www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > နှစ်လေးဆယ် လမ်းလျှောက်နေဆဲ ဇာတ်ကောင်များ

နှစ်လေးဆယ် လမ်းလျှောက်နေဆဲ ဇာတ်ကောင်များ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

                                                          (က)

ပြီးခဲ့တဲ့လပိုင်းလောက်က ကျွန်တော့် မိတ်ဆွေတချို့နဲ့ သတင်းဌာနတချို့ဆီကရတဲ့ သတင်းအရဆိုရင် ကွယ်လွန်သူ စာရေးဆရာ “နိုင်ဝင်းဆွေ” ရဲ့ ၀တ္ထုတချို့ကို ပြန်လည် ထုတ်ဝေခွင့်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပထမတော့ ကျွန်တော် အံ့အားသင့်ပါတယ်။ ဘာပြုလို့လဲဆိုတော့ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခု အတွင်း ဆရာနိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေ ပြန်လည်ထုတ်ဝေခွင့်မပြောနဲ့ သူ့ နာမည်ကိုတောင်မှ ဖော်ပြခွင့် မရခဲ့တဲ့ အနေအထားမှာ ဒီလိုသတင်း မျိုးကို ကြားရတော့ ကျွန်တော် တကယ့်ကို မင်သက်မိခဲ့တာပါ။

ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ သံသယဖြစ်မိတဲ့ အချက်တော့ ရှိပါတယ်။ ဆရာ နိုင်ဝင်းဆွေရဲ့ လုံးချင်းဝတ္ထု (၁၀)အုပ် ရှိတဲ့အနက် တချို့စာအုပ်တွေကတော့ ထုတ်ဝေခွင့် ရမှရနိုင်ပါ့မလားဆိုတဲ့ အချက်ပါ။ အခုပဲ ပထမအသုတ် ထပ်မံထုတ်ဝေခွင့် ရတော့မယ်ဆိုပြီး စီစစ်ရေးကကျလာပါပြီလို့ဆိုတဲ့ ၀တ္ထုတွဟာ တကယ်တော့ နိုင်ငံရေး နောက်ခံနဲ့
ရေးတဲ့ ၀တ္ထုတွေ မဟုတ်ကြပါဘူး။ စီစစ်ရေးက ကျလာပြီဆိုတဲ့ဝတ္ထုတွေက “မဟူရာမေတ္တာ” နဲ့ “နွေတစ်ည” ၀တ္ထုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စီစစ်ရေးက ရှောရှောရှူရှူ ချပေးလိုက်တာလို့ ယူဆနိုင်ပါတယ်။ ကျန်တဲ့ဝတ္ထုတွေ ထဲက “မသိန်းရှင်ဆီ ပို့ပေးပါ” နဲ့ “ဘ၀စာမျက်နှာ များ” ၀တ္ထုတွေကိုတော့ ထပ်မံထုတ်ဝေခွင့် ရကောင်းမှ ရနိုင်လိမ့်မယ်ဆိုတဲ့သံသယ ကျွန်တော့်မှာ ရှိပါ တယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီဝတ္တုတွေက ခေတ်ပြိုင် ဘ၀သရုပ်ဖော်ဝတ္တုတွေ ဖြစ်တဲ့အတွက် နိုင်ငံ ရေးနောက်ခံရှိတယ်လို့ စီစစ်ရေးက ယူဆနိုင်စရာ ရှိနေလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း (၂၀) ကျော် မြေမြှုပ်သဂြုင်္ိဟ်ခြင်း ခံထားရတဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာပေ လက်ရာတွေကို ပြန်လည် ဖတ်ရှုနိုင် တော့မယ်ဆိုတဲ့ သတင်းကတော့ မင်္ဂလာသတင်းပါပဲ။ ပြီးတော့ “မသိန်းရှင်ဆီ ပို့ပေးပါ” လိုဝတ္ထုမျိုးကို ထပ်မံထုတ်ဝေခွင့် ရမယ်ဆိုရင်တော့ တကယ့်ကို မဟာ့ မဟာမင်္ဂလာသတင်းလို့ ဆိုရပါလိမ့်မယ်။

                                                            (ခ)

“မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထုကို ကျွန်တော့်အဖို့ ဒီတစ်ကြိမ်ပါနဲ့ဆိုရင် လေးကြိမ်မြောက် ဖတ်ဖြစ်ခြင်းပါပဲ။ ပထမ သုံးကြိမ်တုန်းက နှစ်သက်လွန်းလို့ ဖတ်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ကတော့ လိုအပ်လို့ကို ဖတ်ခဲ့တာပါ။ လွန်ခဲ့တဲ့ မတ်လပိုင်းထဲမှာ နိုင်ဝင်းဆွေရဲ့ “မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထုကို ကျွန်တော့် ဘလော့မှာ အပိုင်းလိုက် ရိုက်ပြီး တင်ပေးခဲ့ပါတယ်။ ဆရာနိုင်ဝင်းဆွေရဲ့ဝတ္ထုတွေကို ဒီဘက်ခေတ် လူငယ်တွေ မဖတ်ဖူးသေးတာကို
ဖြည့်ဆည်း ပေးတဲ့သဘောနဲ့ ပြည်တွင်းမှာ သူ့ဝတ္ထုတွေ ပြန်လည်ထုတ်ဝေခွင့် မရတာကိုလည်း ချေဖျက်တဲ့သဘောနဲ့ ကျွန်တော့်ဘလော့မှာ သူ့ဝတ္ထုတချို့ အစအဆုံး ရိုက်တင်ဖို့ လုပ်ခဲ့တာပါ။ ဒီဝတ္ထုကို ကျွန်တော့်ဘလော့မှာ
ပြန်တင်တော့ အကျအပေါက် အမှားအယွင်းတွေ မရှိရအောင် စကားလုံး တစ်လုံးချင်းဆီ ပြန်ဖတ်ရပါတယ်။ ဒီလို အလုပ်သဘောဆန်ဆန် လိုအပ်လို့ ပြန်ဖတ်ရတဲ့အခါ ဟိုတုန်းက ဒီဝတ္ထုကိုဖတ်စဉ်တုန်းက ရင်ခုန်ပုံမျိုးမဟုတ်တဲ့ ထူးခြားတဲ့ရင်ခုန်ပုံမျိုး ရလိုက်ပြန် ပါတယ်။

“မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထုရဲ့ နောက်ခံကာလဟာ ၁၉၆၄ ခုနှစ် ၀န်းကျင်ကာလ ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ် စီးပွားရေးစနစ်က မွေးထုတ်တဲ့ မှောင်ခိုစီးပွားရေးလုပ်ငန်းရဲ့ အစဦးပိုင်းကာလ ဖြစ်ပါတယ်။ ထန်းလျက် မှောင်ခို ကုန်ကူးတဲ့ (ထန်းလျက် ကုန်သည်ဒိုင်အတွက် ထန်းလျက်သယ်ပေးရသူ ကယ်ရီသမားသာ ဖြစ်ပါတယ်။) ဆင်းရဲသူ မိန်းမပျိုတစ်ဦးနဲ့ ရထားလိုက်လက်မှတ်စစ် မီးရထားဝန်ထမ်း လူငယ်တစ်ဦးတို့ရဲ့ မေတ္တာဘွဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

ဒီဝတ္ထုရဲ့ အဖွင့်စာမျက်နှာများဟာ အင်မတန်ရသမြောက်တဲ့ စာမျက်နှာများ ဖြစ်ပါတယ်။ ဒီအဖွင့်စာမျက်များသည် ပင်လျှင် ဒီဝတ္ထုကို အစမှအဆုံး တစ်ထိုင်တည်းနဲ့ ဆုံးအောင်ဖတ်ချင်စိတ်ဖြစ်ဖို့ အာမခံနိုင်တဲ့ စာ မျက်နှာများ
ဖြစ်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ဥပမာအနေနဲ့ ၀တ္ထုရဲ့ပထမဆုံးစာပိုဒ်တချို့ ကျွန်တော် တင်ပြလိုက်ပါတယ်။

( ၁၉၆၄ ... နှင်းထုကြီး ပိတ်ဆို့ မှောင်ပိန်းနေသော နံနက်များ၌ ရထားကြီးသည် ဘူတာရုံရှေ့မှ ထွက်ခွာရန်
ကြောက်ရွံ့ တုန်လှုပ်နေသည်။ မထွက်ခွာ၍လည်းမဖြစ်။ သူသည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်း တညူညူဖြင့် ထွက်ခွာရတော့သည်။ ရှေ့နား ကွက်ကွက်ကလေးသာ မြင်ရသည့် မီးမောင်းကို ဖွင့်လိုက်သည်။
ဖြတ်သန်းမှု အရှိန်ရလာလျှင် သူ့သွေးများသည်လည်း ဆူပွက်လာကာ သူသည် တစ်စ တစ်စ အကြောက် ပျယ် လာနေသည်။ တောင်တွင်းကြီးဘူတာရုံ ပလက်ဖောင်း မီးရောင်များကို လွန်လာခဲ့လျှင် သူသည် သူ့ကိုယ်သူ အားပေးသည့်  ဥသြသံရှည် တစ်ချက်ကို ညှစ်ထုတ် အော်ဟစ်လိုက်သည်။

ချက်ချင်း သူ့ဥသြသံကို ပတ်ဝန်းကျင်မှလာသော သြဘာကောင်းချီးသံများဟု ကယောင်ကတမ်းဖြင့် တွေးကာ သူသည် အမှားမှား အယွင်းယွင်း အားတက်လာသည်။ ပို၍ မှောင်ပိန်းနေသော အမှောင်ထုကြီး အတွင်းသို့
သွေးရူးသွေးတန်းဖြင့် ခွဲဖြတ် ၀င်ရောက်နေသည်။

ကျွန်တော်သည် ဤရထားကြီး၏ စက်ကိရိယာ အစိတ်အပိုင်းတစ်ခုလိုပင် တွဲတစ်တွဲ၏ ထောင့်ဘက် အမှောင်ရိပ်ထဲမှ လိုက်ပါနေရသည်။ ကျွန်တော်သည် ပီပီပြင်ပြင် မမြင်ရသည့် တောင်တွင်းကြီးမြို့ကို အမှတ်မထင် ကြည့်လာခဲ့သည်။

ဘူတာရုံမှ မီးရောင်များသည် နောက်သို့ ဆုတ်ပြေးကာ သေးငယ်နေရစ်ခဲ့သည်။ မြို့ဘက်မှ လမ်းဓာတ်မီးတိုင် အရောင်များသည် ရထားကြီးပေါ်သို့ ဖျတ်ခနဲ လာထိနေကြလျက်၊ မြို့ကြီးမှာ ငြိမ်သက်နေလျက်၊ ရခိုင်ဘုရား ပျက်ကြီး၏ ထုထည်သည် အမှောင်ရိပ်ထဲမှ အမှောင်မည်းကြီး တစ်ခုအဖြစ်ဖြင့် အမြင်၌ ဖြတ် သန်းနေခဲ့လျက်၊ ရထားကြီးသည် အကွေ့အရှည်ကြီး၌ ဖြည်းဖြည်းရွေ့ရွေ့ ကွေ့လိုက်၏။) ဒီဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်များဟာ ခဲရာခဲဆစ်ဖန်တီးယူရတဲ့ ဇာတ်လမ်းဇာတ်ကွက်များတော့ ဟုတ် ဟန်မတူပါဘူး။ သာမာန်အားဖြင့်ဆိုရင် စာဖတ်အားကောင်းသူ အများစုက ဇာတ်ကွက်တချို့ကို ကြိုတွေး လို့ ရနိုင်လောက်အောင် ရိုးစင်းတဲ့ဇာတ်လမ်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာ “မောင်စွမ်းရည်” ပြော တဲ့ ထိုအချိန်တုန်းက ထုထည်ကြီးမားလှတဲ့ “အပစ်အခတ်၊ အညှစ်အသတ်၊ အညစ်အပတ်” ၀တ္ထု စာရင်း ၀င် မဟုတ်တာ တစ်ခုတည်းနဲ့ “မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထုရဲ့ ဂုဏ်ဟာ သန့်စင်မြင့်မားနေတဲ့သဘော ရှိ တယ်လို့ ယူဆမိပါတယ်။ စာရေးသူကိုယ်တိုင်က မီးရထားဝန်ထမ်း တစ်ဦးဖြစ်တာမို့ သူ့ဘ၀ ကိုယ်တွေ့ တချို့ကို ရသအဖွဲ့အနွဲ့များနဲ့ ယှယ်ထားလိုက်တဲ့သဘောမို့ “မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထုဟာ မြန်မာဂန္တ၀င် မြောက် ၀တ္ထုတစ်ပုဒ် ဖြစ်လာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ခေတ်ပြိုင်မှားယွင်းသော စီးပွားရေးစနစ်တစ်ခုရဲ့ သားကောင်များ၊ အနိဋ္ဌာရုံများကို ပီပြင်ထင်ရှားစွာ ထင်ဟပ်ဖော်ပြနိုင်သဖြင့်လည်း ခေတ် တစ်ခေတ်ရဲ့ ရသမှတ်တမ်းဝင် သမိုင်းသက်သေ ၀တ္ထုတစ်ပုဒ်အဖြစ် လက်ခံခဲ့ကြရမယ့် သဘောရှိပါတယ်။

ဇာတ်လမ်းအရ ရိုးစင်းတဲ့ဇာတ်လမ်း တစ်ပုဒ်သာဖြစ်တယ်လို့ ကျွန်တော် အထက်က ပြောခဲ့ပါတယ်။
တောင်တွင်းကြီးမြို့နဲ့ ကျောက်ပန်းတောင်းမြို့ကြား ခုတ်မောင်းတဲ့ ရထား တစ်စင်းပေါ်က အချစ်ဇာတ် လမ်းတစ်ပုဒ်
ဖြစ်ပါတယ်။ ထန်းလျက်မှောင်ခိုကူးတဲ့ ဆင်းရဲသူမိန်းမပျိုလေး ညိုညိုနဲ့ ရထားလိုက် လက်မှတ်စစ် ကိုရင်မောင်တို့ရဲ့ လွမ်းမောဖွယ် အချစ်ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ဒါဆိုရင် ဘာပြုလို့ ဒီဝတ္ထုကို လူတွေ အာရုံစိုက်ခဲ့ကြရသလဲ။ ဒီဝတ္ထုကို ဘာပြုလို့ ထပ်မံထုတ်ဝေခွင့် ရကောင်းမှရနိုင်မယ်လို့ ကျွန်တော် ယူဆခဲ့တာလဲ။ ခိုင်မာတဲ့ သက်သေတွေ ဒီဝတ္ထုမှာ ရှိပါတယ်။

                                                         (ဂ)

ပထမပိုင်းအနေနဲ့ ဒီဝတ္ထုရဲ့ အတတ်ပညာပိုင်းကိစ္စကို ကျွန်တော်အရင် ပြောချင်ပါတယ်။ ဆရာ “နိုင်ဝင်းဆွေ” ဟာ ““မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုကို ဇာတ်ရှိန်တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ မြှင့်တင်သွားတဲ့ နည်းနဲ့ ရေးပါတယ်။ ပဟေဠိဆန်ဆန် ဇာတ်လမ်းဆင်တာမျိုးလုပ်ပြီး စာဖတ်သူကို ဆွဲခေါ်သွားတာမျိုး မဟုတ်ပေမယ့်၊ စာဖတ်သူက
နောက်ဆုံးမှာ ဒီလိုပဲ ဖြစ်လာတော့မှာပဲဆိုတဲ့ ခန့်မှန်းသိ သိနေနိုင်ပေမယ့် ဇာတ်ဝင်ခန်း တစ်ခန်းပြီးတစ်ခန်း မဖြစ်မနေ ဆက်ဖတ်ချင် လောက်အောင် ရေးဖွဲ့သွားနိုင်တာကတော့ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ အတတ်ပညာ အရ အောင်မြင်မှုပါပဲ။ ကိုရင်မောင်က ရထားလိုက်လက်မှတ် စစ်၊ ညိုညိုက ပထမ ကုန်စိမ်းရောင်းသူ။ မျက်မမြင်ဖခင် လူမမာမိခင်နဲ့ မောင်ငယ်ကလေးကို လုပ်ကိုင် ကျွေးရသူ။ ရထားလက်မှတ် ၀ယ်မစီးနိုင်သူ။ တစ်နေ့ ရထားလက်မှတ် ၀ယ်မစီးသူ ညိုညိုကို လက်မှတ်စစ် ကိုရင်မောင်က ဖမ်းဆီးမိရာကစလို့ သူတို့နှစ်ဦး သိကျွမ်းရင်းနီးကြ။တစ်နေ့တခြား ကျဉ်းမြောင်းကျပ်တည်း လာတဲ့ စီးပွားရေးဒဏ်ကြောင့် နောက်ဆုံးတော့ ညိုညိုက တင်းခံတောင့်ခံ ထားသည့်ကြားမှ ထိုစဉ်က တားမြစ်ကန့်သတ်ကုန် တစ်ခုဖြစ်သည့် ထန်းလျက်ကို မှောင်ခိုကူးရသည့် အဆင့်အထိ လုပ်ကိုင်လာခဲ့ရ။
နောက်ဆုံးတော့ စိတ်ဓာတ် နှင့် အကျင့်စာရိတ္တပျက်ပြားသူ လက်မှတ်စစ် ထွန်းမောင်က ညိုညိုကို ရထားပေါ်တွင် လိုက်လံဖမ်းဆီးဖို့ ကြိုးစားစဉ် ညိုညိုက မထင်မှတ်ပဲ ရထားအကြိတ်ခံလိုက်ရလို့ သေဆုံးသွားရတဲ့ ကြေကွဲစွာ နိဂုံးချုပ်ထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီဝတ္ထုရဲ့ အတတ်ပညာရေး အောင်မြင်မှုက စာဖတ်သူတိုင်းလိုလို ညိုညိုနဲ့ ကိုရင်မောင်တို့ရဲ့ အပြုအမူ၊ အနေအထိုင် အဆက်အဆံ ကိစ္စဟူသမျှ မျက်စေ့ထဲ စွဲထင်နေစေလောက်အောင် ဖွဲ့နိုင်ရေးနိုင်တာ တွေ့ ရပါတယ်။
တောင်တွင်းကြီး ဘူတာ ဦးကောင်းဇုံဈေးဆိုင်ရှေ့ ညောင်ပင်အောက်က ထိုင်ခုံမှာ ညိုညိုက ထိုင်နေစဉ် ရထားကြီး
ကွေ့ဝင်လာပုံ၊ ကိုရင်မောင်က အဝေးကြီးကတည်းက ညိုညိုကို လှမ်မြင်နေရပုံ၊ သူတို့နှစ်ယောက် ထန်းလျက်
မှောင်ခိုကုန်ကူးရသည့် အခြေအနေ ဖြစ်လာသည့်တိုင် တစ်ယောက်နဲ့ တစ်ယောက် ထုတ်မပြောဘဲ စိတ်ခံစားချက် ကိုယ်စီနဲ့ ကြေကွဲကြရပုံ၊ ရထားဂါတ်ဗိုလ်တွဲပေါ်မှာ ကိုရင်မောင် က သူလက်ဆောင်ပေးတဲ့ အနီရောင်ပ၀ါစလေးကို ညိုညိုက လက်မခံရပါကောင်းလားဆိုပြီး ရထားပေါ် က ပစ်ချလိုက်တဲ့အခါ လမ်းပြင်အလုပ်သမားတွေက ရထားကြီးနောက်မှာ အပြေးအလွှားလိုက်ပါ ကောက် ယူနေကြ ပုံ၊ ၀ှက်ထားတဲ့ထန်းလျက်တောင်း အဖမ်းခံလိုက်ရလို့ ငိုယိုအသနားခံနေသူ ဆံပင်များ ဖွေးဖွေး ဖြူနေတဲ့ အမယ်အိုတစ်ဦးရဲ့ မြင်ကွင်း၊ အစရှိတဲ့ဇာတ်ကွက်ပြကွက်များက
နောင် ဒီဝတ္ထုကို ဖတ်မိသူအား လုံး ဆုံမိသည့်အချိန်တိုင်း တသသပြောမဆုံး ခံစားလို့မဆုံးနိုင်အောင်ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းများ ဖြစ်ခဲ့ပါ တယ်။ ထန်းလျက်မှောင်ခိုကုန်ကူးရင်း ဘ၀ပျက်ကြရတဲ့ မအေးသွယ်၊ တင်တင်၊ မအေးရွှေ တို့လို အမျိုး သမီးများ၊ ရထားရဲများ၊ ဂတ်ဗိုလ်များ၊ လက်မှတ်စစ်များ၊ ရှာဖွေရေးဝန်ထမ်းများအစရှိတဲ့ မှောင်ခို ကုန် လောက အမှောင်အတွင်း ပျက်စီးခြင်းမက ပျက်စီးနေတဲ့ လူပုဂ်္ဂိုလ်များရဲ့ စရိုက်လက္ခဏာများကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးဖွဲ့နိုင်တာ တွေ့ရပါတယ်။

ဒုတိယပိုင်းအနေနဲ့ “မသိန်းရှင်ဆီပို့ပေးပါ” ၀တ္ထု အကြောင်းအရာပိုင်းကို ကျွန်တော် ပြောချင်ပါတယ်။ ၀တ္ထုရဲ့ ဦးတည်ချက်  ဒီဝတ္ထုကပေးတဲ့ ဒဿနကို လေ့လာခြင်း ဖြစ်ပါတယ်။

ဆရာနိုင်ဝင်းဆွေက “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုမှာ လူတွေ အကျင့်စာရိတ္တပျက်ပြားရခြင်းဟာ စနစ်ကြောင့်
ဖြစ်တာဆိုတဲ့ အယူအဆနဲ့ရေးထားတာ တွေ့ရပါတယ်။ ငါ့ ၀မ်းပူစာမနေသာလို့ အစိုးရ ကန့်သတ်ထားတဲ့ ထန်းလျက်မှောင်ခိုကုန်ကူးကြရတာ ဖြစ်တယ်။ မှောင်ခိုကုန်တွေ လွတ်အောင် ရှောင်ကြ ရှားကြ ပေးကြကမ်းကြ ရင်းက လူတွေ စာရိတ္တပျက်ပြားရခြင်း ဖြစ်တယ်။ ၀န်ထမ်းတွေ အားလုံးလည်း ဒီမှောင်ခိုကုန်ကူးခြင်း အမှောင်တိုက် အတွင်းက သားကောင်များသာ ဖြစ်တယ်ဆိုတဲ့ အယူအဆကို အခြေခံပြီးမှ ရေးခဲ့တာ အထင်အရှား တွေ့ရပါတယ်။ ဒီအယူအဆကို အခြေခံတယ်ဆိုပေမယ့် စာရေး သူကတော့ သူ့ဝတ္ထုထဲမှာ ဒီအယူအဆနဲ့ ပတ်သက်ပြီး အတုံးလိုက် အတစ်လိုက် ဖော်ပြတာမျိုး၊ ဇာတ်ကောင် တစ်ဦးဦးကတစ်ဆင့် တရားဝင်ဟောတာမျိုး လုံးဝမလုပ်ဘဲ စာဖတ်သူ
တွေကို တဖြည်းဖြည်း တွေး ထင်သိမြင်လာစေအောင် သိမ်မွေ့ညက်ညောစွာ ရှင်းပြလိုက်တဲ့ သဘောနဲ့ရေးတာ
တွေ့ရပါတယ်။

စာရေးသူက လူတွေ အကျင့်စာရိတ္တပျက်ပြားရခြင်းဟာ စနစ်ဆိုးကြောင့်ဖြစ်တယ် ဆိုတဲ့အချက်ကို ပေးချင်
ပြောချင်တဲ့ သဘောလို့  ယူဆရပါတယ်။

“မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုဟာ အတတ်ပညာနဲ့ အကြောင်းအရာကို အံဝင်ခွင်ကျ ပေါင်းစပ်မိအောင်ရေးတဲ့ ၀တ္ထုအဖြစ် ထင်ရှားခဲ့ပါတယ်။
                                                         (ဃ)

“နိုင်ဝင်းဆွေ” ရဲ့ “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုဟာ စင်းလုံးချော လူတိုင်းခြွင်းချက်မရှိ လက်ခံထားကြတဲ့ ၀တ္ထုတစ်ပုဒ်
တော့ မဟုတ်ပါဘူး။ ဒီဝတ္ထုနဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်ကြသူတွေလည်း ရှိပါတယ်။ ဥပမာ-ဒီဝတ္ထုဟာ “ဘ၀သရုပ်ဖော်” သက်သက်ဝတ္ထုသာ ဖြစ်တယ်။ လူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုပဲ ကွက် ပြီးဖော်ပြတဲ့ဝတ္ထု
ဖြစ်တယ်။ တကယ်တော့ လူတွေ ဒီအမှောင်ထုအတွင်းက ဘယ်လို ဖောက်ထွက်ရမလဲ ဆိုတဲ့ “ထွက်ပေါက်” ကို
ဖော်ပြပေးနိုင်တဲ့ “ဘ၀သရုပ်မှန်ဝတ္ထု တစ်ပုဒ်တော့ မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှု တွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ထန်းလျက်မှောင်ခိုသမလေး ညိုညို ရထားအကြိတ်ခံရလို့ ဒေါသ ပေါက်ကွဲနေတဲ့ ကိုရင်မောင်က လက်မှတ်စစ် ထွန်းမောင်ကို မထနိုင်တဲ့အထိ လဲကျသွားအောင် ထိုးကြိတ် လိုက်တဲ့အချက်ဟာ တကယ်တော့ ထွက်ပေါက် အမှားသာဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ညိုညိုနဲ့ ကိုရင်မောင်နည်းတူ ထွန်းမောင်ဟာလည်း စနစ် တစ်ခုရဲ့ သားကောင်သာဖြစ်ပြီး သားကောင် အချင်းချင်း ရန်သူလိုဖြေရှင်းခြင်းဟာ မှားယွင်းတဲ့ ဖြေရှင်းနည်းသာ
ဖြစ်တယ်ဆိုတဲ့ ဝေဖန်သံများကိုလည်း ကြားခဲ့ကြရပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုရဲ့ဂယက်ဟာ ကြီးပါတယ်။ ၁၉၆၅နဲ့ ၁၉၇၅ ခုနှစ်၊ ဆယ်စုနှစ် တစ်ခုအတွင်း စကားပြေအရေးအသား အကောင်းဆုံးစာရေးဆရာ ဖြစ်တယ်ဆိုတဲ့ အောင်မြင်မှုမျိုးအထိ ပြောဆို သတ်မှတ် ထင်ရှားခဲ့သူ စာရေးဆရာ နိုင်ဝင်းဆွေဟာ ဒီလိုဝတ္ထုမျိုး ရေးနိုင်စွမ်းရှိလို့သာ အခုလို သတ်မှတ်ချီးကျူး ခံရတာ ဖြစ်ပါတယ်။ ဒီဝတ္ထု ပထမအကြိမ်ထုတ်ဝေစဉ်က အမှာစာ ရေးပေးခဲ့သူ ကဗျာဆရာကြီး “ဒဂုန်တာရာ” ရဲ့မှတ်ချက်ကလည်း စိတ်ဝင်စားစရာပါ။

“ယခု နိုင်ဝင်းဆွေ၏ “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုအတွက် ပြောစရာသိပ်မရှိပါ။ သူ့ဝတ္ထု ကိုယ်တိုင်ကပင်လျှင် သူ့ခေတ်၏ ပြည်သူ့ အစီရင်ခံစာတစ်ရပ်ကို တင်သွင်းထားပါသည်” လို့ ဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ အမှာစာထဲမှာ မှတ်ချက်ပေးရေးခဲ့ပါတယ်။

အခုဆိုရင် ဆရာနိုင်ဝင်းဆွေရဲ့ ၀တ္ထုတွေကို ပြန်လည်ထုတ်ဝေခွင့်ပြုတော့မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုဆိုတာက ပြည်သူတွေရဲ့ ဘ၀အမှန်ကို တစ်စုံတစ်ရာ ထင်ဟပ်ဖော်ပြ ထားတဲ့အပြင် ဒီဝတ္ထုထဲမှာဖော်ပြတဲ့ စနစ်ဆိုးတစ်ခုကြောင့် လူတွေ ဆင်းရဲမွဲတေကြရပုံ၊ ၀န်ထမ်းတွေ အကျင့်စာရိတ္တ ပျက်စီးကြရပုံတွေက လက်ရှိခေတ် အဖြစ်အပျက်တွေနဲ့ တစ်ထပ်တည်း ကျနေသေးတာမို့ စစ်အစိုးရ စာပေစိစစ်ရေး အနေနဲ့ ဒီ “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုကို ပြန်လည်ထုတ်ဝေခွင့်ပေးမှ ပေးပါ့ မလား။ စဉ်းစားဖွယ် ဖြစ်ပါတယ်။

အခုတော့ ဆရာနိုင်ဝင်းဆွေ ကွယ်လွန်တာ (၁၅) နှစ်ပြည့်ပါပြီ။ (ဆရာနိုင်ဝင်းဆွေက ၁၉၉၅ ခုနှစ် ဧပြီလ ထဲမှာ သေဆုံးခဲ့ပါတယ်။) “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုရဲ့ သက်တမ်းဟာလည်း နှစ် (၄၀) ပြည့်ပါပြီ။ ဒါပေမဲ့လည်း “မသိန်းရှင်ဆီ ပို့ပေးပါ” ၀တ္ထုထဲက ညိုညိုလို၊ ကိုရင်မောင်လို ဇာတ်ကောင်တွေကတော့ ရထားဘူတာရုံတွေ၊ ကားဆိပ်နဲ့ ဈေးတွေ၊ လူသွားလမ်း ပလက်ဖောင်းတွေပေါ်မှာ အခု ထက်ထိ တစ် ယောက်နဲ့တစ်ယောက် ပခုံးချင်းထိလုမတတ် လမ်းလျှောက် သွားလာနေကြတုန်းဆိုတာ အထင်အရှား တွေ့နေရဆဲပါ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 61 guests online