ဒဂုန်တာရာနှင့် လွတ်ငြိမ်းခွင့်ကဗျာ

ပရင့်ထုတ်ရန်

                                                              (က)

မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အငြင်းအပွားရဆုံး ပုဂိ္ဂုလ်တစ်ဦး
ဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်းနှစ်ခုစလုံးတွင် ထူးခြားသစ်လွင်
မြင့်မားသည့် တီထွင်မှု၊ ခံယူမှုရှိသူဖြစ်၏။ အထူးသဖြင့် အဘိဓမ္မာရေးရာအပိုင်းတွင် အပြင်းအထန် ဝေဖန်
ငြင်းခုန်ခြင်း ခံရသူ ဖြစ်၏။ သူ၏ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ အနုပညာရေးဆိုင်ရာ အယူအဆများမှာ လေးနက် ခက်ခဲလှ၏။ ဥပမာ “ကျွန်တော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ” အယူအဆ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရသည်” ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေ နယ်ပယ်တွင် ပွက်လောညံအောင် ငြင်းခုန် ကြရသည့် အယူအဆများဖြစ်၏။ အနုပညာရေးရာပိုင်းတွင် “အတတ်ပညာမဲ့လျှင်မဲ့ပါစေ၊ အဘိဓမ္မာမမဲ့စေနဲ့ ဟူသောစကား” နှင့် “မုဆိုးစိုင်သင်” အယူအဆများမှာ စာပေလောကအတွင်း သတိမပြုဘဲ မနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများဖြစ် ၏။ သူသည်ကား မြန်မာစာပေသမားများထဲ၌ “ဗဟုဝါဒ” ကို အစောဆုံး စတင်ပြောဆိုခံယူသူလည်း ဖြစ် လေသည်။

ငယ်စဉ်က ကျွန်တော်သည်၊ ကဗျာဆရာကြီး “ဒဂုန်တာရာ” ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်းအပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ “၀စ်လစ်စလစ်လမ်းမကြီး”၊ “ပန်းနုရောင်အို”အစရှိသော စကားလုံးများဖြစ်၏။ “အနုပညာ” ဟူသောစကားလုံးသည်ပင်လျှင် ဆရာကြီးဒဂုန်တာရာက စတင်တီထွင်အသုံးပြုခဲ့သော စကားလုံးအဖြစ် ပြောသံ ဆိုသံကြားရသောအခါ ကျွန်တော့်နားရွက်များမှာ ပိုမို ပြန့်ကားသွားရ၏။

သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ၊ ဆရာကြီးဒဂုန်တာရာ၏ တို့ကာထိက ထောက်ပြဝေဖန်သော
ဝေဖန်ရေးနည်းနာများ၊ အဘိဓမ္မာဆန်သော စကားများကိုပိုပြီး အာရုံကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့်၊ “ကျွန်တော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ အယူအဆ။ ရန်သူကို မိတ်ဆွေဖြစ် အောင်လုပ်ခြင်းသည် နိုင်ငံရေး
ဖြစ်သည်” ဟူသော အပြောအဆိုအယူအဆများကို ပိုပြီး စိတ်ဝင်စားခဲ့မိလေသည်။ ပြီးတော့ သူ၏ ဗဟုဝါဒ အယူအဆ။

                                                            (ခ)

ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကိုပြောလျှင် စာတစ်စောင်
ပေတစ်ဖွဲ့ရေးပြီး ပြောမှသာလျှင် ပြည့်စုံနိုင်မည် ဖြစ်သည်။ ကျွန်တော့်၏ဆောင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင် ဖော်ပြနိုင်မည်မဟုတ်သည်ကို သိပါ သည်။ သိုသော် “မခြုံငုံမိသည့်တိုင်၊ အထောက်အကူတစ်ခုအဖြစ် ယူဆလို့ရနိုင်သည့် ကဗျာတစ်ပုဒ်”ကို ကျွန်တော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇-ခု စက်တင်ဘာလထုတ် “မြတ်လေးမဂ္ဂဇင်း” တွင် ဖော်ပြခဲ့သည့်ကဗျာ ဖြစ်၏။ ဆရာကြီး ဒဂုန်တာရာသည် ထိုကဗျာကို “လွတ်ငြိမ်းခွင့်” ဟု ခေါင်းစဉ်တပ်လေသည်။

လွတ်ငြိမ်းခွင့်
ပြင်သစ်ပြည်က
လီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာ
ဘော်လီဘီယာမှ၊ ဖမ်းကာပို့လာ
ဘာဘီဆိုသူ၊ နာဇီဖက်ဆစ်
လျှို့ဝှက်ပုလိပ်၊ ပါးကွက်သားတည့်
သူ့အားစစ်ဆေးရန် ရုံးချိန်းသောနေ့။

အမှုမှာမူ
လူသားတို့အား၊ မတရားသက်သက်
ရက်စက်ကြမ်းကြုတ်၊ နှိပ်စက်ညှဉ်းပန်း
ဖမ်းဆီးသက်ဖြတ်၊ ဓာတ်ငွေ့အဆိပ်ခန်း
ထောက်လှမ်းပို့ပေး၊ အနှစ်လေးဆယ်ကျော်
စစ်အတွင်းက အမှုဖိုင်တွဲ။

သူ့ လက်ချက်ကြောင့်
နှိပ်စက်ခံရ၊ ရှင်ပြန်ထသူ
အမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်
တံတွေးထွေးပြီး၊ မလေးမဖင့်
နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေး
ပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူ
ဖမ်းပေးသူလည်း၊ နင်မှနင်အစစ်ပဲ
မျက်မြင်သက်သေ၊ ထွက်ဆိုလေရာ
ဘာဘီခမျာ၊ အသာခေါင်းခါ
ဘာမှမသိ၊ ငြင်းကွယ်ဘိငြား
တရားရုံးက၊ စီရင်ချက်ချ
တစ်သက်ထောင်ဒဏ် ကျခံစေသတဲ့။

ငါတစ်မူကား
ငြိမ်းချမ်းရေးသမားမို့ ၊ သူ့ အားခွင့်လွှတ်
လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။
ခွင့်လွှတ်ခြင်းသည်
လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်
ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထား
သဘောထားကြီးလိုက်ပါ။ ။

                                                                    (ဂ)

“လွတ်ငြိမ်းခွင့်” ကဗျာကို၊ ဆရာကြီး “ဒဂုန်တာရာ” သည် ၁၉၈၇-ခုနှစ်တွင် ရေးခဲ့ခြင်း ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး မပေါ်ပေါက်မီ (၁၁)လ အလိုတွင် ဖြစ်သည်။ ထို့ကြောင့် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ မြန်မာ့နိုင်ငံရေးအကြပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ ဖော်ပြခဲ့ခြင်း ဖြစ်သည်လော ဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွဋ်အထိပ်ကာလအလွန် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစများကို ရှာဖွေနေကြရသည့် ယခုလိုအချိန်အခါမျိုးတွင် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ အဘိဓမ္မာရေးအရ လွန်စွာအရေးပါလှသည့်ကဗျာ ဖြစ်သည်ဟု ကျွန်တော်ယူဆမိသည်။

“လွတ်ငြိမ်းခွင့်” ဆိုသည်မှာ၊ အတိုင်းအတာတစ်ခုတော့ရှိသင့်သည်။ သို့မှသာလျှင် နောင်တွင် နောက်ထပ် အပြစ် ကျူးလွန်သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး “ဒဂုန် တာရာ” ၏ “လွတ်ငြိမ်းခွင့်” ကို လက်တွေ့မကျသည့် စိတ်ကူးယဉ်အယူအဆတစ်ခုအဖြစ် ဝေဖန်သူတချို့က အပြင်းအထန်
ဝေဖန်ကန့်ကွက်ကြ၏။ “လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်” ဟူသော အမြင်ရှိသူတို့ကလည်း၊ ဆရာကြီးဒဂုန်တာရာ၏ “လွတ်ငြိမ်းခွင့်” ကဗျာကို အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒဖြစ်သည်ဟု ဝေဖန်ကြ၏။ တချို့ကဆိုလျှင် “ထာဝရကျွန်ခံရေး” အဘိဓမ္မာတစ်ခု အဖြစ်ပင်လျှင် တင်စားပြောဆိုကြလေသည်။

၁၉၅၇-ခုနှစ်အတွင်းတုန်းက ဖြစ်သည်။ “ဟန်ဂေရီ” နိုင်ငံအတွင်းသို့ ဆိုဗီယက် ရုရှားတင့်ကားများ ၀င်ရောက်လာခဲ့ပြီး၊ ဟန်ဂေရီ နိုင်ငံပြည်တွင်းရေးကို ၀င်ရောက်ဖြေရှင်းသောအခါ၊ ကမ်္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၊ အမှုဆောင်အဖွဲ့၌ ဆိုဗီယက်တို့၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ရန် ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှုဆောင်အဖွဲ့တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့် ပုဂ်္ဂိုလ်များက အများစုပါဝင်၏။ ဆရာကြီး “ဒဂုန်တာရာ” သည် “ဟန်ဂေရီ”ပြည် အတွင်းစစ်ရေးအရ ၀င်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ကို ကန့်ကွက်ရမည်ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့သော် ယင်းအယူအဆကို ထောက်ခံမည့်သူ တစ်ဦးမျှပင်မရှိခဲ့။ အမှုဆောင်တစ်ဖွဲ့လုံးက ဆရာကြီး “ဒဂုန်တာရာ” ၏ အဆိုကို မထောက်ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ “အမျိုးသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အချုပ်ချာအာဏာပိုင်ဆိုင်ခွင့်” ဆိုင်ရာ သဘောတရားအမြင်တွင်၊ ဆရာကြီး “ဒဂုန်တာရာ” သည် အများတကာထက်စောစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံနိုင်ခဲ့သူဟု ဆိုရပါမည်။ နောင်အခါ ယင်းဟန်ဂေရီအရေးအခင်းတွင် ဆိုဗီယက်တို့ ၀င်ရောက်ဖြေရှင်းမှုကို ဟန်ဂေရီပြည်သူများ အပါအ၀င် ယဉ်ကျေးသောကမ္ဘာတစ်လုံးက ၀ိုင်းဝန်းကန့်ကွက် ရှုတ်ချလာခဲ့ကြလေသည်။

ယခုလည်း “လွတ်ငြိမ်းခွင့်” ကဗျာတွင်၊ လူသားတို့၏ရန်သူဖြစ်ခဲ့သူ၊ လူသားတို့အား သေတွင်းသို့ပို့ခဲ့သူ၊ စစ်ရာဇ၀တ်
ကောင် တစ်ဦးအား၊ ဆရာကြီး “ဒဂုန်တာရာ” က “လွတ် ငြိမ်းခွင့်” ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။ ဆရာဒဂုန်တာရာ သည်ကား “သည်းခံခွင့်လွှတ်ခြင်းသည် လက်စားချေခြင်းထက်ပို၍ ထိရောက်မှန်ကန်သည့်နည်းဖြစ်သည်” ဟူသော အယူအဆကို လက်တွေ့ကိုင်စွဲပြလိုက်ပြန်ပါသည်။

ကဗျာဆရာကြီး “ဒဂုန်တာရာ”သည်ကား၊ မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွားအခံရဆုံး ကဗျာဆရာကြီး တစ်ဦး ဖြစ်သည်ဆိုသည့် အဆိုအပေါ် “လွတ်ငြိမ်းခွင့်” ကဗျာသည်၊ အထင်ရှားဆုံး သက်သေထူနိုင်သည့် ကဗျာတစ်ပုဒ် ဖြစ်လာခဲ့သည်ဟု ကျွန်တော်ယူဆမိသည်။

အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့၏ အမျိုးသားသွေးကွဲမှုကြီးမှာ သာမန်သွေးကွဲမှုကြီး မဟုတ်ပါ။
သွေးစွန်းခဲ့ပြီဖြစ်သော နာတာရှည်အမျိုးသားသွေးကွဲမှုကြီး ဖြစ်သည်။

ယခုအခါ မည်သည့်အခါနှင့်မျှမတူအောင်ပင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေး လမ်းစများကို လူသိထင်ရှားမြေလှန်ပြီး ရှာဖွေနေကြပြီ လောဟုယူဆရမည့်အချိန်မျိုးတွင် ခိုင်မြဲသည့် သင့်မြတ်ရေးအယူအဆနှင့် ထာဝရတည်တန့်ပြီး အလျင်မြန်ဆုံး ငြိမ်းချမ်ရေးရရာ ရကြောင်း လမ်းစများမှာ ဆရာကြီးဒဂုန်တာရာ၏ “ခွင့်လွှတ်သည်းခံခြင်း၊ အပြန်အလှန် အသိအမှတ်ပြုလေးစားခြင်း၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်း အခြေခံမူ”အပေါ်တွင် အခြေမစိုက်သရွေ့ ကျွန်တော်တို့သည် အမျိုးသားသင့်မြတ်ရေးနှင့်
ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ၀င်္ကဘာအတွင်းမှ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ကြမည် မဟုတ်ကြောင်း ယုံကြည်နေမိ၏။ ။