နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို သူတို့ ဘယ်လို သုံးသပ်ကြလဲ

ပရင့်ထုတ်ရန်

ရန်ကုန် (မဇ္ဈိမ) ။         ။ ပြည်ပနှင့် ပြည်တွင်း နှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုတရပ် ဖြစ်စေရမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဥပဒေပါ နိုင်ငံတကာ စီးပွားရေး ကုမ္ပဏီကြီးများ ဝင်ရောက်လာစေနိုင်မည့် အချက်အလက်များ၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ကာကွယ်မှုပြုစေသည့် အချက်များ စသည်တို့ကို စီးပွားရေးလုပ်ငန်းရှင်များနှင့် မဇ္ဈိမ က တွေ့ဆုံ၍ မဇ္ဈိမက သဘောထား မေးမြန်းသည်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှမောင်ရွှေ…

“ဒါတွေ စဉ်းစားကြမှာပါ”

“နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံနဲ့ အပြိုင် စဉ်းစားနိုင်တဲ့ ဒေသတွင်း
နိုင်ငံတွေထက် ဘယ်လိုအချက်တွေ သာနိုင်မလဲ။ ကမ်းလွန် လုပ်ကွက် ဓါတ်ငွေ့တူးဖော်တဲ့ လုပ်ငန်းတွေဆိုရင် လာအိုတို့၊ ကမ္ဘောဒီယားတို့မှာ မရှိဘူး။ ဒီကဏ္ဍဟာ အဲဒီနိုင်ငံတွေနဲ့ ယှဉ်စရာ မလိုဘူး။ ဒေသတွင်း နိုင်ငံတွေထက် အားသာချက် မရှိလည်း ဝင်ရောက်လုပ်ကိုင်ကြမှာပဲ။

“အထည်ချုပ် လုပ်ငန်းလိုဟာမျိုးကျတော့ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရမယ့် သဘော ရှိတယ်။ လုပ်အားခ၊ ဥပဒေ အရ ဘယ်လောက် အကာအကွယ်ပေးထားသလဲ။ ငြင်းပွားမှုတွေ ဖြစ်လာရင် ဘယ်လို ရပ်တည်ချက်ပေးမလဲ။ သန်း ၆ဝ ဆိုတဲ့ လူဦးရေကလည်း သိပ်မသေးတဲ့ ဈေးကွက်ဆိုတော့ ဒါတွေအားလုံး လေ့လာပြီးမှ လာကြမှပါ။

“ဥပဒေ ထွက်ပြီးရင် နိုင်ငံခြားကုမ္ပဏီတွေ ပြင်ဆင်မှုတွေ၊ တည်ဆောက်မှုတွေ လုပ်နိုင်ပါတယ်။ တချို့နိုင်ငံခြားသား ကတော့ နည်းပဒေ ဆက်ထွက်တဲ့အထိ စောင့်ကြည့်နိုင်ပါတယ်” ဟု ဆိုသည်။

“ကဏ္ဍအလိုက် စဉ်းစားပုံရတယ်”

“အချို့နိုင်ငံခြား ကုမ္ပဏီတွေကျတော့ ကဏ္ဍအလိုက် စဉ်းစားဆုံးဖြတ်ကြပုံ ပေါ်တယ်။ Pepsi ကုမ္ပဏီဆို လူဦးရေ သန်း ၆ဝ ရှိတဲ့ ဈေးကွက်ကို ကြည့်ပြီး ရင်းနှီးမြှုပ်ဖို့ ဆုံးဖြတ်ပုံရတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက တွန်းအားပေးသလို ဖြစ်နိုင်ပါတယ်။

“ဂျပန်ကုမ္ပဏီတွေကျတော့လည်း အထူးစီးပွားရေးဇုန် (SEZ) မှာ လုပ်ကိုင်မယ့်အဖွဲ့က ၄၉-၅၁ မူနဲ့ လိုက်ခံဖို့ အစကတည်းက ဆုံးဖြတ်ထားပုံရတယ်” ဟု ဆိုသည်။

“ရှုထောင့် နှစ်ခုက ကြည့်သင့်”

“ကားစက်ရုံလိုဟာမျိုးမှာ ၁ဝဝ% ရင်းနှီးမြှုပ်နှံမှုမှ အပ အများစုနဲ့ဆိုင်တဲ့ လယ်ယာနဲ့ သားငါးကဏ္ဍတွေမှာ နိုင်ငံခြား ကုမ္ပဏီတွေကို ကန့်သတ်ချက်တွေ ရှိတယ်။ ဒါကလည်း နိုင်ငံသားတွေကို တစိတ်တပိုင်း ကာကွယ်ပေးတဲ့ သဘောပါ။

“တချို့ကိစ္စတွေကျတော့လည်း ရှုထောင့် နှစ်ခုက ကြည့်သင့်ပါတယ်။ ဦးနာအောက်နဲ့ ဧရာဝတီ သင်္ဘော အပြိုင်
ပြေးဆွဲတဲ့ ယှဉ်ပြိုင်မှုမှာ အမျိုးသားရေးအနေနဲ့ ကြည့်ရင် ဦးနာအောက်ကို အားပေးသင့်တယ်။ ဈေးကွက်စီးပွားရေး စနစ်နဲ့ ကြည့်ရင် ဝန်ဆောင်မှု သာတဲ့သူကို စားသုံးသူက ရွေးချယ်သင့်တယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှမောင်ရွှေ က မြင်သည်။

ဂျပန်နိုင်ငံသို့ ရေထွက်ကုန် အများဆုံး တင်ပို့နေသူ ဦးထွန်းအေး…

“စည်းကမ်းတကျ ဖြစ်ဖို့လို”

“အဲဒီဥပဒေမှာ နိုင်ငံခြားသားတွေ လုပ်နိုင် ကိုင်နိုင်အောင် ဖြေလျှော့ပံ့ပိုးမှုတွေ အများကြီး လုပ်ပေးထားတာပါ။
မြန်မာနိုင်ငံထဲမှာ တရားမဝင် အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေကို ဥပဒေအတိုင်း တရားဝင် လုပ်ကိုင်လာသင့် ပါပြီ။ FDI ဥပဒေက အခုဝင်လာမယ့် နိုင်ငံခြားသားတွေ၊ နိုင်ငံခြားကုမ္ပဏီတွေကို စည်းကမ်းတကျ ဖြစ်အောင် ကျပ်မတ်ပေးဖို့ လိုပါတယ်။

“ဝင်လာမယ့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေကလည်း နိုင်ငံတကာမှာ နှံနှံစပ်စပ် လုပ်ကိုင်ခဲ့ဖူးတဲ့ သူတွေပဲ ဝင်လာမှာ
ဖြစ်တယ်။ နိုင်ငံတကာရဲ့ အစီးပွားရေး လုပ်ငန်းတွေကို နားလည်တတ်ကျွမ်းပြီးသားပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ FDI ကို လက်တလုံးခြားလုပ်ပြီး ဘောင်ဝင်အောင် လုပ်တာမျိုးတို့၊ ကျော်လုပ်တာမျိုးတို့ ပါလာမှာ ပဲ။ အဲဒီလို လူတွေအတွက် ဥပဒေနဲ့ သွေဖည်မသွားရအောင် အစိုးရပိုင်းက သေချာကြပ်မတ်ဖို့ လိုပါတယ်” ဟု ဆိုသည်။

နိုင်ငံခြား ကုမ္ပဏီတွေ အလွယ်ဝင်လာနိုင်အောင်

“စက်မှုဇုန်တွေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက် လုပ်ကိုင်ချင်လောက်အောင် လိုအပ်ချက်တွေ
ဖြည့်ဆည်းထားတာ မတွေ့ရသေးပါဘူး။ စက်မှုဇုန်တခုရဲ့ အဓိကအင်္ဂါရပ်တွေဖြစ်တဲ့ လမ်း၊ မီးရေ ဆက်သွယ်ရေး စတဲ့ Infrastructure တွေသာ အဆင်သင့် ဖြစ်နေရင် နိုင်ငံခြားရင်းနှီးမြှုပ်နံသူတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ် အခုဖြစ်နေတာက စက်မှုဇုန် ဖော်ပြီးတာနဲ့ လမ်းက ပျက်ပြီ။ ရေဆိုးစွန့်တဲ့စနစ်ကို လုပ်တဲ့ စက်ရုံက လုပ်၊ မလုပ်တဲ့ စက်ရုံက စက်ရုံကမလုပ်။ ရေမြောင်းတွေ စီးဆင်းမှုကလည်း စနစ်တကျလုပ်ထားတာ မတွေ့ရဘူး။ ရေဆိုးစွန့်ပစ်တဲ့ ကိစ္စကို စက်ရုံတရုံချင်းစီက လုပ်ရင်ကုန်ကျစရိတ် သိပ်များတယ်။ ဇုန်ကြီးတခုလုံးအတွက် စက်မှုဇုန်ဆောက်က တည်းက ထည့်သွင်းတည်ဆောက်ဖို့ လိုပါတယ်” ဟု အကြံပြု ပြောဆိုသွားသည်။

ပြည်ပ ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းနေသူ ဦးကိုကိုထွေး...

“ကော်မရှင် ဥက္ကဋ္ဌ အပေါ်မှာ အများကြီး မူတည်သွားနိုင်တယ်”

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းချက်တွေထဲက အခန်း (၅) မှာပါတဲ့ ‘နိုင်ငံခြားသားသည် တားမြစ်သည့် လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်လိုပါက နိုင်ငံခြား မတည်ငွေရင်း အချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်း အဆိုပြုနိုင်သည်’ လို့ ပါလာတဲ့အတွက် အဓိက ကော်မရှင် ဥက္ကဋ္ဌရဲ့ သဘောထားအပေါ်မှာ အများကြီး မူတည်သွားနိုင်ပါတယ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု့ ဥပဒေ အခန်း (၆) မှာလည်း

‘ရင်းနှီးမြှုပ်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤ ဥပဒေပါလုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်တဲ့
ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တဦးအား ဥက္ကဋ္ဌ အဖြစ်လည်းကောင်း’ လို့ ပါရှိလာတဲ့ အချက်က သင့်တော်ပါတယ်။ အဲဒီ ပုဂ္ဂိုလ်ဟာ ကော်မရှင်အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဦးဆောင်မယ့် သူလည်း ဖြစ်တယ်။ သူရဲ့ သဘောထားနဲ့လည်း လုပ်ငန်းတွေကို ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်တယ်။

“ရင်းနှီးမြှုပ်မှုကော်မရှင် ဥက္ကဋ္ဌဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် တခုတည်း မဟုတ်ဘဲ၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူ (သို့မဟုတ်) တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့လည်း သက်ဆိုင်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်မယ်။ ဒါကြောင့်
ကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်ရာမှာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အမှန်တကယ် အကျိုးရှိနိုင်မှုကို တွက်ဆနိုင်တဲ့ ပုဂ္ဂိုလ်မျိုး စြဖ်သင့်ပါတယ်” ဟု ပြောဆိုသည်။

ကိုရီးယားနိုင်ငံသို့ မြန်မာထီးများ ထုတ်လုပ်တင်ပို့နေသူ ဦးသန်းလွင်…

“အခုထုတ်ပြန်လိုက်တဲ့ဥပဒေဟာ လုပ်သာ - ကိုင်သာရှိတဲ့ ဥပဒေပါ။ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပလုပ်ငန်းရှင်
တွေပါ နှစ်ဦး နှစ်ဖက် လုပ်သာကိုင်သာနိုင်ပါတယ်။ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်အများစု စိုးရိမ်သလို စိတ်ပူစရာ သိပ်မရှိပါဘူး။ ပြည်တွင်းကုမ္ပဏီတွေကို ထိုက်သင့်သလောက် အကာအကွယ် ပေးထားပါတယ်။ တခုပဲရှိတယ် အခြေခံအဆောက်အအုံတွေကို ပြည့်စုံအောင် လုပ်ပေးဖို့ပဲ လိုပါတယ်။

“မကြာခင် ဝင်လာမယ့် နိုင်ငံခြားကုမ္ပဏီတွေမှာ မြန်မာလုပ်သားတွေ လစာ ထိုက်ထိုက်တန်တန် ရနိုင်ပါတယ်။
မြန်မာလုပ်သားတွေဘက်ကလည်း နိုင်ငံတကာ လုပ်သားတွေရဲ့ လုပ်နိုင်စွမ်းအားတွေလို လုပ်နိုင်စွမ်းအားတွေကို
မြှင့်ပေးဖို့ လိုပါတယ်။

“စက်မှုဇုန် မြေလွတ်တွေရဲ့ ၈ဝ% က ထုတ်လုပ်မှု မရနိုင်သေးပါဘူးလို့ ပြည်တွင်း ဂျာနယ် တစောင်မှာ တွေ့လိုက် ရပါတယ်။ ဥပဒေအရ မြေကွက် ချပေးပြီးရင် ၁ နှစ် အတွင်း စက်ရုံ ဆောက်ရမယ်။ ၉ လ အတွင်း လည်ပတ်ရမယ် လို့ သိထားပါတယ်။ စက်မှုဇုန် မြေကွက်တွေ ရထားတာ ၁ဝ နှစ် ကျော်ပြီ။ တချို့က ဘာမှမလုပ်ဘဲ ပစ်ထားတယ်။ တချို့က ဂိုဒေါင်တွေ လုပ်ထားတယ် စက်မှုဇုန်မှာ ဂိုဒေါင်ဆောက်တာက သိပ်သဘာဝမကျတဲ့ ကိစ္စပါ။ အခြေအနေ
ပေးလို့ ရထားတဲ့ မြေကွက်တွေကို ဘာမှမလုပ်ရင် ပြတ်ပြတ်သားသား သိမ်းပစ်သင့်ပါတယ်။ တကယ် လုပ်မယ့် ကိုင်မယ့်သူတွေကို ချထားပေးသင့်ပါတယ်” ဟု ပြောဆိုသွားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အဆင့်မြင့် တာဝန်ထမ်းဆောင်ပြီး (အငြိမ်းစား)ယူခဲ့သူ ဦးသူရကျော်…

“တရားဥပဒေစိုးမိုးရေးကိုလည်း ကြည့်ပါတယ်”

နိုင်ငံခြားသားက နိုင်ငံတနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် သူ့အတွက် လုံခြုံမှု၊ တရားဥပဒေ စိုးမိုးမှုကိုလည်း ကြည့်ပါတယ်။ အခုချိန်မှာ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့အချို့တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို လက်တွဲ
ဆောင်ရွက်နေပါပြီ။ အရင် အညိုရောင် နယ်မြေတွေမှာ နိုင်ငံခြားသားတွေ တရားဝင် သွားလာနိုင်တာကလည်း
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်မှာ လာရောက်လုပ်ကိုင်ချင်အောင် ဆွဲဆောင်နိုင်မှု တခုပါ။

“အောက်ခြေအဆင့်အထိ လိုက်ပါအောင် တွန်းအားပေးသင့်”

“အခုချိန်မှာ နိုင်ငံခေါင်းဆောင်ပိုင်း အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် လိုက်ပါဆောင် ရွက်နေသလို အောက်ခြေအဆင့်တွေကပါ လိုက်ပါဆောင်ရွက်အောင် တွန်းအားပေးသင့်ပါတယ်။ ဌာနတွေမှာ အပေါ်က ဆောင်ရွက်ခွင့်ပြုပြီးတာတောင်မှာ အောက်ခြေအဆင့်တွေမှာ ကြန့်ကြာမှုတွေ၊ အဆင်မပြေမှုတွေက ဒီနေ့အထိ ဌာနအများစုမှာ ကြုံတွေ့နေရဆဲပါ။ ဒါ့ကြောင့် အောက်ခြေအဆင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းတွေ
ပေးပြီး ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အချိန်မှာ အဲဒီအခက်အခဲတွေ ကို ဖြေရှင်းနိုင်အောင် ကြိုတင်ပြင်ဆင်ဖို့တော့ လိုပါလိမ့်မယ်” ဟု ဝန်ကြီးဌာန အငြိမ်းစားအရာရှိ ဦးသူရကျော် က ပြောဆိုသည်။