ဇာတိနေရာက လှည့်စားခြင်းခံရသူများ

ပရင့်ထုတ်ရန်

နေခြည်တွေ ဝင်းပနေတဲ့ နို့ဖိုး ဒုက္ခသည် စခန်းထဲမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့နဲ့အတူ ၁၆ ရက်တာ လှုပ်ရှားမှု ပိတ်ရက်အဖြစ် စခန်းရုံးထဲမှာ ကျင်းပခဲ့ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုထဲမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့လည်း ပါဝင်ပါတယ်။

“မိသားစုတွင်း ငြိမ်းချမ်းရေးမှ ကမ္ဘာနဲ့အဝှန်း ငြိမ်းချမ်းရေးဆီသို့” ဆိုတဲ့ ကြော်ငြာ စာရွက်တွေကို သစ်ပင်ကြီးတွေဆီမှာ လမ်းနဲ့နီးတဲ့ တဲအိမ်တွေရဲ့ ဝါးသဲပွတ်နံရံတွေမှာ ကပ်ထားကြတယ်။ ဒါကြောင့် ထင်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှု
တွေ အသံ သိပ်မကြားရဘူး။ ဒီရက်ထဲမှာလေ။ အရေးယူဆောင်ရွက်နေတဲ့ ကာလလည်း ဖြစ်လို့ထင်တယ်။

ဒုက္ခသည် စခန်းထဲမှာ ဒီလိုအထိမ်းအမှတ်ပွဲမျိုး ကျင်းပနိုင်ဖို့ NGO အဖွဲ့အစည်းတွေက ကူညီပေးပါတယ်။ လူ့အခွင့် အရေးတွေ ဆုံးရှုံးလို့ ဒုက္ခသည်ဖြစ်နေတဲ့ စခန်းရဲ့ လာ-ဟူး-ကြာ ဈေးနေ့လေးထဲက ပန်းရောင်စုံတွေ လူ့အခွင့်အရေး
နေ့ အခမ်းအနား ကျင်းပရာ စခန်းရုံးထဲ ရောက်သွားပါတယ်။ ဒုက္ခသည်တွေလည်း စခန်းရုံးထဲမှာ စုရုံးခဲ့ကြပါတယ်။

နှင်းဆီပန်း၊ သစ်ခွပန်း ရောင်စုံကို အနုပညာမြောက်စွာ ထိုးထားတဲ့ ပန်းအိုးတွေကိုမြင် ရရင်ပဲ ကျမတို့ ရင်ထဲမှာ
နူးညံ့မှုတွေ စိမ့်ဝင်သွားတယ်။ ဒီဒုက္ခသည်စခန်းထဲမှာ ဘယ်နေရာကြည့်ကြည့် ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဝါးတဲအိမ်
တွေနဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ဒုက္ခသည်တွေကိုပဲ တွေ့ရတာ မဟုတ်လား။

တိုင်းရင်းသား ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဒုက္ခသည်တိုင်းရင်းသားတွေ စခန်းရုံးထဲ တဖွဲဖွဲ ရောက်လာပါတယ်။ မဖိတ်ခေါ်ရပဲ အမြဲတက်တက်ကြွကြွ ရောက်လာတတ်သူတွေကတော့ ကလေးငယ်တွေပါပဲ။ မိခင် ဖခင်မပါဘဲ လူစုစု ရှိတာနဲ့ ရောက်လာတတ်တဲ့ ကလေးငယ်တွေက နိုင်ငံမဲ့နေတဲ့ ကလေးငယ်တွေပါ။ သူတို့ဇာတိမြေကို မေးရင် ဘယ်ဇာတိ လို့ ရဲရဲဝံ့ဝံ့ ဇာတိသွေးအပြည့်နဲ့ ပြောနိုင်မယ့်သူတွေ မဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ ဦးခေါင်းတွေမှာ
နေလောင်နေတဲ့ ဆံပင်နီနီတွေ ဆီကင်းနေတယ်။ ဖိနပ် မပါပေမယ့် မြဲမြံတဲ့ ခြေဖဝါးတွေနဲ့ နေရာအနှံ့ ရောက်အောင် သွားနိုင်ကြတယ်။ သူတို့ ဘဝကိုသူတို့ ဘယ်လို ရှင်သန်အောင် နေရမယ်ဆိုတာ ငယ်ပေမယ့် သိနေကြတယ်။

စခန်းကော်မတီဝင် ဆရာလေးက အဖွင့်အမှာစကား ပြောပါတယ်။

“ကိုယ့်အခွင့်အရေးကိုယ် သိထားဖို့ လိုတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့မရရင် တိုက်ယူလို့ရတယ်။ ကျနော်တို့ ကရင်လူမျိုးတွေရဲ့ မွေးရာပါ လူ့အခွင့်အရေး ဆုံးရှုံးလို့ တောင်းယူတာ။ တောင်းယူလို့ မရလို့ တိုက်ယူရတာ နှစ် ၆ဝ ကျော်ပြီ”

“ကျနော်တို့ ဒုက္ခသည်ဖြစ်ရတဲ့ အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ဆုံးရှုံးလို့ပဲ။ ဗဟုသုတ ရှိခြင်းအားဖြင့် ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်နိုင်သလို ကိုယ့်တာဝန်ကိုယ် သိသွားတယ်။ ဘဝပေး အခြေအနေရ ဒုက္ခသည်
ဖြစ်နေရချိန်မှာ ဘဝတူခြင်းက လုပ်ပိုင်ခွင့်ရှိတဲ့နေရာကနေ ထပ်မံနှိပ်စက်နေဦးမယ်ဆို ဒါမဖြစ်သင့်ဘူး။ နှစ်ထပ်ကွမ်း ဒုက္ခသည်မဖြစ်အောင် ကြိုးစားသွားကြမယ်” တဲ့။

အိမ်တွင်းအကြမ်းဖက်မှု ရပ်တန့်ဖို့ဆိုတာ မိသားစုတွင်း အကြမ်းဖက်မှု မရှိဘဲ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်
လေးစားမှု၊ နားလည်မှု ရှိဖို့ပါပဲလို့လည်း ဆရာလေးက ရယ်စရာ ဥပမာလေးပြ ပြောသွားပါသေးတယ်။

“ဇာတ်ပွဲ သွားချင်တဲ့ အဘွားကြီးက အိမ်ရှေ့မှာ ဆေးတံသောက်နေတဲ့ အဘိုးကြီးကို ပွဲကြည့်ချင်တယ်လို့ မပြောဘူး။ အိပ်ပျော်နေတဲ့ သားငယ်ကို ဆွဲဆိတ်တယ်။ သားက ငိုတော့ ဆေးတံသောက်နေရာက မေးတေယ်။ ဘာလို့ ငိုလဲပေါ့။ ပွဲကြည့်ချင်လို့ ငိုတာလို့ အဘွားကြီးက ဖြေတယ်။ ဒီတော့ အဘိုးကြီးက “ကလေးက ငါနဲ့တူတာ။ ငါငယ်ငယ်က ပွဲမကြည့်ရရင် လက်ကုန်ငိုတာ”တဲ့။ ဒီစကား ပြောလိုက်တော့ အဘွားကြီး ပွဲခင်းထဲ ရောက်သွားတယ်။ ထိပ်တိုက် မတိုးဘူး။ ဒီတော့ အိမ်တွင်း အကြမ်းဖက်မှု မဖြစ်တော့ဘူး” တဲ့။

‘နာကျင်မှုတွေ ခံစားမှုတွေ မတူနိုင်ဘူး’ ဆိုတဲ့ သီချင်းကိုလဲ အမျိုးသမီးကြမ်းဖက်မှု ပပျောက်ရေးက အမျိုးသမီးတွေက ခံစားချက်အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။

တိုင်းရင်းသားတွေရဲ့ ရိုးရာအကတွေနဲ့ ဖျော်ဖြေတော့ စခန်းရုံးက စင်မြင့်ပေါ်ကို ပိုးစားနေတဲ့ အင်ဖက်မိုး အပေါက်လေး
တွေကနေ နေရောင်ခြည်ဟာ မီးဆလိုက်လို ဖြာကျပေးနေတယ်။

ရခိုင်အကမှာ အားမာန်ပါတဲ့ စည်တော်သံနဲ့ ဗုံသံဟာ ဇာတိသွေးကို တက်ကြွစေပါတယ်။ ကျမတို့ နိုင်ငံမှာ တိုင်းရင်းသား အသီးသီးဆီရဲ့ ယဉ်ကျေးမှုတွေက ခန်းနားထည်ဝါလွန်းလှပါတယ်။ လူအများနဲ့ ကရတဲ့ ရခိုင်အကမှာ အမျိုးသမီးလေး နှစ်ဦးပဲ ပါဝင်ကပြနိုင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုအရ ကပြနေတဲ့ ရခိုင်အမျိုးသမီးလေး နှစ်ဦးရဲ့ မျက်နှာမှာ ကြေကွဲမှုတွေကို မြင်ရတယ်။

တောင်ဇလပ်ပန်း နီနီတွေ ချင်းတောင်တန်းမှာ ပွင့်နေကြမယ့် ဒီလိုရာသီ ဒီလိုအချိန်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ ချင်းတိုင်းရင်းသား လူငယ်တွေ တောင်ဇလပ်ကို တေးသီနေကြတယ်။ ဇိုမီး၊ တီးတိန်၊ ဖလမ်း၊ ဟားခါး ရိုးရာဝတ်စုံနဲ့ ရိုးရာအကကို ကခုန်နေကြတယ်။ အောက်ချင်းငှက်တို့ မြူးရာ ချင်းတောင်တန်းကြီးကို သူတို့ သတိရနေပါလိမ့်မယ်။

အိုးစည်သံကိုလည်း ကျမတို့ ဒုက္ခသည်စခန်းထဲမှာ ကြားနေရပါတယ်။ ရှမ်း ဓါးသိုင်းနဲ့ ကနေရှာတဲ့ ကလေးငယ်ရဲ့
ခြေနုတ်လက်နုတ်ဟာ တကယ့် ဓါးသိုင်းပညာရှင်လိုပါပဲ။ ရုတ်တရက် သူ မြှောက်လိုက်တဲ့ဓါး ပြုတ်ကျသွားပေမယ့်
ကြောင်မသွားဘူး။ စည်းချက်နဲ့ အညီ ဓါးကို ပြန်ကောက်ပြီး ဆက်ကသွားတယ်။ လျှပ်တပြက် ဖြစ်ပေါ်သွားတဲ့ အခက်အခဲကို ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်တဲ့ ကလေးငယ်အတွက် လက်ခုပ်သံတွေလျှံထွက်သွားတယ်။

ဗမာအကမှာတော့ မှုံရွှေရည်အကနဲ့ ဦးရွှေရိုးဒေါ်မိုး စုံတွဲအကကို ဗမာအသင်းက တာဝန်ရှိသူ ဒေါ်ကျင်ကျင်ဝင်းက မိတ်ဆက်ပေးပါတယ်။ ဦးရွှေရိုးနဲ့ ဒေါ်မိုးဟာ မြန်မာဆန်ပြီး ပျော်ရွှင်စရာ ကြည်နူးစရာ ရသကို ပေးခဲ့ပါတယ်။ သို့ပေမယ့် ဦးရွှေရိုးက လက်ပံတောင်းတောင် အရေးမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ရ ဟန်းသံဃာတွေ၊ ပြည်သူလူထုတွေ အတွက် စိုးရိမ်ပူပန်နေရလို့ သူမပျော်ဘူးလို့ ဆိုပါတယ်။ သူ့စကားက အားလုံးကိုမျက်ရည်စို့စေပါတယ်။

တိုင်းရင်းသားအကတွေ အပြီးမှာ “မိသားစု ငြိမ်းချမ်းရေးဆီမှ ကမ္ဘာနဲ့အဝှန်းငြိမ်းချမ်းရေးဆီသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြိုင်ပွဲမှာ ဆုရတဲ့ ကလေးငယ်တွေကို ဆုပေးပါတယ်။

ပထမဆုရတဲ့ ကလေးငယ်ရဲ့ ပုံကတော့ ကမ္ဘာလုံးကြီးကို လျှပ်စစ်လှိုင်းတွေနဲ့ ပတ်ထားတယ်။ ကမ္ဘာကြီးဟာ တနေရာ ကနေ တနေရာ ဆက်နွယ်မှုကို ရည်ညွှန်းသလို ထိုင်ခုံတွေက ကုလသမဂ္ဂ တဲ့။

ဒုတိယဆုရှင် ပထမတန်းကျောင်းသားလေးက တဲအိမ်လေးကနေ ကမ္ဘာကြီးဆီ ဂျိုးဖြူငှက်လေး ပျံသွားတဲ့ ပန်းချီကား ကို ခဲတံရောင်စုံသုံးပြီး လှနေအောင် ချယ်ထားတယ်။

တတိယဆုရသူ မိန်းကလေးငယ်ရဲ့ ပန်းချီကားကတော့ စိမ်းစိုနေတဲ့ တောင်တန်းတွေကြားက ရွာလေးထဲမှာ မိခင်က
ဈေးဗန်းရွက်ပြီး သားငယ်ကို လက်ဆွဲလို့ မျက်နှာမူ လျှောက်နေတဲ့ လမ်းထိပ်မှာ ကုလသမဂ္ဂ အမှတ်တံဆိပ်လေးက
စောင့်ကြိုနေရဲ့။

စခန်းထဲမှာ လုပ်ငန်းအမျိုးမျိုး လုပ်နိုင်အောင် သင်တန်းတွေ ပေးပါတယ်။ ဒီထဲမှာ ပန်းပဲ သင်တန်းလည်း ပါပါတယ်။ သဘာဝကို အမှီပြုနေရတဲ့ ကရင်လူမျိုးကြီး အတီး က ပန်းပဲဆရာပါ။ ဓါးတစ်လက်ဖြစ်ဖို့ ပန်းပဲဖိုမှာ သံမဏိကို ပုံဖေါ်တဲ့နေရာ ရေနဲ့မီး ဘယ်ဟာက အရေးကြီးလဲလို့ ကျမ မေးကြည့်ပါတယ်။

“ဓါးတလက်ဖြစ်ဖို့ အရေးကြီးဆုံးက မီးကော ရေကော အတူတူပဲ” လို့ ပန်းပဲဆရာကြီး အတီးက ဖြေပါတယ်။

ဒုက္ခသည် ကလေးငယ်တွေနဲ့အတူ မြန်မာပြည်က ကလေးငယ်တွေ ရေနဲ့မီးကို ကောင်းမွန်စွာ စီမံ အသုံးပြုတတ်တဲ့ စနစ်၊ ကောင်းမွန်တဲ့ အုပ်စိုးသူအောက်မှာ ကြီးပြင်းခွင့်ရပြီး ထက်မြက်တဲ့ ဓါးတွေ ဖြစ်ပါစေလို့ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ကျမ ဆန္ဒပြုလိုက်ရပါတယ်။   ။

နှင်းပန်းအိမ်