သတင်းစာပညာ၊ ကလောင်နှင့် မျိုးချစ်ဝါဒ

ပရင့်ထုတ်ရန်

မြန်မာနိုင်ငံသားတို့အဖို့ နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များရှားပါးမည် မဟုတ်ပါ။ နည်းမျိုးစုံဖြင့် ရှိနေကြသည်။ မိမိနိုင်ငံကို ကြီးပွားတိုးတက်စေလိုသည်၊ မိမိနိုင်ငံသားများအတွက် ဦးတည်ရည်ရွယ်သည့် စိတ်ဓာတ်တို့ ရှိကြသည်။ အလားတူပင် သတင်းမီဒီယာလောကသားတို့သည်လည်း မျိုးချစ်စိတ် (patriotism) နှင့် မကင်းနိုင်ကြ။

သို့သော်လည်း သတင်းသမားများက သူတို့၏ကျွမ်းကျင်လိမ္မာမှု (professional) တာဝန်ဝတ္တရားများအတိုင်း
စောင့်ထိန်း သတင်းဖော်ပြရတော့မည်ဆိုလျှင် ဘက်လိုက်ခြင်းမရှိဘဲ ဆောင်ရွက်ဖို့ လိုအပ်ပါသည်။ အတိအကျ
သုံးသပ်ဖို့ လိုအပ်ပါသည်။ ဤအချိန်တွင် မျိုးချစ်စိတ်ဓာတ်နှင့် ကျွမ်းကျင်မှုဉဏ်ပညာ (professionalism) သဘောတို့ လွန်ဆွဲကြရပါသည်။ ဦးနှောက်နှင့် နှလုံးသားတို့ လွန်ဆွဲကြရသည်။ တွေးခေါ်မြော်မြင်မှုနှင့် ခံစားမှုတို့ အားပြိုင်ကြရပါသည်။ တစ်ဦးချင်းယူဆမှု အမြင်နှင့် မိမိ၏ကျွမ်းကျင်မှု ဉဏ်ပညာ (professionalism) တို့အကြား
တွင်ေ၀၀ါးတတ်သည်။ မိမိ၏ နေ့စဉ်သတင်းခန်းတွင် ကြုံတွေ့ရတတ်ပါသည်။

လွတ်လပ်သော တာဝန်သိသော သတင်းမီဒီယာတွင် မိမိ၏မျိုးချစ်စိတ်ဓာတ်ကို ကိုယ်စားပြု၍ စွန်းထင်း ဖော်ပြ
လာလျှင် အနည်းနှင့်အများဆိုသလို ပြဿနာရှိလာပါသည်။ တစ်ခုကို တစ်ခုက ချေဖျက်လိုက်သည့်နှယ် ရှိသည်။ အခြားအမြင်မတူသည့် ဖက်ကို၊ မိမိနှင့်အားပြိုင်နေသည့် တစ်ဖက်သားကို ချိုးနှိမ်ဖော်ပြမှုများ ဖြစ်ပေါ်လာတတ်ပါ
သည်။ အခြားသူတို့၏ ယဉ်ကျေးမှုများ၊ တန်ဖိုးထားမှုများ၊ သူတစ်ပါး၏ ယုံကြည်ချက်များကို ချိုးနှိမ်ဖော်ပြသည်
များ ဖြစ်လာတတ်ပါသည်။

လွယ်ကူသည်တော့ မဟုတ်ပါ။ အမှန်အတိုင်းဖော်ပြရမည်ဆိုလျှင် သတင်းစာသမားတို့က မည်မျှပင် သမာသမတ်
ကျအောင် ကြိုးပမ်းအားထုတ်ကြသည်ဆိုစေ၊ အတွင်းသဘော ဘက်လိုက်မှုက ကပ်ပါလာတတ်ပါသည်။ ထို့အပြင် သတင်းစာသမားတို့ကလည်း သူတို့၏ တန်ဖိုးထားမှုများ၊ သူတို့၏ ကြန်အင်လက္ခဏာများ၊ သူတို့၏ ကိုယ်ပိုင်
ပြယုဂ်၊ သူတို့၏ဇာတိပုည၊ ဂုဏ်မာနစသည်ဖြင့်ကို သယ်ဆောင်ထားကြပါသေးသည်။ ၎င်းတို့ကို သူတို့၏ ကိုးကွယ်ယုံကြည်ရာ ဘာသာ၊ တိုင်းရင်းသား၊ လူမျိုး၊ အခြား လက္ခဏာများဖြင့် ဖော်ပြတတ်ကြပါသည်။

မည်သို့ပင်ဆိုစေ သတင်းစာပညာကျွမ်းကျင်မှုပညာကို ဆောင်ကြသည့် သတင်းသမားများကမူ တိကျမှု၊ ဘက်မလိုက်မှု၊ သတင်းဖော်ပြရာတွင် တာဝန်သိမှုတို့ကို ဖြစ်နိုင်သမျှ ကြိုးပမ်းတင်ပြကြပါသည်။ ထိုတာဝန်ကို
နေ့စဉ်ထမ်းဆောင်ရပါသည်။

သေချာသည်မှာ ယခုကိစ္စမှာ ဆင်းရဲသည့် မဖွံ့ဖြိုးသေးသည့် နိုင်ငံများတွင်သာဖြစ်သည့် ပြဿနာမဟုတ်ပါ။ ၉/၁၁ (စက်တင်ဘာ ၁၁၊ ၂၀၁၁) အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံကြီးကို အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သတင်းမီဒီယာတို့လည်း အလားတူဖြစ်ခဲ့ကြပါသည်။ ၎င်းကိစ္စတွင် ပါဝင်ပတ်သက်နေသည့် ရှုပ်ထွေးပွေလီလှသော တခြား ထည့်သွင်း စဉ်းစားသင့်သည့် ကိစ္စများကို သတင်းအဖြစ် မတင်ပြနိုင်ကြတော့ပါ။ အပေါ်ယံသဘော အဖြူ၊ အမည်းနှစ်ဖက်သာ တင်ပြလာတော့သည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ပြည်သူတို့၏ လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် ဥပဒေကြောင်းရာ ကိစ္စများကိုလည်း မီဒီယာများက မျက်ကွယ်ပြုထားလိုက် ကြပါတော့သည်။ အရှင်းလင်းဆုံးအချက်မှာ သတင်းမီဒီယာများက လူတစ်ဦးချင်း၏ အခွင့်အရေးများကို နင်းချေနေသည့် ကိစ္စများကို လျစ်လျူရှု၍ မျိုးချစ်ဆန်ဆန်တင်ပြပုံကိုသာ အသားပေးခဲ့ကြခြင်း
ပင်။ အနည်းဆုံး ဤဖြစ်ရပ်များကြောင့် လူအုပ်စုအချို့မှာ စိတ်ပိုင်းဆိုင်ရာအရ အကြောက်တရားရခဲ့ကြသည်။ အမုန်းတရားများ ဖြစ်ပေါ်စေခဲ့ရပါသည်။ ယခုအထိ အကျိုးဆက်များတွေ့မြင်နေရသည်။

ဤသို့သော အခြေအနေမျိုးတွင် သတင်းသမားများမှာအခြား အမြင်မတူသည့်ဖက်ကို သတင်းတင်ပြရန်၊ သုံးသပ်ရန် အခက်အခဲနှင့် ကြုံရတတ်ပါသည်။ အကယ်၍ မိမိဘာသာ ဆင်ဆာတည်းဖြတ် ချုပ်ထိန်းနေရပြီဆိုပါက သတင်းသမား၏ ဘက်မလိုက်ရပ်တည်မှုအပေါ် ပေးဆပ်လိုက်ရပြီဖြစ်သည်။ ထို့အပြင် မိမိက လုပ်ဆောင်လိုက်သည်
ဟုထင်ရသည့် လူများစု၏ အကောင်းဆုံးသော အကျိုးစီးပွားကိုလည်း မပေးဆပ်နိုင်တော့ပေ။

မိမိက အခြားတစ်ဖက်ကို မကြည့်မြင်နိုင်ပါက မိမိ၏စာဖတ်သူတို့အား အခြားတစ်ဖက်ကိုသိရှိရန် အမှန်အတိုင်း မည်သို့ တင်ပြနိုင်မည်နည်း။ အမှန်သတင်းစာပညာ၏ အနှစ်သာရများမှာ ဆက်သွယ်ရေး၊ ပညာပေးရေးနှင့် ယုံမှတ်မှားမှုတို့ကို ပယ်ဖျက်ပပျောက်စေရေးပင် ဖြစ်ပါသည်။ အခြားတစ်ဖက်ကို မမြင်နိုင်ပါက ဤတန်ဖိုးများ ဆုံးရှုံးကြရပါလိမ့်မည်။

မည်သို့ဖြစ်စေ သတင်းသမားများအနေဖြင့် သူတို့၏ ရေးသားခဲ့မှုများ၊ သူတို့၏ အခန်းကဏ္ဍနှင့် ဂုဏ်ဆောင်ခဲ့သည့် သမိုင်းအပေါ် ဂုဏ်ယူမာနထားသင့်ပါသည်။ မျိုးချစ်စိတ်ရှိခြင်းမှာ ကောင်းမွန်သည့်ကိစ္စ ဖြစ်သည်။ သို့သော် မျိုးချစ်စိတ် အဆိပ်မတက်ရန် လိုပါသည်။ အပြုသဘောဆောင်သည့် မျိုးချစ်စိတ်မှာ အခြားတစ်ဖက်ကို အလိုအလျောက်၊ ရည်ရွယ်ချက်ရှိရှိဖြင့် ပုတ်ခတ်တိုက်ခိုက်ခြင်း မပြုပါ။ ဂုဏ်ယူရသည့်၊ အားလုံးအကျုံးဝင်ခံစားနိုင်
မည့် မျိုးချစ်စိတ်သည်သာ ပို၍ မြင့်မြတ်ကြီးကျယ်ပြီး၊ မတူကွဲပြားမှုများအတွင်း အတူတကွယှဉ်တွဲနေထိုင်နိုင်စေမည်
 ဖြစ်ပါသည်။