www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၂ နိုဝင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အယ်ဒီတာခင်ဗျား...

ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်က
နေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။

ကျနော်တို့က ဗမာစကား ကောင်းကောင်း မပြောတတ်ပါဘူး။ တောင်ပေါ်မှာဘဲ ကြီးပြင်းခဲ့ပါတယ်။ ကျနော်တို့က
တောင်ပေါ်ကနေ ၃ ၊ ၄ ခေါက်လောက် မြို့ပေါ်ကို လာရပါတယ်။ အဲဒီအခေါက်တိုင်းမှာလည်း တနေရာမဟုတ်ရင် တနေရာ အစိုးရဂိတ်တွေမှာ မှတ်ပုံ တင်ပြလိုက်တာနဲ့ တောင်ပေါ်သားမှန်း သိလိုက်တာနဲ့ အမျိုးမျိုး ချိန်းခြောက် ပိုက်ဆံ တောင်းပါတယ်။ ပစ္စည်းတွေကို လုယူတယ်။ ပြီးတော့ ကားသမားတွေလည်း ကားခတွေ ပိုယူလေ့ရှိ ပါတယ်။

လွန်ခဲ့တဲ့ ဧပြီလ ၂၄ ရက် တနင်္လာနေ့မှာ ကျနော်တို့ ကချင်တိုင်းရင်းသား ရဝမ်လူမျိုး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့က ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ တရုတ်နယ်စပ် ကမ်ပိုင်တီ ကားလမ်းအတိုင်း မြစ်ကြီးနားမြို့သို့
ကျောင်းသူ/ကျောင်းသားတွေကို လိုက်ပို့ခဲ့ပါတယ်။

ကျနော်တို့ ငါးဦးမှာ ကမ်ပိုင်တီကနေ မြစ်ကြီးနားထိ “ဂျီးဖော့မြေ” မော်တော်ယာဉ်အသင်းက ကချင်အထူးဒေသ (၁) ကန်ပိုင်တီ-ဝိုင်းမော်-မြစ်ကြီးနား အဝေးပြေးဆွဲတဲ့ ကားနဲ့ ကျပ် ၂ သိန်း ပေးပြီး လာခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ် ဖြတ်ကူးတဲ့ ဗလမင်းထင် တံတား (ဝိုင်းမော် ဘက်ခြမ်း)က အစိုးရရဲ့ စစ်ဆေးရေးဂိတ်
ရောက်တဲ့အခါ ရဲတပ်ကြပ်တဦးနဲ့ ရဲတပ်သား ၄ ဦးတို့က ကားပေါ်ကနေ ဆင်းခိုင်းပြီး နိုင်ငံသားမှတ်ပုံတင် စစ်ဆေးစဉ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို စစ်ဆေးခဲ့ပါတယ်။

ကျနော်တို့က ခေါင်လန်ဖူးမြို့နယ်က ဖြစ်ကြောင်း၊ ကျောင်းသား လိုက်ပို့ရင်း ပစ္စည်း နည်းနည်းပါးပါး လာဝယ်တာ
ဖြစ်ကြောင်း ကောင်းကောင်း မွန်မွန်ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် သူတို့က ကျနော်တို့ဆီက ရွှေ ၄၊ ၅ ကျပ်သား တွေ့တဲ့အခါ “ဒီရွှေတွေက နိုင်ငံတော် အစိုးရမှ လုံးဝ တားမြစ်ထားတဲ့ ပစ္စည်းဖြစ်တယ်။ လုံးဝ ဒါတွေကို တားဆီးဖို့ အထက်က အမိန့်ရှိပါတယ်။ ဒါကြောင့် သိမ်းတာ
ဖြစ်တယ်” ဆိုပြီး ရွှေ ပါသမျှကို သိမ်းယူခဲ့ပါတယ်။

ကျနော်တို့ ဒေသမှာက ဆန်စပါး စိုက်လို့ မကောင်းတဲ့ ရေခဲတောင် ဒေသမှာ နေထိုင်ကြတဲ့အတွက် ဘိုးစဉ်ဘောင် ဆက်ကနေ အခုထိ ရွှေတူးပြီး ရရှိတဲ့ ရွှေတွေနဲ့ ဆန်ကို လဲလှယ်စားသောက်နေရတာ ဖြစ်ပါတယ်။

ခေါင်လန်ဖူးမြို့နယ် ချန်လမ်ဒေသကနေ ပူတာအိုလမ်းအတိုင်း သွားမယ်ဆိုရင် တောတောင် အထပ်ထပ်ကို
ကျော်လွားပြီး လနှင့် ချီပြီး သွားရတာကြောင့် ကျနော်တို့ အမြဲတမ်းသွားနေတဲ့ ကမ်ပိုင်တီ-ဆဒုံးကားလမ်းအတိုင်း လာရတာ ဖြစ်ပါတယ်။

ကျနော်တို့ဒေသက ပညာရေး အလွန်နိမ့်ကျလို့ ကလေးတွေ ပညာရေးအတွက် မြစ်ကြီးနားမြို့ပေါ် ကျောင်းထားတာ
ဖြစ်လို့ လမ်းစရိတ်လည်း ကြီးမားတာကြောင့် “ကျေးဇူးပြုပြီး ရွှေ မသိမ်းပါနဲ့ ရွှေသိမ်းမယ်ဆိုရင် ကျနော်တို့ကို သတ်ပစ်တာနဲ့ တူကြောင်း၊ ဒီရွှေ ရောင်းပြီး ကလေး ကျောင်းစရိတ် သုံးရမယ်။ မသိမ်းပေးပါနဲ့” လို့ အကြိမ်ကြိမ်
တောင်းခံခဲ့ပေမယ့် နောက်ဆုံး ဒဏ်ငွေအနေနဲ့ ကျပ်ငွေ ၉၀,၀၀၀ (ကိုးသောင်း) အတင်း တောင်းခံလို့
ပေးလိုက်ရပါတယ်။

ပိုက်ဆံ ပေးတဲ့အချိန်မှာ ဒီစစ်ဆေးရေးဂိတ်က တပ်ကြပ် (အဲဒီမှာ ရာထူးအကြီးဆုံး) ဆိုသူက ကားနောက်ဖက်ကို
ခေါ်သွားပြီး သူ့ရဲဘော်တွေ မတွေ့အောင် ပေးခိုင်းပါတယ်။ “ရဲဘော်တွေကို မပြောလိုက်နဲ့” လို့ ပြောပြီး ပိုက်ဆံ ယူသွားတာ ဖြစ်ပါတယ်။ တကယ်ပဲ ကြေကွဲရတယ်။

ခေါင်လန်ဖူးမြို့နေ တောင်ပေါ်သားတဦး