ရှစ်လေးလုံးအရေးတော်ပုံ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ကြ

ပရင့်ထုတ်ရန်

မြန်မာနိုင်ငံတွင် လူထုအုံကြွမှုကြီးများ ဖြစ်ပွားခဲ့ရာတွင် ယင်းလူထု အုံကြွမှုကြီးတိုင်း၌ နိုင်ငံရေးရည်မှန်းချက်များ အသီးသီး ရှိခဲ့သည်ချည်း ဖြစ်သည်။ မည်သည့် လူထုအုံကြွမှု မှန်သမျှ နိုင်ငံရေးရည်မှန်းချက် မရှိခဲ့ဟူ၍ မရှိ။ လူထု အုံကြွမှုတိုင်းမှာ နိုင်ငံရေးရည်မှန်းချက် နိုင်ငံရေးနောက်ခံအသီးသီး ရှိကြစမြဲပင် ဖြစ်သည်။ ယင်းကို သံသယဖြစ်စရာ အလျဉ်းမရှိပါ။

၁၉၈၈ ခု၊ သြဂုတ်လ ၈ ရက်က မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြီးမားကျယ်ပြန့်သည့် လူထု
အုံကြွမှုကြီး ဖြစ်ခဲ့သည်။ယင်း လူထုအုံကြွမှုကြီးတွင် နိုင်ငံရေး အကြောင်းတရား နောက်ခံရှိပါသည်။ နိုင်ငံရေး ဦးတည်ချက်များ အခိုင်အမာ ရှိပါသည်။ ယင်းအချက်ကိုလည်း မည်သို့သောသူမျှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ပါ။

၈၊ ၈၊ ၈၈ လူထုအုံကြွမှုကြီး သို့မဟုတ် လူထုဆန္ဒပြပွဲကြီး သို့မဟုတ် လူထုအရေးတော်ပုံကြီး ဘာကြောင့် ဖြစ်ပွားခဲ့ရ
သနည်း။ ယင်းလူထု အရေးတော်ပုံကြီး၏ နိုင်ငံရေးနောက်ခံနှင့် နိုင်ငံရေးတောင်းဆိုချက်များက အဘယ်နည်း။ ယင်းအချက်များကို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မှန်ကန်စွာနားလည် လက်ခံခြင်းရှိမှသာ ကျွန်ုပ်တို့သည် လက်ရှိ
ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် နိုင်ငံရေးတာဝန်နှင့် နောင်မျိုးဆက်သစ်များအား သမိုင်းလက်ဆင့်ကမ်းသည့်အခါ၌
လည်း မှန်ကန်စွာ လက်ဆင့်ကမ်းနိုင်မည် ဖြစ်သည်။

ပြည်သူက ရွေးကောက်တင်မြှောက်ထားသော ပထစ အစိုးရကိုဖြုတ်ချကာ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း
ဦးဆောင်သည့် စစ်ခေါင်းဆောင်တချို့က တိုင်းပြည်အာဏာ သိမ်းယူခဲ့သည်။ မည်သည့် အကြောင်းပြချက်ပင်
ဖြစ်ပစေ တိုင်းပြည်က တင်မြှောက်ခြင်းဖြင့် အာဏာရရှိလာခြင်းမဟုတ်ဘဲ တိုင်း ပြည်အာဏာကို လက်နက်ဖြင့် ရယူလိုက်ခြင်းသည်ကပင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းအစဟု ယူဆရပါမည်။ ထို့နောက် နှစ်ပေါင်း ၂၆ နှစ်အတွင်း ယင်း အာဏာသိမ်းစစ်ခေါင်းဆောင်များ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းကာ အာဏာကို ဖက်တွယ်ထားရင်း ယင်း
အာဏာတည်မြဲရေးအတွက်သာ ဦးတည်သည့် ဖိနှိပ်မှုများကိုသာ ကိုင်စွဲကျင့်သုံးခဲ့ကြသည်။ ထို့ကြောင့် တိုင်းပြည်
ကြီးပွားတိုးတက်ရေး လုပ်ငန်းများမှာ မကြုံဖူးလောက်အောင် ကျဆင်းသွားခဲ့ရပြီး ကျွန်ုပ်တို့တိုင်းပြည်မှာ ကမ္ဘာပေါ်
တွင် အဆင်းရဲဆုံးတိုင်းပြည် စာရင်းဝင်အဖြစ်သို့ လျှောကျသွားခဲ့ရသည်။ ကျွန်ုပ်တို့တစ်မျိုးသားလုံး ဂုဏ်သိက္ခာမဲ့
သည့်ဘ၀သို့ ရောက်ရ သည်။ အထူးသဖြင့် ပြည်သူတို့၏ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေ
များမှာ နိမ့်ဆင်းသွားရသည်။

ပြည်သူတို့သည် တဖြည်းဖြည်းနိမ့်ဆင်းလာနေသော အခြေအနေများအောက်တွင် မခံမရပ် နိုင်လောက်အောင်
ဖြစ်လာသောအခါ မိမိတို့၏ ခံစားချက်များ စုစည်းမိလာသောအခါ ပေါက်ကွဲဖေါက်ထွက်ဖို့ ဖြစ်လာကြရသည်။ မိမိတို့၏ ခံစားချက်များ၊ နစ်နာမှုများ၊ ဘ၀အခြေအနေ ဆိုးရွားနေမှုများကို ထုတ်ဖော်ပြသရန် လမ်းမများပေါ်သို့ တက်လာခဲ့ကြရသည်။ ပြည်သူတို့မှာ မိမိတို့၏ ဆန္ဒကို တခြားနည်းဖြင့် ဖော်ပြဖို့ရာ လုံးဝအခွင့်မသာတော့သဖြင့်
နောက်ဆုံးတွင် လမ်းများပေါ်သို့တက်ကာ မြန်မာသိ၊ ကမ္ဘာသိဖြစ်အောင် ထုတ်ဖော်ပြသပြောဆိုရသည်အထိ
ဖြစ်လာခဲ့ရသည်။ ထိုအချိန်က လမ်းပေါ်တက်လာသည့် ပြည်သူတို့၏ အန်္တိမရည်မှန်းချက်မှာ “ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ” ဖြစ်သည်။

ဤသို့ဖြင့် ရှစ်ရက်ရှစ်လ ရှစ်ဆယ့်ရှစ်နေ့တွင် တိုင်းပြည်နှင့်အ၀န်း ဆန္ဒပြပွဲကြီး ဖြစ်ပွားလာခဲ့ရသည်။ သို့သော် အားလုံးသိကြသည့်အတိုင်း တိုင်းပြည်၏စစ်ခေါင်းဆောင်များသည် ပြည်သူတို့၏ဆန္ဒအမှန်ကို မျက်ကွယ်ပြုကာ တိုင်းပြည်အာဏာကို သိမ်းယူလိုက်ကြပြန်သည်။ လူထုဆန္ဒပြပွဲများကို လက်နက်အားကိုးဖြင့် အကြမ်းဖက် အဖြေ
ပေးလိုက်ကြ၏။ မိမိတို့ နိုင်ငံသည် စစ်အာဏာရှင်စနစ်အောက် တစ်ဖန်ပြန် လည်ရောက်ရှိခဲ့ရသည်။

ယခုအခါ မိမိတို့တိုင်းပြည်သည် ဒီမိုကရေစီကိုဦးတည်သည့် ပြောင်းလဲမှုလမ်းကြောင်းပေါ် ရောက်စပြုနေသည်ဟု ယူဆရပါမည်။ ထို့ကြောင့်လည်း ၂၅ နှစ်ကြာ ငုတ်လျှိုးနေခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားမှုများ အထိမ်းအမှတ်များ တစ်စုံတစ်ရာ ပြုလုပ်ခွင့်ရလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ယုံကြည်ရပါသည်။

ထိုအချိန်မျိုးတွင် မိမိတို့သည် ရှစ်လေးလုံးအရေးတော်ပုံ၏ နိုင်ငံရေးရည်မှန်းချက်များ သည့်ထက်ပို၍ အကောင်အထည်ဖော်ခွင့်ရနိုင်သည့် နည်းလမ်းများကို ဦးတည်စဉ်းစားလျက် ရှစ်လေးလုံး အထိမ်းအမှတ်ပွဲများ ကျင်းပသင့်သည်ဟု ယူဆပါသည်။

ကျွန်ုပ်တို့သည် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ရည်မှန်းချက်များကို ဆက်လက် ဆောင်ရွက် ကြိုးပမ်း ကြရမည်သာ
ဖြစ်ကြောင်း ယုံကြည်ပါသည်။