ကြောက်တတ်တဲ့ အစိုးရနဲ့ ခရီးသွားလုပ်ငန်း

ပရင့်ထုတ်ရန်


သို့ -
အယ်ဒီတာ

ပြည်တွင်းမှာ ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းတဲ့ ကုမ္ပဏီတွေ၊ ဧည့်လမ်းညွှန်တွေ၊ စားသောက်ဆိုင်၊ ဟော်တယ်၊ အမှတ်တရ အရောင်းဆိုင်ဝန်ထမ်းတွေရဲ့ ဘဝဟာ တစထက်တစ အခြေအနေ ဆိုးလာပါပြီ။ ဒါဟာ ၂၀၀၇ စက်တင်ဘာလ တော်လှန်ရေးအပြီး ခရီးသွားလုပ်ငန်း ဇောက်ထိုးကျဆင်းသွားလို့ ဖြစ်ပါတယ်။

ကျဆင်းသွားတဲ့ အကြောင်းရင်းက မြန်မာပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြဲပြည့်နှက်နေတဲ့ တိုင်းပြည်လို့ မြင်သွားလို့ ခရီးသည် ဝင်ရောက်မှု လျော့ကျသွားသလို၊ သတင်းသမားတွေကို စစ်အစိုးရက ကြောက်ရွံ့လို့ ခရီးသွားလုပ်ငန်းအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ပြန်လာတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သူတွေလည်း ကျွဲကူးရေပါဆိုသလို ဝင်ငွေကျဆင်းရခြင်း ဖြစ်ပါတယ်။

၂၀၀၇ စက်တင်ဘာနောက်ပိုင်း နိုင်ငံခြားခရီးသွားတွေကို အာဏာပိုင်က အမြဲမပြတ် စောင့်ကြည့်ပါတော့တယ်။ နိုင်ငံခြားသားဆိုရင် သတင်းထောက်လို့ကို သံယယဝင်နေတာကြောင့် ခရီးသွားတွေကို နေရာအနှံ့မှာ ထောက်လှမ်းရေး သတင်းပေးတွေ စောင့်ကြပ်လာခဲ့ပါတာ။ ဒါဟာ တင်းကျပ်မှုရဲ့ နမူနာတခုပါ။

နောက်တချက်က နိုင်ငံခြားခရီးသွားတွေဟာ အချိန်ဆင်းရဲပါတယ်။ သူတို့ အားလပ်ချိန်မှာ လာလည်တာ အဆင်ပြေအောင် ဆိုက်ရောက်ဗီဇာဟာ မရှိမဖြစ်လိုပါတယ်။ နိုင်ငံတိုင်းမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုက်ရောက်ဗီဇာတွေ ထုတ်ပေးနေချိန်မှာ (မှတ်ချက် - မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ မြောက်ကိုရီးယား ပတ်စပို့ ကိုင်သူများ မပါ။) မြန်မာပြည်တွင်း လူအခွင့်အရေး ချိုးဖောက်မှုတွေ ပြည်ပနိုင်ငံတွေဆီ သတင်းစီးဆင်းမှာ ကြောက်ရွံ့တာကြောင့် စစ်အစိုးရက ဆိုက်ရောက်ဗီဇာကို တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ချုပ်ကိုင်ခဲ့ပြန်ပါတယ်။ လွတ်လွတ်လပ်လပ် သွားလာလည်ပတ်လိုသူတွေအတွက်တော့ စိတ်အနှောင့်အယှက်ပါပဲ။

စက်တင်ဘာနောက်ပိုင်း ရန်ကုန် သီလဝါဆိပ်ကမ်းမှာ အမေရိကန် အများစုပါတဲ့ ဇိမ်ခံသင်္ဘောတစီး ဆိုက်ရောက်ခဲ့တာ အမှတ်ရမိပါတယ်။

အဲဒီခရီးသည်တွေ မရောက်ခင် လိုက်ပို့မယ့် ဧည့်လမ်းညွှန်တွေကို ဆူးလေဘုရားလမ်းက ဟိုတယ်နဲ့ ခရီးသွားရုံး ခေါ်ပြီး စက်တင်ဘာ လှုပ်ရှားမှုမှာ ၃ ဦးပဲ သေဆုံးခဲ့တယ်၊ တိုင်းပြည်ဟာ အခု ငြိမ်းချမ်းနေပြီ၊ သံဃာတုတွေ ဆူပူတာပါလို့ ပြောဖို့ ညွှန်ကြားခဲ့ပါတယ်။ လုပ်ရပ်တွေက ဆိုးရွားခဲ့လွန်းလို့ သက်ရောက်မှုအနေနဲ့ စိုးရိမ်စိတ် လွန်ကဲပြီး လုပ်မိလုပ်ရာ လုပ်ရတော့တဲ့ သဘောပါပဲ။

သူတို့တွေ စိုးရိမ်ကြောက်လန့်မှုရဲ့ အကျိုးဆက်အဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ရပ်တည်မှုက အကြီးအကျယ် ထိခိုက်ရပါတော့တယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေ တိုးလာပေမယ့် မြန်မာ့ခရီးလုပ်ငန်းနဲ့တော့ မိုးနဲ့မြေလို ကွာခြားသွားပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

အောင်ပန်