဂဇင်းမှာ ပါးပြီးဖြစ်နေတာ တွေ့ရသည်။ သို့သော် ကျွန်တော်ပေး ခဲ့သည့် နာမည်ဖြင့်မဟုတ်ဘဲ (သစ္စာပျက်၍ တစ်သက်ဆွေးရသူ) အမည်ဖြင့်ပါနေတာ တွေ့ရသည်။ ကျွန်တော် အတော်ဒေါသ ထွက်သွားသည်။ ကျွန်တော့်ဝတ္ထု၏ နာမည်ကို ကျွန်တော့်ခွင့်ပြုချက်မရဘဲ ပြောင်းပစ်ခြင်း သည် ကျွန်တော့်ကို စော်ကားတာလို့ ခံစားမိသည်။ ငါအယ်ဒီတာပဲ ငါလုပ်ချင်တာ လုပ်မည်ဆိုသည့် သဘောဖြင့် လုပ်ထားတာလို့ ယုံကြည်မိသည်။

ကျွန်တော်ဝတ္ထုအမည်ကို ကျွန်တော့်ခံစားချက်ဖြင့် ထိမိအောင် ရွေးချယ်ထားတာ ဖြစ်သည်။ သူအသုံးပြု ထားသည့်နာမည်သည် ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ခ်ျနှင့် ဦးတည်ချက်၊ ရည်ရွယ်ချက်သိမ်းမ်ကို ရာနှုန်းပြည့်မရဟု ထင်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ခွင့်ပြုချက်မရဘဲ ကျွန်တော့်ဝတ္ထုကို ခေါင်းစဉ် နာမည်ပြောင်းခြင်းသည် ကျွန်တော့်ကို စော်ကားတာလို့ ခံစားမိပြီး သူ့ကို ဒေါသထွက်နေမိသည်။ အဲဒီ အချိန်မှာသူ့အိမ်က အလှူဖိတ်စာ ရောက်လာသည်။ ကျွန်တော် ပြန်ရာက်နေပြီ ဆိုတာသိလို့ ဖိတ်စာပို့ လိုက်တာ ဖြစ်သည်။

ဝါဆိုသင်္ကန်းကပ်နှင့် ဆွမ်းကျွေးအလှူ ဖြစ်သည်။ သွားမည်၊ မျက်နှာကိုလက်ညှိုးထိုးပြီး ရန်တွေ့မည်။ လိုအပ်လျှင် အလှူပွဲမှာ ဆွဲထိုးမည်ဟု ရည်ရွယ်သည်။

''နှမပေး၊ မသာ၊ ငါလာပြီ သတိသာ ထား ပေးတော့''

အလှူနေ့မှာ အချိန်ကိုက်ပင် သူ့အိမ်ကို ရောက်သွားသည်။ သူ့အလှူဖြစ်လို့ ပါတီကောင်စီခေတ်၊ ကုန်သွယ်
ရေးခေတ်၊ မှောင်ခိုခေတ်၊ မိတ်ဟောင်းဆွေဟောင်းတွေ၊ စာပေလောကက မျက်နှာသိတွေပါ ရောက်နေ
ာကသည်။ ဘယ်သူတွေပဲရောက်ရောက် ငါ့ကို စော်ကားထားတဲ့အကောင်၊ ငါ့အနုပညာကို မခန့်လေးစား လုပ်တဲ့အကောင် တွေ့ကြသေးတာပေါ့ကွာဆိုပြီး အိမ်ပေါ်တက်သွားသည်။

''အလို…ဘုရား…ဘုရား''

ကိုယ့်လူက အိမ်ခေါင်းရင်းခန်းက ဘုရားစင်ရှေ့မှာ သင်္ကန်းဝတ်ဖြင့် စက္ခုအိနြေ္ဒချပြီး တရားရှုမှတ်နေသလို ဈာနမုဒြာပုံစံဖြင့် ထိုင်တော်မူနေသည်။ သူ့မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေ အားလုံးကလည်း သူ့ရှေ့မှာကြုံ့ကြုံ့လေးတွေထိုင်ပြီး သူ့ကို အရိုအသေ ပေးနေကြသည်။ မောင်းတင်လာသည့် ကျွန်တော့်မှာ သူ့ကိုဆဲရမှာလည်းခတ်၊ ဆွဲထိုးရမှာလည်း မလွယ်ကူသည့်အတွက် သူ့ရှေ့မှာ အသာထိုင် ချလိုက်ရပါ သည်။ ရောက်လာသည့် ဧည့်သည်အားလုံးက အလှူရှင်ဒုလ္လဘရဟန်းကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုဦးချနေကြသဖြင့် ကျွန်တော်ပါ ဦးသုံးကြိမ်ချ ရှိခိုးလိုက်ရပါတော့သည်။

စိတ်ထဲကတော့ သင်္ကန်းဝတ်နေလို့ နင်ကံကောင်းတယ်မှတ်လို့ ပြောလိုက်သည်။ အနုပညာသမား၏ မာန သည် ဗုဒ္ဓဘာသာ၊ သာသနာတော် အဆုံးအမတည်းဟူသော ရဟန်းတော်ကိုတွေ့လျှင် ဦးချကန်တော့ရမည် ဆိုသည့် ယဉ်ကျေးမှုကြောင့် ဒေါသ၊ မာနတွေ လျောကျသွားပါတော့သည်။ သူငယ်ချင်း နတ္တလင်းကွမ်းဇော်
ကောင်းရာသုဂတိဘုံဘဝ ရောက်ပါစေလို့ ဆုတောင်းလိုက်ပါသည်။