“ဆေးစက်ကျရာ ကပြသူတွေနဲ့ ဆေးစက်ချသူများ”

ပရင့်ထုတ်ရန်


သို့ -
အယ်ဒီတာ
မဇ္ဈိမ သတင်းဌာန

(၁၅.၈.၀၉) ညနေပိုင်းမှာ အံ့သြစရာကောင်းတဲ့ သတင်းတပုဒ် ထွက်လာခဲ့ပါတယ်။ အဲဒါက ဂျွန်ဝီလျံ ယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့ သတင်းပါ။ အချိန်တခုအတွင်း ပြန်လွှတ်ပေးမယ်လို့ ထင်ထားကြပေမယ့် ဒီလောက် မြန်မြန်ဆန်ဆန် ဖြစ်လာမယ်လို့ ထင်မထားခဲ့ကြပါဘူး။

မကြာသေးခင်ကပဲ ရဲချုပ်ခင်ရီက သတင်းစာ ရှင်းလင်းပွဲမှာ ယက်တောရဲ့နောက်ကွယ်က ကြိုးကိုင်နေသူတွေကို စုံစမ်းဖော်ထုတ်မယ်ပြောပြီး၊ မြဝတီနယ်စပ်က မြန်မာအမျိုးသမီးနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့အတူ ပြခဲ့ပါသေးတယ်။ အဲဒီလို ဇာတ်လမ်းတပုဒ်လုပ်ဖို့ အရေးဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောရတော့မယ် ထင်ပါရဲ့။ ရဲချုပ်ခင်ရီက ယက်တောရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ခြေရာခံရင်းနဲ့ အဲဒီကြိုးက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်တော့မလို့။ အခုအချိန်လောက်ဆို တော်ပါသေးရဲ့လို့ တွေးနေမိပြီထင်ပါ့။

အခု ယက်တောရဲ့ နောက်ကွယ်က လူတွေဟာ ဘယ်သူတွေ ဆိုတာထက် ဒီဇာတ်လမ်းရဲ့ ဇာတ်ပေါင်းခန်းကို အဓိက ကြိုးကိုင်သွားတဲ့ သူကိုတော့ သိရပြီးလို့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်စရာ မလိုတော့ဘဲ ပါးစပ်ပိတ်ရပါတော့မယ်။

ယက်တောကို အဓိကတရားခံပါလို့ ရဲချုပ်ကိုယ်တိုင် ပြောခဲ့တာဆိုတော့ လက်ရှိ ထိန်းသိမ်းခံနေရသူတွေရဲ့ အရေးကရော ဘယ်လိုလဲ။ ပင်မတရားခံ ယက်တောကတော့ လွတ်သွားပါပြီ။ သူ့ကြောင့် နေရင်းထိုင်ရင်း ထိန်းသိမ်းခံရသူတွေကိုတော့ မလွှတ်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ၊ အုပ်ချုပ်သူတွေရဲ့ တရားစောင့်စည်းမှုတွေကို အားလုံးက မေးခွန်းထုတ်ရတော့မှာပါ။ တရုတ်နဲ့ ရုရှားရဲ့ မြန်မာပြည် တရားစီရင်ရေးကို လေးစားလိုက်နာသင့်တယ်ဆိုတဲ့ အသံတွေရော မှန်ကန်ဖြောင့်မတ်မှု ရှိကြပါရဲ့လား။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးလည်း နအဖရဲ့ မျှတစွာ တရားဆုံးဖြတ်မှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ။ ၂၀၁၀ ရွေးကောက်ပွဲကိုရော တရားမျှတစွာ လုပ်လိမ့်မယ်လို့ ထင်နေပါသေးလား။ နအဖ ကတော့ သူလုပ်ချင်တာကို ရအောင် လုပ်သွားပါပြီ။ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေရဲ့ မြင်ကွင်းကနေ ဖယ်ထားချင်လို့ ဇာတ်လမ်းဇာတ်ကွက်တွေ အစုံအလင်နဲ့ လက်စွမ်းပြလိုက်ပါပြီ။ ယုတ္တိမရှိတဲ့ ဇာတ်ကွက်တွေအပေါ်မှာရော ကမ္ဘာ့အသိုင်းအဝိုင်းက လျစ်လျူရှုသင့်ပါရဲ့လား။

ဘယ်လိုပဲဖြစ်ဖြစ် အမြတ်ထွက်သွားတာက ယက်တောရဲ့ သရုပ်ဆောင်မှုကြောင့် နအဖ စစ်အုပ်စုနဲ့ အမေရိကန် အဆက်သွယ်ကောင်းရဖို့ လမ်းကြောင်းရသွားပါပြီ။ ဘာဆက်လုပ်ကြပါမလဲ။

ရဲသွေးနီ