ပိတ်ဆို့တားမြစ်ထားတာ ဖွင့်ပေးသူကို ကိုဖိုးရင်လုပ်သလို မလုပ်သင့်

ပရင့်ထုတ်ရန်

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေကို အီးယူကပြန်ဖွင့် ပေးလိုက်ပြီ ဆိုသည့်သတင်းသည် မင်္ဂလာ သတင်း ဖြစ်သည်။ အီးယူက လက်နက်တင်ပို့ ရောင်းရမှုမှအပ ကျန်တာထွေ အကုန်လုံးခွင့်ပြုလိုက်ပြီ ဆိုသည့်သတင်းသည် မြန်မာတွေကိုသာမက တစ်ကမ္ဘာလုံးကိုပင် အံ့သြသွားစေခဲ့သည်။

Caroonနှစ်ပေါင်းငါးဆယ်မျှ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော
မြန်မာနိုင်ငံကို အုပ်ချုပ်သူ စစ်အာဏာရှင်တွေအပေါ်မှာ အီးယူက လိုက်လျောလှချည်လား၊ ရက်ရောလှချည်လားလို့ တအံ့တသြ ပြောကြသည်။ အချိန်မတန်သေးဘူး လို့တောင် တချို့ကပြောကြသည်။

အီးယူကလည်း ခြေမြန်လက်မြန် ခွင့်ပြုလိုက်လျော လိုက်တာတာ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။ တရုတ်၊ ဂျပန်နှင့် အမေရိကန်တို့ လက်ဦးမှုရယူထားကြပြီးဖြစ်လို့ မိမိတို့ နောက်ကျကျန်ရစ်မှာကို စိုးရိမ်တာဖြစ်မည်။ ဆွမ်းတော်ကြီးလောင်းပွဲနှင့် လွဲသွားမှာကို ကြောက်လို့ ပိတ်ဆို့ထားတာတွေကို ကမန်းကတန်း ဖွင့်ပါဟ၊ ခွင့်ပြုပါဟလုပ်တာ ဖြစ်မည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်တို့ လက်အောက်မှာ နှစ်ပေါင်း ငါးဆယ်မျှ နေခဲ့ရသော်လည်း သယံဇာတပေါဆဲ
ဖြစ်သည်။ စီးပွားရေးလုပ်ဖို့၊ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးတိုင်းပြည်အဖြစ် ရှိနေသေးသည်။ လူသားရင်းမြစ် ဖြစ်သည့် အလုပ်သမားပေါများသည်။ လုပ်အားခ ဈေပေါပေါဖြင့် ရနိုင်သေးသည့် နိုင်ငံဖြစ်သည်။ မကျေနပ်တာကို ဆန္ဒပြခြင်းဆိုတဲ့ အလုပ်ကို အခုမှကြားဖူးသည့် လူမျိုးတွေနေထိုင်ရာ တိုင်းပြည် ဖြစ်သည်။ နောက်မကျသေးဘူး၊ လုပ်စားလို့ကောင်းသေးသည့် နိုင်ငံဖြစ်သည်။ နိုင်ငံမြေကျယ်ဝန်းသည်။ လူဦးရေ သန်းခြောက်ဆယ်ကျော်မျှသာ ရှိသည်။ လူမနေသည့် မြေတွေ အများအပြားရှိနေသေးသည်။ စောစောဝယ်ထားလျှင် နေရာချောင်ချောင် ရနိုင်သေးသည်လို့ ယုံကြည်နေကြသည်။

မြန်မာနိုင်ငံသည် ချမ်းသာ၊ ချောမောသဘောကောင်းပြီး လက်မထပ်ရသေးသည့် အမျိုးသမီးနှင့် တူသည်။ ခုနှစ်ပြည်ထောင်မင်းတွေက ထိမ်းမြားရစ်ပတ် လက်ထပ်လိုကြသည်။ အတူနေပထွေးက အလိုမတူဘဲ
ပေါင်းသင်းနေလို့ ဗွက်ပေါက်ပြီး ပျက်စီးနေတာကို မသိသည့် အိမ်နီးချင်းတိုင်းပြည်တွေနှင့် အဝေးကွင်းမှာ ဂိုးသွင်းကောင်းသူတွေက လက်ထပ်လိုကြတာ ဖြစ်သည်။ ပထွေး၏ လက်ချက်ဖြင့် အပျိုရည်ပျက်နေပြီး
ဖြစ်သော်လည်း အချိုးအဆစ်ပြေပြစ်ပြီး ဖူဖူဖောင်းဖောင်းတွေက အကောင်းပကတိ ရှိနေကြသေးလို့ လိုချင်သူတွေက သွားရည်ကျနေကြတာ ဖြစ်သည်။

သတို့သမီးဘက် ဆွေမျိုးတွေဖြစ်သည့် ကျွန်တော်တို့ ပြည်သူတွေကလည်း အကြိမ်ကြိမ်သန္ဓေပျက်ကျဖူးသည့် သတို့သမီး၏ အပြစ်အနာအဆာတွေကို ဖုံးဖုံးဖိဖိလုပ်ပြီး လာရောက်နေသူတွေကို ကြိုဆိုရမည်ဖြစ်သည်။ ခိုင်းနွား တစ်ရှဉ်းနှင့် လယ်တစ်ကွင်း တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ ရွှေစင် ကိုယ်အလေးချိန်အတွက်ပေးပြီး တင်တောင်းသူတို့ကိုလည်း လက်ခံရမည်။ တောင်ညာစံတင်ပါမည်ဆိုသည့် ဘုရင်ကိုလည်း လက်ခံရပါမည်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီမရှိခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်း၊ ဥပဒေစိုးမိုးမှု မရှိခြင်း၊ အုပ်ချုပ်သူတို့ကို ဆန့်ကျင့်သည့် ပြည်သူတွေကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ စီးပွားရေး လက်ဝါးကြီးအုပ်ခြင်း စသည့် စစ်အာဏာရှင်တို့ကျူးလွန်ခဲ့ကြသည့် ပြစ်မှုမျိုးစုံတို့ကြောင့် ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံကြီးတွေက စီးပွားရေးနှင့် လူမှုရေးပိတ်ဆို့ တားမြစ်မှုတွေကို ပြုလုပ်ခဲ့တာဖြစ်သည်။

ဟော ...အခုတော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်နေ သည်။ တင်းကျပ်မှုတွေကို တဖြည်းဖြည်းလျော့ပေးနေသည်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေသည်။ တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်နေသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ပွင့်လင်းမြင်သောစွာ ဖိတ်ခေါ်နေသည်။ လာဘ်စားသူများကို ဖော်ထုတ်အရေးယူနေသည်ဆိုသည့် ကောင်းသတင်းတွေကြောင့်
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံလိုသူတွေနှင့်အတူ အီးယူအဖွဲ့ဝင် နိုင်ငံတွေကပါ မြန်မာနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားမြစ်ထားတာတွေကို ဖြေလျှော့
ပေးလိုက်ပြီး ဖြစ်သည်။

ဖွင့်ပေးလိုက်ပြီဆိုတော့ ဝင်လာကြတော့မည့် ရင်းနှီးမြှုပ်နှံသူတွေ ဧည့်သည်တွေကို နွေးထွေးလိုက်လှဲစွာ ကြိုဆိုကြရမည် ဖြစ်သည်။ ဧည့်ဝတ်ကျေပွန်ရမည်။ အလုပ်အကိုင်နှင့် ငွေကြေးပေးဖို့ လာသူတွေကို ကျေးဇူး သိတတ်ရမည်။ ကျေးဇူးတုံ့ပြန်ရမည်။ သူတို့လုပ်သည့်အလုပ်တွေ အောင်မြင်အောင် ဝိုင်းကူပံ့ပိုးကြရမည်။ ကတိကဝတ်တွေကို မချိုးဖောက်ဘဲ လိုက်နာကျင့်သုံးကြရမည်။ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်မိဖို့ သတိထားရမည်။ ထမင်းခွံသည့်လက်ကို မကိုက်ဖို့ သတိထားကြရမည်။ ပိတ်ဆို့တားမြစ်ထားတာတွေကို ဖွင့်ပေးသည့်ကျေးဇူးကို ထောက်ထားရမည်ဖြစ်သည်။ ခွင့်လွှတ် ကြေအေးပေးသူကို အကောင်းဆုံးလုပ်ရင်းဖြင့် တုံ့ပြန် ပေးဆပ်ရမည် ဖြစ်သည်။

ကျွန်တော့်ဘကြီး ဦးကြာခိုင်ကို ကျွန်တော့်ယောက်ဖ ကိုဖိုးရင်လုပ်သလို မလုပ်သင့်ဟု သတိပေးချင်ပါသည်။ ကျွန်တော့်အသက် ဆယ်နှစ်သားအရွယ်က ဖြစ်သည်။ ကျွန်တော့်ဘကြီး၏ သမီးကြီး မအေးယဉ်နှင့် ကိုဖိုးရင်တို့ကို
နှစ်ဖက်မိဘတွေက သဘောတူပြီး လက်ထပ်ထိမ်းမြားပေးရန် စီစဉ်ကြသည်။ ကျွန်တော့် အမ်မတစ်ဝမ်းကွဲ မမကြီး မအေးယဉ်က နာမည်နှင့်လိုက်အောင် ယဉ်သည်။ အေးသည်။ မင်းကတော်ရုပ်ဖြင့် ယဉ်ယဉ်လေးလှသည်။ ကိုဖိုးရင်ဆိုတာကလည်း ကျွန်တော်တို့ရွာမှာတော့ ပျိုတိုင်းကြိုက်တဲ့ လူပျိုဖြစ်သည်။ ရွာသူကြီး ဦးရွှေဆိုင်၏တူ၊ ဘုရာဒကာ၊ ကျောင်းဒကာ ရွာသူဌေး ဦးအောင်မြိုင်၏ တစ်ဦးတည်းသောသား မြို့ကျောင်းနေဖူးသူ၊ အင်္ဂလိပ်စာ ဖတ်တတ်သူဖြစ်လို့ ရွာစူပါစတား ဖြစ်သည်။ ရွာမျက်နှာဖုံးတို့၏ သားနှင့်သမီး မင်္ဂလာဆောင်ကြတော့မည် ဆိုတော့ ရွှေနဲ့မြ၊ နေနဲ့လ ဖြစ်သွားတော့သည်။

ကျွန်တော့်အစ်မကြီး မအေးယဉ်ကလည်း လင်ရတော့မည်ဆိုပြီး အရမ်းဝမ်းသာနေသည်။ စေ့စပ်ပွဲလုပ်သည့်နေ့မှာ ပင် သတို့သမီးလိုဝတ်ဆင်ပြီး ယောက္ခမလောင်းတွေကို ကန်တော့သည်။ တစ်သက်လုံး ဆေးမဆိုးခဲ့သည့်
နှုတ်ခမ်းကို သူ့ညီမမလှယဉ်က ဆေးဆိုးပေးလို့ နီရဲပြီးလှနေသည်။ ကိုဖိုးရင်တောင် တအားရင်ခုန်နေတာ ဖြစ်မည်။ မလှယဉ်ကလည်း သတို့သမီး အပျိုရံအဖြစ် တာဝန်ယူရသူ ဖြစ်လို့ အစွမ်းကုန် အလှပြင်ထားသည်။ စေ့စပ်ပွဲ ပြီးပြီဖြစ်လို့ မင်္ဂလာဆောင်ရက် သတ်မှတ်လိုက်ကြသည်။

ပြသာနာက မင်္ဂလာဆောင်မည့်နေ့မှာပင် ဖြစ်တော့သည်။ သတို့သားလောင်း ကိုဖိုးရင်သည် မင်္ဂလာဆောင် အိမ်တက်ရမည့်အချိန်မှာ ဘယ်ရောက်နေမှန်းမသိရဘဲ ပျောက်နေသည်။ ထူးဆန်းတာက ကျွန်တော့် အစ်မအလတ်လည်း ပျောက်နေသည်။ အပူတပြင်း လိုက်လံစုံစမ်းတော့မှ ကိုဖိုးရင်သည် သတို့သမီး မအေးယဉ်ကို လက်မထပ်ရသေးမီ သတို့သမီးအရံလုပ်မည့် ညီမအငယ် မလှယဉ်ကို ခိုးပြေးတာ သိကြရတော့သည်။ စေ့စပ်ပွဲ လုပ်သည့်နေ့က ကိုဖိုးရင်သည် သူတို့သမီး မအေးယဉ်ကို စိတ်မဝင်စားဘဲ အပျိုရံလုပ်မည့် ညီမ အငယ်မလှယဉ်ကို စိတ်ဝင်စားပြီး လှည့်ကြည့် လှည့်ကြည့်လုပ်နေတာကို သတိရလာကြသည်။ မင်္ဂလာပွဲလည်းပျက်တော့သည်။ ဘကြီးဦးကြာခိုင်သည် အကြီးအကျယ်အရှက်ရပြီး ကိုဖိုးရင်ကို သေခန်းဖြတ်သည်။ သူ့သမီး အငယ်မ မလှယဉ် ကိုလည်း အမွေဖြတ်သည်။ အိမ်နားမလာရ၊ တွေ့ရာသချိုင်း ကြေညာထားသည်။ ကိုဖိုးရင်ကို သားမက်အဖြစ် အသိအမှတ်မပြုကြောင်း ရပ်ရွာကို ကြေညာထားသည်။ ကိုဖိုးရင်၏ မိဘတွေက ရွာဦးကျောင်း ဆရာတော် ဘုရားကြီး၏ အကူအညီဖြင့် တောင်းပန်သည်။ ဘကြီးဦးကြာခိုင်က သွေးပူနေဆဲဖြစ်လို့ ပိတ်ဆို့တားမြစ်မှုတွေကို ဖွင့်မပေးနိုင်ကြောင်း အကြောင်းပြန်သည်။

ကိုဖိုးရင်နှင့်အစ်မလေး မလှယဉ်တို့က ရွာမှ မိုင်၂ဝ ဝေးသည့် မကျည်းတောရွာမှာ အခြေချနေထိုင်ကြသည်။ မကျည်းတောရွာမှာ ဦးလေးဦးဖဲသာအောင်၏ မိသားစု နေထိုင်သည်။ ဦးလေးဖဲသာအောင်သည် အမေ့မောင်
ဖြစ်သည်။ ဓါတ်၊ ဗိန္ဓော၊ ပယောဂကုသည့် တိုင်းရင်းဆေးဆရာ ဖြစ်သည်။

ပယောဂဖမ်းထားလို့ ရူးနေသည့် အရူးမ အပျိုကိုဆေးကုသရင်း အရူးမနှင့် ညားသွားလို့ ဆွေးမျိုးစုက
သေခန်းဖြတ်ပြီး အမွေခန်း ရပ်ခံထားရသူ ဖြစ်သည်။ ဦးလေးဖဲသာအောင်နှင့် ကိုဖိုးရင်တို့ ဝါသာနာတူ၊ စရိုက်တူ ပေါင်းမိသွားကြခြင်း ဖြစ်သည်။

ကိုဖိုးရင်နှင့် အစ်မလေးမလှယဉ်တို့ အိမ်ထောင်သက် ဆယ်နှစ်လောက်အကြာမှာ ဘကြီးဦးကြာခိုင် ကွယ်လွန် သည်။ ကြီးတော်ကြီးက စိတ်ကိုဖြေလျှော့လိုက်ပြီး ကိုဖိုးရင်နှင့် မလှယဉ် တို့ကို ပိတ်ဆို့ထားတာတွေ ဖြေလျှော့
ပေးလိုက်သည်။ သမီးကိုရော၊ မြေးတွေကိုပါချစ်လို့ ရွာကို ပြန်လာနေကြရန် ခေါ်ယူလိုက်ပြီး အတူနေကြသည်။ မိသားစုပြန်လည်ပေါင်းစည်းကြပြီဖြစ်လို့ ဝမ်းသာကြသည်။ လူသာဓုခေါ်၊ နတ် သာဓုခေါ်၊ ရွာဦးကျောင်း ဆရာတော်ကြီးပါ သာဓုခေါ်ရသည့် အခြေအနေ ဖြစ်သွားသည်။

တစ်ရွာလုံးကလည်း ဝမ်းသာကြသည်။ ကိုဖိုးရင်ကို ပိတ်ဆို့ထားမြစ်ထားတာတွေ ဖွင့်ပေးလိုက်လို့ နှစ်ဖက်
ဆွေမျိုးတွေနှင့် တစ်ရွာလုံးက ဝမ်းသာပျော်ရွှင်နေကြသော်လည်း မခံချိမခံသာနှင့် မျက်နှာထားစရာ နေရာမရှိ
ဖြစ်နေရာတာက ကျွန်တော့်အစ်မကြီး မအေးယဉ် ဖြစ်သည်။ သူတို့သမီးဘဝက အပျိုကြီး ဖြစ်ခဲ့ရလို့ ရှက်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ရဲဘဲ တစ်နှစ်လောက်နေခဲ့ရတာကို မမေ့နိုင် ဖြစ်နေသေးသည်။ အခုတော့ မိမိ၏ ခင်ပွန်းလောင်းဖြစ်ခဲ့သူ ကိုဖိုးရင်နှင့် သူ့ဇနီးမယားဖြစ်နေသည့် ညီမ မလှယဉ်တို့က အိမ်ပေါ် ပြန်ရောက်လာ ကြသည်။ တူလေ၊ တူမလေးတွေကလည်း တီတီတာတာ ချစ်စရာဖြင့် အိမ်သာယာနေသည်။ ကိုဖိုးရင်ကလည် လူရည်လည်သည်။ အထာနပ်သည်။ အစ်မကြီး မအေးယဉ်ကို ခြေထောက်ဖက်ပြီး ရှိမခိုးရုံတမယ် အနူးအညွှတ်
တောင်းပန်သည်။ သူ့မယားထက်ပိုပြီး ဂရုစိုက်ပြသည်။ အားလုံး အဆင်ပြေသွားပြီ ဖြစ်သည်။

မကြာပါဘူး ကျွန်တော့်အထင်ပြောရလျှင် တစ်နှစ်လောက်ပဲကြာမည် ထင်သည်။ ကိုဖိုးရင်သည် အစ်မကြီးမ
အေးယဉ်ကို ခိုးပြေးပါလေတော့သည်။ ဦးလေးဖဲသာအောင်နေထိုင်ရာ မကျဉ်းတောရွာကို သွားပြီး နေထိုင်သည်။
ကောင်းကြရောလားဗျာ၊ ဒါမျိုး လုပ်သင့်သလား၊ ပိတ်ဆို့တားမြစ်ထားတာတွေ ဖွင့်ပေးသူ၏ မျက်နှာကို
ထောက်သင့်သည်ဟု ထင်သည်။