www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၇ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > သောင်းပြောင်းထွေလာ ဝေဝေဆာ

သောင်းပြောင်းထွေလာ ဝေဝေဆာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သီတင်းကျွတ် အဖိတ်နေ့ည လရောင်အောက်မှာ ဒုက္ခသည်တဲအိမ်လေးတွေ ငြိမ်သက်နေပါတယ်။ မပြည့်စုံခြင်းနဲ့ အိပ်ယာဝင်ရပြီး မရေရာ မသေချာမှုတွေနဲ့ အိပ်ယာ နိုးထရတဲ့ ဒုက္ခသည်တွေရဲ့ အေးငြိမ်းမှုဟာ အိပ်ပျော်နေတဲ့ အချိန်ပါပဲ။ဒုက္ခသည်တွေရဲ့ စိတ်ကူးအိပ်မက်ထဲမှာတော့ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်း ကျနေပါလိမ့်မယ်။

လရောင်ရဲ့ အေးမြမှုအောက်မှာ အလွမ်းဓာတ်လဲ ပါဝင်ပါတယ်။ ရန်ကုန်နဲ့ ကလေးမြို့ကို ရက်ကန်းစင်ပေါ်က လွန်းဆံ လို လွန်းထိုးခဲ့ရတဲ့ ကျွန်မရဲ့ ထောင်ဝင်စာ ခရီးမှာ သီတင်း ကျွတ်လပြည့်နေ့ကို မိရိုးဖလာအတိုင်း ကလေးမြို့
ဒေသရိုးရာအတိုင်း ဖြတ်သန်းခဲ့ရတာကိုလဲ လွမ်းမိပါသေးတယ်။

အုန်းမောင်းခေါက်သံ၊ ကြေးစည်သံ၊ ကြက်တွန်သံနဲ့ နိုးရတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ အရုဏ်ဦး ကြည်နူးမှုမျိုးလဲ တခြားသူတွေ ခံစားနိုင်မယ် ခံစားတတ်မယ် မထင်ပါဘူး။

မြန်မာ့ယဉ်ကျေးမှုတွေ ထုံမွှန်းနေတဲ့ ကလေးမြို့မှာ သီတင်းကျွတ်လပြည့်နေ့မနက် ၂ နာရီမှာထဲက နိဗ္ဗာန်ဆော်
ခေတ်သစ်လူငယ်တွေက ဆွမ်းချက်ဖို့ နိုးကြတယ်။အဲဒီ့တုန်းက ရုပ်ရှင်မင်းသား ဒွေးရဲ့ ကြော်ငြာသီချင်း တစ်ပုဒ်။” လက်တို့ပြီးတော့ ပြောရဦးမယ် ဆိုတဲ့ နေရာမှာ “လက်တို့ပြီးတော့ နိုးရဦးမယ် ထကြတော့ ထကြတော့ဗျို့” ဆိုတဲ့ အသံ မပျောက်ခင်မှာ ရတနာပုံအိမ်ကြီးရဲ့ အိမ်ရှင် မဗျားစိန်နဲ့အတူ ကျွန်မဆွမ်းချက်ဖို့ အိပ်ယာထဲက ကြည်လင်စွာ
နိုးထခဲ့ရတယ်။

ကလေးမြို့နဲ့ ၇မိုင်ဝေးတဲ့ ချင်းတောင်ခြေရင်း နေရဉ္စရာမြစ်ကမ်းနဲ့နီးတဲ့ ကလေးအကျဉ်းထောင်ထဲမှာ ကျွန်မ ခင်ပွန်းသည် ရှိတယ်ဆိုတဲ့အသိ။ တစ်မြေထဲ တစ်လေထဲရူခွင့်ရမယ်ဆိုတဲ့ အသိလဲပါဝင်ပါတယ်။ ကျွန်မရဲ့ ဆွမ်းချက်ရတဲ့ ဝေယျာဝစ္စကုသိုလ်ကို စိတ်ကူးနဲ့ အမျှပေးဝေမိပါသေးတယ်။

ကလေးမြို့ ခေတ်သစ်နိဗ္ဗာန်ဆော် လူငယ်ယောင်္ကျားလေးတွေရဲ့ ဝတ်စုံအပေါ်အဖြူ အောက်အဖြူဟာ သီတင်းကျွတ် လပြည့်နေ့မှာ ကုသိုလ်စိတ်နဲ့ တောက်ပနေပါတယ်။ အကျဉ်းထောင်ထဲက ကျောင်းသားလူငယ်နိုင်ငံရေး အကျဉ်းသားတွေရဲ့ အပေါ်အောက် ဝတ်စုံအဖြူကတော့ ပေးဆပ်ခြင်း၊ အနစ်နာခံခြင်းရဲ့ အကျဉ်းစံ သင်္ကေတမို့ ကျွန်မမှာ ဝမ်းနည်းဝမ်းသာယှဉ်တွဲ ခံစားမိရပါသေးတယ်။

မနက်၎နာရီမှာတော့ ကြေးစည်သံကြားရာကို ဆွမ်းဗန်းရွက်သွားပြီး ဆွမ်းတော်ကြီးခံ ဝေယျာဝစ္စသမားတွေဆီမှာ ဆွမ်းလောင်းလှူရပါတယ်။ကလေးမြို့ မြစည်တော် ဆရာတော်ဘုရားကြီးရဲ့ “အသက်ရှည်ချင်ရင် ဆွမ်းလှူဒါန်းပါ။ လူတွေကို အစားအစာကြွေးပါ။ကုသိုလ်လုပ်တာလဲ ဒီလက်။အကုသိုလ်လုပ်တာလဲ ဒီလက်ပဲ”ဆိုတဲ့တရား ကိုလဲ
နှလုံးသွင်းမိပါတယ်။

စေတနာလုပ်အား၊ဆွမ်းလှူကြတဲ့ အလှူရှင်တွေရဲ့ ဒါနတွေကို တစ်နေရာတည်း တစ်ချိန်တည်းမှာ ခံစားရပါတယ်။ ပတ္တနုမောဒနာ=သူတစ်ပါးပေးဝေသော ကုသိုလ်အဖို့ကို သာဓုခေါ်ခြင်းတဲ့။မြင်ရသူအပေါင်းကို ပတ္တနုမောဒနာဆိုတဲ့ စိတ်တွေဖြစ် ပေါ်စေတဲ့ သီတင်းကျွတ်လပြည့်ဆွမ်းတော်ကြီးခံပါ။

ဘုရားတန်ဆောင်း၊ကျောင်းပြသာဒ်နဲ့ ဝေးနေရတဲ့ မိဝေးဖဝေး ဆွေဝေးမျိုးဝေးနေရတဲ့ ကျွန်မတို့ ဒုက္ခသည်တွေ ဓလေ့ထုံးစံယဉ်ကျေးမှုကို မမေ့မလျှော့ ပြုလုပ်ကြပေမယ့် ရွှေတိဂုံ ဘုရားရင်ပြင်တော်က ဆွဲလည်းသံ၊ ခေါင်းလောင်း ထိုးသံကို ကြားယောင်နေမိပါတယ်။ မန္တလေး မဟာမြတ်မုနိ၊ စစ်ကိုင်းဆွမ်းဦး ပုညရှင်၊ ကောင်းမှုတော် ဘုရားကြီးနဲ့
ရွှေကြက်ယက်ဘုရားတွေက ကျွန်မရဲ့ ထောင်ဝင်စာခရီးမှာ ကြည်နူးရွှင်ပျဖူးမျှော်ရင်း ဆုတွေတောင်းခဲ့ရတာ။ စိတ်ကူး ယဉ်ရင်လဲ ကောင်းမှုတော်လောက်ယဉ်ရတယ် ဆိုတဲ့ ဒေသခံတွေပြောသလို ကျွန်မတကယ့်ကို စိတ်ကူးယဉ်ခဲ့တယ်။

ကျွန်မတို့ တိုင်းပြည်မှာ မိသားစုတွေ ဥမကွဲ သိုက်မပျက် နေနိုင်ကြပါစေ။ ပြည်သူလူထုတွေ ဆန္ဒနဲ့ ဘဝတထပ်တည်း ကျပါစေ။ ကောင်းကင်က လမင်းကို တစ်မိုးအောက်မှာ မိသားစု အတူကြည့်ခွင့်ရကြပါစေ။ တစ်ယောက်တစ်နေရာဆီ လမင်းကိုကြည့်ပြီး မလွမ်းရပါစေဆိုတဲ့ စိတ်ကူးတွေပါ။

လွန်ခဲ့တဲ့ ၄နှစ်သီတင်းကျွတ်အဖိတ်နေ့မှာ ကျွန်မခင်ပွန်းသည်က သူချစ်တဲ့ အမိမြန်မာပြည်နဲ့အတူ သူ့မိသားစုကိုပါ ခွဲခဲ့ရတယ်။အဲဒီတုန်းက ကျွန်မသားက ၉တန်းကျောင်းသား။ကျူရှင်မှာ အင်္ဂလိပ်စာသင်နေတဲ့သားကို ကျွန်မ မျက်ရိပ်ပြခေါ်တော့ သားကဘဝ ပေးအသိနဲ့ ဆရာမကို ခွင့်တိုင်ပြီးထွက်လာတယ်။ “မနက်ဖြန် အက်ဆေးရေးလာခဲ့” ဆို တဲ့ ဆရာမအသံကို ကျွန်မကြားလိုက်သေးတယ်။သားကတော့ သူ့ဘဝအကြောင်းကိုပဲ အက်ဆေးရေးရမယ်လို့ စိတ်ထဲကနေ ပြောနေသေးတာတဲ့။

“မေကြီးသားတို့ ဘဝက ခုချိန်ထိ မတည်ငြိမ်သေးပါလား”ဆိုတဲ့ သားအသံက ကျွန်မတို့ နှလုံးသားကို ဆုပ်ချေလိုက် သလို ခေတ်စနစ်ကို ကိုယ်စားပြုပေးခဲ့တယ်။ အဖြူအစိမ်း ကျောင်းဝတ်စုံ မပါရင် ဘယ်မှ မလိုက်ဘူးဆိုတဲ့ သားစကားကိုဖြည့်ဆည်းရင်း ကျောင်းဝတ်စုံကို ကျွန်မ ခရီးဆောင်အိတ် ထဲထည့်တော့ စာကြည့်စားပွဲမှာ သားက ကျောင်းသုံးစာအုပ်တွေကိုကြည့်ရင်း မျက်ရည်ကျနေလေရဲ့။ သားမျက်ရည်နဲ့ ကျွန်မတို့မိသားစုဆွေမျိုးတွေရဲ့ မျက်ရည်တွေနဲ့ မောင်းနှင်လာရတဲ့ ခရီးအဆုံးက ဒုက္ခသည်စခန်းပါပဲ။

အသွင်ကူးပြောင်းစပြုနေတဲ့ မြန်မာပြည် ပြောင်းလဲပြီလို့ ကမ္ဘာက သတ်မှတ်တယ်။ ဒါကြောင့် ဒုက္ခသည်တွေအနေနဲ့ မိမိဘယ်ဒေသမှာနေလဲ၊ မိမိဘယ်ကာလမှာ ဘာတွေလုပ်ခဲ့သလဲ၊ မိမိဘယ်အချိန် မြန်မာပြည် ပြန်မလဲဆိုတာ စဉ်းစားထားပါ။သတင်းအချက်အလက်တွေ စုဆောင်းထားပါလို့ UNအရာရှိ အမျိုးသမီးက ဧပြီလမှာ ကျွန်မတို့ ဒုက္ခသည်တွေကို ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းကျွတ် အဖိတ်နေ့က လရောင်နဲ့ ဒီနေ့ သီတင်းကျွတ် အဖိတ်နေ့ လရောင် ဘာတွေကွဲသလဲလို့ ကျွန်မကြည့်ဖို့ ဝါးကြမ်းသဲပွတ်ကို ဖော့နင်းပြီး ဒုက္ခသည်စခန်းအပြင် ကတ္တရာလမ်းပေါ် ကျွန်မ ထွက်ခဲ့ပါတယ်။ အနောက်တောင်တန်းတွေဆီ လမင်းက မေးတင်နေပါပြီ။

တောင်ယာစပါးခင်းတွေဆီ လရောင်ကဖြာကျနေတယ်။ဒီလမင်းကို ကချင်စစ်ပြေး ဒုက္ခသည်တွေလဲ ယမ်းငွေ့တွေ ကြားက မြင်နေရမယ်။လက်ပတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပစ်ဖို့ တောင်းဆိုနေကြတဲ့  ချင်းတွင်းဒေသခံ လယ်ယာမြေအသိမ်းခံရတဲ့ တောင်သူတွေလဲမြင်ရမယ်။ပူနွေးနေတဲ့ မျက်ရည်တွေနဲ့ အိမ်ယာမြေယာတွေကိုစွန့်ပြီး ထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်ဒေသ ခံတွေလဲ မြင်ရမယ်။

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းကနေ ဒုက္ခသည် ကျွန်မနဲ့ သူတို့ သီတင်းကျွတ် အဖိတ်နေ့မှာသာတဲ့ ကောင်းကင် ကလမင်းကိုကြည့်ပြီး အကြည့်ချင်းဆုံသလို ဖြစ်ချင် တဲ့စိတ် ဆန္ဒတွေလဲ တူကြလိမ့်မယ်လို့ ကျွန်မယုံကြည်နေ လျက်ပါ။

ကိုယ့်အိမ်တွင်းရေးကို ကိုယ့်အိမ်မှာနေသူသာ အသိဆုံးမဟုတ်ပါလား………….။

နှင်းပန်းအိမ်