www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၂၃ ဖေဖေါ်ဝါရီ ၂၀၁၈

Mizzima Burmese

အရှုံးမပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသို့ ပေးပို့လာသည့် HIV နှင့် အသက်ရှင်နေထိုင်သူတို့၏ ပေးစာများကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။ ကာယကံရှင်တို့၏ အမည်များကို ပြောင်းလဲထားသည်။

နွေးထွေးမေတ္တာ လိုနေပါသည်

ကျမရဲ့နာမည်က မတူးတူးပါ။ ကျမတို့က အောင်ပန်းမြို့မှာ အခြေချနေထိုင်တဲ့ ပျော်ရွင်ဖွယ်ရာမိသားစုလေးပေါ့။ ကျမခင်ပွန်းရယ် ကျမရယ် ကျမတို့ရဲ့သမီးကလေးရယ် အတူတူနေကြပါတယ်။ ဒီလိုနဲ့တနေ့ ကျမအမျိုးသားမှာ HIV ပိုးရှိနေတယ်ဆိုတာ သိလိုက်ရတော့ ကျမအရမ်း တုန်လှုပ်သွားခဲ့တယ်။ ဒါပေမယ့် HIV ပိုးက ကျမကိုလည်း ချမ်းသာမပေးခဲ့ပါဘူး။ စစ်ဆေးကြည့်လိုက်တော့ ကျမမှာလည်းရှိနေခဲ့တယ်။

ရောဂါဖြစ်တယ်လို့ သိကာစတုန်းကတော့ သူများတွေသိမှာလည်း စိုးရိမ်တော့ ဘယ်သူ့မှမပြောဘဲ ကြိတ်ကုခဲ့တယ်။ ဘာမှမကျန်တော့မှ သူ့မိဘကိုဖွင့်ပြောပြီး သူ့မိဘ အိမ်ကိုပြောင်းနေခဲ့တယ်။ အဲဒီမှာလည်း ဟိုဆရာကောင်းနိုး ဒီဆရာကောင်းနိုးနဲ့ သိပ်တောင်မကြာလိုက်ဘူး အမျိုးသားဆုံးတာပဲ။

သူဆုံးတော့ သမီးလေးရယ် ကျမရယ် ကျမမိဘတွေရှိတဲ့ ဇာတိဖြစ်တဲ့ ကျောက်ပန်းတောင်းမြို့ကို ပြန်လာခဲ့ကြ တယ်။ ကျမရဲ့မိသားစုနဲ့ အိမ်ကလေးက မပြောင်းလဲဘဲ အရင်တုန်းက အတိုင်း နွေးနွေးထွေးထွေးနဲ့ပါပဲ။ ကျမ အဖြစ်အပျက်တွေကို အမှန်အတိုင်းဖွင့်ပြောပြတယ်လေ အချို့မိသားစုဝင်တွေရဲ့ဆက်ဆံရေးက ရုတ်တရက်ကြီး
ထွေးမှုတွေ နည်းပါးကုန်ကြတယ်။ စကားတောင် မပြောတော့တဲ့သူတွေ ရှိလာတယ်။ အဖေကတော့ အရင်တုန်း ကထက်တောင်ပိုပြီး ဂရုစိုက် နွေးထွေးလာပါသေးတယ်။

ဒါပေမယ့်အဖေလည်း နားမလည်တော့ ဘာစားချင်လဲ၊ အနားယူ ဆိုတာလောက်ပဲ ကူညီပေးတတ်တယ်လေ။ အဲဒီ အချိန်တွေတုန်းက သမီးလေးသာမရှိရင် ကျမလည်း HIV ပိုးကို အရှုံးပေးလိုက်ချင်စိတ် အကြိမ်ကြိမ်ပေါက်မိတယ်။
နောက်ဆုံးတော့ သမီးအတွက် ကျမရှိနေမှဖြစ်မယ်လို့ သေသေချာချာ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ဘယ်လို စပြီး ဘာတွေ လုပ်ရမလဲ ဘာမှမသိဘူး။ ကံကောင်းချင်တော့ တနေ့အဖေက သူ့တူတယောက်နဲ့စကားစပ်မိလို့ သူက Padonmar အဖွဲ့ဆိုတာရှိတယ် ဆက်သွယ်ချင်ရင် သူကူညီပေးမယ်ဆိုပြီး အဖေနဲ့သူနဲ့အဲဒီ အဖွဲ့ရဲ့ ဆရာဝန်ဆီကို သွားစကားပြောတယ်။

ဆရာကြီးက လူနာကိုယ်တိုင်လာစေချင်တယ်ဆိုလို့ ယားနာတွေပေါက်နေတာပြရင်းနဲ့ ဆေးခန်းကိုသွားပြဖြစ်တယ်။ အဲဒီမှာစကားပြောကြရင်းကနေဆရာကြီးက Padonmar အဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ချင်လားမေးတော့ ကျမ ကလည်းတွေ့ချင်ပါတယ်လို့ ပြောလိုက်တယ်။ အဲဒီမှာ အဖွဲ့ခေါင်းဆောင် ဦးအောင်ဌေးရယ် စီမံချက်မန်နေဂျာ ကိုစောနိုင်ဦးရယ် နဲ့မိတ်ဆက်ပေးခဲ့တယ်။ အဲဒီအချိန်က စပြီး Padonmar အဖွဲ့နဲ့ စတင်ဆက်သွယ်မိသွားတာပါ။

Padonmar အဖွဲ့နဲ့မဆက်သွယ်ခင်တုန်းကဆိုရင် ဒီရောဂါအတွက်ဘာလုပ်ရမယ်လဲ မသိဘူး။ အမျိုးသားကလည်း ကုရင်းမျက်စိရှေ့မှာ သေသွားတာဆိုတော့ ကုလို့ရတယ်ဆိုတာလည်း မယုံဘူးလေ။ ကုရာဆေးမရှိလို့လည်း ကြားဖူးတာလေ။ အိပ်လို့တောင်မပျော်ဘူး။ အဲဒါပဲတွေးမိနေတယ်။ ကျမအတွက်ရော သမီးလေးအတွက်ရော ဘာစလုပ်ရမှန်းလည်းမသိဘူး ဝမ်းလည်းနည်းတယ် ကြောက်လည်းကြောက်တယ်။ အိမ်က မိသားစုဝင်အချို့ကပါ စိမ်းတော့ပိုဆိုးတာပေါ့။ အဖေရှိနေလို့ တော်သေးတယ်။

ခုတော့ ဘယ်လိုကျန်းမာအောင်နေရမလဲဆိုတာလည်း သိလာပြီ။ ART ဆေးဆိုတာကိုလည်း သိလာရတယ်။ ဘယ်မှာဘယ်လိုရလဲ ဆိုတာလည်းသိလာတယ်။ အသိပညာတွေရလာတာလေ။ ပြီးတော့ မကျန်းမာတာတို့၊ ထူးထူးခြားခြား ခံစားရတာတို့၊ အဆင်မပြေတာတို့၊ စိတ်ညစ်တာတို့၊ စတာတွေကြုံလာရင်လည်း အကြံပေးမယ့် တိုင်ပင်ရမယ့် ဘဝတူ သူငယ်ချင်းတွေလည်း ရှိနေပြီ။ အထောက်အပံ့လေးတွေလည်း ရတယ်။ ခုကျမ ကျန်းမာနေပြီ သက်တမ်းစေ့ နေနိုင်နေပြီလေ။

ART ဆေးသောက်နေပြီ။ အလုပ်လည်းလုပ်နေပြီ။ သမီးလေးလည်း ကျောင်းတက်နေပြီ။ မိသားစုကလည်း ရောဂါ အကြောင်းကို သေသေချာချာ သိသွားတာကြောင့်လား၊ တစိမ်းတွေတောင် လာဂရုစိုက်ကြ ခေါ်ကြပြောကြသေး တာ ကြောင့်လားတော့မသိဘူး ဟိုးအရင်ကလို နွေးထွေးလာပါပြီ။ ညီမတွေကလည်းခုဆို  Padonmar အဖွဲ့ဆီ ကိုသွားတာ လိုက်ပို့တာတို့၊ အဲဒီမှာပြောခဲ့ဆွေးနွေးခဲ့တာတွေကို အိမ်ကျရင်ပြန်မေးတာတို့ စိတ်ဝင်တစား ဆွေးနွေး တာတို့ ရှိလာတယ်လေ။ မိသားစုထဲမှာဆို ခုကျန်းမာအောင် ဘယ်လိုနေရမယ်ဆိုတာ ကျမကတောင် ပြန်ပြောပြ လမ်းညွှန်နိုင်ပြီလေ။ ခုတော့လည်း စိတ်ချမ်းသာရပါတယ်။

--------------------------------------

ဖိုးချစ်အတွက် ဆေးတခွက်

ကျမနာမည်က မကေသီခိုင်ပါ။ ကျောက်ပန်းတောင်းမြို့မှာ နေထိုင်ပါတယ်။ အဖေရယ် အမေရယ် ကျမရယ် အတူတူနေထိုင်ပါတယ်။ ကျမကကျောင်းဆရာမပါ။ ကျမပြောပြချင်တာက ကျမရဲ့တူလေး ဖိုးချစ်ရဲ့ အကြောင်း
လေးပါ။ ဖိုးချစ်လေးက ကျမအမရဲ့သားလေးပါ သူတို့ကမောင်နှမ သုံး ယောက်ရှိပါတယ်။ ဖိုးချစ်လေးက အလတ်ပါ။ သူ့အသက်က ခုငါးနှစ် ရှိနေပါပြီ။ ဖိုးချစ်လေးတို့အမေ ကျမရဲ့အမ AIDS ရောဂါနဲ့ ဆုံးသွားတော့ သူ့အမျိုးသားက သမီးငယ်လေးကိုခေါ်ပြီး ဘယ်ကိုထွက် သွားမှန်းမသိပါဘူး။ ဖိုးချစ်လေးရယ် သူ့အကို ဟိန်းလတ်ရယ်က ကျမတို့ မိသားစုအိမ်မှာ သောင်တင်ပြီး ကျန်နေခဲ့ကြပါတယ်။

ဟိန်းလတ်က ကံကောင်းခဲ့ပေမယ့် အငယ်လေး ဖိုးချစ်ကတော့ HIV ပိုးနဲ့ နေရတဲ့ကလေး တယောက်ဖြစ်ပါတယ်။ အိမ်မှာစရောက်လာကတည်းက ဖိုးချစ်လေးအခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါပြီ။ ဖျားနေပြီး အိပ်ယာက မထနိုင်ဘူး ပါးစပ်မှာ မက်ခရုတွေကလည်းအပြည့် နှုတ်ခမ်းပေါ်ကိုပါ ရောက်နေပြီ။ အစားအသောက် လည်း မစားနိုင်တော့ဘူး ဗိုက်ကြီးကလည်း ဖောင်းကားနေပြီး ကိုယ်လုံးလေး သေးသေးလေးနဲ့ ဗိုက်ပဲရှိတော့တယ်။ ကျမလုပ်စာလေးတခုနဲ့ မိသားစု ငါးယောက်လုံး လောက်အောင်စားရတာဆိုတော့ ငွေပိုကလည်း မရှိဘူးလေ။

ဒီလိုရောဂါတွေက ကုရင်ဘယ်လောက်ထိတောင် ငွေကုန်လည်းဆိုတာလည်း မသိတော့ ဒီအတိုင်းပဲ ကြည့်နေရ တယ်။ စိတ်ကလည်းညစ် ဘာမှကို မလုပ်ချင်မကိုင်ချင်နဲ့ စိတ်ညစ်ရတဲ့ကာလပါ။ နောက်ဆုံးနေ့ကိုပဲ စောင့်နေရ တယ်။ အဲဒီအချိန်လေးမှာ အိမ်နီးချင်းအမ တယောက်က ရောဂါဖြစ်နေတဲ့သူတွေကို ပြုစုပေးတဲ့ အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ထဲက စေတနာ့ဝန်ထမ်းတယောက်နဲ့ ရင်းနှီးတယ်။ မိတ်ဆက်ပေးရမလားလို့ မေးလာပါတယ်။ ကောက်ရိုး တမျှင်ပဲလေ ဆိုပြီး ခေါင်းငြိမ့်လိုက်ပါတယ်။ အဲဒီအမက Padonmar အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်း မသီတာစိုးကို အိမ်ခေါ်လာပြီး မိတ်ဆက်ပေးတယ်။ မသီတာစိုးက ကျမကို သူတို့အဖွဲ့ရဲ့ရုံးကို ခေါ်သွားပြီး သူ့မိတ်ဆွေတွေကို ကလေးအခြေအနေ ပြောပြပါတယ်။ ပြီးတော့ဆရာ စောယုစိန်ကို သွားပြောပါတယ်။ ဆရာကအိမ်ကိုလာပြီး ကလေးကို ကြည့်ပေးပါတယ်။ အဖွဲ့ရဲ့စေတနာ့ဝန်ထမ်းတွေကလည်း အိမ်ကိုနေ့စဉ်လာပြီး ကလေးကို ဂရုစိုက်
ပေးပါတယ်။ ဒီလိုနဲ့ ဖိုးချစ် လေးရော ကျမတို့မိသားစုပါ Padonmar အဖွဲ့နဲ့ စတင်ဆက်သွယ်မိသွားကြတာပါ။

အဖွဲ့နဲ့ မဆက်သွယ်ခင်တုန်းကဆိုရင် စိတ်အရမ်းညစ်ရတယ်။ ကလေးကို ဘာတွေလုပ်ပေးရမယ် ဆိုတာလည်း မသိဘူးလေ။ ကလေးကလည်း နေ့လားညလားဆိုတော့ ဘာမှလည်းမလုပ်ချင်ဘူး။ ဘယ်လိုမှလည်း မပြုစုတတ်ဘူး။ ဘယ်ကစပြီး ဘာတွေလုပ်ရမယ်မှန်းကို မသိဘူး။ အားကလည်းငယ်တယ် ဘာလို့လဲဆိုတော့ အဲဒီလိုရောဂါနဲ့ ကျမနဲ့ပတ်သက်လာရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။

အခုဆိုရင် ကလေးက ကျန်းကျန်းမာမာရှိနေတော့ အလုပ်လုပ်ရတဲ့သူလည်း စိတ်ဖြောင့်တယ်။ မိသားစုလည်း တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်လာတယ်။ ဖိုးချစ်လေးရဲ့ ကျန်းမာရေးက မယုံနိုင်လောက်အောင်ကို ကောင်းလာတယ်။ အားလုံးဝိုင်းစောင့်ရှောက်ကြတဲ့ ကျေးဇူးပေါ့။ အခြားအကူအညီတွေ အထောက်အပံ့တွေလည်း ရပါတယ်။ ဆန်ထောက်ပံ့တာတို့ ပြီးတော့ အပိုလုပ်ငန်းလေးအတွက် ငွေထုတ်ပေးတာတို့ လုပ်ပေးတယ်။ ကလေးနေမကောင်း ရင် ဘယ်ကိုသွားရမယ်၊ ဘာလုပ်ရမယ်၊ ဘယ်သူတွေကို သွားအကူအညီတောင်းရမယ် ဆိုတာလည်းသိနေတော့ အားမငယ်တော့ဘူး။

ဖိုးချစ်လေးက ARTလည်း သောက်ခွင့်လည်းရနေပြီ Padonmar အဖွဲ့ကပဲ ပခုက္ကူဆေးရုံကို လိုက်ပို့ပေးတာပါ။
ဆေးရုံတက်စရာ လိုတော့လည်း အဖွဲ့ကပဲ ငွေကြေးလှူဒါန်း ထောက်ပံ့ပေးခဲ့ပါတယ်။ Padonmar အဖွဲ့ ပခုက္ကူ အဖွဲ့ ကလည်း လာရောက် ကူညီပေးပါတယ်။ ဖိုးချစ်လေး ဆေးရုံတက်ဖို့ အိမ်ကငွေကုန်ကြေးကျ အရမ်းသက်သာလို့
တော်သေးတာပေါ့။ ခုတော့လည်း ဖိုးချစ်လေး အရမ်းကျန်းမာလို့ ပျော်ရွင်နေပါပြီ။

--------------------------------------

တကယ်ဖြစ်လာသော အိပ်မက်

ကျမက ပန်းနုပါ ဟိုးအရင်တုန်းကတော့ လိင်အလုပ်သမအဖြစ် မိခင်ကြီးကို ရှာဖွေကျွေးမွေးပြုစုဖူးပါတယ်။
ပျော်စရာဘဝ မဟုတ်ပေမယ့် မိခင်ကြီးကို ကျေးဇူးဆပ်ခွင့် ပြုစုခွင့်ရတယ်လို့ ခံယူပြီး ကြည်နူးမျက်ရည်တွေ ကျခဲ့ဖူးပါတယ်။ လိင်အလုပ်သမ အလုပ်ဆိုတာနေ့စဉ် လူမျိုးစုံ၊ အကျင့်စရိုက်မျိုးစုံ၊ အလွှာမျိုးစုံနဲ့ ဆက်ဆံနေရတော့ HIV/AIDS ဆိုတဲ့ ရောဂါကိုကြောက်ပေမယ့် ရောဂါဖြစ်စေမယ့် အချို့ကိစ္စတွေက ကျမတို့ရဲ့နေစဉ်လုပ်ငန်းပါ။

ကျမမျှော်လင့်သလိုပါပဲ တနေ့မှာ ကျန်းမာရေး ကူညီစောင့်ရှောက်နေတဲ့ အဖွဲ့တခုက သွေးစစ်ဖို့လာခေါ်တော့ လိုက်သွားပြီး သွေးစစ်လိုက်တော့ ကျမမှာ HIV ပိုးရှိနေပြီဆိုတာ သိလိုက်ရတယ်။ မျှော်လင့်ထားတာဖြစ်လို့ မကြောက်ပေမယ့် ခံစားရတဲ့ ခံစားချက်ကိုတော့ ဘယ်လိုမှ ပြန်မပြောတတ်တော့ပါဘူး။ သူများကို မကူးအောင်
တော့ အမြဲစောင့်ထိန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဘဝကျ ထပ်ဖြစ်နေမှာစိုးလို့။ ကံကံ၏ အကျိုးကို
တော့ ယုံကြည်တယ်။ ဒါပေမယ့် လိင်အလုပ်သမ အလုပ်ကတော့ ဆက်လုပ်နေရတုန်းပါပဲ။

အမေက ကျမလုပ် စာတခုတည်းနဲ့ အသက်ရှင်နေတာလေ။ အမေလဲ နောက်တနှစ်နီးနီးလောက်ကျတော့ လူကြီးရောဂါနဲ့ ဆုံးသွားတယ်။ ကျမဆုံးဖြတ်ချက်ချလိုက်တယ် ဘာနဲ့ဘဲစားရစားရ လိင်အလုပ်သမ အလုပ်ကို ရပ်လိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကံဆိုးတာတွေရဲ့ကြားက ကံကောင်းတာတခုကတော့ ပိုးရှိနေတာကို သိပေမယ့် လက်ထပ်မယ့်သူ တယောက်ရှိနေတာပါ။ သူနဲ့လက်ထပ်ပြီး ဘာအလုပ်မှ မလုပ်ဘဲ နေနေခဲ့တယ်။ အဆင်မပြေတဲ့ ရက်တွေပါ။

သတင်းလေးတခု ရလာခဲ့တယ်။ Padonmar အဖွဲ့က သဇင်ဆေးခန်းကို သွားမယ့်သူတွေကို အတူတူခေါ်သွားပြီး
 ပြပေးနေတယ်လို့။ စုံစမ်းလိုက်တော့ အကူအညီပေးတာက လိုက်ပို့ ပေးတာပဲဖြစ်နေတယ်။ ကိုယ့်စားစရိတ်၊ ကိုယ့်ခရီးစရိတ် ကိုယ့်ဘာသာထုတ်ပြီး တူတူစုသွား ကြတာတဲ့။ အလုပ်ကလည်းမရှိတော့ ငွေပိုရော ပိုက်ဆံရောမှ မရှိတာ။ မလိုက်နိုင်တော့ပါဘူး။ ဒါပေမယ့် အိပ်မက်အသစ်တခုတော့ရလိုက်တယ် ART ပေါ့ အဲဒါက ကျမတို့ လို ရောဂါရှိသူတွေ တနေ့သောက်ကိုသောက်ရမယ့် ဆေးတမျိုးပေါ့။ အလကား တိုက်မယ့်သူလည်းရှိတယ်တဲ့။ အဲနေရာကိုသွားဖို့ ပိုက်ဆံမရှိသေးလို့ပေါ့။ ဘယ်သူကိုမှလဲ မပြောပြပါဘူး ကိုယ့်ဘာသာ တနေ့သွားနိုင်ရမယ် ဆိုပြီးတော့ပဲ အားတင်းနေလိုက်တယ်။

အလုပ်ကမရှိတော့ Padonmar အဖွဲ့ဆီကိုသွားလည်လည်နေရင်းနဲ့ လိင်အလုပ်သမတွေကို ကူညီနေတယ်ဆိုတဲ့ အဖွဲ့တခုနဲ့ Padonmar က မိတ်ဆက်ပေးခဲ့တယ်။ ဘာမှသိပ်မရခဲ့ပါဘူး။ အလုပ်မလုပ်တော့တဲ့ လိင်အလုပ်သမ ဆိုတော့ သူတို့က သိပ်မကူညီချင်ကြတာလားမသိဘူး သင်တန်းတော့တက် ဖူးလိုက်ပေမယ့်။ နောက်ဆုံးကျတော့ သူတို့နဲ့လည်း အဆင်မပြေပါဘူး။ ကျမက စာမတတ်လို့ဆိုပြီး အလုပ်အတွက်လည်း ဝင်ငွေမရဘဲ မသွားဖြစ်တော့ ဘူး။ ART အိပ်မက်ကတော့ ရှိနေတုန်းပါပဲ။ Padonmar ကိုပါ သွားမလည်ဖြစ်တော့ဘူး။

တနေ့မှာ Padonmar က ကျမကို လာဆက်သွယ်ပြီး လိင်အလုပ်သမ တွေကို ART ပေးနေတဲ့အဖွဲ့ တခုနဲ့ ဆက်သွယ်မိတယ် မုံရွာမှာ သွားတွေ့ကြည့်ပါလားလို့ သတင်းလာပေးပြန်တယ်။ ခရီးစရိတ် Padonmar က စိုက်မှာ
ဖြစ်ပေမယ့် ခရီးစရိတ်တခုတည်းနဲ့ ခရီးထွက်လို့မှ မရတာ။ ရဖို့၊ မရဖို့ကလည်း မသေချာတော့ မသွားချင်တော့ဘူး။  ART မရလည်း နေပါစေတော့ ဘဝမှာမိခင်ကိုလည်း လုပ်ကျွေးပြီးသားဆိုတော့ သေသေလို့တောင်တွေးပြီး နေချင် သလို နေမိတယ်။ Padonmar အဖွဲ့က နောက်ထပ်တကြိမ် လာဆက်သွယ်တော့ ဝင်ငွေအကြောင်းကို ပြောပြလိုက် တယ်။ စာမတတ်လို့ အခက်အခဲရှိကြောင်းလည်း ပြောပြလိုက်တယ်။

အဲလိုနဲ့ သူတို့လည်း သူတို့အချင်းချင်း ဆွေးနွေးကြရင်းနဲ့ နောက်ဆုံး ဘဝတူ HIV ရောဂါသည်တွေကို ပြုစုစောင့်
ရှောက်ရတဲ့သူ ဖြစ်လာခဲ့တယ်။ မိခင်ကြီးကို လုပ်ကျွေးရတုန်းကရခဲ့ တဲ့ ကြည်နူးမှုမျိုးတွေ ပြန်ရလာတယ်။ သူငယ်ချင်းတွေ များလာတယ်။ လူရာဝင်လာတယ်လို့ ခံစားရတယ်။ ဝင်ငွေရှိလာတယ်။ ဒါပေမယ့် ART အိပ်မက် ကိုတော့ ရေးရေးပဲ ပြန်မက်ရဲတော့တယ်။ သူများတွေ ART သောက်ခွင့်ရပြီ သတင်းတွေ ခဏခဏကြားရရင် သူတို့ အတွက် ဝမ်းသာပေမယ့် ဘာကိုမှန်းမသိဘူး ကြိတ်ဝမ်းနည်းတယ်။ ဝင်ငွေလေးရှိလာတော့ ဒီလောက်ခက်ခဲတဲ့ ART ကိုယ့်ဘာသာဝယ် သောက်မယ်လို့ဆုံးဖြတ်တယ်။ အဲလိုနဲ့ တိုင်ပင်ဖြစ်သွားတယ်။ CD4 တွေစစ် လုပ်စရာ ရှိတာလုပ်ပြီး ဆရာဝန်က သောက်သင့်ပြီလို့ ဆုံးဖြတ်ပြီး ကိုယ့်ဘာသာဝယ် သောက်ပစ်လိုက်တယ်။ ကျမအရမ်း
ပျော်တာပဲ။

ပခုက္ကူမှာ ပေးနေပြီလို့ အဖွဲ့က သတင်းရတဲ့အချိန်မှာ ပထမဆုံးသူအဖြစ် ကျမသွားခဲ့တယ်။ ခရီးစရိတ်ရော ကိုယ့်ဘာသာသွားနိုင်ပြီလေ။ Padonamr အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်းလို့ ပြောရတဲ့အတွက် စိတ်လုံခြုံတယ် ကျမဂရုစိုက် ပြုစုခဲ့သူတွေ ကျမတို့မြို့မှာ အများကြီးလေ။ ကုသိုလ် ကောင်းမှုတွေကြောင့်ရယ် အဖွဲ့အချင်းချင်း ချိတ်ဆက်မှုအားကြောင့်ရယ် နေ့ချင်းပဲ ART အခမဲ့ သောက်ခွင့်ရလိုက်တယ်။ အိပ်မက်တွေ ပြည့်စုံသွားပါပြီ ART သောက်ခွင့်ရအောာင်အကြိမ်ကြိမ် သတင်းပေးညွှန်းပို့ပေးတဲ့ Padonmar ကို ကျေးဇူးတင်တယ်။

ဘဝတူတွေကို စောင့်ရှောက်ခွင့်ရအောင် စီစဉ်ပေးတဲ့ CBO တွေနဲ့ အဲအစီအစဉ်တွေကို ခွင့်ပြုထောက်ပံ့ပေးတဲ့ အလှူရှင် အဖွဲ့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ပခုက္ကူကို ဆေးထုတ်သွားတဲ့ သူလူသစ်တွေကို ကျမတို့ အဖွဲ့က ကိုယ့်စရိတ်နဲ့ကိုယ် လိုက်ကူညီပေးတယ်။ နောက်ဘဝကျ မကောင်းတဲ့ကံအကျိုးပေး ကျန်နေသေးရင်
တောင်မှ ဒီကုသိုလ်ကြောင့် အဆင်ပြေပြေ ဆေးသောက်ခွင့်ရမယ်လို့ ယုံကြည်တယ်။
--------------------------------------

တပူပေါ် နှစ်ပူဆင့်

ကျမနာမည်က မချယ်ရီ ပါ။ ကျမရဲ့ခင်ပွန်းက ကားမောင်းပါတယ်။ ကျမကတော့ အရောင်းအဝယ်လုပ်ပါတယ်။ ချစ်စရာသမီးလေး တယောက်နဲ့ ပျော်စရာမိသားစုလေးပါ။ စီးပွားရေးကလည်း ပြေလည်နေတာကိုး။ ဒုတိယ ကလေးလေး ကိုယ်ဝန်ဆောင်တော့ သားလေးလိုချင်လို့ ပျော်ရွှင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေ သွေးစစ်
တော့ ကျမမှာ HIV ပိုး ရှိနေပြီလို့ သိရတယ်။

အဲနောက်ပိုင်းတော့ လင်မယားကွဲပါတယ်။ ပြီးတော့ ဒုတိယသမီး လေးမွေးပါတယ်။ ဘဝရဲ့ ဆိုးဝါးသော အချိန်
တွေပါ အချိန်မလပ် ငိုခဲ့ရတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး ဘယ်ကိုမှလည်း မသွားချင်ဘူး။ ဒါပေမယ့် စားဝတ်
နေရေးအရ မလုပ်မဖြစ် လုပ်ရမယ်လေ။ ပိုဆိုးတာက ကြိုးစားနေရင်းနဲ့ ကလေးလေး အသက်ရလာလို့ သွေးစစ်
တော့ HIV ပိုးရှိနေတယ်။ အကြီးမလေးပါ တရှောင်ရှောင်ဖြစ်နေလို့ သွေးစစ်လိုက်တော့ ပိုးရှိနေတာပဲတဲ့။ ဘယ်လို လုပ်ရမလဲ။ ရူးချင်သလိုလိုကို ဖြစ်လာပါတယ်။

ဒါပေမယ့် စိတ်လျှော့လို့ မဖြစ်ဘူးလေ။ စားဝတ်နေရေးက ရှိသေးတယ်။ မသေချင်သေးဘူး။ သမီးလေးတွေ အသက် ရှင်ဖို့ ဘယ်လိုဖြစ်ဖြစ်လုပ်ရဦးမယ်။ ပျောက်တယ်ဆိုတဲ့ ဆေးမှန်သမျှသောက်တယ်။ နည်းမှန်သမျှ ကြိုးစားတယ်။ ဆရာမှန်သမျှပြတယ်။ အဆင်မပြေပါဘူး။ ပြမိတဲ့ဆရာတွေထဲမှာ Padonmar ဆိုတဲ့အဖွဲ့က ဆရာက ရန်ကုန် သဇင်ဆေးခန်း၊ ဝေဘာဂီ ဆေးရုံစသည်ဖြင့် လမ်းညွှန်ပေးတော့လည်း သွားဖြစ်တယ်။ Padonmar က မခင်မာဝေ တို့ လိုက်ပို့ကြတယ်။ အဆင်မပြေပါဘူး ဆေးအတွက်က စောင့်ကိုစောင့်ရမယ် ဖြစ်နေတယ်။

ဘယ်နေရာမဆို ကလေး နှစ်ယောက်လက်ဆွဲပြီး ရန်ကုန်အနှံ့ လျှောက်ပြတာပဲ။ ဝေဘာဂီဆေးရုံ ကိုလည်းပြတယ် ဝင်လည်းတက်တယ်။ ကလေးအတွက် ဆေးပေးပါ ဆေးပေးပါလို့ အပူနဲ့ဆိုတော့ စကားပြောမှားလို့လား မသိပါဘူး
ဆေးလည်းမရဘူး။ ဆရာဝန်ကဆို ဆေးရုံကနေ အောက်ကို ဆွဲချမယ်လို့တောင် ပြောတာ။ ပြဿနာတောင် ဖြစ်
သေးတယ်။ တိုင်တာမဟုတ်ပါဘူး မေးလို့ဖြေလိုက်တာ RFA အင်တာဗျူးမှာ ပါလာတယ်။ ဘာတွေဖြစ်ကြလည်း
တော့ မသိဘူး။ ဆေးမရခင်တော့ အငယ်သမီးလေး သေသွားတယ်။

အကြီးလေးကို ကျောင်းဆက်ထားဖို့ ခက်နေတုန်းအချိန်မှာ Padonmar က ကျောင်းစရိတ်လေး ထောက်ပံ့ပေးတော့ ကလေးက ကျောင်းဆက်နေဖြစ်သွားတယ်။ သမီးလေးကလည်း ကျောင်းပျော်ပြီး စာတော်တဲ့ကလေး ဆိုတော့
ပျော်တာပေါ့။ ဒီလိုနဲ့ အေအာတီလည်း သောက်ခွင့်ရလာပြီလေ။