www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

ဦးရွှေကြူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နေ့ရက် အချိန်ကို သေချာစွာ မှတ်မိသေး၏။ ၁၉၂၁ ခုနှစ် ဒီဇင်ဘာလ ၁၂ရက် နေ့လယ် ၁ နာရီဖြစ်၏။ ထိုအချိန်တွင် ရန်ကုန်မြို့ ၃၂ လမ်း၊ တိုက်နံပတ် ၈၂ တတိယအထပ် ဒဂုန်မဂ္ဂဇင်းတိုက် အယ်ဒီတာ အခန်းတွင် ကိုကျော့ဖေနှင့် ကျနော် ၂ ယောက်သားထိုင်၍ ဒဂုန်မဂ္ဂဇင်းအတွက် ဆရာကြီး ပီမိုးနင်း ရေးသားပေးပို့သော ဝတ္ထုတိုလေးတပုဒ်ကို ဖတ်ရှု စိစစ်နေ၏။ ဖတ်ရှုစိစစ်သည် ဆိုရာတွင် ကောင်း၊ မကောင်းကို ဝေဖန်နေကြခြင်း မဟုတ်၊ ဆရာကြီးပီမိုးနင်း၏ လက်ရေးမှာ မပီကလာ၊ ပီကလာ ကွေးကွေးကောက်ကောက် ကလေးတွေ အလွန်များသောကြောင့် ပန်းချီဆရာနှင့် ပုံနှိပ်တိုက်သို့မအပ်မီ အယ်ဒီတာလုပ်သော သူများက တလုံး တပါဒ မကျန်အောင် ကြိုတင်နားလည်ရန် ဖတ်ရှုထားရခြင်းသာဖြစ်သည်။

ကမ္ဘာနဲ့ မြေဇာ၊ ရေနဲ့ကြာပေါ့ဗျာ၊ ဝံသာနုခေတ်နဲ့ ဒေါင်းမြန်မာ၊ လစ်ဘာတီ တပ်လိုက်တော့ ဘာပြောကောင်းမလဲ
ထိုအချိန်တွင် တံခါးဝဘက်မှ ခြေသံများ ကြားလိုက်သဖြင့် စာဖတ်နေရာမှ မော်၍ကြည့်လိုက်ရာ ကိုဘကလေး နှင့် အခြားလူ တယောက်ဝင်လာသည်ကို မြင်ရ၏။ ကိုဘကလေးမှာ ထိုစဉ်က မြန်မာပြည်တွင် အထင်ရှားဆုံး တဦးတည်းသော ကာတွန်းဆရာကြီးဖြစ်၏။ ကာတွန်းဆရာ “ဘကြီး မေတ္တာတုံး” ဟု ထင်ရှားပြီးနောက် မြန်မာပြည်တွင် ပထမဆုံး ရုပ်ရှင်ဇာတ်ကားများ ပေါ်ပေါက်လာသည့်အခါ “တောမြိုင်စွန်းက လွမ်းအောင်ဖန်” ဇာတ်ကားမှစ၍ “ဦးရွှေရိုး” ဟုထင်ရှားသော ရုပ်ရှင် ပညာသည်ကြီးဖြစ်၏။ ကိုကျော့ဖေမှာ ဒဂုန်မဂ္ဂဇင်းတွင် ကျနော်နှင့် တွဲဘက် အယ်ဒီတာဖြစ်၏။ “ရွှေသဇင်” ဟူသော ကလောင် အမည်ဖြင့် ထင်ရှားခဲ့ဖူး၏။

ကျနော့် စားပွဲတွင် ထိုင်မိသည်နှင့် တပြိုင်နက် ကိုဘကလေးက “ကိုဇေယျရေ … သူ့ကိုသိလား” ဟုမေးရာ ကျနော်က ရုတ်တရက်ပင် “သိပါသည်” ဟုဖြေလိုက်၏။ ထိုသူမှာ အသက် ၄ဝ ကျော် ၄၅ နှစ်တွင်းလောက် ထင်ရ၏။ အသားဖြူ၏၊ လူရည် အလွန်သန့်လျက် ခန့်ညား၏။ အလွန်ဖေါ်ရွေသော မျက်နှာရှိ၏။ ကျနော့်စိတ်က မြင်လျှင်မြင်ချင်း သိဖူးသည်။ မြင်ဖူးသည် ဟု အောက်မေ့မိ၏။ သေသေချာချာ တွေးသောအခါမူကား ထိုသူကို တခါမျှ မတွေ့ဘူး၊ မမြင်ဘူး၊ ကျနော် လုံးဝမသိသော တစိမ်းသက်သက်ဖြစ်၏။

ကိုဘကလေးက ပြုံးလျက်

“မြင်ဖူးရုံ ထင်ပါနဲ့၊ နာမည်ကော သိရဲ့လား”

“နာမည်ကိုတော့”

“ဦးရွှေကြူးဗျာ မမှတ်မိဘူးလား”

“မြန်မာ့အလင်း မဂ္ဂဇင်း ဦးရွှေကြူးလား”

“သူပေါ့”

ကျနော်နှင့် ကိုကျော့ဖေ နှစ်ယောက်လုံးမှာ ငေးသွားကြ၏။ ဦးရွှေကြူး၏ မျက်နှာကို စိုက်၍သာ ကြည့်နေမိ၏။ ဦးရွှေကြူးကို တခါမျှ မမြင်ဘူး၊ မသိဘူးချေ။ သို့ပါလျက်ပင် မြင်ဖူးသည်၊ သိဖူးသည်ဟုသာ ထင်နေမိပေ၏။

ကိုဘကလေးက “ဒီလိုဗျ၊ ဦးရွှေကြူးက နေ့စဉ်သတင်းစာတစောင် ပြန်ထုတ်မလို့ဗျ၊ သတင်းစာ အမည်ကတော့ လစ်ဘာတီလို့ အမည်ပေးထားတယ်။ ကျနော့်ကို မျက်နှာဖုံး ခေါင်းစဉ် အရေးခိုင်းတယ်။ ဟောဒီပုံပဲ ကြည့်တော့ မကောင်းဘူးလား၊ ဘယ်လိုသဘောရလဲ၊ ကျနော်က လစ်ဘာတီ ဆိုတဲ့ အမည်နဲ့လိုက်အောင် ဒေါင်းပုဝါ၊ ဒေါင်းထမီ၊ အမိမြန်မာပြည်နဲ့ ကွေကွင်းနေတာကြာတော့ အမည်ရော ရုပ်ပုံရော ခေတ်အကြိုက်နဲ့ ကိုက်မှ ကိုက်ပါ့မလားလို့ တွေးနေတယ်၊ ဟန်ပါ့မလား၊ အကြံကောင်းကလေးများရှိရင်လဲ ပေးကြစမ်းပါ” ဟုပြောသည်။

ကျနော်ကိုယ်တိုင် ကိုဘကလေး၏ လက်ရာ ဒေါင်းမြီးကွက်တွေ လျှမ်းနေသော အမိမြန်မာပြည် ရုပ်ကြီးကို ကြည့်လျက် ပီတိ သောမနဿ ဖြစ်နေကြ၏။

“ဟာ ကမ္ဘာနဲ့ မြေဇာ၊ ရေနဲ့ကြာပေါ့ဗျာ၊ ဝံသာနုခေတ်နဲ့ ဒေါင်းမြန်မာ၊ လစ်ဘာတီ တပ်လိုက်တော့ ဘာပြောကောင်းမလဲ၊ အတိုင်းထက်အလွန်ပေါ့ဗျာ၊ မျက်နှာဖုံးနဲ့ စွံလောက်ပါတယ်”

“ကဲ ခင်ဗျားတို့နှစ်ယောက် သဘောကျရင် ဆိုစရာမရှိဘူး၊ အဲဒါကို ဘလောက်တတုံး မြန်မြန် လုပ်ပေးစေချင်တယ်”

“ဘယ်နှစ်ရက်လောက် လိုချင်သလဲ” ဟုကျနော်က ဦးရွှေကြူးကို ကြည့်၍မေးမိ၏။

“သဘက်လောက် ရရင်တော့ ပိုကောင်းတာပဲ”

“ကျနော်တို့ ထုံးစံကတော့ လေးရက်လောက်ဆိုရင် ရတယ်၊ သို့ပေမဲ့ ကျနော်ရအောင် စီစဉ်ပေးပါ့မယ်”

“ကျေးဇူးပါဗျာ၊ အဖိုးနှုန်းကကော”

“အဖိုးနှုန်းကတော့ ဒီလိုပါ၊ နှစ်ရက်နဲ့ဆိုရင်တော့ အားချင်း အလုပ်ခေါ်ပါတယ်၊ ရိုးရိုးထက် နှစ်ဆ ယူရတာပေါ့၊ ရိုးရိုးနှုန်းက သွပ်ပြားပေါ်မှာ ဖိုတို ဘလောက်ဆိုရင် ငါးမူး၊ လိုင်းဘလောက်ဆိုရင် ခြောက်မူး၊ သို့သော်လည်း ကျနော်အထူးပြုပြီး နှစ်ဆလဲမယူပါဘူး၊ ခြောက်မူးလည်း မယူပါဘူး၊ ငါးမူးနှုန်းပဲ ထားလိုက်ပါ့မယ်”

“ငါးမူးဆိုတော့ မများဘူးလား”

လူထုကို ခေတ်သစ်ဉာဏ်များ သွင်းပေးသော မဂ္ဂဇင်းများ မဟုတ်ဘဲ ရှေးဟောင်း ကျမ်းဂန်များမှ လာသော ဆုံးမစာများနှင့် ဘာသာရေးများသာ ပါရှိရာ ဦးရွှေကြူး စီမံထုတ်ဝေသော မဂ္ဂဇင်းသစ်မှာမူကား
“မများပါဘူး၊ ကျနော်တို့ယူနေကျ နှုန်းတွေကို ဟောဒီက ကိုဘလေးသိပါတယ်၊ ထားသာထားခဲ့ပါလေ၊ ကျနော် လုပ်ပေးပါ့လိုက်ပါ့မယ်၊ ဦးရဲ့ မြန်မာ့အလင်း မဂ္ဂဇင်းကို ကျနော်တို့ ကျောင်းတုန်းက ဖတ်ခဲ့ရပါတယ်။ ရွှေကြူးပရို နောင်စင်းဒစ်ရှင်နရီနဲ့ ကျနော်တို့ အင်္ဂလိပ်စာ အတော်ပဲ တိုးတက်ခဲ့ပါတယ်။ ဒီလိုရှေးက ကြည်ညိုရင်းရှိတဲ့အတွက် အခုလို အခါအခွင့်ရတုန်း ဒီ ဘလောက်အတွက်တော့ ကျနော်ကပဲ စိုက်လိုပါတယ်”

“ဟာ ဒီလိုတော့လည်း မကောင်းပါဘူး၊ ကျုပ်လုပ်ငန်းအတွက် ကျုပ်ကပဲ ပေးပါ့မယ်၊ ကိစ္စမရှိပါဘူး၊ ကူညီချင်သပ ဆိုရင် ဆောင်းပါးကလေး၊ ဝတ္ထုကလေးများရေးပြီးကူပါ၊ ကဲဒါဖြင့် သန်ဘက်ခါ ကျနော်လာခဲ့မယ်။ ဘယ်ချိန်လောက် ရမလဲ”

“သန်ဘက်ခါ သုံးနာရီလောက်ကြွခဲ့ပါ”

“ကျေးဇူးပါပဲဗျာ” ဟုဆိုကာ နှုတ်ဆက်ထသွားကြလေသည်။

မြန်မာများသည် ကိုလိုနီစံနစ်အောက်သို့ ကျရောက်ကြပြီးနောက် ထိုစံနစ်လက်အောက်မှ ရုန်းကန်၍ လွတ်လပ်ရေးကို ကြိုးပမ်းကြရာတွင် စောစောပိုင်း ရှေ့ပြေးတပ်ဦးတွင် ဦးရွှေကြူးသည် ထင်ရှားစွာ ပါဝင်ခဲ့သော ပုဂ္ဂိုလ်တဦး ဖြစ်ပေသည်။

လက်ဦးတိုက်ပွဲအနေဖြင့် ဦးရွှေကြူးသည် ၁၉၁၂ခုနှစ်လောက်တွင် “မြန်မာ့အလင်း မဂ္ဂဇင်း” အမည်ရှိသော မြန်မာဘာသာ မဂ္ဂဇင်းကို စတင်ထုတ်ဝေလေသည်။ မဂ္ဂဇင်း ထုတ်ဝေသော နေရာမှာ ရန်ကုန်မြို့ အလယ်ဗဟို ဖြစ်သော ဘားလမ်းတိုက်နံပါတ် ၅ဝ ဖြစ်သည်။ ယင်းအရင်က မဂ္ဂဇင်းများရှိခဲ့ကြဖူးသော်လည်း ထိုမဂ္ဂဇင်းများမှာ လူထုကို ခေတ်သစ်ဉာဏ်များ သွင်းပေးသော မဂ္ဂဇင်းများမဟုတ်ဘဲ ရှေးဟောင်းကျမ်းဂန်များမှလာသော ဆုံးမစာများနှင့် ဘာသာရေးများသာ ပါရှိရာ ဦးရွှေကြူး စီမံထုတ်ဝေသော မဂ္ဂဇင်းသစ်မှာမူကား ခေတ်သစ် ဉာဏ်များသွတ်သွင်းပေးသော နည်းများပါရှိလာသဖြင့် မြန်မာ့အလင်းမဂ္ဂဇင်းမှာ ခေတ်သစ်မဂ္ဂဇင်းလောကအစ ဖြစ်သည်ဟု ဆိုနိုင်သည်။

ဦးရွှေကြူး၏ ခေတ်သစ်ဉာဏ်များ သွင်းပေးရန် အားထုတ်ပုံများကို မြန်မာ့အလင်း မဂ္ဂဇင်းတစောင်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။

၁၉၁၄ ခု အောက်တိုဘာလ ၁၅ရက်နေ့ထုတ် တတိယတွဲ နံပတ် ၂ဝ မဂ္ဂဇင်းကြည့်လျှင် အောက်ပါ အခန်းများ ပါရှိသည်ကို တွေ့ရပေမည်။

၁) မဂ္ဂဇင်းကို ချဲ့ထွင် ရေးသားလိမ့်မည့် အကြောင်း

၂) စိုးရိမ်ရန်ရှိသော်လည်း ဝမ်းမြောက်ရန်ဖြစ်ကြောင်း

၃) ကောက်ပဲ သီးနှံ စွမ်းသန်ဖြစ်ထွန်းရန် စိုက်ပျိုးနည်း

၎) စာဏကျနီတိကျမ်း (လယ်တီပဏ္ဍတ ဦးမောင်ကြီး ရေးသည်)

၅) လယ်တီဆရာတော် ဘုရားကြီး သီအိုစိုဖစ် အသင်းသို့ ရေးပေးသော သီလ၊ သမာဓိ၊ ပညာ သိက္ခာ ၃ပါး အကြောင်း

၆) ရူပဒီပနီကျမ်း (လောကဓာတ်ပညာ ဘာသာပြန်)

၇) ယခုအခါ များစွာသိအပ်သော ကရူဇာသင်္ဘော သုံးစင်း အကြောင်း

၈) ဝိဇ္ဖာမယိဒ္ဓိဒီပနီခေါ် မှော်အတတ်ပညာအကြောင်း (ဦးရွှေဇံအောင် ရေးသည်)

၉) ခင်မြင့်ကြီး ဝတ္ထု (လယ်တီ ပဏ္ဍိတ ဦးမောင်ကြီးရေးသည်)

၁ဝ) စစ်မက်အရေး ကျေအေး ပြေငြိမ်းရန် ဇာမဏီ သံအမတ်ကြီး ပြောဆိုချက်ကို အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား အစိုးရမင်းတို့ သဘောမတူခြင်းအကြောင်း။

၁၁) ရွှေပေလွှာများကို မယုံသင့်ကြောင်း

၁၂) သနားစရာ ဝတ္ထု

၁၃) ဝမ်းမြောက် နှစ်သက်ခြင်းအကြောင်း (ဆရာသိန်း မှော်ဘီမြို့)

၎င်းမဂ္ဂဇင်း တစောင်တည်းတွင် ပါရှိသော ပညာဗဟုသုတနှင့် ပတ်သက်သော ကြော်ငြာများကို ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရသည်။

၁) ဦးရွှေကြူး အသံထွက် အင်္ဂလိပ်-မြန်မာ အဘိဓါန်

၂) သူရိယ သတင်းစာ ကြော်ငြာ

၃) အဂ္ဃသာရဏီကျမ်း ကြော်ငြာ

၎) လယ်တီ ဆရာတော် ဘုရားကြီး ရေးသားစီရင်တော်မူသော ယမိုက်ပုစ္ဆာအဖြေကျမ်း

၅) ဝန်ထောက်မင်း ဦးရွှေဇံအောင် ရေးသားစီရင်သော ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း

၆) အင်္ဂလိပ် စာဖတ်သင် စာအုပ်

၇) ဘောဇန လက်စွဲ

၈) သိပ္ပံ ဘန်တိုက်ကြီး ( သုံးဆယ်မြို့ စကြာဝဠာ လျှပ်စစ်ဓာတ်စက် ပုံနှိပ်တိုက်မှထုတ်သော ဆေးပညာ၊ စက်ပညာ၊ လျှပ်စစ်ဓာတ်စက်ပညာ မဂ္ဂဇင်း

၉) ဥရောပတိုက် အရေးတော်ပုံ

၁ဝ) ဥရောပ ဗုဒ္ဓဘာသာ အလင်းပြကျမ်း

၁၁) မဟာသုပိနဒီပနီကျမ်း

၁၂) အလင်းပြကျမ်း

၁၃) သကုဏ္ဍလ ဝတ္ထု

၁၄) ခင်မြင့်ကြီး ဝတ္ထု

၁၅) တင်တင်မြ ဝတ္ထု

၁၆) ပါဠိအဘိဓါန် (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)

တောမှ လူကြီးလူငယ်များမှာ စပါးရောင်းပြီး မပြန်နိုင်ကြသေးဘဲ ဈေးပတ်လည် လက်ဘက်ရည်ဆိုင်များသို့ လာရောက်ကြ၍ ရွှေကြူး စစ်သတင်းကို ဝ, ဝကြီး နားထောင်ပြီးမှ ပြန်နိုင်ကြလေသည်။
ဤမဂ္ဂဇင်း ကဏ္ဍများနှင့် စာအုပ်စာရင်းများကို ကြည့်ခြင်းအားဖြင့် ဦးရွှေကြူးသည် ထိုစဉ်က ကောင်းစွာ နိုးကြားခြင်း မရှိသေးသော ပြည်ထောင်စုသားများ မိမိတို့ ရှိရင်းဖြစ်သော ပြည်ထောင်စု ယဉ်ကျေးမှု အခြေခံကို မပျက်စေဘဲ ခေတ်သစ် ကမ္ဘာကြီးတွင် မြန်မာများ တပါး လူမျိုးများနှင့်အတူ ရင်ပေါင်တန်း လိုက်နိုင်ရေးအတွက် ခေတ်သစ် အမြင်ကျယ်မှု ဗဟုသုတများကို ဆည်းပူးရယူနိုင်ရန် မည်မျှလောက် ကြိုးပမ်း လျက်ရှိသည်ကို တွေ့နိုင်ပေသည်။

ထို အချိန်မှာပင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာရာ မြန်မာပြည်မှာ စစ်မက်ဖြစ်ပွားသော နေရာဒေသနှင့် မနီးစပ်သော်လည်း ၁၂၄၇ ခုနှစ် လွတ်လပ်ရေး ဆုံးရှုံးပြီးသည့်နောက် ပထမဆုံး ကမ္ဘာ့ဂယက်ကြီးများ အကြီး အကျယ်ရိုက်ပုတ်ခြင်းကို ခံရလေသည်။ ယင်းအထက်က အင်္ဂလိပ်များ၏ အုပ်ချုပ်ပုံ သေဝပ်သဖြင့် တိုင်းသူ ပြည်သားတို့မှာ လယ်ကလေးလုပ် ကျောင်းကလေးဆောက် ဘုရားကလေးတည် သားကလေးရှင်ပြု သမီးကလေး နားထွင်း ဘုန်းကြီးပျံပွဲလုပ် လယ်ပြီးမိုးနှောင်းအချိန် ရုပ်သေးပွဲကလေးကြည့်နှင့် အလွန်နှစ်သက်နေသည့်အချိန်တွင် ကျောက်စိုင် ကျောက်ခဲပမာ မြဲစွဲနေတော့မည် ထင်နေရသော အင်္ဂလိပ်ကို နှုတ်ခမ်းမွှေးကြီးကားကားနှင့် ကိုင်ဇာကြီးက ဆော်ပြီတဲ့ကွဆိုသော သတင်းများ တိုးဝင်လာရုံမက မြန်မာပြည်ထွက် စပါးနှင့် အခြားအသီးအနှံများမှာ ရှေးရှေးက မိမွေးတိုင်း ဘမွေးတိုင်း မကြုံဘူး၊ မကြားဘူးသော ဈေးများကို ရရှိကြ၍ ကမ္ဘာစစ်ကြီး၏ ဂယက်သည် မြို့များတွင်သာမက ချောင်ကြိုချောင်ကြား တောအုံကန္နားရွာငယ် ဇနပုဒ်များအထိ ရောက်ရှိသွားသဖြင့် တပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်နေလေသည်။ ဦးရွှေကြူးသည် မြန်မာများအား ခေတ်သစ်သို့ ကူးပြောင်းပို့ဆောင်ရန် အချိန်ကောင်းသို့ ရောက်ပြီဆိုသည်ကို တချက်တည်း သိလေသည်။ သို့လျှင် “မြန်မာ့အလင်း မဂ္ဂဇင်း”တွင် ပထမ ကမ္ဘာစစ်ကြီး၏ အခြေအမြစ် အကြောင်းအရာများကို မြန်မာပရိသတ်များသိရန် ရေးသားရုံမက မြို့ရေး၊ ရွာရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေးဘက်များလည်း အထူး လှုံ့ဆော်ရေးသားပေးလေသည်။

မြန်မာ့အလင်း စစ်ကြေးနန်းသတင်း

ဤသို့ ဆောင်ရွက်ပေးနေစဉ် မြန်မာ့အလင်းမဂ္ဂဇင်းမှာ တလနှစ်ကြိမ်သာ ထုတ်ဝေရာ စစ်သတင်းများနှင့် ပတ်သက်၍ လုံလောက်ခြင်း မရှိသည်ကို တွေ့ရသောကြောင့် “မြန်မာ့အလင်း စစ်ကြေးနန်းသတင်း” ဟူသော အမည်ဖြင့် နေ့စဉ်သတင်းစာတစောင် စောလျင်စွာ စီစဉ်၍ ထုတ်လေသည်။ ထိုသတင်းစာနှင့် ပတ်သက်၍ ၁၉၁၄ ခုနှစ် အောက်တိုဘာလထုတ် မြန်မာ့အလင်း မဂ္ဂဇင်းတွင် “ထိုသို့ သိသင့်သည့် အားလျော်စွာ ကျွန်ုပ်တို့ ကုမ္ပဏီက ယခုဖြစ်ပွားလျက်ရှိသော စစ်မက်အကြောင်းအရာ သတင်းများကို မြန်မာဘာသာဖြင့် ကောင်းမွန်စွာ ပြန်ဆိုပြီးလျှင် ထူးဆန်း၍ မှတ်သားဖွယ်ကောင်းသော အချက်များကိုလည်း ရှင်းလင်းစွာ ရေးသား၍ တနေ့လျှင် ဓာတ်ပုံတခုစီ ပြောင်းလွှဲပြီးလျှင် မြန်မာ့အလင်း စစ်ကြေးနန်းသတင်း အမည်နှင့် နေ့စဉ်ထုတ်ဝေရာ မိတ်ဆွေ အပေါင်းများစွာတို့ နှစ်သက်သဘောကျသည့် အားလျော်စွာ ဝယ်ယူဖတ်ရှုကြသဖြင့် နေ့စဉ်တိုးတက် ပိုမို၍ ရိုက်နှိပ်ရလေသည်” စသည်ဖြင့် ဖေါ်ပြထားလေသည်။ ဤသို့ ရေးသား ဖေါ်ပြထားသည့် အတိုင်းပင် မြန်မာ့အလင်း စစ်ကြေးနန်းသတင်းစာကို တပြည်လုံးကပင် အလုအယက် ဝယ်ယူဖတ်ရှုကြလေသည်။ သတင်းစာမှာ လေးမျက်နှာသာ ပါရှိ၍ နယ်များတွင် တစောင်လျှင် သုံးပြားနှင့် ရောင်းရလေသည်။ ယခုဆောင်းပါးကို ရေးသူမှာ ထိုအချိန်တွင် အသက် ၁၄ နှစ်သာသာမျှသာ ရှိသေး၍ မြန်မာစာ ဖတ်တတ်စ ရှိပေသေးသည်။

သို့သော် ထိုသတင်းစာကို ခုတိုင် ကောင်းစွာမှတ်မိသေးသည်။ ထိုစဉ်က ကျနော်တို့နေထိုင်သော အရပ်မှာ တောမြို့လေး ဖြစ်ပေသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် နံနက်စောစော ဝေလီဝေလင်း အချိန်မှစ၍ တောမှ စပါးလှည်းများရောက်လာကြပြီးနောက် နံနက်ကိုးနာရီ၊ ဆယ်နာရီလောက် စပါးရောင်းဈေးနာဝယ်၍ ပြန်ကြသည်။ သို့သော် ထိုနှစ်တွင် တောမှ လူကြီးလူငယ်များမှာ စပါးရောင်းပြီး မပြန်နိုင်ကြသေးဘဲ ဈေးပတ်လည် လက်ဘက်ရည်ဆိုင်များသို့ လာရောက်ကြ၍ ရွှေကြူး စစ်သတင်းကို ဝ,ဝကြီး နားထောင်ပြီးမှ ပြန်နိုင်ကြလေသည်။ ရှေးပဝေသဏီမှစ၍ ကျေးရွာလက်စွဲဖြစ်သော ဘုရားရှိခိုးမူဟောင်း သုတသန္နိစ္စယကျမ်း၊ မောင်ဘိုးစိန်၊ ကိုအောင်ဗလတို့ ကပြသော သူခိုးကြီးထိလပ်ပြဇာတ် ဆိုသည်များကို သတိမရကြတော့ဘဲ ရွှေကြူးစစ်ကြေးနန်း သတင်းကိုသာ စွဲလမ်းလျက် ရှိကြလေသည်။ နှုတ်ခမ်းမွှေး ဇာမဏီကိုင်ဇာကြီး၏ ကရူဇာ စစ်သင်္ဘောကြီးက အင်္ဂလိပ် သင်္ဘောကြီးသုံးစင်းကို တချက်တည်း မြှုပ်ပစ်လိုက်သည်ဟု ကြားရလျှင် ကိုင်ဇာတဲ့ကွဟု ဆိုကာ လက်သီးလက်မောင်းတန်းလျက် အလွန်ဝမ်းသာကြသည်။ သို့လျှင် ကမ္ဘာနှင့် အဆက်အသွယ် မရှိသော မြန်မာကျေးလက် တောသူတောင်သားများမှာ ရွှေကြူးကြေးနန်း သတင်း၏ ကျေးဇူးဖြင့် ရှေးဦးစွာ ကမ္ဘာနှင့် ဆက်မိကြလေသည်။

ဦးရွှေကြူး စင်္ကာပူ အပို့ခံရခြင်း

ဤသို့ စစ်ကြေးနန်း သတင်းကြောင့် တပြည်လုံး တောရောမြို့ပါမကျန် နိုးကြားထကြွ လှုပ်လှုပ်ရွရွ ဖြစ်လာသဖြင့် ထိုစဉ်က အစိုးရများသည် ထိတ်လန့်လာ၍ ရွှေကြူးသတင်းစာကို မျက်စောင်းထိုးလာကြ လေသည်။ တနေ့သောအခါ အစိုးရကြောက်သော သတင်းတရပ်သည် သတင်းစာတွင် ပါလာရာမှ အကြောင်းပြု၍ ဦးရွှေကြူးအား မြန်မာပြည် အပြင်အပ စင်္ကာပူသို့ ပို့လိုက်လေသည်။ သို့လျှင် မြန်မာကို ကမ္ဘာနှင့် ပထမဦးစွာ ထိထိရောက်ရောက် ဆက်ပေးသော ရွှေကြူးသတင်းစာနှင့် မြန်မာ့အလင်း မဂ္ဂဇင်းတို့ ရပ်စဲသွားရလေသည်။

လစ်ဘာတီနှင့် ဦးရွှေကြူး အနိစ္စရောက်ခြင်း

၁၉၁၈ ခုနှစ် ကမ္ဘာစစ်ကြီး ပြီးသည့်တိုင်အောင် ဦးရွှေကြူးသည် မြန်မာပြည်သို့ ပြန်မရောက်ဘဲ ၁၉၂၁ ခုနှစ် လောက်မှ မြန်မာပြည်သို့ ပြန်ရောက်လေသည်။ သို့သော် ဦးရွှေကြူးသည် စိတ်မလျှော့သည့်အပြင် မိမိ မြန်မာပြည်သို့ ပြန်ရောက်သည့်အချိန်တွင် ဝံသာနု ခေတ်သစ်ကြီး ပေါ်ပေါက် အရှိန်ကောင်းနေသည်ကို တွေ့ရပြီး ပြန်ပြီး ဆက်ဦးမည်ဟု ကြံကာ “လစ်ဘာတီ” (လွတ်လပ်ရေး) သတင်းစာကို ထုတ်လေသည်။ သို့သော် ထိုသတင်းစာမှာ အကြောင်းအားလျော်စွာ ကြာရှည်မခံဘဲ ရပ်စဲသွားပြီးနောက် ဦးရွှေကြူးသည် ရန်ကုန် မြူနီစီပါယ် အဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဝင်ရောက်ဆောင်ရွက်လေသည်။ ထို့နောက် မကြာမီပင် တွံတေးသို့ ခေတ္တသွားရောက်ရာ သင်္ဘောပေါ်တွင် ခလုတ်တိုက်၍ ခြေဖျားတွင်ရသော ဒဏ်ရာမှ အနာဝင်ပြီး ကွယ်လွန် အနိစ္စရောက်ရှာလေသည်။ ဤကား ကျွန်ုပ်တို့ သိမီသလောက် ဦးရွှေကြူးဖြစ်၏။

ဇေယျ
(မြဝတီ မဂ္ဂဇင်း၊ ၁၉၅၅၊ မေ)
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 23 guests online