www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > ရွှေအိုရောင်ပင်မရေစီး (သို့မဟုတ်) ရုပ်သိမ်းသွားလျက်ရှိနေသော ပန်းနုရောင်ဆည်းဆာများ

ရွှေအိုရောင်ပင်မရေစီး (သို့မဟုတ်) ရုပ်သိမ်းသွားလျက်ရှိနေသော ပန်းနုရောင်ဆည်းဆာများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(က)

အိမ်အပေါ်ထပ်သို့တက်သည့် လှေကားခြေရင်းနှင့်ကပ်လျက် အခန်းပေါက်ဝတွင် လူတွေ ပြည့်ကျပ်နေသည်။ ကျွန်တော်က လူတွေများနေသည့်အတွက် ၀င်မတွေ့ရန် စဉ်းစားသည်။ လူရှင်းသည့်အခါကျမှ အေးအေးဆေးဆေး ၀င်တွေ့မည်ဟု တွေးခဲ့သေးသည်။ သို့သော် ခရီးဖေါ်များအားလုံးက အခန်းတွင်းဝင်ကာ သူ့ကိုတွေ့ဆုံနေကြသဖြင့် လူအုပ်မကွဲစေရန် အခန်းတွင်း ၀င်လိုက်သည်။ သူ့ကို ပက်လက်ကုလားထိုင် တစ်လုံးပေါ်တွင် အ၀တ်စတစ်ခု ပုံချထားသလို ထိုင်နေသည်ကို တွေ့ရသည်။ ထိုင်နေသည်ဟု ဆိုသည်ထက် ပက်လက်ကုလားထိုင်ပေါ် တင်ထားပေးသည်ဟုဆိုလျင် ပိုပြီးမှန်မည်ထင်သည်။ သူသည်မျက်လုံးများကို ပိတ်လျက်။ ခန္ဓာကိုယ်က မလှုပ်မရှက်။ ကုလားထိုင်လက်ရမ်းပေါ်က သူ့လက်များက ငြိမ်သက်လျက်။

သူ့မျက်နှာနှင့် သူ့ခန္ဓာကိုယ်ကို အသေအချာကြည့်သည်။ သူသည် အသက်မှ ရှူသေးပါ၏လောဟု မှန်းဆကြည့် မိသည်အထိ ငြိမ်သက်လျက်။

မုံရွာအောင်ရှင်က သူ့ညာလက်ပေါ်လက်တင်ကာ “ဆရာ ကျွန်တော် မုံရွာအောင်ရှင်ပါ” ဟု ပြောနေသည်။ သူ၏ နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသည်ဟု ထင်ရသည်။ သူ့ လက်ချောင်းကလေးများ အနည်းငယ်လှုပ်ရှား လိုက်သည်ဟု ထင်လိုက်ရ၏။

ကျွန်တော်တို့၏ ကြီးမြတ်သော ကဗျာဆရာကြီး “ဒဂုန်တာရာ” အဖို့၊သည်တောင်မှ အောင်မြင်အောင် ကျော်နိုင် ပါဦးမလား။

ကျွန်တော် အခန်းထဲကပြန်ထွက်ခဲ့သည်။ အခန်းတွင်းတွင်ရှိစဉ် သူ့ကို ထိုင်ကန်တော့နေစဉ်၊ အခန်းတွင်းမှ
ပြန်လည်ထွက်ခွါလာစဉ် သူအခုလို မေ့မျောတစ်ဝက် သိတစ်ဝက် ဖြစ်နေသော အခြေအနေအတွက် စိတ်ပူပန်
နေမိသည်။ သည်လိုနှင့်ပင် ငြိမ်းချမ်းရေးသမား၊ ကဗျာဆရာကြီး ဒဂုန်တာရာ မီးစာကုန်ဆီခမ်း တော့မည်လား။ ၂၀၁၃ ခု၊
မေလ၊ ၁၉ ရက်။ အောင်ပန်းမြို့။ ကျွန်တော်တို့သည် ရုတ်သိမ်းသွားနေလျက်ရှိသော ပန်းနုရောင်ညနေဆည်းဆာများ ကို ဖြတ်သန်းကာ အောင်ပန်းမြို့ကို နှုတ်ဆက်ခဲ့ကြရ၏။

                                                               (ခ)

“စစ်နှင့်ငြိမ်းချမ်းရေး” တဲ့။ တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ်။ သို့သော် ဤပြဇာတ်တွင်ပါရှိသည့် သမိုင်းဝင် ဇာတ်ကောင်များ ကား တစ်ခန်းရပ်သွားခဲ့သည့်တိုင် သူတို့ ပါဝင်ပတ်သက်ခဲ့သည့် ပြည်တွင်းစစ် ဇာတ်လမ်းကြီးကား တစ်ခန်းမက အခန်းဆက်ပေါင်းများစွာဖြင့် ဆက်လက် ကခုန်နေကြရဆဲ။ ဆရာဒဂုန်တာရာ၏ “ရွှေအိုရောင်ပင်မရေစီး” စာအုပ် “ပြဇာတ်” အခန်းတွင်ဖေါ်ပြသည့် ပြဇာတ်တစ်ပုဒ်ကိုဖတ်ပြီး ကျွန်တော် ကြေကွဲနေမိခြင်း ဖြစ်သည်။ ဇာတ်ဝင်ဇာတ်ကောင်များမှာ ၀န်ကြီးချုပ်ဦးနု၊ တောခိုကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်း၊ အစရှိသော တစ်ချိန်က အသက်ထင်ရှားအမှန်တကယ်ရှိခဲ့ကြသည့် သမိုင်းဝင်ပုဂ်္ဂိုလ်များ။ တစ်ချိန်က သူတို့မျက်မှောက် လက်ထက်မှာပင်
ပြည်တွင်းစစ်မီးကြီး ထတောက်ခဲ့ပြီး ယင်းစစ်ကြီးကို သူတို့လက်ထက်မှာပင် အပြီးသတ်ငြှိမ်းသတ် လိုက်နိုင်သည့်
သဘော ပြဇာတ်ရေးထားခြင်းဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရှေ့မှောက်မှာတွင် ပြည်တွင်းစစ် တာဝန်ရှိသူများ၊ နှစ်ဖက် ရင်ဆိုင်တိုက်ခိုက်နေကြသူများ ပြန်လည်ဆုံတွေ့ကာ ငြိမ်းချမ်းရေးယူလိုက်ကြသည့် သဘောသက်ဝင်သည့် ဇာတ်လမ်းကို ပြဇာတ်အဖွဲ့ဖြင့် ရေးဖွဲ့တမ်းတထားခြင်း ဖြစ်သည်မို့သည်ပြဇာတ်ကို ဖတ်ကာ ကျွန်တော့်မှာ ဆရာဒဂုန်တာရာအတွက် ပင့်သက်အကြိမ်ကြိမ် ချမိသည်။

သည်စာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်သော ကဗျာတစ်ပုဒ်လည်း ပါရှိသည်ကို တွေ့ရသည်။ “ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘောဇ ခရီးစဉ်အတွက် သ၀ဏ်လွှာ” ဟုအမည်ပေးထားသော ကဗျာဖြစ်သည်။ အများအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ကဗျာအများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဘုန်းတော်ဘွဲ့များကိုသာ ရေးဖွဲ့တတ်ကြလေ့ရှိသဖြင့် ယခုလို ဒေါ်အောင်ဆန်းစုကြည်အား လူထုကြားသွားလာဖို့ လမ်းညွှန်သတိပေးသည့်ကဗျာမျိုးကို ဖတ်ရတော့ တစ်မျိုးဆန်းသစ် နေလေသည်။

မြန်မာပြည်တွင် ဟစ်ဟော့ဂီတ စတင်အခြေချတော့ ဟစ်ဟော့သီချင်းများမှာ နတ်ဒိုးနှင့် သင်္ကြန်သံချပ် အခြေခံ စည်းဝါးနှင့်တူသည်ဟု ပြောသံကြားခဲ့ကြရ၏။ ဆရာဒဂုန်တာရာကမူ ကဗျာသမားပီပီကျဆုံးသွားပြီ ဖြစ်သော ကဗျာကာရန်စနစ်ကို ဟစ်ဟော့တေးဂီတတွင် ပြန်လည်တွေ့ရှိရသည်ဟု “ကာရန်စနစ်ပြန်လည်ဆန်းသစ်ခြင်းနှင့် ယနေ့လူငယ်တို့၏ ခေတ်ပြိုင်ခံစားမှု” ဆောင်းပါးတွင် ဖတ်ရသည်။

ဆရာဒဂုန်တာရာသည် မြန်မာပြည်တွင် ငြိမ်းချမ်ရေးနှင့် ပတ်သက်သောကဗျာများ အရေးသားဆုံးဖြစ်သည့် ကဗျာဆရာ တစ်ဦး ဖြစ်သည်။

ကျွန်တော်မှတ်မိသလောက် ချိုးဖြူသို့ ပန်ကြားချက်၊ သန္တာရောင်၊ ငြိမ်းချမ်းရေးဘက်တော်သား၊ ယမ်းငွေ့သဇင်ပန်းနှင့် မဆုံးသောကဗျာ၊ ပေဖူးလွှာသဇင်သပေလိမ့်၊ ကံ့ကော်ပြဿနာ၊ စစ်ပွဲဖြစ်သောည၊ အချစ်နှင့်အမုန်းစသော ကဗျာများမှာ ငြိမ်းချမ်းရေး စစ်ဆန့်ကျင်ရေး ကဗျာများဖြစ်၏။ ယခုသည် စာအုပ်ထဲတွင်မူ “စစ်မဲ့ကမ္ဘာ” ခေါင်းစဉ်ဖြင့် စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေး ကဗျာတစ်ပုဒ် ပါရှိသည်ကိုလည်း တွေ့ရသည်။

ဆရာဒဂုန်တာရာ၏  “ရွှေအိုရောင်ပင်မ ရေစီး” စာအုပ်တွင်ပါရှိသည့် ဆောင်းပါးများအနက် ကျွန်တော် အနှစ်သက်ဆုံး
ဆောင်းပါးမှာ “မိမိကိုယ်ကိုမဲဇာသို့ပို့ခြင်း” ဆောင်းပါးပင် ဖြစ်သည်။ သည်ဆောင်းပါးတွင် ဆရာဒဂုန်တာရာသုံးသည့် စကားလုံးများနှင့် ပြန်လည်ဖော်ပြရပါက၊ “ကျွန်တော်က ငြိမ်းချမ်းရေးကို ချစ်သည်။ ပန်းပွင့်၏အလှကို ချစ်သည်။ အနံ့ကိုချစ်သည်။ လစိမ်းပြက်ကို ချစ်သည်၊ မတတ်နိုင်။

“စစ်သမားတို့က အမုန်းပွားမည်။ ငြိမ်းချမ်းရေးသမားတို့က အချစ်ပွားမည်။ ဘယ်လောက်ကွာခြားသလဲ။ အမုန်းပွားသော အခါ ရန်ဘက်လိုတတ်သည်၊ စစ်ဖြစ်တတ်သည်။ အချစ်ပွားသောအခါ မိတ်ဆွေဖြစ်ချင် သည်။ အကျိုးကို လိုလားသည်။ ဘယ်လောက် ကွာခြားသလဲ” ဟု ရေးသည်ကို ကျွန်တော်ဖတ်ရသည်။

ကျွန်တော်တို့သည် ငြိမ်းချမ်းရေးသမား ကဗျာဆရာတစ်ဦး၏ ရင်တွင်းမှ တိုးညှင်းသိမ်မွေ့သော တယောသံကို နားဆင်ရသလို ဖြစ်ရ၏။


                                                                  (ဂ)

ဆရာဒဂုန်တာရာက သူ၏ “ရွှေအိုရောင် ပင်မရေစီး” စာအုပ်အမှာစာတွင် “ကျွန်တော်က ဘာမျှမဟုတ်၊ ကျွန်တော် စိတ်ကူးတည့်ရာကို ရေးတတ်သည်”ဟု ရေးလိုက်သည်။ ကျွန်တော်ကမူ သူခံယူသလို ခံယူချက်ဖြင့် သည်စာအုပ်ကို ဖတ်ရှုခဲ့ခြင်းမဟုတ်။ ကျွန်တော်တို့၏ မျက်မှောက်ခေတ် တနံတလျားအတွင်း ကျွန်တော်တို့ဖြတ်သန်း ကြီးပြင်းရသည့် ကာလကြီးအတွင်း ကြီးမြတ်သည့် လူပုဂ်္ဂိုလ်တစ်ဦး၏ ပန်းနုရောင်ဆည်းဆာများကို စောင့်ကြည့်လေ့လာနေမိခြင်းဟုသာ ခံစားနားလည် နေမိသည်။

ကဗျာဆရာကြီး ဒဂုန်တာရာ၏ (၉၄)နှစ် မြောက်မွေးနေ့ပွဲကျင်းပရာ ဟိုပုန်းမြို့မှအပြန် ကားပေါ်တွင်ပါလာသည့် ပုဂ်္ဂိုလ်များအားလုံး တစ်ဦးချင်းစီသီချင်းဆိုဖို့၊ စကားအနည်းငယ် ပြောဖို့၊ ကဗျာရွတ်ဖို့ တောင်းဆိုသည့်အသံများ ဆူညံလျက် ရှိနေသည်။ လူအတော်များများက ကားမောင်းဆရာ ဘေးနားတွင် သွားရပ်ကာ စကားပြောကြသည်။ သီချင်းဆိုကြသည်။ ကဗျာရွတ်ကြသည်။ ထိုအစီစဉ်ထဲတွင် စုံတွဲသီချင်းသီဆိုသူ လူငယ်များက အဆိုကော ဟန်အမူအယာပါ ပီပီပြင်ပြင်ဆိုနိုင် သရုပ်ဆောင်နိုင်သဖြင့် ကားပေါ်က လူတွေအားလုံး၏ အိတ်ကပ်ထဲက ပိုက်ဆံများကို ဆုအဖြစ် နှိုက်ယူသွားနိုင်ခဲ့ကြသည်။ ကျွန်တော်သည်ပင်လျှင် ဆုငွေနှစ်ထောင်ကျော် ထွက်သွားသည်။

ကျွန်တော်ကတော့ အခုလို ဆုချရသည်ကို ကျေနပ်သည်။ သီချင်းဆိုကြ သရုပ်ဆောင်ကြသူများမှာ ခဏတာအားဖြင့် ချစ်သူများ ဖြစ်သွားကြသောကြောင့် ဖြစ်သည်။ နားထောင်ကြသူများသည်လည်း အချစ်စိတ်ဖြင့် ငြိမ်းချမ်းကြရသည်။

လောက၌ အချစ်စိတ်ဖြင့်သာ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ရနိုင်သည်ဟု ဆရာဒဂုန်တာရာက သူ၏ “ရွှေအိုရောင်ပင်မရေစီး” စာအုပ်တွင် ရည်ညွှန်းခဲ့သည် မဟုတ်ပါလော။ ။

စာအုပ်အမည် ။ ။ ရွှေအိုရောင်ပင်မရေစီး
ရေးသူ          ။ ။ ဒဂုန်တာရာ
ထုတ်ဝေခုနစ် ။ ။ ပထမအကြိမ်၊ အောက်တိုဘာလ၊ ၂၀၁၃
ထုတ်ဝေသူ   ။ ။ ဒေါ်သင်းသင်းမွန်(သင်းစာပေ)
အုပ်ရေ         ။ ။ ၅၀၀
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 45 guests online