မေတ္တာဖြင့် နှောင်ဖွဲ့သော ကရင်ရိုးရာ လက်ချည်ပွဲ

ပရင့်ထုတ်ရန်

“ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း ရှိတယ်” လို့ ကျမ မှတ်သားခဲ့ဖူးပါတယ်။ သဘာဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင်လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။

မိုးဖွဲ မှုန်မှုန်တွေကြားမှာ ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အဘိုးအဘွားတွေ လူကြီးလူငယ် ပျိုရွယ်သူတွေ စခန်းရုံးထဲမှာ ကျင်းပမယ့် လက်ချည်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စခန်းရုံးထဲမှာ လူတွေ အပြည့်ပါပဲ။ နိုင်ငံခြားသားတွေလည်း ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိဉာဉ်ခေါ်မယ့် စကောတွေရှေ့မှာ အဘိုးအဘွားတွေနဲ့ လူငယ်
ယောက်ျားလေး မိန်းကလေးတွေနဲ့ အတူ ထိုင်နေကြပါတယ်။
karean
စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်
တွေကို စကောထဲ စုထည့်ထားတယ်။

စခန်းရုံးထဲမှာ ကလေးငယ်တွေကလည်း လူကြီးတွေကြားထဲမှာ “ဘယ်သူရေ ဘယ်ဝါရေ” လို့ အော်ဟစ်ပြီး အတင်းတိုးဝှေ့လို့ စားပွဲပေါ်က စကောတွေကို ကြည့်ပြီး သွားရည် ကျနေကြတယ်။ ဝိဉာဉ်ခေါ်ပြီး ချည်ဖြူချည်ပြီးရင် စားရမယ်ဆိုတာ သိလို့ အနားက မခွာနိုင်ကြပါဘူး။ ဖိနပ်မပါတဲ့ ခြေထောက်ကို မြဲအောင်ရပ်ပြီး စောင့်နေကြတယ်။

ကရင့်ရိုးရာတွေ မွှန်းထုံနေတဲ့ စခန်းရုံးထဲမှာ စခန်းလုံခြုံရေးတာဝန်ရှိသူ တီးလှရွှေ က “ဝါလေးဂေ” မင်္ဂလာနံနက်ခင်း ပါ လို့ နှုတ်ဆက်လိုက်တဲ့အခါ လူထုပရိတ်သပ်ကလည်း “ဝါလေးဂေ” လို့ ပြန်နှုတ်ဆက်လိုက်တဲ့ အသံက စခန်းရုံး တခုလုံး ဟိန်းထွက်သွားတယ်။ ဝါခေါင်လပြည့် ချည်ဖြူပွဲအတွက် အမှတ်တရစကား ပြောပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။

ချည်ဖြူပွဲအကြောင်း သရုပ်ဖေါ်ကြတယ်။ ကရင်လူငယ်လေးတွေ ရိုးရာဝတ်စုံ အပြည့်မှာ ပလိုင်း၊ စကော၊ စကာ၊ စူး၊ ပေါက်ပြား၊ ပေါက်တူး၊ ဝါးချွန်၊ ကျွဲချိုကိုင်ပြီး စင်မြင့်ပေါ် တက်သွားကြတယ်။ မကြာခင်မှာပဲ မြူးကြွတဲ့ ရိုးရာတေးဂီတသံ အောက်မှာ သရုပ်ဖေါ်ကြတယ်။ ခေါင်း၊ ခါး၊ ခြေ၊ လက် သွက်လက်တဲ့အကနဲ့ ကပြီး မကြာခင်မှာ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းလေးတွေကိုင်ပြီး အဓိပ္ပါယ်ကို ရှင်းပြကြတယ်။

သောကြာအဲ (မြန်မာလို သစ္စာကို ချစ်တယ်)ဆိုတဲ့ ကရင်မလေးက “အသက်မွေးဝမ်းကြောင်းအရ သမီးတို့ ကရင် လူမျိုးတွေဟာ တောင်ယာနဲ့အများစု အသက်မွေးကြပါတယ်။ ဒါကြောင့် တောင်ယာစိုက်တဲ့ စူးဝါးကို အမြတ်တနိုး ထားကြတယ်။ တောင်ယာ ခုတ်တယ်။ တောင်ယာ စိုက်ပြီးရင် စပါးခင်းကို ရိတ်သိမ်းတယ်။ စပါးလှေ့တယ်။ ဒီအခါ စုပေါင်းကူညီပေးကြတယ်။ ကရင်လူမျိုးတွေ ပြန်လည်စုပေါင်း နေထိုင်ရအောင် အသံပေးတဲ့အနေနဲ့ ကျွဲချိုမှုတ်တယ်။ ကျွဲချိုသံဟာ စည်းလုံးခြင်း အဓိပ္ပါယ်လည်း ပြောနိုင်တယ်။ လက်ချည်ပွဲမှာ ပါတဲ့ ပစ္စည်းတွေထဲမှာ ပန်းနုနွယ်က ဘယ်မြေကြီးပေါ်ပဲ ပစ်ချပစ်ချ ရှင်သန်တယ်။ ကြီးထွားတယ်။ သန်မာတယ်။ ဘယ်မှာစိုက်စိုက် မသေဘူး။ ဒါ ကရင်လူမျိုးနဲ့ တူတယ်။ သတ္တိကောင်းတယ်။ ငှက်ပျောသီးက အခိုင် တခုထဲက ဆင်းသက်လာတဲ့ ငှက်ပျောဖီးလေး
တွေဟာ တဖီးစီပေမယ့် ငှက်ပျောဖီးမှာ အသီးလေးတွေ စုဖွဲ့နေတယ်။ ဒါ သမီးတို့ ကရင်လူမျိုးလိုပဲ။ သမီးတို့ ကရင်လူမျိုးတွေလည်း အစုအဖွဲ့နဲ့ နေတတ်သူတွေပါ” တဲ့။

နောက်ပြီး “ယောက်မက သစ်ဝါးနဲ့လုပ်ထားတော့ ထမင်းချက်တဲ့အခါ မီးအပူဒဏ်ကို ခံနိုင်တယ်။ သမီးတို့ ကရင်လူမျိုး
တွေကလည်း ယောက်မလို အပူခံနိုင်တယ်ပေါ့။ အဖီးတို့ ပြောသလို လောကဓံကို ခံနိုင်ရည်ရှိတဲ့ လူမျိုးပေါ့။
ကောက်ညှင်းနဲ့ လုပ်ထားတဲ့ ခွက်ပြင်က စီးကပ်တယ်။ သမီးတို့ ကရင်လူမျိုးတွေကိုလည်း တခြား ဘယ်လူမျိုးက ခွဲခွဲ မကွဲဘူး၊ စီးကပ်နေတယ်” တဲ့။

“ကြံဆစ်ပိုင်းလေးတွေက ကရင်လူမျိုးတွေရဲ့ အနာဂတ်ပါ။ ကြံအညွှန့်က စိုက်လို့ လွယ်တယ်။ ကြံပင်က ကြီးလာရင် တဆင့်ပြီးတဆင့် တက်သွားတယ်။ သမီးတို့ဘဝလိုမျိုး တဆင့်ခြင်း တက်သွားတယ်။ ထမင်းဆုပ်က သမီးတို့ အသက် သခင်။ ကရင်လူမျိုးက ထမင်းကိုပဲ အဓိက အားထား စားရတယ်။ ထမင်းဆုပ်နဲ့ တူတဲ့ ကရင်လူမျိုးက စုပေါင်း လုပ်ဆောင်တတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ”

ဆက်ပြီး စင်ပေါမှာ ကျန်နေသေးတဲ့ “ရေက ဖြူစင်တယ်။ သန့်စင်တယ်။ ကရင်လူမျိုးကလည်း ဖြူစင်သန့်စင်တယ်
လေ။ ကောက်ညှင်းထုပ် ထုပ်ရင် ပူးပြီး နှစ်ခု ထုပ်သလို ကရင်လူမျိုးတွေလည်း အမြဲတမ်း တွဲနေတယ်။ မခွဲခွာဘူး။
ကောက်ညှင်းထုပ် ထိပ်လေးက  ရန်သူတွေကို ကာကွယ်ဖို့ အမြဲချွန်နေမြနေတယ်ပေါ့။ စကောထဲမှာ ဆန်ထည့် ဝိုင်းလိုက်ရင် ကောင်းတဲ့ ဆန်ကို ရွေးတယ်။ မကောင်းတဲ့ဆန်ကို လွှင့်ပစ်တယ်။ မကောင်းတာကို မယူဖို့နဲ့ သူများရိုးရာ ကိုယ့်ရိုးရာထဲ မရောက်အောင် ကျင်လိုက်တဲ့သဘောပါ” လို့ ရေလည်စွာပဲ ရှင်းပြသွားပါတယ်။

အဲဒီနောက် အဘိုးအဘွားတွေက ဝိဉာဉ် ခေါ်ကြပါတယ်။

ဝိဉာဉ် ခုနှစ်ပါးကို ပြန်ခေါ်နေတာပါ။ ကျားပါးစပ်၊ ဆင်ပါးစပ်၊ ငှက်ပါးစပ်ထဲက၊ သင်္ချိုင်းထဲက၊ တောတောင်ထဲက၊ ရှိသမျှ နေရာက ဝိဉာဉ်တွေ ဒီနှစ်၊ ဒီလ၊ ဒီရက်မှာ လူတွေရဲ့ အသုံးအဆောင်၊ လယ်ယာ အသုံးအဆောင် ခိုင်းနေတဲ့
နွားကအစ အဝေးမှာရောက်နေတဲ့ မိသားစုတွေရဲ့ ဝိဉာဉ် အားလုံးကို ပြန်ခေါ်တာ။ အဘိုးအဘွားတွေက ခုနှစ်ရက် သားသမီး ဝိဉာဉ် ခုနှစ်ပါး ပြန်လာပြီလားလို့ သုံးကြိမ် မေးတယ်။ အားလုံးက ပြန်လာပြီလို့ သုံးကြိမ် ပြန်အော်ရတယ်။

အဲန် စားဖီ (မြန်မာလို လူမျိုးတိုင်းက ချစ်တဲ့ပန်း) ဆိုတဲ့ ကရင်အမျိုးသမီးလေးက “အဘိုးအဘွားက ဆုတောင်းပေးပြီး သမီးတို့လက်ကို ချည်ဖြူနဲ့ ချည်ပေးတယ်။ လပြည့်ညမှာ ဝိဉာဉ်က နတ်ဆိုးတွေကြားကနေ ကာကွယ်ပေးတယ်။ မကောင်းတဲ့ ဝိဉာဉ် ခေါ်တိုင်း ပါမသွားအောင် ချည်ဖြူချည်ပေးတာ” လို့ ရှင်းပြလို့ သိရပါတယ်။

ရိုးရာကို မချစ်ရင် လူမျိုးပျောက်သွားမှာပေါ့လို့ဆိုတဲ့ အဲန်စားဖီ ကပဲ “လူကြီးတွေက သမီးတို့ကို ချည်ဖြူ ချည်ပေးတာ လည်း မေတ္တာနဲ့ပဲ။ လူငယ်တွေလည်း သူတို့ချစ်ခင်နှစ်သက်သူကို ချည်ဖြူချည်ပေးတာလဲ မေတ္တာနဲ့ပဲ။ သမီးကတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ယဉ်ကျေးမှုကို ထိမ်းသိမ်းသွားမယ်”

ရွာက ထွက်ပြေးလာခဲ့ရတာ ရှစ်နှစ်တောင် ကြာပြီဖြစ်တဲ့ သောကြာအဲ ကတော့ “စစ်ပွဲဖြစ်လို့ ဇာတိမြေကို စွန့်ခွာခဲ့ရ တာ။ အဲဒီ့မှာပဲ ပျော်တယ်။ သမီးတို့ တောင်ယာတွေ ရှိတယ်။ စာသင်ခန်းတွေ ရှိတယ်။ မီးလောင်မြေ ဖြစ်သွားပေမယ့် သမီး လွမ်းနေတုန်းပါပဲ။ သမီးတို့ တောင်ယာ စိုက်ခင်းတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အသက်မွေးချင်တာပေါ့။ ခုလို ရိက္ခာစားနေပြီး သူများကို မှီခိုနေရတဲ့ဘဝက လွတ်ချင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်” တဲ့။

“သမီးတို့က ခုခံစစ်နဲ့ အမြဲရင်ဆိုင်နေရသူတွေမို့ အဘိုးအဘွားတွေက သမီးတို့ ကရင် မိန်းကလေးတွေကို ဆံပင်ရှည် ထား ခိုင်းတယ်။ ကရင်အမျိုးသမီးလေးက ဆံပင်ရှည်ထားရင် စစ်ပွဲမှာ တန်ခိုးကြီးတယ်တဲ့။ သမီးတို့ ဆံပင်ရှည်ထား တာမြင်ရင် အဘိုးအဘွားက ဒီမိန်းကလေး လူမျိုးကို ချစ်တတ်တဲ့သူလို့ ချီးမွမ်းတတ်တယ်။ ငြိမ်းချမ်းရေးကို လူတိုင်း လိုချင်တာပေါ့။ သမီးတို့ ဇာတိမြေကို စွန့်ခဲ့ရသူတွေက ပိုလိုချင်ပါတယ်” လို့ဆိုတဲ့ လူမျိုးတိုင်းချစ်တဲ့ပန်းအမည်ရ သူလေးရဲ့ အသံက လက်ချည်ပွဲကို ပိုပြီးလေးနက်စေခဲ့ပါတယ်။

ယဉ်ကျေးမှုရဲ့ တန်ဖိုးဟာ လူ့ဘဝအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။

သဘာဝက ပေးတဲ့ နှစ်သိမ့် ကြည်နူးစရာတွေထဲမှာ ကရင်လူမျိုးတွေအတွက် လက်ချည်ပွဲက နှစ်သက်စရာ အကောင်းဆုံး၊ စိတ်ချမ်းသာစရာ အကောင်းဆုံး မေတ္တာတွေ ထုံမွှန်းနေပါတော့တယ်။   ။

နှင်းပန်းအိမ်