www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့အာဘော် > အကြမ်းဖက်မှုများမှ ကာကွယ်မည့် ဥပဒေအမြန်ထွက်ပေါ်လာရန် လိုအပ်နေပြီ

အကြမ်းဖက်မှုများမှ ကာကွယ်မည့် ဥပဒေအမြန်ထွက်ပေါ်လာရန် လိုအပ်နေပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သမ္မတဦးသိန်းစိန် ဦးဆောင်သည့်အစိုးရတက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှုများနှင့်အတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများ၊ မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ရန်ကုန်မြို့တွင်းနှင့် နယ်မြို့များတွင် ဗုံးဖောက်ခွဲမှုများကဲ့သို့သော အကြမ်းဖက်မှုများ စသည့်ကောင်းကွက်နှင့် ဆိုးကွက်များ မြင်တွေ့ခဲ့ကြရပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သည့်နှစ်မှစတင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများသည် အကြမ်းဖက်မှုများအသွင်ကို
ဆောင်သွားခဲ့ပြီး ဘာသာရေးအဆောက်အအုံများအပါအ၀င် လူဆယ်နှင့်ချီကာသေဆုံးမှုများ ရှိခဲ့ပြီး ထောင်ပေါင်း များစွာတို့ကိုလည်း အိုးအိမ်ပျောက်စေခဲ့သည်။ မကြာသေးခင်ကဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှုများတွင်လည်း အသက်ဆုံးရှုံးရမှုများရှိသကဲ့သို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ဤသို့သော အကြမ်းဖက်မှုများဖြစ်ပွားပြီးမှ လက်ရှိရှိနေသည့် တည်ဆဲဥပဒေများနှင့် အရေးယူခြင်းထက် အကြမ်း ဖက်မှုများမှကာကွယ်ရန်၊ ဆူပူအကြမ်းဖက်မှု များဖြစ်ပေါ်အောင်လှုံ့ဆော်သူ၊ သို့မဟုတ်အကြမ်းဖက်ရန် ကြိုးစား သူကို ကြိုတင်ကာကွယ်နိုင်မည့် လုံခြုံရေးအစီအမံ၊ အကြမ်းဖက်မှုတွင်ပါဝင်သူများ၊ အကြမ်းဖက်မှုကို အားပေး အားမြှောက်ပြုသူများကို ကြိုတင်တားဆီးနိုင်မည့် ဥပဒေမျိုး လိုအပ်နေပြီဖြစ်သည်။ အစိုးရသစ်၏ သက်တမ်း သုံးနှစ်နီးပါးအတွင်း စီးပွားရေးနယ်ပယ်အပါအ၀င်၊ ကဏ္ဍစုံအတွက် ဥပဒေများကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း အကြမ်းဖက်မှုကိုကြိုတင်ကာကွယ်နိုင်မည့် ဥပဒေတစ်ရပ်လည်း အမြန်အကောင်အထည်ဖော်ရန် လိုအပ်နေပြီဟု မဇ္ဈိမက ရှုမြင်သည်။

ဖြစ်ခဲ့ပြီးသောအကြမ်းဖက်မှုများသည် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ကောင်းကျိုးမပြုသည်ကို သင်ခန်းစာယူ သင့်ပြီဖြစ်သည်။ အကြမ်းဖက်မှုများမှ သက်ရောက်မှုများရှိလာနိုင်သည့် နိုင်ငံစီးပွားထိခိုက်နိုင်မှု၊ ဖွံ့ဖြိုးမှု
နှောင့်နှေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုတို့အပြင် လူတို့၏စိုးရိမ်စိတ်ဖြင့် အသက်ရှင်နေထိုင်ရမှုတို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်လှသည်။

ယခုတစ်ပတ်အတွင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း အကြမ်းဖက်မှုများမှ ကြိုတင် ကာကွယ်နိုင်ရန် ဥပဒေမူကြမ်းတစ်ရပ်ရေးဆွဲနေပြီ ဟု မီဒီယာများသို့ ထုတ်ဖေါ်ပြောဆိုထားသည်။

ဥပဒေမူကြမ်းသည် ရေးဆွဲဆဲအဆင့်တွင်သာရှိသေးပြီး ရှေ့နေချုပ်ရုံးကို တင်ပြခြင်း၊ လွှတ်တော်အတွင်း အပြန် အလှန်ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်း၊ ဥပဒေပါ အချက်အလက်များကို သမ္မတထံပေးပို့ကာသမ္မတ၏ သုံးသပ်ချက်၊ မှတ်ချက်တို့ကို လွှတ်တော်တွင် ပြန်လည်ဆွေးနွေးခြင်းစသည့် အဆင့်ပေါင်းမြောက်မြားစွာ ကို ဖြတ်ကျော်ပြီးမှသာ ဥပဒေအဖြစ်ထွက်ပေါ်လာရန်ရှိသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများသည် “အကြမ်း ဖက်မှုများမှ ကာကွယ်ရန် ဥပဒေ” တစ်ရပ် အမြန်ထွက်ပေါ်လာရန် လိုအပ်နေပြီဖြစ်သည်။