ပရင့်ထုတ်ရန်



ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား

ဓနုတ်ဘုရားနှင့် ပတ်သက်၍ ဘုရားပြန်လည် ပြုပြင်ရန်အတွက် ရန်ကုန်မြို့တွင်းရှိ ရပ်ကွက်များကို တရပ်ကွက်လျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ကောက်ခံလျက်ရှိရာ ရပ်ကွက်ကောင်စီ (ရယက) များအတွက်တော့ စိတ်ညစ်စရာလား၊ ဝမ်းသာစရာလားမသိ ဝေခွဲမရ ဖြစ်နေပါတယ်။

အထက်က လျှို့ဝှက် ကောက်ပါဆိုတော့ ရပ်ကွက်ထဲက လူတွေကို ဘယ်လိုပြောပြီး ပိုက်ဆံကောက်ရမယ်ဆိုတာ ပြဿနာတခုပေါ့။ ဝမ်းသာစရာဆိုတာကတော့ ကောက်လို့ရတဲ့ငွေက ၂ သိန်းထက်ပိုရင် အိတ်ထဲ ထည့်လိုက်ရုံပဲလေ။ ရယက ရုံးမှာ တိုင်ပင်ကြရတာ မောလို့။

မောင်လော်စပီကာ
ရန်ကုန်


--------------

သတိ စစ်ဒေသက ဒီလိုအမိန့်ထုတ်တယ်

အင်းစိန်ထောင်ဝန်းကျင်မှာ ဘုန်းကြီးများ လမ်းလျှောက်လာရင် ခေါ်ယူဖမ်းဆီးပြီး မေးမြန်းရမယ်။ အကြောင်း မခိုင်လုံရင် ဆွဲရမယ်လို့ အမိန့်ထုတ်ထားတဲ့အကြောင်း အင်းစိန်က ရဲအရာရှိတယောက်ကနေ ကြားလာလို့ သိသင့်သိထိုက်တယ်ထင်လို့ စာပေးလိုက်ရပါတယ်။

မနက် ၇ နာရီကနေ ညနေ ၃ နာရီအတွင်း ဖြတ်သန်းသွားတဲ့ ရဟန်းတွေကို လိုအပ်ရင် ဖမ်းဆီးခွင့်ပြုတယ်လို့ စစ်ဒေသက အမိန့်ထုတ်ထားပါတယ်။ မယ်သီလရှင်၊ ရဟန်းသံဃာတွေနဲ့ လူစုစုတွေ့လျှင် ဖမ်း၊ အကြောင်းပြချက် မခိုင်လုံရင် ထောင်ချဖို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။

မောင်လော်စပီကာ
ရန်ကုန်