www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > မှန်သားပြင်ကိုရိုက်ခွဲဖို့ ကြိုးစားကြည့်ခြင်း

မှန်သားပြင်ကိုရိုက်ခွဲဖို့ ကြိုးစားကြည့်ခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                               (က)

၁၉၇၈ ခု။

“ကျွန်တော် ခရီးရှည်ထွက်မှာမို့ ဆရာ့ကိုလာတွေ့တာပါဆရာ။ ဖြစ်နိုင်ရင် ကျွန်တော့်ကို ဆရာ့စာအုပ် တစ်အုပ်
လောက် လက်ဆောင်ပေးဖို့လည်း တောင်းဆိုပါရစေ ဆရာ...”

ဆရာဒဂုန်တာရာက ကျွန်တော့်ကို တစ်ချက်ငေးပြီးကြည့်သည်။ ဘာမျှတော့မပြော။ ကျွန်တော်ကတော့ ကျွန်တော့် အတွက် အရေးကြီးသောကာလတစ်ခုကို ဖြတ်ကူးရန်ကြံရွယ်စဉ် ဆရာ့ထံမှ စာအုပ်တစ်အုပ် ယူသွားချင်နေသည်။ ထို့နောက် ဆရာကအ၀တ်အစားလဲဦးမည်ဟုဆိုကာ အခန်းထဲပြန်ဝင်သည်။ အခန်းထဲက ထွက်လာတော့ လက်ထဲတွင် စာအုပ်တစ်အုပ် ပါလာသည်။ သဇင်သင်းပြန်တော့ စာအုပ်။ ဆရာက စားပွဲဘေး မတ်တပ်ရပ်လျက်နှင့် ပင် စာအုပ်တွင် လက်မှတ်ထိုးသည်။ ပြီးတော့ ကျွန်တော့်ကိုပေးသည်။ ကျွန်တော်ကစာအုပ်အဖုံးကို လှပ်ကြည့် သည်။ ရှေ့ဆုံးစာမျက်နှာပေါ်တွင် ဌေးမြိုင်ဟုလက်မှတ်ထိုးထား၏။

ထို့နောက် ကျွန်တော်တို့လူသိုက်ဆရာနှင့်အတူ ဟာမစ်တစ်လမ်းထိပ် ထွက်လာခဲ့ကြသည်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် ၀င်ထိုင်ကြသည်။ ဆရာက ကျွန်တော်တို့နှင့် စကားပြောချင်နေပုံရသည်။ သို့ သော် တကယ်တန်းပြောကြတော့ ဆရာက နားထောင်သမားသက်သက်။

ကျွန်တော်တို့က ဆရာ့ကဗျာများထဲက ကျွန်တော်တို့နားမလည်သော ကျွန်တော်တို့ ပို၍သိချင်သော ကဗျာများကို
မေးသည်။ ကျွန်တော်တို့နှင့်ခေတ်ပြိုင် လူငယ်ကဗျာဆရာများ၏ကဗျာများကို ပြောသည်။ ဆရာက နားမရှင်းသည့် အခါ ထပ်ပြောရန် တောင်းဆိုတတ်သည်။ ကျွန်တော်တို့ပြောသမျှ သေသေချာချာ နားစိုက်ထောင်သည်။ ဆရာ့မျက်နှာပေါ်တွင် ကျွန်တော်တို့ပြောသမျှ လိုလိုချင်ချင်သိချင်နေပုံက ထင်ရှားလွန်းသည်။ ဆရာ့ရဲ့ နာမည်
ကျော် စေ့စပ်သေချာမှုကို အထင်အရှားတွေ့နေရသည်။

ကျွန်တော့်မှာ ဆရာ့ရှေ့တွင် စဉ်းစားပြီးမှဆင်ခြင်ပြီးမှ စကားပြောနေရသည်။ ကိုယ်မသိသည့်အရာ မရှင်းလင်း သည့် အရာကို ကိုယ်သိသလို ဒါမှမဟုတ် စကားမရှိ စကားရှာပြောသည့်အနေအထားမျိုး မရောက်အောင် သတိထားနေရသည်။

ထိုစဉ်က ဆရာသည် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေ၀င်း မိသားစုနှင့်အတူ နေထိုင်နေသည့်အချိန် ဖြစ်သည်။ (ဆရာသည် ကော်လိပ်ဂျင်နေ၀င်းရဲ့အိမ်တွင် နှစ်ပေါင်းများစွာ ဧည့်စာရင်းတိုင်ပြီး နေထိုင်ခဲ့ရသူ ဖြစ်ပါသည်။) ကျွန်တော်တို့က ဆရာနေထိုင်ရာ လမ်းကလေးထဲကအထွက် လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြခြင်း
ဖြစ်သည်။ ဆရာက အထူးသဖြင့် သူ့ကဗျာများအပေါ် လူငယ်တွေ ဘယ်လိုမြင် သလဲဆိုသည်ကို သိချင်သည်။ ကျွန်တော်တို့က ဆရာ့ကဗျာများကိုဖြင်ပြီး ကြည့်တတ်ကြသူများမဟုတ်။ ဆရာ့ကဗျာများက ကျွန်တော်တို့ အပေါ် လွှမ်းမိုးနေ၏။ ဆရာ့ကဗျာများကို ခတ်ဝေးဝေးမှခွာပြီး မကြည့် တတ်ကြ။ ထို့ကြောင့် ဆရာ့ကိုကျွန်တော်တို့က ဆရာကျေနပ်အောင် ပြောပြနိုင်စွမ်းမရှိခဲ့ကြ။ ထိုစဉ်က ဆရာက အသက် ၅၀ ကျော်ဝန်းကျင်။ ကျွန်တော်တို့က အသက် ၂၀ ကျော်။ မျိုးဆက်ကွာဟမှုက ကြီး သည်။ သို့သော် ဆရာကလက်တံတော်တော်ရှည်လွန်းသည်။ ကျွန်တော်တို့ဆီက ရနိုင်သမျှ ရအောင် ယူနိုင်ခဲ့သည်ဟု ယူဆရပါသည်။

ထိုစဉ်က ပြောခဲ့ဆိုခဲ့သည့် စကားများထဲတွင် ဆရာ၏ “၀ါးပင်ကြားမှနေ၀န်းနီ”ကဗျာ တွင်ဖော်ပြသည့် ရဌပတိ ဟူသော စကားလုံး၏အဓိပ္ပာယ်ကို ကျွန်တော်မေးခဲ့၏။ ထိုကဗျာမှာ ၁၉၇၄ ခု၊ ရန်ကုန်မြို့ ဗီယက်နမ်သံရုံးတွင်
ပြုလုပ်သော ဟိုချီမင်း ၈၄ နှစ်မြောက်မွေးနေ့တွင် ဆရာရွတ်ဆိုခဲ့သောကဗျာ ဖြစ်သည်။ ဆရာက ရဌပတိ၏ အဓိပ္ပာယ်ကို အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသရဲ့ ခေါင်းဆောင်ကြီးဟူသည့်  အဓိပ္ပာယ်ဖြင့် ရေးခဲ့ခြင်းသာ ဖြစ်သည် ဟူသော စကားကိုမူအခုအချိန်အထိ ကျွန်တော်မှတ်မိနေသေး၏။ ထိုအချိန် ကစာပေဆည်းဆာလှုပ်ရှားမှု အရှိန်ကောင်းနေသည့်အချိန် ဖြစ်သည်။ ဆေးသိပံ္ပမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ဆရာ၏ “နှင်းဆီထုံသောည” ကဗျာတွင် ကျွန်တော်တို့ လူငယ်တစ်သိုက် ယစ်မူးလွန်းနေသည့်အချိန် ဖြစ်သည်။

ဆရာ့ကို နှုတ်ဆက်ပြီးပြန်လာတော့ ဘတ်စ်ကားပေါ်လူချင်းတိုးဝှေ့စီးလာနေစဉ်မှာပင် ဆရာ့အကြောင်းကို
တွေးလာနေမိ သည်။ ဆရာ့ရဲ့ပထမဦးဆုံးသော မုန်တိုင်းထန်သောရာသီများကို ကျွန်တော် စဉ်းစားသည်။ ဆရာ၏ တဟီတီသွားရအောင် ကဗျာနှင့်ထွက်ပြေးမှုဝါဒ။ ပြီးတော့ ၀စ်လစ်စလစ်လမ်းမကြီး၊ လေနုအေးက နော့ဆဲကို၊ ပန်းနုရောင်အို၊ ဝေါ့ဒစ္စနေအပြာ၊ ဗဟုရာဇ် အစရှိသည့် စကားလုံးသစ်များနှင့် လျပ်ပေါ်လော်လီ၍ အမျိုးသား ယဉ်ကျေးမှု ဖျက်ဆီးသူဟူသော စွပ်စွဲပြောဆိုခံရမှုများ။ ဆရာ့ရဲ့ ပျားအုံခံစားမှု စကားလုံးက ကျွန်တော့်ကို တုန်လှုပ်ခြောက်ခြားရလောက်အောင် ဖမ်းစားထား၏။ ဒဂုန်တာရာဆိုသည် မှာ လူငယ်တွေကိုဖျက်ဆီးသူ။ လူငယ်တွေကို သွေးထိုးပေးသူ။ အုပ်စုဖွဲ့၍ ခေါင်းဆောင်ရာထူးယူ သူဟူ သော ၁၉၇၈ ခုနှစ်ဝန်းကျင်ကာလ ဆရာ့နောက်ထပ် မိုးထဲလေထဲ ကာလများ။

ထိုအချိန်က ဆရာ့ဆီကအမှတ်တရ သဇင်သင်းပြန်တော့ စာအုပ်တောင်းယူခဲ့သည့်တိုင် ကျွန်တော်က အကြောင်း
ကြောင်းကြောင့် ခရီးရှည်မထွက်ဖြစ်ခဲ့သေး။

နောင် နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးအကြာတွင် ထုတ်ဝေသည့် ဆရာ့ကဗျာပေါင်းချုပ်စာအုပ်တွင် ဆရာက အကယ်၍ ကျွန်တော်သည် ကျွန်တော်ရေးဖွဲ့ခဲ့သော ကဗျာပေါင်းချုပ်ပါ ကဗျာများတွင် မိမိယုံကြည်မှုအား သစ္စာဖောက်သည်ကို တွေ့ရှိလျှင်ကဗျာပေါင်းချုပ်ကို လွင့်ပစ်လိုက်ပေတော့။ မှန်သားပြင်ကိုခွဲလိုက် ပေတော့ဟု အမှာစာတွင် ထည့်ရေးလိုက်၏။

အမှန်စင်စစ်ဤအမှာစာပါ စာကြောင်းသည် ဆရာက မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်နှင့် ရာဇ၀င်ကို စိန်ခေါ် လိုက်ခြင်းသာ ဖြစ်သည်ဟု ကျွန်တော်ခံစားရသည်။ သို့နှင့်ပင် ကျွန်တော့်မှာ ဆရာ့ကဗျာများကို စေ့စေ့စပ်စပ် ထပ်မံဖတ်ရှုဖျင်ကြည့်ဖို့ရာ လိုအပ်လာခဲ့တော့၏။

                                                               (ခ)

၁၉၉၂ ခုနှစ်တွင်မူ ကျွန်တော်သည်လည်း ခရီးရှည်ထွက်ဖြစ်ခဲ့၏။ သို့သော် ခရီးရှည်ထွက်ရန် ပထမအကြိမ်
ကြိုးစားစဉ်က ဆရာ့ထံမှ တောင်းယူရရှိခဲ့သည့် “သဇင်သင်းပြန်တော့” စာအုပ်ကလေးကိုမူ ကျွန်တော် ကိုယ်နှင့် မကွာ ယူဆောင်မလာနိုင်ခဲ့တော့။ သို့ပေသည့် ကျွန်တော့်လက်ထဲတွင် ဆရာဒဂုန်တာ ရာ၏ “ကြာပန်းရေစင်” စာအုပ် ရှိနေခဲ့၏။ ထို့ကြောင့် ကျွန်တော့်မှာ ကျေနပ်နေခဲ့၏။

၂၀၀၅ ခုနှစ်ထဲတွင် ဆရာဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ကျွန်တော်ဖတ်ရသည်။ တစ်ကြိမ်မက အကြိမ်ကြိမ် ဖတ်သည်။ အခု ၂၀၁၀၊ ဆိုတော့ သည်စာအုပ်ထွက်ရှိပြီး ခြောက်နှစ်ကြာခါမှ ကျွန်တော် နောက်ဆုံး တစ်ကြိမ်ထပ်ပြီး ဖတ်ဖြစ်ပြန်သည်။

ဒဂုန်တာရာ (တစ်ခါက ပြည်ပသတင်းဌာနတစ်ခုတွင် ဆရာဒဂုန်တာရာနှင့် တွေ့ဆုံမေးမြန်းခန်းဖေါ်ပြရာ၌ ဆရာ့နာမည်ကို ဂငယ်တစ်ချောင်းငင်နသတ်နှင့် မဂုန်ပဲဂငယ် တစ်ချောင်းငင် သေးသေးတင်နှင့် ဂုံထားသည်ကို မကြာခဏတွေ့ခဲ့ရသဖြင့် ကျွန်တော့်မှာစိတ်မချမ်းမြေ့ ဖြစ်ခဲ့ရပါသည်။ ဤကား စကားချပ်) ၏ ကဗျာပေါင်းချုပ်တွင် ကဗျာပုဒ် ရေ ၁၂၃ ပုဒ် ပါရှိပါသည်။ ဆရာ၏ ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသည့် တို့ဗမာအကြောင်း ရတုပိုဒ်စုံ ကဗျာမှစကာ ၂၀၀၃ ခုတွင် ရေးဖွဲ့သည့် ယစ်ပူဇော်ပွဲကဗျာအထိ ဆရာ၏ စာရေးသက် ၇၀ နီးပါးအတွင်း
ရေးဖွဲ့ခဲ့သည့် ကဗျာများကို တစ်ပေါင်းတစည်းတည်း ဖတ်ရှုခွင့်ရခြင်းပင်ဖြစ်သည်။

ဤ ကဗျာပေါင်းချုပ်စာအုပ်အရဆိုပါက ဆရာဒဂုန်တာရာကား တစ်နှစ်တွင် ကဗျာနှစ်ပုဒ်မျှပင် မရေးခဲ့သည် ကို ယေဘုယျအားဖြင့် တွက်ချက်ယူလို့ ရနိုင်ပါသည်။ သည်မျှ ကဗျာအရေအတွက်မျှလောက်နှင့်ပင် ဆရာသည်
မြန်မာကဗျာဆရာများထဲ၌ အမြင့်မားဆုံးနေရာတွင် ရပ်တည်ခွင့်ရခဲ့၏။ တချို့ကဆိုလျှင် ဆရာ့ကို နတ်နေကိုင်း သဖွယ် သဘောထားသည်အထိ ဆရာ့ဂုဏ်က မြင့်မားလာခဲ့ရ၏။

အမှန်စင်စစ် ဆရာဒဂုန်တာရာကို သည်မျှမြင့်မားသည့် နေရာအထိရောက်ရှိအောင် တွန်းပို့လိုက်သည့် အကြောင်းအရာမှာ သူရေးဖွဲ့သည့်ကဗျာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ ဆရာဒဂုန်တာရာ၏ နိုင်ငံရေး စံသည်လည်း အဓိကအရေးပါသော အခြေခံအကြောင်းအရာဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။ သည်နေရာ၌ သူ၏ နိုင်ငံရေးစံထုနှင့်စောက်ကို သူ့ကဗျာများထဲမှ တစ်ဆင့်လည်း တစုံတရာတိုင်း တာကြည့်လို့ ရနိုင်သည်ကို လည်း ငြင်းလို့မရ။

ဥပမာ - သူသည် ၁၉၃၆ ခု၊ ကျောင်းသားသပိတ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် အပြင်သပိတ်မှောက်ဘွဲ့ ရှေးရေး
လေးချိုးများကို ရေးခဲ့သည်။ ၁၉၃၈- ၃၉ ခု၊ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးကို လောကအမွန်သံချို ကဗျာဖြင့် ထုပ်ပိုးခဲ့သည်။ ၁၉၄၇ တွင် မတ်လတော်လှန်ရေး ကဗျာဖြင့် ဖက်ဆစ်တော်လှန်ရေးကို ဂုဏ်ပြု ခဲ့သည်။ သံမှိုစွဲခဲ့သည်။ ထိုစဉ်ကတည်းက ဆရာသည် နိုင်ငံရေးစံကို သူ့ကဗျာများထဲကတဆင့် မြင့်မြင့် မားမားစိုက်ထူခဲ့၏။ ထို့နောက်မြန်မာစာပေ နယ်ပယ်အတွက် စာပေသစ်အယူအဆ ရတနာတွင်းကိုတူးဆွ ဖော်ထုတ်ပေးလိုက်၏။ စာပေသည် နိုင်ငံရေးထင်ဟပ်ချက်ဟူသော စာပေဆိုင်ရာဒဿနကို ကိုင်စွဲလိုက်၏။ စာပေသည် ပြည်သူ့အတွက်
ဖြစ်ရမည်ဟူသော ကဗျာဆရာတစ်ဦးရဲ့ လူတန်းစား ရပ်တည်မှုစံ။

ကျွန်တော့်အနေနှင့် အခိုင်အမာ မေးခွန်းတစ်ခုထုတ်လို့ရမည် ထင်သည်။ မြန်မာစာပေနယ်ပယ်၌ စာပေသစ်လို အင်မတန်ခိုင်မာပြီး ရာစုနှစ်ဝက်နှင့်ချီပြီး အခိုင်အမာရပ်တည်နိုင်သည့် စာပေအယူအဆမျိုး အဘယ် စာရေးဆရာသည် ထူထောင်နိုင်ခဲ့သနည်း။

ဆရာသည် စာရေးသက် နှစ်ပေါင်း ၇၀ အတွင်း လေးနှင့်မြားကို ချွန်ခဲ့တပ်ဆင်ခဲ့၏။ ပစ်မှတ်ကိုလည်း သဲကွဲအောင် ရှာဖွေသတ်မှတ်ခဲ့၏။ ပစ်မှတ်ကိုလည်း ထိအောင်ပစ်ခတ်ခဲ့၏။ ဆရာ၏ ညွှတ်ပျောင်းပြီး အရှိန်အဟုန် ပြင်းလှသည့်
မြှားတံများမှာ မြန်မာစာပေကောင်းကင်ယံတွင် နေရောင်မထွင်းဖောက်နိုင် လောက်အောင် သည်းသည်း လှုပ်မျှ ပြေးလွှားနေခဲ့၏။ ဆရာ့ထံမှကြားရသည့် လေးသံမြားသံများမှာ မျိုးဆက်တစ်ခုလုံးကို ရိုက်ခတ်နေခဲ့၏။
ဖောက်ပြန်မှားယွင်းပြီး ဟောင်းနွမ်းပုပ်သိုးသော စာပေအယူအဆဟူသမျှ ဆရာ့ခြေတော်ရင်းတွင် လည်စင်း သွားကြရ၏။ ဆရာ့အရှိန်သြဇာမှာ လူငယ်များအပေါ် ဘယ်သူ မျှလိုက်မမီအောင် လွှမ်းမိုးထားခဲ့၏။

သည်လိုပြောတော့ ဆရာဒဂုန်တာရာသည် သည်လိုဂုဏ်ပုဒ်များကို လွယ်လွယ်နှင့် ရနိုင်ခဲ့သည်ဟုတော့ မယူဆ
စေလိုပါ။ ဆရာ့အပေါ် ဆရာ့အယူအဆအပေါ် အမြင်မတူသူများကမူ ဆရာ့ကို အမျိုးသားယဉ် ကျေးမှုကို ဖျက်ဆီးသူ၊ လူငယ်များကို ခြောက်ထဲ ဆွဲခေါ်သူ၊ ထွက်ပြေးရေးသမား။ နောက်ဆုံး ပြည်သူ့ စာပေအယောင်ဆောင် အန္တရာယ်အကြီးဆုံး အရင်းရှင်စာပေသမား (၁၉၇၅ ၀န်းကျင် မိုးကြိုးမုန်တိုင်း အုပ်စုမှ စွပ်စွဲချက်) အစရှိသော
လေမုန်တိုင်းများမှာ ဆရာ့စာပေသက်တမ်းတစ်လျှောက်လုံး ဟိန်းဟိန်း ညံနေခဲ့၏။ မြန်မာစာပေနယ်ပယ်တွင် ဆရာ့လောက် အတိုက်အခိုက်ခံရသည့် စာပေသမားတစ်ယောက် မျှပင်မရှိခဲ့ဖူးသေးဟုပင် ပြောယူရလောက်
အောင် မိုးထဲလေထဲ ဖြတ်သန်းလာခဲ့ရသူ ဖြစ်သည်။

                                                               (ဂ)

ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာနည်းနာဖြစ်ပေါ်တိုးတက်မှုက စိတ်ဝင်စားဖို့ကောင်းပါသည်။ ဆရာ့ ကဗျာဆိုင်ရာ အတတ်ပညာရေး သမိုင်းကသာမန်လူတွေနှင့် ပြောင်းပြန်ဖြစ်သည်။ ဥပမာ-ဆရာက အသက်အငယ်ဆုံး ကာလက ရှေးရေးဟန်ကဗျာနည်းနာကို အသုံးပြုခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတော့ ခေတ်ပေါ်ကဗျာတွေ
ရေးလာခဲ့သည်။ အသက်အရွယ်နှင့် သူ၏ ကဗျာနည်းနာဆိုင်ရာ ဖြစ်ပေါ်တိုး တက်မှုကထူးခြားလေးနက်နေ၏။ အတွေးအခေါ်တွင်လည်း ဒီအတိုင်းဖြစ်သည်။ ဆရာက ငယ်စဉ်က ကဗျာဆိုင်ရာအတွေးအခေါ်က ရိုးစင်းသည်။ မျက်မြင်သဘောဖြစ်သည်။ အဖြောင့်သဘောဆန်သည်။ ကြီးလာတော့ ဆရာ့ကဗျာဆိုင်ရာ ဒဿနက လေးနက် လာသည်။ ချွန်ချွန်မြမြဖြစ်လာသည်။ တွေးယူမှရ သည်။ ဥပမာ-ဆရာက ငမိုးရိပ်ချောင်းဘေးက ပဲပြုတ်သည်မရဲ့ ပဲပြုတ်အော်ရောင်းသည့်အသံကို ကဗျာ ထဲထည့်ဖွဲ့ရုံလောက်နှင့် ရပ်မနေ။ (ပန်းကြာဝတ်မှုန် မွန်းတည့်ည ... ကဗျာ)။ ပြင်သစ်ပြည် လီယွန်တရား ရုံးထဲ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသူနာဇီစစ်ရာဇ၀တ်ကောင် လူသား မျိုးနွယ်ထုအပေါ် ရန်ပြုခဲ့သူဘော် ဘီကို ခွင့်လွှတ်ဖို့ ဆရာကတောင်းဆိုလိုက်သည်။ (လွတ်ငြိမ်းခွင့်ကဗျာ ...)။ ထိုအခါ ဆရာ့ဒဿနအပေါ် လူ အတော်များများက စိတ်ကူးယဉ်သမား...၊ မဖြစ်နိုင်တာကို တောင်းဆိုသူ၊ ရန်ငါ မပြတ်သူဟု ထိုးနှက် ကြ၏။

သည်ကြားထဲ ဆရာကသည်လိုနှင့်ရပ် မနေ။ ဆရာက နောက်ဆုံးတွင်ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ် လို့ရသည်ဟု ပြောလိုက်သည်။ လူတွေက ဆရာ့ကို ၀ိုင်းဝန်းလက်ညှိုးထိုးကြ၏။ လူတွေက စစ်ရာဇ၀တ်
ကောင်တွေအပေါ် ခွင့်လွှတ်သည်းခံဖို့ မစွမ်းနိုင်ကြ။ လက်စားချေခြင်းထက် ခွင့်လွှတ်ခြင်းက ပိုပြီးထက်မြက်သည်ဟု ဆရာက ယုံကြည်သူ။

ဆရာသည် ညွတ်ပြောင်းမှုက ပိုပြီးဝေးပိုပြီးပြင်းထန်ထိရောက်သည်ဟူသော ကဗျာ အတတ်ပညာဆိုင်ရာ အယူအဆကို ထူထောင်ခဲ့သူ ဖြစ်သည်မဟုတ်လော...။

ဒဂုန်တာရာဟူသည့် ကဗျာဆရာကြီးကား “ငါ့ဘ၀ကား၊ အချစ်ငြိမ်းချမ်းရေး၊ အလှတရား၊ အမုန်းမရှိ၊ စစ်ပွဲမရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ကဗျာမျိုးကို ရေးခဲ့သူမဟုတ်လော ....။ ( ဒိုင်နိုဆောနှင့် ပန်းလိပ်ပြာ ကဗျာမှ)

                                                                (ဃ)

သမိုင်းတစ်ခေတ် ဆုံးပြီ
ပြောသူက ပြော၊ သမိုင်း မဆုံးသေး
ဘယ်မှာ ဆုံးသလဲ၊ ပြောင်းလဲခြင်းမျှသာ
အနီ အပြာ၊ အ၀ါ ရှိသမျှ
သက်တံရောင်က ပြိုးပြက်လှလိမ့်
ခံစားမှုသစ် ပွင့်ပေလိမ့်။
(မျိုးဆက်နှင်းဆီပွင့် ကဗျာမှ...)

လွန်ခဲ့သော ဆယ်စုတစ်ခုလောက်ကတော့ ကတ်္တိပါလမ်းခွဲအုပ်စုက ဆရာ့ရဲ့ မုဆိုးစိုင်သင် သဘောတရားကို
ခြေခြေမြစ်မြစ် ထင်ထင်သာသာ ထုတ်ဖော်မပြောဆိုနိုင်ဘဲ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်များလည်း ရှိခဲ့သေး၏။

ကျွန်တော်က မုဆိုးစိုင်သင်သဘောတရားကို လက်ခံသည်။ ယင်းတရားသည် ကဗျာမှရယ်လို့မဟုတ် ဘယ်ပညာရပ်နယ်ပယ်တွင်မဆို အသုံးတည့်နေဆဲသဘောတရားဖြစ်သည်။ ခေတ်မီနေဆဲဖြစ်သည်။ ကြာရိုးမာနေဆဲ ဖြစ်သည်။ ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာ အယူအဆများမှာ စဉ်းစားစရာ မရှိမဟုတ်။
ဆွေးနွေးစရာမရှိမဟုတ်။ ရှိတော့ရှိပါသည်။ ဥပမာ- ဆရာက လေးလုံးစပ်လင်္ကာနည်းသည် သူ့အတွက်တော့ လုံလောက်သည်ဟူ သောစကားအပေါ်တွင် ဆရာသည်လုံးဝတာဝန်ယူရတော့မည့် ပုဂ္ဂလသမိုင်း ဆိုင်ရာ စကားဖြစ်ခဲ့သည်ကို ကျွန်တော်တို့ သတိမူမိသည်။ ယခုအချိန်၌ ကျွန်တော်တို့သည် ဆရာဒဂုန်တာရာ၏ ကဗျာများကို ဖတ်ရှုလျှင် ကျောက်ခေတ်ဂူနံရံတစ်ခုပေါ်က ဆေးရေးပန်းချီကားတစ်ချပ်ကိုတွေ့ ရသလို
ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ ယခုအချိန်တွင် ကျွန်တော်တို့ ရင်ထဲ၌ လေးလုံးစပ် သို့တည်းမဟုတ် လေးလုံးစပ်ကို
ဖြည်ချလိုက်သည့် လင်္ကာသွားကိုခံစားလို့ လုံးဝမရနိုင်တော့သည်ကိုမူ မည်သူမျှငြင်းနိုင် လိမ့်မည်မဟုတ်။

သို့သော် ဆရာဒဂုန်တာရာ၏ အယူအဆရေးရာ ကိစ္စ၌ ဘော်ဘီလို စစ်ရာဇ၀တ်ကောင်ကို ခွင့်လွှတ်နိုင်သည့် သတ်္တိခွန်အားမျိုး၊ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ဖို့ နှလုံးသွင်းပုံမျိုး၊ ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ မတူသူတွေအတူတကွ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၊ မဟာငြိမ်းချမ်းရေးဆိုင်ရာ ဒဿနများကိုမူ ကျွန်တော်တို့အဖို့ လက်တွေ့ကျင့်သုံးရန် တွန့်ဆုပ်နေမိဆဲ။

ကျွန်တော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ဖတ်ကာ ဆရာဒဂုန်တာရာ၏ မှန်သားပြင်ကို ထုခွဲဖို့ ကြိုးစားကြည့်ခဲ့၏။ မှန်သားဖန်သားပြင်က ကွဲမသွား...။ ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာက မှန်သား ပြင်ပေါ်တွင် အထင်အရှားရှိနေဆဲ။ တစ်ချိန်ကမူ ဂျပန်အမျိုးသား ဒဿနပညာရှင် ဖူကူယားမားကသမိုင်းသည် နိဂုံးချုပ် သွားပြီဟုဆိုခဲ့သည်။ ဆရာဒဂုန်တာရာကမူ သမိုင်းသည် နိဂုံးမချုပ်ဟု အစောဆုံးကန့် ကွက်ခဲ့၏။ မှန်သည်။ သမိုင်းသည် နိဂုံးမချုပ်သေး။ အထူးသဖြင့် ဒဂုန်တာရာ၏ သမိုင်းသည် နိဂုံးမချုပ်သေး။

ကျွန်တော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကိုဖတ်ကာ မှန်သားပြင်တစ်ခုကို ထုခွဲဖို့ ကြိုးစား ကြည့်ခဲ့၏။ သို့သော် ... မှန်သားပြင်က ကွဲမသွား။ မှန်သားပြင်ထဲကဆင့် ဆရာဒဂုန်တာရာက ကျွန်တော့်ကို ကြင်နာလေးနက် စွာ ပြန်ကြည့်နေ၏။ ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 65 guests online