ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး

ပရင့်ထုတ်ရန်

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကျွန်ုပ်တို့နိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် အပြင်းအထန်အငြင်းပွားခဲ့ကြရသည်။ အကျိုးဆက်အားဖြင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအခြေအနေများ ပျက်ပြားကာ အမျိုးသားသွေးကွဲမှုကြီးသည်သာ အဖတ်တင် ခဲ့သည်။ တစ်မျိုးသားလုံး
ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသည်။ တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲမွဲတေခဲ့ ကြရသည်။ ကမ္ဘာ့အလယ်တွင် တစ်မျိုးသားလုံး မျက်နှာငယ်ခဲ့ကြရသည်။

အထက်ပါ ယင်းငြင်းခုန်ပွဲကြီး ကြာရှည်စွာဖြစ်ပွားနေခဲ့သဖြင့် ကျွနု်ပ်တို့ပြည်သူများမှာ စိတ်ဓာတ် အတွေးအခေါ်  အရာတွင် ပြုပြင်ပြင်ဆင်ရန်နှင့် မြင့်မားကြံ့ခိုင်အောင် ဆောင်ရွက်ရမည့် အခွင့်အရေးများလည်း လုံးပါးပါးလာခဲ့ရ၏။ တိုင်းရင်းသား လူမျိုးစုများအချင်းချင်း၊ အဖွဲ့အစည်းများ အချင်းချင်း၊ ယုတ်စွအဆုံး မိသားစုဝင်အချင်းချင်းပင်လျှင် အတ္တဟိတနှင့် ပရဟိတဆိုင်ရာ အမြင် အယူအဆများ၊ လူမျိုးများအချင်း ချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်အသိအမှတ်ပြုလေးစားရေး အစရှိသော လူ့အဖွဲ့အစည်းဆိုင်ရာ အခြေခံစိတ်ဓာတ်ရေးရာကိစ္စများတွင် တစ်မျိုးသားလုံးနှင့်ချီ၍ ကျိုးပဲ့နိမ့်ဆင်းလာခဲ့ကြရ၏။

ဤသို့သော အခြေအနေများမှာ ကုစား၍မရနိုင်သော ရောဂါဆိုးများတော့ မဟုတ်ပါ။ ကျွန်ုပ်တို့ကဲ့သို့ပင် တစ်မျိုးသား လုံးနှင့်ချီ၍ ညီညွတ်ရေးပြိုကွဲကာ အဆင့်အတန်းနိမ့်ပါးခဲ့သည့် ကမ္ဘာ့နိုင်ငံတချို့သည် ကျွန်ုပ်တို့၏ မျက်မှောက်တွင်ပင် အမျိုးသားဂုဏ်သိက္ခာ မြင့်မားအောင် ဖန်တီးရယူသွားခဲ့ကြသည်ကို အထင်အရှားတွေ့မြင်ကြရမည် ဖြစ်သည်။ ဥပမာ ထိုင်းနိုင်ငံ၊ တောင်ကိုရီးယား နိုင်ငံနှင့် စင်ကာပူလိုနိုင်ငံများ ဖြစ်ကြ၏။ သူတို့သည် အမျိုးသား သွေးစည်းညီညွတ်ရေး၊ အမျိုးသားစီးပွားရေး အစရှိသည့် အရေးအရာများကို မည်သည့်နည်းဖြင့် အောင်မြင်အောင်ဆောင်ရွက် သွားနိုင်ခဲ့ကြ သနည်း။ သူတို့သည် အမျိုးသား အောင်မြင်မှုဆေးဝါးကို မည်ကဲ့သို့ဖေါ်စပ်နိုင်ခဲ့ကြသနည်း။ ကျွန်ုပ်တို့ မလွဲမသွေ
လေ့လာကြရမည် ဖြစ်သည်။

ယခုအခါ ကျွန်ုပ်တို့သည်လည်း အမျိုးသားသွေးကွဲမှုကြီး နိဂုံးချုပ်စေရေး၊အမျိုးသားစီးပွားရေးမြင့်မားရေးလမ်းစများကို
မြင်တွေ့ရစပြုပြီဟု ယူဆရပါသည်။ အဘယ့်ကြောင့်ဆိုသော် အပြန်အလှန် အသိအမှတ်ပြုခြင်း၊ အပြန်အလှန်
လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဖြင့်သာ အပြန်အလှန်လုံခြုံရေးကို အာမခံသည်ဆိုသည့် အချက်ကို နားလည်လက်ခံလာခြင်းစသည့် အခြေခံမူများအပေါ်တွင် အမျိုးသား သွေးကွဲမှုကြီးသည် နောက်သို့ ဆုတ်သွားရမည်သာဖြစ်သည်။ ထိုသို့သော ရေမြေအနေအထားများ ပေါ်တွင်သာ တည်ငြိမ်အေးချမ်းစည်ပင်သည့် သစ်ပင်များ စိုက်ပျိုးလို့ရနိုင်သည်ဟူသည့် သင်ခန်းစာကို ရာစုနှစ်ဝက်ချီ၍ ရင်းနှီးရယူခဲ့ရပြီးဖြစ်သည်ကို သတိ လက်ကိုင်ထားကြရပါမည်။ ယခုလိုအချိန်မျိုး၌ ကျွနု်ပ်တို့သည် လမ်းဆုံလမ်းခွပေါ်တွင် ရပ်နေကြသည့် သဘောဖြစ်သည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုအနာဂတ်ဆီ လှမ်းကြမည်လော။ နောက်ပြန်ဆုတ်ကြမည်လော။

ယခုအခါ ကျွန်ုပ်တို့သည်လွန်ခဲ့သော ၂၅ နှစ်ကစတင်ကာ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ စတင်အုတ်မြစ်ချရန် စိတ်အားထက်သန်နေကြခြင်းဖြင့်သမိုင်းနောက်ပြန်ဆုတ်ခြင်းကို
ငြင်းပယ်ကာ ကျွန်ုပ်တို့နိုင်ငံ၏ အနာဂတ်ကို ကောင်းမွန်သော အနာဂတ်တစ်ခုအဖြစ် အောင်မြင်စွာ ထုဆစ်ဖန်တီး
နိုင်ကြလိမ့်မည်ဟု ယုံကြည်လျက်ဖြင့်။